Monday, July 28, 2008

နိုင်ငံရေး ဟာသ များ

အောက်တိုဘာတုန်းက ရေးခဲ့တဲ့ ဟာသ လေးတွေကို ပြန်ပြီးတင်လိုက်ပါတယ်။ တစ်ချို့ နေရာတွေကို နည်းနည်း ပြင်ထားပါတယ်။

ခေတ်သစ် သတင်းစာပညာ
အယ်ဒီတာပေါက်စတစ်ယောက်ငိုက်စိုက်ငိုက်စိုက်နဲ့  ဆရာကြီးအာလူးဆီကိုရောက်လာတယ်။
ဆရာကြီးအာလူး။“ဟေ့လူ၊ခင်ဗျားကြည့်ရတာစိတ်မချမ်းသာလိုက်တာ၊တခုခုကိုစိုးရိမ် နေသလိုပဲ၊”

အယ်ဒီတာ။ ။ “အေးဗျာ၊ အယ်ဒီတာလုပ်ရတာလဲ မစားသာဘူး၊ ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို တနေ့ တခြားရွံရွံလာပြီ။ စိစစ်ရေးဝင်ရင်လဲ မိုက်မိုက်ရိုင်းရိုင်း အဆဲခံရသေးတယ်၊ဟိုဟာ မထည့် ရ၊ ဒီဟာမထည့် ရနဲ့ ။”

ဆရာကြီးအာလူး။ ။ “ဘာတွေများမထည့် ရလို့ လဲ၊ ပြောစမ်းပါဦး”

အယ်ဒီတာ။ ။ “ဥပမာဗျာ၊ ကုန်ဈေးနှုန်းကျရင်တော့ ထည့် လို့ ရတယ်။ တက်သွားရင်ထည့် လို့ မရဘူး။”

ဆရာကြီး။ ။ “သူတို့ ကမှန်သားပဲ။ ခင်ဗျားကိုက ပိန်းတာ။ ဒီမယ်ကိုယ့် လူ၊ ထူးခြားမှုရှိမှ သတင်းလို့ ခေါ်တယ်။ လူတိုင်းသိပြီးသားကိစ္စက သတင်းမဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာ က အမြဲတမ်းဖြစ်နေတာ။ သတင်းမဟုတ်ဘူး။ ကျတာက တခါတရံ မှဖြစ်လို့ သတင်း။ အဲ လိုပဲ၊ မီးပျက်တာလဲ လူတိုင်းသိပြီးသား။ အထူးအဆန်း ကိစ္စ မဟုတ်ဘူး။ မီးမှန်ရင်သာ သတင်း။”

အယ်ဒီတာ။ ။ “ဒါဆိုရင် ဒင်းဒို့ တတွေ ဘုရားတွေကို နေ့ တိုင်း အယောင်ဆောင်သွားဖူးပြီး သူတော်ကောင်းယောင်ဆောင်နေတာကော။ အဲဒါက နေ့ တိုင်းလေ။ထူးခြားမှုမရှိပဲ ဘာလို့ TV သတင်းထဲမှာ ထည့် လဲ။”

ဆရာကြီး။ ။ “ဟ၊ထူးခြားတာပေါ့။ လူတွေဘုရားရှိခိုးရင်တော့ မဆန်းဘူး။ သတင်းမဟုတ်ဘူး။ တိရစ္ဆာန်တွေ ဘုရားရှိခိုးတာ မြင်ဘူးလို့ လား။ အဲဒါသတင်းပေါ့ ။”

အယ်ဒီတာ။ ။ “မှားပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သံဃာတော်တွေ၊ကျောင်းသားပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းတာကော။ အဲဒါကျ ဘာလို့ မထည့် လဲ။”

ဆရာကြီး။ ။ “ခင်ဗျားကလဲ၊ ပိန်းပြန်ပြီ။ သတင်းလောကမှာ ဆိုရိုးရှိတယ်။ လူကခွေးကို ကိုက်မှသတင်း။ ခွေးကလူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ သူ့ သဘာဝ။ ကိုက်မှာပဲ။မြဲမြဲမှတ်ထားကိုယ့် လူ။”

အယ်ဒီတာ။ ။ “မေးမိတာ မှားပါတယ်ဗျာ။”

ကောင်းကင်ကို

စစ်သံဃာ့ တက္ကသိုလ်

နရာ။ ။ မြန်မာနိုင်ငံ

အချိန်ကာလ။ ။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသောသံဃာတော်များကို စစ်အစိုးရမှ အကြမ်းဖက်ဖြိုခွဲပြီးသကာလ။

ဇာတ်ကောင်။ ဂျိုကုပ်ကြီးများ (အဲနွားလောက မီဒီယာတွေမှာတော့ ဒင်း(ဗိုလ်ချုပ်ကြီးတွေ) တို့ ကို သူတို့ နဲ့ နှိုင်းရကောင်းလားဆိုပြီး နွားတွေကနာပြီးတော့ ကျွန်တော့် ကို စာလုံးအမည်းကြီးတွေနဲ့  အကြီးအကျယ် ရှုတ်ချနေမလားပဲ။) :-D

ဂျိုကုပ်ကြီးများ သူတို့ ကုလားထိုင်လှုပ်လာလို့  တကိုယ်လုံးက ရှိသမျှ အင်္ဂါတွေတုန်အောင်ကြောက်ပြီး တိုးတိုးတိတ်တိတ် အစည်းအဝေးလုပ်ကြပါတယ်။

ဂျိုကုပ်မှူးကြီး။ ။ငါတို့ ရဲ့  မီဒီယာ ကို ပလီပလာ နဲ အဲမီဒီိယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ အစီအစဉ် မအောင်မြင်ပါလား။

ဂျိုကုပ်ကြီးတဦး။ ။ မပူပါနဲ့  ဂျိုကုပ်မှုးကြီးရဲ့ ၊ အဲဒီအစီအစဉ်မအောင်မြင်လို့  ပုဂံနတ် (bagannet) ကြီးကို အနားယူခိုင်းထားပါတယ်။ ခုဆို ပုဂံနတ် (bagannet) ကြီး နတ်ပြည်မှာ အေးအေးဆေးဆေးနှပ်နေရောပေါ့ ။ခုဆို လူတွေကြားထဲမှာ စကားပုံတခုခောတ်စားနေတယ်။ “internet ရတဲ့ ခဏဒုလ္လဘ၊ မီးလာတဲ့ ခဏဒုလ္လဘတဲ့

ဂျိုကုပ်မှူးကြီး။ ။အေးဗျာ။ ဟိုရက်တွေကဆို ကျုပ်ဖြင့် ဆက်ဒမ်ဟူစိန်ကြီး လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေနေတဲ့ပုံကြီးပဲ မြင်ယောင်ပြီးအိပ်လို့ မပျော်ဘူး။ ပေါင်ချိန်ကြည့် လိုက်တာ ၀.၃၆၂၁ ပေါင်တိတိ လျော့သွားတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦးမှ။ ဒါနဲ့ နေပါဦး။ ဘုန်းကြီးကျောင်းတွေကို ဝင်စီးတဲ့ ကိစ္စကော ကျုပ်ခိုင်းတဲ့အတိုင်းလုပ်ကြရဲ့ လား။ ဘုန်းကြီးတွေက ဘာလုပ်လုပ် မကြောက်ကြဘူးဗျာ။ ကျူပ်တော့လန့်လာပြီ။ ဘယ်လို လုပ်ရမလဲ။ အကြံပေးကြစမ်းပါဦး။

ဂျိုကုပ်ကြီးတတွေ ပြောရင်းဆိုရင်းနဲ့ ရုတ်တရက်ကြောက်ဒူးတုန်သွားပြီး အစည်းအဝေးအခန်းကြီး တခုလုံးတိတ်သွားတယ်။ အဲဒီ့ အချိန်မှာ ခပ်ဂေါက်ဂေါက် အကြံဥာဏ်တွေ အမြဲတမ်းပေးလေ့ရှိတဲ့  ဂျိုကုပ်ကြီးတယောက် က ထတဲ့ပြီး လွယ်ပါတယ်၊ဂျိုကုပ်ကြီး ၊ ခုဆိုရင် ကျုပ်တို တွေ ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ သပိတ်မှောက်မှာ မပူရတော့ဘူး။ ကျုပ်တို့ မှာ စစ်ဆေးတက္ကသိုလ်၊စစ်အင်ဂျင်နီယာတက္ကသိုလ်တွေရှိပြီလေ။ ခုလဲ ကျုပ်တို့  စစ်သံဃာ့တက္ကလိုလ်ဆို ပြီ်းဖွင့်လိုက်ကြတာပေါ့ ဂျိုကုပ်ကြီးရဲ့ ။ ဝင်ခွင့် အရည်အချင်းက တခြားဘာမှမလိုဘူး။ကျုပ်တို့ ဂျိုကုပ်မျိုးနွယ်ပဲ ဖြစ်ရမယ်။မကောင်းဘူးလား၊လို့ ပြောလိုက်တယ်။ အဲဒီ့မှာ ခပ်ဂေါက်ဂေါက် idea ကို ခပ်ဂေါက်ဂေါက် ဂျိုကုပ်ကြီးတွေရဲထောက်ခံသံတွေ၊ ငှက်ဆိုးထိုးသလို ရယ်သံကြီးတွေနဲ အစည်းဝေးအခန်းကြီးတခုလုံး ဆူညံသွားပါတော့တယ်။

ကောင်းကင်ကို

ဗိုလ်ချုပ်မှူးကြီး တိုင်းခန်းလှည့်လည်ခြင်း

(ရုရှား ဟာသတပုဒ်ကို အနည်းငယ်မှီငြမ်းထားပါတယ်)

တနေ့ မှာပေါ့ ။ ဘုရင်ရူး ရူးနေတဲ့ ဗိုလ်ချုပ်မှူးကြီးတယောက်ဟာ ရှေးရှေးတုန်းက ဘုရင်တွေကို အားကျပြီး တိုင်းခန်းလှည့်လည်ဖို့ အကြံရသတဲ့။ ဗိုလ်ချုပ်မှူးကြီးက ရှေးက ဘုရင်တွေလို ရုပ်ဖျက်စရာတော့ မလိုဘူး။ သူ့ ရုပ်က နဂိုကတည်းကပျက်ပြီးသားမို့ လို့  :-D ဘယ်နှယ့်ဗျာ။ မြန်မာပြည်က ကာတွန်းဆရာတွေ၊ရုပ်ပြောင်ရေးတဲ့ဆရာတွေ က ဗိုလ်ချုပ်မှူးကြီးကို ခွေးတွေ၊ဝက်တွေ နဲ့ များနှိုင်းရတယ်လို့ ။ ခွေးတွေ၊ ဝက်တွေက အပုံကြီးပိုချောပါတယ်ဗျ။ :-D အဲဒါနဲ့ ခွေးတွေ ၊ဝက်တွေ၊ရှိသမျှအကောင်ပလောင်တွေ အားလုံး မခံမရပ်နိုင်ဖြစ်ပြီးတော့ သူတို့ ကို ဗိုလ်ချုပ်မှူးကြီးနဲ့ မနှိုင်းကြဖို့ စုပြီး တိရစ္ဆာန်များသဘောထားဆိုပြီး ကြေငြာချက်တွေ၊ မေတ္တာရပ်ခံချက်တွေ ထုတ်ကြတယ်ဆိုပဲ။

အဲဒါနဲ ဗိုလ်ချုပ်မှူးကြီး တိုင်းခန်လှည့်လည်ရောဆိုပါတော့။ ဗိုလ်ချုပ်မှူးကြီးတိုင်းခန်းလှည့်လည်တာလဲ ဗိလ်ချုပ်များရာဇဝင်မှာ စာတင်လောက်တယ်ဗျို့ ။ ပထမ night club တွေကိုချည်း ဗူးခန်းလှည့်လည်၊ အဲလေယောင်လို့ …..တိုင်းခန်းလှည့်လည်တယ်။ နောက်တော့ အနံ့ ထွက်နေတဲ့ model girl တွေဆီကို(သတင်းအနံ့ ကိုပြောတာနော်။ တခြားအနံ့ ဟုတ်ဘူး။ ) တိုင်းခန်းလှည့်လည်တယ်။ ဒါပေမယ့် ဘယ်နေရာကမှ ဗိုလ်ချုပ်မှူးကြီးကို ကောင်းကောင်း မကြိုဆိုကြဘူးတဲ့။ ဗိုလ်ချုပ်မှူးကြီးလဲ ငြီးငွေ့ လာရောဆိုပါတော့။ အဲဒါနဲ့  ပညာရေးဘက်လှည့်ဖို့  ပညာရေးဝန်ကြီး (ခဏခဏ စနစ်တွေ၊ syllabus တွေ ပြင်ပြီး ကျောင်းသားတွေကို ညာနေလို့  ပညာရေးဝန်ကြီးလို့ ခေါ်တာ။) ပညာရေးဝန်ကြီးနဲ့ တိုင်ပင်ပြီးတော့ ကျောင်းတွေဆီကို တိုင်းခန်းလှည့်လည်ဖို့  စိတ်ကူးရသတဲ့။ ဒါပေမယ့် ဗိုလချုပ်ကြီးက သူ့ ကိုယ်သူ သိတယ်။ တက္ကသိုလ်တွေ မပြောနဲ့ ၊ မူလတန်းကျောင်းကိုတောင်မသွားရဲ ဘူး။ သူ့ ကိုကျောင်းသားတွေက ဝိုင်းပြီး ဘေလိုက်ရင် အမြီးတခြားကိုယ်တခြားအဲလေယောင်လို့  ….ခေါင်းတခြားကိုယ်တခြား ဖြစ်သွားမှာစိုးလို့ မသွားရဲဘူးတဲ့။ အဲဒါနဲ့  မူကြိုကျောင်းကိုပဲ သွားဖို့  ဆုံးဖြတ်လိုက်တယ်တဲ့။ ထုံးစံအတိုင်းပဲ မူကြိုကျောင်းကို ဘယ်နေ့ ဘယ်ရက်ဘယ်နှစ်နာရီ၊ဘယ်နှစ်မိနစ်၊ဘယ်နှစ်စက္ကန့် မှာ ရုတ်တရက်ရှောင်တခင် အမှတ်အထင် ဝင်စစ်ဆေးမယ်ဆိုတာ အတိအကျ ကြိုတင်သတင်းပေးရတာပေါ့။ အဲဒါနဲ့  မူကြိုကျောင်းက ဖားဖို့ စိတ်စော နေတဲ့ ဆရာမကလည်း ဘုစုခရုလေးတွေနဲ့  ဇာတ်တိုက်လေ့ကျင့်ရတော့တာပေါ့။ဗိုလ်ချုပ်မှူးကြီး ချမ်းသာပါစေ" ဘာညာပေါ့ဗျာ၊) အဲဒီမှာ ဘုစုခရုလေးတစ်ယောက်က သူ့ အိမ်မှာ ကြောင်မကြီးက ကြောင်လေးတွေ မွေးတယ်တဲ့။ ကြောင်လေးတွေက သူခိုးများညီလာခံ အဲလေ… အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံဥပဒေ ကို ထောက်ခံပါတယ်တဲ့။ တကယ်ဗိုလ်ချုပ်မှူးကြီး လာတဲ့နေ့ လည်းရောက်ရော မူကြိုက ဆရာမလေးလည်း ဝမ်းသာအားရနဲ့  ကြောင်လေးတွေ အကြောင်းပြောပြီး ဖားတော့တာပေါ့။ ဗိုလ်ချုပ် ကြီးလည်း သူတို့ လုပ်တာ ထောက်ခံမယ့်သူရှိလို့ ဝမ်းသာအားရဖြစ်ပြီးတော့ ဘုစုခရုလေးကို ကိုယ်တိုင်မေးတော့တာပေါ့။ အဲဒီမှာ ပြဿနာ တက်တော့တာပဲ။ ဘုစုခရုလေးက အခု ကြောင်လေးတွေလည်း မထောက်ခံတော့ဘူး။ အဲဒီတုန်းက သူတို့  မွေးကာစ ဆိုတော့ မျက်စေ့ကောင်းကောင်း မပွင့် သေးဘူးလေ။ အခု မျက်စေ့ပွင့်လာပြီ တဲ့။

ကောင်းကင်ကို

ဗိုလ်ချုပ်ကြေးရုပ် ပြောတဲ့ စကား

အချိန်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့  အိမ်စောင့်အစိုးရလက်ထက်ပေါ့။ သိတယ်မို့ လား။ အိမ်စောင့်တယ်ဆိုတာက ခွေးလေ။အိမ်စောင့်အစိုးရဆိုတော့….. :-D

အဲဒီ အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မှူးတယောက်က ကျန်းမာရေးအတွက် ရန်ကုန်က ကန်တော်ကြီးကို ပတ်ပြီးလမ်းလျှောက်သတဲ့။ တနေရာရောက်တော့ အဲဒီဗိုလ်မှူးက သူ့ ကိုခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဗိုလ်ချုပ်ကြေးရုပ်က လှမ်းပြီးခေါ်တာ ဖြစ်နေလို့ အရမ်းအံ့သြသွားသတဲ့။ အဲဒီဗိုလ်ချုပ်ကြေးရုပ်က မတ်တတ်ရပ်နေတဲ့ကြေးရုပ်ပါ။

ဗိုလ်ချုပ်ကြေးရုပ်။ ။ငါဒီအတိုင်း ရပ်နေရတာ ညောင်းပြီကွာ၊ အဲဒါ

စိတ်မြန်တဲ့ ဗိုလ်မှူးက ဗိုလ်ချုပ်ရဲ့ စကားဆုံးအောင်တောင်မစောင့်ဘူး။
သိပြီ၊ ဗိုလ်ချုပ်။ ကျွန်တော်ဗိုလ်ချုပ်အတွက် ကုလားထိုင်တလုံး

ဗိုလ်ချုပ်လည်းရုတ်တရက်ဒေါသထွက်သွားပြီး အဲဒီ့ဗိုလ်မှူးရဲ့ စကားဆုံးအောင်မစောင့်တော့ပဲဟေ့ကောင်၊တော်စမ်းငါလွတ်လပ်ရေးရအောင်လုပ်ခဲ့တာ ကုလားထိုင် မက်လို့ မဟုတ်ဘူးကွ။ တိုင်းပြည်ကိုချစ်လို့ လုပ်ခဲ့တာ။ဒါပေမယ့် ငါရပ်နေရတာ ညောင်းပြီကွာ၊ တခြားကြေးရုပ်တွေလိုမြင်းစီးချင်တယ်။

သိတဲ့အတိုင်းပဲဗျာ။သာမန်ဗိုလ်မှူးလေးမှာက ဘာအာဏာပါဝါ မှမရှိဘူးလေ။ ဒီတော့ဦးနေဝင်းကြီးကိုတင်ပြရတော့တာပေါ့။ဒါပေမယ့်ဦးနေဝင်းကြီးက ဗိုလ်ချုပ်ကြေးရုပ်က စကားပြောတယ် ဆိုတာကိုမယုံဘူးတဲ့။ သူကိုယ်တိုင်မေးမယ်ဆိုလို့ ဗိုလ်မှူးလေးလဲ သူ့ ကို ဗိုလ်ချုပ်ကြေးရုပ်ဆီ ခေါ်သွားရတော့တာပေါ့။

အဲဒီမှာ ပြဿနာ စတက်တော့တာပဲ။ဗိုလ်ချုပ်ကြေးရုပ်က ဦးနေဝင်းကြီးကိုလဲမြင်ရော ဗိုလ်မှူးလေးကိုဒီလိုလှမ်းပြောလိုက်သတဲ့ ဟေ့ကောင်၊ ငါစီးချင်တာမြင်းကွ၊ မင်းကဘာလို့ နွားကြီး ခေါ်လာရတာလဲ

ကောင်းကင်ကို

မှတ်ချက်။ ။ မောင်ကောင်းထိုက်ရဲ့  နိုင်ငံရပ်ခြားဟာသများဆိုတဲ့ စာအုပ်တစ်အုပ်ထဲက ဟာသတစ်ပုဒ် (ဦးနေဝင်း နေရာမှာတော့ တခြား အာဏာရှင်ပေါ့) ဖတ်ခဲ့ဖူးတာကို အခြေခံပြီး ရေးထားပါတယ်။ စာရေးဆရာ ဗိုလ်မှူးသော်က (တိုက်ရေယာဉ် ၁၀၃) ကလည်း ဒီပုံပြင်ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ကျောင်းစောင့်

၁၉၉ ခုနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကရာတေးသင်တန်းသွားအပ်တော့ ကရာတေးဆရာက မေးပါတယ်။
မင်း ဘာလုပ်တုန်း။
ကျောင်းစောင့်

ကရာတေးဆရာလည်း သိပ်လက်ကြောမတင်းပုံရတဲ့ ငနဲက ပေါက်ပေါက်ရှာရှာ ကျောင်းမှာ ညစောင့်လုပ်တယ်ဆိုတော့အံ့သြသွားတာပေါ့။

ဘယ်ကျောင်းမှာလဲ။
မဟုတ်ဘူး။ ကျောင်းတွေ အကြာကြီးပိတ်ထားတာ ပြန်တက်ဖို့  စောင့်နေရလို့ ကျောင်းစောင့်လို့ ပြောတာ။

ကောင်းကင်ကို
to download ebook click here

Sunday, July 20, 2008

ခြင်္သေ့ကျွန်းမှ လတစ်စင်းသို့ 

ကောင်းကင်ဘုံရဲ့ တံခါးရွက်ကို
အင်တာနက်က ဝုန်းခနဲ ဆွဲအဖွင့်မှာ
နတ်သမီးလေး တစ်ပါးနဲ့ 
ငါ ဆုံစည်း ခွင့်ရလိုက်တယ်။

ပင်လယ် ဟိုဘက်ခြမ်းက ပစ်လိုက်တဲ့
ပန်းပွင့် ကျည်ဆံ တစ်တောင့်
ငါ့ ဗယ်ဘက်ရင်အုံထောင့်ကို ရုတ်တရက်ဖောက်သွားပြီ။
ငါ့အိပ်မက်တွေကို နှုတ်ခမ်းနီအစွန်း
ခြင်္သေ့ကျွန်းက လတစ်စင်း ငါ့ပေါ်ကို ကွက်ပြီး အထွန်းမှာ
ပိုးသားသံယောဇဉ်နဲ့ သွန်းတဲ့
အချစ်ဆိုတဲ့ ဒြပ်စင်တစ်မျိုး
ငါ့ရင်ထဲမှာ ဖြစ်နေပြီ။

နှုတ်ခမ်းလေးနှစ်ခု မပွင့်တပွင့်ဟ
သူ့ ပါးလေးတွေ အကမှာ
ပွင့်လာတဲ့ အပြုံးတွေက ဖြူစင်သန့် ရှင်းနေပေမယ့်
စိတ်ကို အရည်ပျော်စေတတ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးတော့
ကပ်ကပ် ပြီး ပါလာတတ်တယ်။
ပြုံးပြုံးပြီး ညှို့ တတ်တဲ့ မှော်အတတ်ဆန်းကို
သူဘယ်တုန်းက တတ်ခဲ့တာလဲ။

စိတ်ကူးထဲမှာ ငါ ခိုးခိုးပြီးနမ်းလိုက်လို့ များ
သူ့ ပါးလေးတွေ တိုက်စားသွားသလား။
ပါးလေးနှစ်ဘက်မှာ ပါးချိုင့်လေးတွေနဲ့ ။

ပါးချိုင့်လေး နှစ်ခု ပွင့်နေတဲ့
ငါ့နတ်သမီးလေး သစ်ပင်မှာ
နွယ်ရှင်တစ်ချို့ လည်း ရှိတယ်။
အဲဒီ့ နွယ်ရှင်တွေပေါ့
ငါ သွားရာနောက် တစ်ကောက်ကောက်လိုက်ပြီး
သံယောဇဉ်တွေနဲ့  ရစ်ပတ်တာ။

ကံဇာတာ အတက်နဲ့ ကြုံကြိုက်
သူနဲ့ ခဏလေးဆုံခိုက်မှာ
ရေမွှေးရထားတစ်စင်း ငါ့အာရုံမှာ လာဆိုက်တယ်။
ငါ့ချစ်သူ ရနံ့ တိုက်လေးရေ
မင်းကိုယ်ပေါ်မှာ ဥယျာဉ်တစ်ခု စိုက်ထားသလား။
မင်းပါးပေါ်က နှင်းဆီဖူးလေး တွေကို
ငါ…နှုတ်ခမ်းလေးနဲ့ ခူးချင်တယ်။
အကြင်နာရနံ့ တွေ့ မူးပြီး
ဒီတစ်သက်လုံး ရူးချင်တယ်။

မိထွေးဖြစ်သူရဲ့ ငြူစူတဲ့ နှုတ်ခမ်း
ဖခင်မေတ္တာတစ်ခြမ်းတည်းနဲ့ 
ကိုယ့်အားကိုယ်ကိုးပြီး ပွင့်ခဲ့ရတဲ့ ပန်းကလေးကို
အရမ်းမြတ်နိုးတယ်။

စည်းချက်မမှန်တဲ့ ပေါက်ကွဲသံတွေနဲ့ 
မိုးမည်းမည်း တွေ ရွာချ
လျှပ်စီးတန်းတွေ ဝုန်းဒိုင်းကြဲ
လေကြမ်းတွေ မုန်ယိုနေတဲ့ ညမှာ
ပန်းကလေး အားငယ်နေမလား။

အချစ်ဆိုတာ
ဝိညာဉ် တစ်ခြမ်းရှာဖွေခြင်းတဲ့။
မိုင်ပေါင်းများစွာ အဝေးက
မျက်ကွင်းဟောက်ပက်နဲ့ 
ဥယျာဉ်ခြောက်ကပ်ကပ်ကြီးထဲမှာလည်း
အကြင်နာငတ်နေတဲ့ စိတ္တဇနဲ့ 
သခင်မ အရှာထွက်နေတဲ့ လိပ်ပြာတစ်ကောင်ဟာ
နိဗာန်ဘုံတစ်ခု ထည့်သွတ်
ရွှေရောင်ကောင်းကင်နဲ့ ကွပ်ထားတဲ့
ကမ္ဘာသစ်တစ်ခုကို မနိုင်မနင်းသယ်ဆောင်ပြီး
အမှောင်တွေကြားမှာ လင်းနေတဲ့လမင်း
ဆူးတွေကြားမှာ ပွင့်နေတဲ့ နှင်းဆီတစ်ပွင့်ဆီ
ဦးတည် ပျံသန်း လာနေပြီ။

ကောင်းကင်ကို

Wednesday, July 16, 2008

အတု

မီးတောက်တွေ သိုလှောင်ထားတဲ့ တစ္ဆေတစ်ကောင်
ချစ်ခြင်းမေတ္တာယောင် ဆောင်ပြီး
ငါ့အသည်းအိမ်ဦးဆောင်ကို ရောက်လာတယ်။

ရောင်စုံဥယျာဉ်ကို မျှော်လင့်
ငါ့အသည်းကို အဖွင့်မှာ
ပန်းယောင်ဆောင်ထားတဲ့ ပလတ်စတစ်တွေပဲ ပွင့်တယ်။

ကောင်းကင်ရဲ့ ရင်ဘတ်မှာ
လင်းနေလို့ ကြယ်လေး အမှတ်နဲ့ 
ခူးချင်လို့ အနားကပ်လိုက်တယ်။
တွေ့ လိုက်ရတာက….ကြယ်ယောင်ဆောင်ပြီး ပွင့်နေတဲ့ တံလျှပ်။

အတု အစစ် မခွဲတတ်တဲ့ ငနဲ
လူယောင်ဆောင်ထားတဲ့ အပုပ်ကောင်တစ်ကောင်
ရင်ထဲမှာတော့ မီးအစစ်တွေလောင်နေတယ်။

ကောင်းကင်ကို

Thursday, July 10, 2008

သူပုန်တို့ ရဲ့ ဝိညာဉ်မှာ ကိန်းနေသေးတဲ့ တစ္ဆေ

ခင်ဗျားဟာ
ဗုဒ္ဓဝါဒရဲ့  ညီတော်။

ခင်ဗျားဟာ
ခရစ်ယာန် ဝါဒရဲ့  ညီတော်

ခင်ဗျားဟာ
ကောင်းကင်ပြာရဲ့ အမြစ်။

ခင်ဗျားဟာ
လမင်းဝါရဲ့ အနှစ်။

ချီကွေဗားရားကြောင့် ခင်ဗျားဟာ နာမည် တက်ခဲ့ရပြီး
ကက်စ်ထရိုကြောင့် ခင်ဗျားဟာ နာမည်ပျက်ခဲ့ရတယ်။

ခင်ဗျားပေးခဲ့တဲ့ အနီရောင်ပေါ့၊
ခွပ်ဒေါင်းတို့ ရဲ့ သွေးတွေကို
ပေးဆပ်မှုနဲ့ လောင်ကျွမ်းစေခဲ့တာ။

ခင်ဗျားက နိက္ခမ တံဆိပ်ကိုလည်း
မြေကြီးပေါ်မှာ နှိပ်ခဲ့တယ်။

တစ်ခါတစ်ခါမှာ ခင်ဗျားက လက်တွေ့ ကျသလောက်
တစ်ခါတစ်ခါမှာ ခင်ဗျားရဲ့ အတွေးအခေါ်တွေက မိုးပေါ်မှာပျံတယ်။

ခင်ဗျားပြေးခဲ့တဲ့ ခရီးမိုင်ကို
လောဘသားတွေက မလိုက်နိုင်ခဲ့ဘူး။

ခုတော့…
အုပ်စုတွေဖွဲ့ ပြီး မိုက်ချင်နေကြတဲ့
လောဘသားတွေ နေတဲ့ ကျွန်းတိုက်
ကမ္ဘာဆိုတဲ့ ဒုစရိုက်ဂြိုလ်မှာ
ခင်ဗျားရဲ့ စေတနာဟာ
တလွဲအသုံးခံလိုက်ရတဲ့ အမှိုက်။

ခင်ဗျား ရှိတာ ကောင်းတယ်။
ခင်ဗျားမရှိရင် လူတွေက ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်တယ်။
ခင်ဗျား မရှိတာ ကောင်းတယ်။
ခင်ဗျားရှိရင် လူတွေက ရေသာခိုတယ်။

ခင်ဗျားမှာ ကျွန်တော်မကြိုက်တဲ့ အချက်တွေလည်း ရှိတယ်။
အမွှေးတိုင်တွေ တစ်ခန်းလုံးအပြည့် ထွန်းပြီး
တံခါးတွေအကုန် ပိတ်ထားမှတော့
အနံ့ တွေ လှောင်ပြီး မွန်းမှာပေါ့။

ခင်ဗျားရဲ့ လူတစ်ချို့  ကိုလည်း မကြိုက်ဘူး။
ခင်ဗျားက မြေကြီးပေါ်မှာ နေဖို့ ပြောတယ်။
သူတို့ က ရွှေချထားတဲ့ တံလျှပ်ကုလားထိုင်တွေပေါ်မှာ
သေနတ်အားကိုးနဲ့ အတင်း တက်ထိုင်နေကြတယ်။

ခင်ဗျားက အနစ်နာခံဖို့ ပြောတယ်။
သူတို့ က ဘာမှမရှိတဲ့ခွက်တွေမှာ မလိုင်ဖတ်အဖြစ် တွယ်ကပ်နေကြတယ်။

ခုတော့
သူတို့ လုပ်ခဲ့တဲ့ ဒုစရိုက်နဲ့ 
ခင်ဗျားရဲ့ နာမည်ကို
သမိုင်းဆိုတဲ့ ကြိုးတိုက်ထဲမှာ
ကြိုးပေးသတ်ပစ် လိုက်ကြပြီ။

ဒါပေမယ့်
ခင်ဗျားဟာ မကျွတ်သေးတဲ့ တစ္ဆေ၊
ခင်ဗျား သေဆုံးသွားပေမယ့်
ခင်ဗျားရဲ့ ဝိညာဉ်ဟာ
်သွေးပျက်တုန်ယင်နေတဲ့ ကမ္ဘာကြီးကို
ငြိမ်းချမ်းရေး ပုဝါခြုံပေးဖို့ 
ဒဏ်ရာတွေကို ရင်ဘတ်ထဲမှာ ငုံထားတဲ့
သူပုန်တို့ ဆီမှာ ကိန်းနေတယ်။

ကောင်းကင်ကို

Saturday, July 5, 2008

အေးဘက်ဆိုတဲ့ တက္ကသိုလ်

လောကကြီးမှာ
ငွေကြေးနဲ့ ဝယ်ယူဖို့ လည်း မလို
တောင်းယူစရာလည်းမလို၊
အလှတရားကို ဖတ်တတ်တဲ့ မျက်လုံးရှိသူတိုင်း
ခံစားလို့ ရနိုင်တဲ့ စည်းစိမ်တစ်မျိုးရှိတယ်။

အဖြူအနက်ကျောင်းဝတ်စုံတွေနဲ့ 
အားလုံးအရောင်တူအောင်ညှိုထားလိုက်တာတောင်
အလှရောင်စုံထွက်နေသေးတဲ့ နုနုဖတ်ဖတ် ပန်းပွင့်လေးတွေ
သူနိုင်ကိုယ်နိုင်အလှချင်းပြိုင်နေကြတဲ့ နံနက်မှာ
ငါ့မျက်လုံးနှစ်ဘက် အစာရှာထွက်ဖို့ အတွက်
ငါ…အေးဘက်ကို ထွက်လာခဲ့တယ်။

ပန်းလေးတွေကို မခူးမဆွတ်ပဲ
မသိမသာခိုးကြည့်ပြီး
သူတို့ ရဲ့ အလှအပတွေကို အသိအမှတ်ပြုခြင်းဟာ
အပြစ်မရှိဘူးလို့  ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းနဲ့ ပေါ့။

ဒီလိုနဲ့ …
အေးဘက်ဝင်းထဲ ခြေအချချမှာ
စကတ်တိုတိုနဲ့ ပန်းလေးတစ်ပွင့်က
သူ့ ဖြစ်တည်မှု သူ့ အလှနဲ့ 
ခပ်မိုက်မိုက် ပွင့်ပြတယ်။

ဟော…ဟိုမှာ
သုံးယောက်တွဲပြီးလျှောက်လာတဲ့
ပန်းလေး တစ်ခက်၊
သူတို့ အလှကိုယ်စီနဲ့ ငါ့မျက်လုံးကို နှုတ်ဆက်တယ်။

ဟိုမှာတော့
ဟန်းဖုန်းပြောရင်းနဲ့  ပြုံးနေတဲ့ကောင်မလေးတစ်ယောက၊်
ဝေးလျက်နဲ့ နီးနေရတဲ့ အရသာကို ခံစားပြီးတော့ ပြုံးနေတာလား။

ဒီလိုနဲ့ ဆက်ပြီးအလျှောက်
ရေကန်လေးနား အရောက်မှာ
အလှမွေးထားတဲ့ ငှက်ကလေးက
“ဖီးခ” ဆိုပြီးနှုတ်ဆက်တယ်။

ရေကန်ထဲမှာလည်း
ပျော်ရွှင်စွာ ကစားနေတဲ့ ဘဲကလေးနှစ်ကောင်
တစ်ကောင်က ပြေးလို့ ၊ တစ်ကောက်က လိုက်လို့ ။

ထိုင်ခုံလေးတစ်ခုံမှာတော့
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်
အပျင်းပြေ ထိုင်နေကြတာလား။
အချစ်တွေ ပြိုင်နေကြတာလား။

ဒီလိုနဲ့ ငါသွားပြီးထိုင်နေကျ E building ရှေ့ အရောက်မှာ
ဘယ်အချိန်ရောက်ရောက် မျက်လုံးထဲက ဖျောက်ပစ်ဖို့ ခက်တော့မယ့်
မြင်ကွင်းတစ်ခုက ဆီးကြိုနေတယ်။
မြူးမြူးကြွကြွ ပန်းပွင့်ပျို တစ်သိုက်
ကိုယ့်အလုပ်ကို ကိုယ်ဂရုစိုက်ပြီး
မော်ဒန်အက တိုက်လို့ ၊
ပတ်ဝန်းကျင်တစ်ခုလုံးကို မေ့လျော့နေသလိုလို ။
ယုံကြည်ချက် အငွေ့ အသက်တွေ စွက်နေတဲ့
‘က’ဟန် ‘က’ချက် တွေနဲ့ 
ကောင်းကင်ဆီကိုပဲ ချက်ခြင်း ပျံတက်တော့မလိုလို။

ပန်းပွင့်လေးတွေက ရူပါအဆင်း ပြိုင်နေရုံတင်မကဘူး၊
သူတို့ စုမိတဲ့နေရာနားတစ်ဝိုက်ဟာ
ဂီတဝိုင်းတစ်ခုလိုပဲ မြိုင်မြိုင်ဆိုင်ဆိုင်၊
ပြိုင်ပွဲထဲက ငှက်ကလေးတွေလို
တေးဆိုပြိုင်နေကြတာလား။
သူတို့ ပြောနေကြတဲ့ စကားလုံးဝဲဝဲလေးတွေကို
နားမလည်ပေမယ့်
သူတို့ ပြောလိုက်တဲ့စကားလုံးတွေဟာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ အရောင်လက်လို့ 
သြော်…သူတို့ ရဲ့ အနာဂတ်တွေကလည်း အရောင်လက်လို့ ။

အေးဘက်ဆိုတာ
လူငယ်တွေရဲ့ ရင်ခုန်သံစစ်စစ်နဲ့ 
လောကတံခါးသစ်တွေကို ဆွဲဖွင့်ပစ်မယ့်ကျောင်းလား။
ပန်းပွင့်တို့ ရဲ့ မလိုင်တွေ
အလှချင်းပြိုင်နေကြတဲ့ကျောင်းလား။
ဘာပဲဖြစ်ဖြစ် နို့ တစ်ခွက်မှာ မလိုင်များတာဟာ ကောင်းတဲ့ အခြေအနေပါ။

နယ်ကျွံသွားတဲ့ အတွေးတွေ
အလည်လွန်ထားတဲ့ မျက်လုံးတွေနဲ့ 
သူတို့ မျက်နှာပေါ်က စကားလုံးတွေကို သွားဖတ်ကြည့်တယ်။
သူတို့ မှာ အနာဂတ် ပျောက်နေတဲ့ မျက်နှာတွေ မရှိဘူး။
ပျံသန်းရမှာ ကြောက်နေတဲ့ လက္ခဏာတွေ မရှိဘူး။
သူတို့ မှာ ကမ္ဘာကြီးကို စားပွဲပေါ်တင်ဖတ်ဖို laptop ကိုယ်စီရှိတယ်။
တစ်ကျောင်းလုံးအနှံ့ ကိုယ်ယောင်ဖျောက်ပြီး ပျံနေတဲ့ ဝါယာလက်(စ်) အင်တာနက်ကော်နက်ရှင်လည်း ရှိတယ်။

မိုင် ၃၆၀ လေး ဝေးသွားတာနဲ့ 
အခွင့်အရေးတွေက တစ်ကမ္ဘာစီလောက်ခြားသွားရသလား။
နယ်နိမိတ်မျဉ်းပါးပါးလေး ခြားလိုက်တာနဲ့
ငှက်တွေရဲ့ ဘဝဟာ လေလွင့်သစ်ရွက်ဖြစ်တဲ့အထိ ထိုးကျသွားရသလား။

သြော်...
အလှတရားခံစားရင်းနဲ့ 
မကျက်သေးတဲ့ အနာပေါ်ကိုတုတ်ကျ
ခြေတွေလက်တွေလှုပ်လို့ မရခဲ့တဲ့ ဘဝကို ပြန်ပြီးသတိရမိတယ်။

နောက်ဆုံးတော့
လျှပ်စီးလက်တုန်း ခဏလေးမှာ လင်းခွင့်ရနေတဲ့ ကောင်းကင်တစ်ချပ်
ငှက်ခဏ ဖြစ်ခွင့်ရနေတဲ့ သစ်ရွက်တစ်ကောင် ဟာ
ကိုယ့်မျက်လုံးတွေကို ကိုယ်ပြန်သိမ်း
လန့် နိုးလာတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်ပြီးချော့သိပ်
ဒုက္ခတွေ အိမ်ငှားနေတဲ့ ရင်ဘတ်ကို ပြန်ပိတ်ပြီး
အေးဘက်ကျောင်းဝင်းထဲကနေ
တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။

ကောင်းကင်ကို

မှတ်ချက်။ ။အေးဘက် (Assumption University) မှာ Bachelor ကျောင်းသားကျောင်းသူတွေ ဟာ အဖြူအနက် ကျောင်းဝတ်စုံ ကို ဝတ်ရပါတယ်။ Master ကျောင်းသားကျောင်းသူတွေကတော့ ကိုယ်ကြိုက်တာ ဝတ်လို့ ရပါတယ်။

ဖီးခ ဆိုတာ ထိုင်းလို “အစ်ကိုရှင့်” (or) “အစ်မရှင့်” ဆိုပြီးနှုတ်ဆက်တာပါ။

“ပြိုင်ပွဲထဲက ငှက်ကလေးတွေလို တေးဆိုပြိုင်နေကြတာလား” ဆိုတဲ့နေရာမှာ တင်စားရုံသက်သက်မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ငှက်ကလေးတွေ တေးဆိုပြိုင်တဲ့ပွဲတွေ ရှိပါတယ်။

Wednesday, July 2, 2008

ငါးရက်တိတိ ပျောက်သွားတဲ့ လမင်း

နွေရာသီမှာ နေ့ တာရှည်တယ်၊
ဆောင်းရာသီမှာ ညတာရှည်တယ်၊
ငါ့အဖို့ တော့ အခု နေ့ တာရော ညတာပါ တစ်ပြိုင်နက်တည်းရှည်နေတယ်။

နှုတ်ခမ်းလေး တစ်ခုဆော့တဲ့ ဂယက်နဲ့ 
စကြာင်္ဝဠာကြီး ထဲက အစက်ကလေးတစ်စက်
အကြီးအကျယ် သွေးပျက်နေပြီ။

အလွန်အကျွံ ကြောက်တတ်သူတစ်ယောက်
ညသန်းခေါင်ချိန်အရောက်
မျက်စေ့လည် လမ်းအပျောက်မှာ
ရုတ်တရက် သရဲအခြောက်ခံလိုက်ရသလိုမျိုး။

ရင်ထဲက အားကိုးစရာ ကောက်ရိုးလေးတစ်စ
အခြေအနေတွေက တည့်တည့်ချိန်ရွယ် ပစ်ချသွားပြီ။

ဒီလမှာ ၅ညဆက်တိုက် လမထွက်သေးဘူး။
ဒီလမှာ ငါ့ရင်ဘတ် ၅ချက်တိတိ ချုပ်လိုက်ရပြီ။
ဒီညမှာ ငါ့ရင်ထဲကငှက် သဝဏ်လွှာအပါး မထွက်နိုင်ဘူး။
ဒီညမှာ မာရ်နတ်သမီးရဲ့ လက်ချက်နဲ့ ငါ့အသည်းမှာ ကြိုးတစ်ချောင်းပြတ်တယ်။

လွင့်မျောနေတဲ့ စိတ်နဲ့ 
တိမ်တွေကို လိုက်ပြီးဖမ်းဆုတ်
သက်ပြင်းပူတစ်ချက်ကို မှုတ်ထုတ်လိုက်တယ်။
ညကို မဝံ့မရဲနဲ့  ကြည့်လိုက်တယ်။

ဟော…ဟိုမှာ
မိုးပေါ်မှာ ရွက်လွှင့်နေတဲ့ ကြယ်တစ်ပွင့်
သူ့ မျက်နှာတော်ကို မော်ဖူးဖို့ 
ငါ့ကိုလူကြုံလိုက်ခွင့်ပေးပါ။

ကောင်းကင်ကို

Tuesday, July 1, 2008

ကဗျာရွတ်သံ (ဧရာဝတီရဲ့ ရင်သွေးများအတွက်)

VOA အနုပညာမိုးကောင်းကင် အစီအစဉ်မှာ ကိုကျော်အောင်လွင်က ရွတ်ဆိုပေးထားပါတယ်


Get this widget | Track details | eSnips Social DNA

To download (click here)