Wednesday, June 27, 2012

Stereotype၊ လူမျိုးရေး ပြဿနာ နှင့် ကလေးကွက် (ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ)


ခေတ်မောင်းဂျာနယ် အတွဲ (၂) download လုပ်ရန် http://www.mediafire.com/?4gnbr4aa43nciiy
Stereotype၊ လူမျိုးရေး ပြဿနာ နှင့် ကလေးကွက်

(၁)
ကန်စွန်းရွက်ကြော်က ဘာအသားမှ မထည့်နဲ့။ သက်သတ်လွတ်နော်
ကြာဇံကြော်ကလည်း သက်သတ်လွတ်နော်

သက်သတ်လွတ်ဆိုတဲ့ စကားလုံးနဲ့ တဖွဖွ မှာတယ်။ သက်သတ်လွတ်တွေ မှာနေရင်းကနေ နောက်တမျိုး ထပ်မှာလိုက်တဲ့အခါမှာတော့ အကုန်လုံး ပွဲကျသွားတော့တယ်။ ထပ်မှာလိုက်တဲ့ အရာက….. ဘီယာ။ တကယ်ဆိုရင်တော့ ရယ်စရာ ဘာမှ မပါပါဘူး။ ဒါပေမဲ့ သက်သက်လွတ်စားတာဟာ ဘာသာရေး ကိုင်းရှိုင်းလို့၊ ဘာသာရေး အဲ့လောက်ကိုင်းရှိုင်းရင် အရက်ဘီယာ မသောက်လောက်ဘူး ဆိုတဲ့ လူတွေရဲ့ stereotype ဆန်တဲ့ အတွေးကြောင့် ရယ်စရာ လိုလို ဖြစ်သွားတယ်။

သက်သတ်လွတ် သမားဟာ သက်သက်လွတ်စားရခြင်းက ဘာသာရေးကြောင့် မဟုတ်ဘဲ ဒီလိုအတွေးကြောင့်လည်း ဖြစ်နိုင်တာပဲလေ။ လူတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်လို့
ကိုယ့်လောက်အသိဥာဏ်မရှိတဲ့ သတ္တဝါတွေကို ညှာသင့်တယ်

(
၂)
ဒါပေမဲ့ Stereotype အတွေးတွေဟာ များသောအားဖြင့် ဟာသ မမြောက်ဘဲ လူ့လောကကို ပြဿနာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနဲ့ ပတ်သတ်လာရင်ပေါ့။ Stereotype အတွေးနဲ့သာ ကျဉ်းကျဉ်းမြောင်းမြောင်း တွေးရကြေးဆိုရင် ဥပမာကုလားတွေအားလုံး စိတ်ထားယုတ်ညံ့တယ်လို့ တွေးတယ်ဆိုပါစို့၊ ဒါဆိုရင် ဂန္ဒီဟာ ကုလား၊ ဒီတော့ ဂန္ဒီဟာ စိတ်ထားယုတ်ညံ့သူ ဖြစ်သွားမယ်။ တရုတ်တွေအားလုံး မိုက်ရိုင်းတယ်လို့ တွေးမယ်ဆိုရင်ကွန်ဖြူးရှပ်တို့ လောက်ဇူတို့ပါ မိုက်ရိုင်းသူတွေ ဖြစ်သွားမယ်။ ဘင်္ဂါလီအားလုံး အောက်တန်းစားတွေမုဒိမ်းကောင်တွေဆိုရင် ကမ္ဘာကျော် ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးပါ အောက်တန်းစားမုဒိမ်းကောင် ဖြစ်သွားလိမ့်မယ်။ မွတ်စလင်အားလုံး ခွေးကျင့်ခွေးကြံကောင်တွေဆိုရင် ဦးရာဇတ်တို့၊ စာရေးဆရာ မောင်သော်ကတို့ပါ ခွေးကျင့်ခွေးကြံကောင်တွေ ဖြစ်သွားမယ်။ ဒီလိုပဲ ဗမာ တွေ အားလုံးသာ အသုံးမကျသူဆိုရင် ဦးသန့်လိုလူတွေ၊ ဗိုလ်ချုပ်အောင်ဆန်းလို လူတွေပါ အသုံးမကျသူတွေ ဖြစ်သွားလိမ့်မယ်။
တဘက်မှာ ဘာသာတိုင်း လူမျိုးတိုင်းမှာ လူတော်လူကောင်းတွေ ရှိသလို ထောက်ပြစရာ လူဆိုးတွေ၊ မုဒိမ်းကောင်တွေလည်း ရှိနေမှာပဲ။

(
၃)
ဘာသာရှိသူတွေ နည်းတူပါပဲ။ ဘာသာမဲ့တွေထဲမှာလည်း လူကောင်းတွေရော လူဆိုးတွေပါ ရှိပါတယ်။

တချို့သူတွေက ဘာသာမဲ့ဆိုရင် တရားလုံးဝ မရှိတဲ့သူ၊ လူစိတ်ကင်းမဲ့သူ လိုမျိုး stereotype အတွေးတွေနဲ့ တွေးတတ်၊ Facebook လို နေရာမျိုးတွေမှာ ရေးတတ်ကြတာလည်း ရှိသေးတယ်။ တကယ်တော့ ဘာသာမဲ့ Mark Zuckerberg တည်ထောင်ထားတဲ့ Facebook ကို သုံးပြီး ဘာသာမဲ့တွေကို ပိုးစိုးပက်စက် ပြောနေခြင်းပါပဲ။

ကျနော်လည်း ဘာသာရေးတွေကို မယုံကြည်သူ တယောက်ပါ။ ဒါပေမဲ့ ခရစ်ယာန် တယောက်က ဖြစ်စေ၊ မွတ်စလင်တယောက်က ဖြစ်စေ ကျနော့်အတွက် ဆုတောင်းပေးရင်တော့ ကြိုက်တယ်။ ကိုယ့်ကို မေတ္တာပို့တယ်လို့ပဲ ခံစားရပါတယ်။

(
၎)
နောက်ထပ် ခွဲခြား ဆက်ဆံခံရလေ့ ရှိတာက ကပြား တွေ ပါပဲ။ လူတော်တော်များများရဲ့ အခေါ်အဝေါ်အရ ဆိုရင်တော့ မျိုးမစစ် တွေပေါ့။ နှစ်ဘက်လုံးကို ဘက်မျှတွေးနိုင်သူ၊ (များသောအားဖြင့်) နှစ်ဘက်လုံးကို နားလည်ပေးနိုင်တဲ့အတွက် ယဉ်ကျေးမှုအရ စိတ်ပိုင်းစရာအရ ပိုကြွယ်ဝနိုင်ခြေရှိသူတွေ အဖြစ် မြင်မပေးကြပဲ မျိုးမစစ်ဆိုပြီး ဆဲရေးတိုင်းထွာ ကြတာက များပါတယ်။ ဗမာ-တရုတ် ကပြားကို ဖြစ်စေ၊ ဗမာ-ကုလား ကပြားကို ဖြစ်စေ ဗမာအဖြစ် နွေးထွေးစွာ လက်မခံဘဲ မျိုးမစစ်ဆိုပြီး ခွဲခြားဆက်ဆံလိုက်တာဟာလည်း သိမ်းသွင်းရမယ့်အစား တခြားတဘက်ကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။

လူမျိုးခြားနဲ့ ယူပြီဆို များသောအားဖြင့် မေးခွန်းတွေ ထုတ်လေ့ ရှိပါတယ်။ အဲဒီ့လို မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမေးခံခဲ့ရတယ်လို့ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်စုက လူမှာ လူကောင်းရယ် လူဆိုးရယ်ပဲ ရှိတယ်။ ကိုယ်ယူတဲ့သူက ကိုယ်နဲ့ စိတ်တူသဘောတူ လူကောင်း တယောက် ဖြစ်နေရင် ပြီးပြီဆိုတဲ့ အဖြေမျိုးကိုတော့ မဖြေခဲ့ပါဘူး။ လူမျိုးမခွဲခြားတဲ့ အဖြေမျိုးအစား အင်္ဂလိပ်တွေ ကြားမှာနေရင် အင်္ဂလိပ်တွေနဲ့ ရဖို့များတယ် ဆိုတဲ့ သဘောမျိုးပဲ ဖြေသွားတော့မေးခွန်းထုတ်သူက အပြစ်ရှိတယ် ဆိုတဲ့ အမြင်နဲ့ မွေးခွန်းထုတ်လာရာမှာ နိုင်ငံခြားသားနဲ့ ယူခြင်းဟာ အပြစ်မရှိဘူးလို့ ဖြေမယ့်အစား အဲလိုလုပ်ရတာဟာ အခြေအနေတွေ တွန်းပို့လို့ ဆိုတဲ့ သဘောမျိုးပဲ ဖြေသွားခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးမှာ လူထုထောက်ခံမှု နည်းသွားမှာ စိုးရိမ်လို့လို့ နားလည်လိုက်မိပါတယ်။

Racists
တွေဟာ လူမျိုးခြားနဲ့ ယူခြင်းကို အကြောင်းများစွာ ပြပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လေ့ ရှိပါတယ်။ အတွေးအခေါ် ကျယ်ပြန့်သူ တယောက်အတွက် ဆိုရင်တော့ ကန့်ကွက်စရာ ဘာအကြောင်းမှ မရှိပါ။ [လူမျိုးရေး ခွဲခြားတတ်တဲ့ နိုင်ငံတွေမှာ ဆိုရင်တော့]လူမျိုးခြားကို မယူသင့်တဲ့ အကြောင်းရင်းကို မရမက ရှာဖွေကြည့်မယ်ဆိုရင် တခုတည်းပဲ ရှိပါတယ်။ မွေးလာမယ့် ကလေး ခွဲခြားဆက်ဆံ ခံရမှာ၊ အပယ်ခံရမှာကြောင့် ကလေးကို ဒဏ်မခံစေချင်လို့ပါပဲ။ မြန်မာနိုင်ငံလို နိုင်ငံမှာ လူတယောက်ယောက်က ဆိုးဝါးတဲ့ အပြုအမူကို လုပ်ပြီဆိုရင် မင်းဗမာ မှ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းမျိုး၊ မင်းအမျိုးမှ စစ်ရဲ့လားဆိုတဲ့ မေးခွန်းမျိုးဟာ တခြားလူမျိုး မှန်သမျှကို၊ ကပြားမှန်သမျှကို ယုတ်မာသူ၊ ဆိုးသွမ်းသူ၊ ဗမာအားလုံးသည်သာလျှင် ယဉ်ကျေးသူ ဆိုတဲ့ အတွေးတွေမှာ အခြေခံနေပါတယ်။ ဥပမာပေးရရင်တော့ ဗွီဒီယို တခုထဲမှာ ဗမာ အမျိုးသားတွေက ဗမာ အမျိုးသမီးတွေကို ဗမာလိုတွေ ပြောပြီး ရက်ရက်စက်စက် ရိုက်နှက် နေကြတဲ့ဟာမျိုးကို မြင်ရတာတောင် ဗမာတွေ ဟုတ်ရင် ဒီလို မလုပ်ဘူးလို့ မှတ်ချက်ပေးထားတာမျိုး ဖတ်ခဲ့ရဖူးပါတယ်။ လူအများစုရဲ့ အယူအဆကို လေ့လာကြည့်ရင်လည်း ခွဲခြားချင်တဲ့ သူတွေ ပိုများနေတာကြောင့် အနာဂတ်မှာလည်း အဲဒီ့သဘောမျိုးတွေပဲ ဆက်လက်ကြီးစိုး နေဖို့များတာမို့ လူမျိုးခြားကို မယူသင့်တဲ့ အကြောင်းရင်းတခုကို မပေးမနေရ ပေးရမယ်လို့ ဆိုလာခဲ့ရင် မွေးလာမယ့် ကလေးကို လှောင်ပြောင်မယ့် ဒဏ် မခံစားရ စေချင်လို့ပါပဲ။ ဒါပေမဲ့ ဒီပြဿနာရဲ့ တကယ့် အဖြေအစစ်ကတော့ လူမျိုးရေးခွဲခြားမှု ကင်းရှင်းတဲ့ ပတ်ဝန်းကျင်တခု ဖြစ်လာမှသာ ပြဿနာတွေ အားလုံး ပြေလည်သွားမှာပါ။

(
၅)
လူမျိုးရေး ပြဿနာတွေနဲ့ ပတ်သတ်ပြီး ပြောရရင် ကမ္ဘာ့နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ အချိန်မရွေး ထထပေါက်ကွဲတတ်တဲ့ မီးတောင် တလုံးစီ ရှိတတ်တယ်။ အဲဒီ့ မီးတောင်တွေဟာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေ အတွက် စားကျက်တခု၊ မီဒီယာတွေ အတွက် ကုန်ကြမ်းနဲ့ NGO တွေအတွက် အလုပ်ရုံတွေ ဖြစ်တတ်တယ်။

နယ်စပ်ဒေသက မြို့တွေ ရွာတွေမှာ လူမျိုးတွေ ရောယှက်နေလေ့ ရှိကြတယ်။ တဘက်ဘက်မှာ လူမျိုးရေး ပဋိပက္ခတွေ သွေးထွက်သံယိုတွေ ဖြစ်တဲ့အခါမျိုးမှာ တခြားတဘက်ကို ထွက်ပြေးလေ့ ရှိတယ်။ အဲဒီ့အခါမှာ တဘက်နိုင်ငံက လက်ခံပေးတဲ့ အခါတွေ ရှိသလို လက်မခံဘဲ ပြန်မောင်းထုတ်တဲ့ အခါတွေလည်း ရှိတတ်တယ်။

ထားပါတော့။ သေချာတာကတော့ ဒီလူတွေဟာ နယ်နိမိတ် စည်းမျဉ်းရဲ့ တဘက်ဘက်က မြေကြီးပေါ်မှာ မွေးဖွားခဲ့တာတော့ သေချာတယ်။ သူတို့မွေးတဲ့ နေရာက ကောင်းကင်ဘုံတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ မြေကြီးပေါ်က တနေရာမှာ မွေးပါလျက် ဘယ်နိုင်ငံက မြေကြီးကမှ သူတို့နဲ့မဆိုင်ဘူး၊ သူတို့ကို လက်မခံဘူး ဖြစ်နေတယ်။ မဆိုင်တဲ့ မြေကြီးပေါ်မှာ နေထိုင်ရခြင်းကိုကျူးကျော်သူလို့ အဓိပ္ပါယ်ဖွင့်မယ် ဆိုရင်တော့ သူတို့ ဘဝက မွေးရာပါ ကျူးကျော်သူ၊ သူတို့ မွေးလာခြင်း၊လူဖြစ်လာခြင်း ကိုက ကျူးကျော်ခြင်း၊ ဥပဒေချိုးဖောက်ခြင်းလို ဖြစ်နေတယ်။ ကမ္ဘာမြေကြီးပေါ်မှာ မွေးဖွားလာသူ တယောက်ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံရဲ့ မြေကြီးပေါ်မှာမှ တရားဝင် လူဖြစ်ခွင့် မရခြင်းဟာ ကမ္ဘာ့စနစ်ကြီးဟာ ဘယ်လောက် ချွတ်ယွင်း နေသလဲဆိုတာကို ပြနေတယ်။ ကမ္ဘာ့စနစ်ကြီး ဘယ်လောက်အထိတောင် ချွတ်ယွင်းနေသလဲ ဆိုရင် ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ဖြစ်နေတဲ့ ဒုက္ခသည် ဦးရေဟာ ၁၂ သန်းလောက် ရှိနေတယ်လို့ ဆိုတယ်။

တချို့ကတော့ အကြံပေးကြတယ်။ အဲလိုလူတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေက အကုန်ခွဲပြီး ယူလိုက်ဖို့။ အဲဒါဟာ ဖြစ်နိုင်ချေ မရှိပေမဲ့ အဲလိုတကယ်တမ်း လုပ်မယ် ဆိုရင်တောင် ဒုက္ခသည် အတုတွေ ပေါ်လာလိမ့်မယ်။ ဒုက္ခသည် အတုတွေ မှိုလိုပေါက်လာကြလိမ့်မယ်။ နောက်ဆုံးမှာ ဒုက္ခသည် အစစ်တွေက ပိုနေမြဲ ကျားနေမြဲနဲ့ နိုင်ငံဆက်မဲ့ နေပြီးတော့ ပိုက်ဆံတတ်နိုင်တဲ့ ဒုက္ခသည် အတုတွေပဲ နိုင်ငံကြီးတွေကို ရောက်သွားဖို့ ရှိတယ်။ အဲဒီ့အခါမှာတော့ ကောင်းစားသွားတဲ့ ဒုက္ခသည် အတုတွေက ဒုက္ခသည် အစစ်တွေကို ဝိုင်းနှိမ်ကြတော့မယ်။

ကမ္ဘာအရပ်ရပ်က သနားစရာ ကောင်းတဲ့ ၁၂ သန်းသော ဒုက္ခသည်တွေဟာ အခွင့်အရေး မျိုးစုံ ဆုံးရှုံးနေပါတယ်။ အဲဒီ့ထဲမှာ အဆိုးဆုံးကတော့ ဒုက္ခသည် ကလေးငယ် အများစုဟာ ကောင်းမွန်တဲ့ ပညာရေး မရရှိခြင်းပါပဲ။ သူတို့တွေ ပညာသင်ကြားခွင့်မရလို့ ပညာမတတ်သူတွေ များပြားလာတဲ့အခါ၊ အတွေးအခေါ်တွေ အစွန်းရောက်လာကြပြီး အဲဒီ့ ဒေသအတွက်လည်း အန္တရာယ်တွေ ပိုမိုများပြား လာနိုင်ပါတယ်။

(
၆)
မကြာခင်က မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာလည်း လူမျိုးရေးမီးတောင် ပေါက်ကွဲခဲ့ပါတယ်။ အဲဒါကို ကြည့်ပြီး တချို့လူတွေက ပြောကြတယ်။ နိုင်ငံတနိုင်ငံဟာ ပြည်သူတွေနဲ့ ထိုက်တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ အဲဒါက မှန်သလိုလို ရှိပေမဲ့ တကယ်တော့ မဟုတ်သေးပါဘူး။ မင်းတို့နဲ့ ဒါပဲ တန်တယ်၊ ဒါပဲယူဆိုရင်တော့ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ နိုင်ငံတော်တော်များများမှာ သာမန် ပြည်သူတွေ ဆိုတာဟာ နေရာတကာမှာတော့ ဗဟုသုတတွေ ပြည့်စုံနေကြတာ မဟုတ်ပါဘူး။ သူလို ကိုယ်လို ပါပဲ။ အဖြူထည်တွေ ပါပဲ။ ကွာသွားတာက ခေါင်းဆောင်နေရာ ရယူနေကြတဲ့ အလွှာပါ။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ မီဒီယာ၊ အင်တာနက်သုံးနိုင်သူ၊ တခုခုနဲ့ ပတ်သတ်ပြီး ပြောရေးဆိုခွင့် ရှိသူ၊ ပရိသတ်ရှိသူ အဲလို လူတွေ အားလုံးအကျုံးဝင်ပါတယ်။ ခြုံငုံပြီး အပေါ်ယံအလွှာလို့ ကျနော် သုံးလိုက်ပါမယ်။ နိုင်ငံတနိုင်ငံဟာ အဲဒီ့ အပေါ်ယံလွှာ အင်အားစုကြီးရဲ့ ပျမ်းမျှ အရင်အချင်းနဲ့ ထိုက်တန်တဲ့ ဟာကို ရနေတာလို့။ ပြည်သူဆိုတာက မှန်ချင်တဲ့ အခါ မှန်မယ်။ လမ်းလွဲကို ပို့ခံရရင် မှားချင်တဲ့ အခါ မှားသွားနိုင်တယ်။ ဥပမာ ပြည်သူအချင်းချင်း သတ်ဖြတ်နေတာမျိုး၊ ပြည်သူက ပြည်သူကို အနိုင်ကျင့် နေတဲ့အခါမျိုးတွေမှာ မှားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပြည်သူကို အပြစ်တင်လို့တော့ ရမှာမဟုတ်ပါ။ ထူးလာမှာလည်း မဟုတ်ပါ။ ဥပမာ..အပေါ်ယံလွှာက လူတွေက အမှန်တရားကို မပြောပဲ အမှားတွေဆီကိုပဲ တွန်းပို့နေမယ် ဆိုရင် ပြည်သူတွေဟာ လမ်းကြောင်းအမှားပေါ် ရောက်သွားနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ အပြစ်တင်သင့်တာက ပြည်သူမဟုတ်ပါ။ ပြည်သူတွေက ဒီမိုကရေစီနဲ့ မတန်ခြင်း မဟုတ်ပါ။ ပညာတတ် လူတန်းစားတွေရဲ့ ပျမ်းမျှအရည်အချင်းကသာ ဒီမိုကရေစီနဲ့ မတန်ခြင်း ဖြစ်ပါတယ်။

(
၇)
ပညာတတ် ဆိုသူတွေရဲ့ ကလေးကွက် တခုလည်း ရှိပါသေးတယ်။ ကိုယ်က ကချင်ဘက်က စာနာပြီး ပြောပေးလိုက်ရင် ကချင်ထင်သွားကြတာမျိုး။ ချင်းဘက်ကမှန်တယ်ထင်လို့ ရပ်လိုက်ရင် ချင်းထင်သွားကြတာမျိုး။ တရုတ်ကို မုန်းတာကို မကြိုက်လို့ ကိုယ်က ကန့်ကွက်မိရင် တရုတ်၊ ကုလားဘက်က ဝင်ပြောမိသူတွေကို ကုလား၊ Gay တွေရဲ့ အခွင့်အရေးကို ပြောမိရင် Gay ထင်ကြတော့တာ။

တကယ်တော့ အဲလို တံဆိပ် လိုက်ကပ်သူတွေဟာ သူတို့စိတ်နဲ့ သူတို့ နှိုင်းလိုက်ကြတာပါ။ သူတို့မှာ ကိုယ့်အတ္တအတွက်ပဲအမြဲတွေးနေတော့ သူများက အမြင်ကျယ်ကျယ်နဲ့ ကချင်မဟုတ်ဘဲ ကချင်အကြောင်းပြောတာမျိုး၊ ချင်းမဟုတ်ဘဲချင်းတွေဘက်ကစာနာပြီး ပြောတာမျိုး Gay မဟုတ်ဘဲ Gay rights ကို ပြောတာမျိုး၊ ထိုင်းတယောက်က ဗမာဘက်က ဝင်ရပ်လိုက်တာမျိုး အဲဒါတွေကို သူတို့ ဘယ်လိုမှ တွေးတတ်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ စိတ်နဲ့ပဲ လိုက်တွေးပြီး မင်းက မြန်မာမှ ဟုတ်ရဲ့လား” “မင်းကကချင် မို့လို့ ဒီစကားမျိုးပြောတာ” “ကုလား ပါးစပ်က ဒီစကားမျိုးပဲ ပြောမှာပဲစသည်ဖြင့် စကားရဲ့ တန်ဖိုးနဲ့ မှန်မမှန်ကို မစဉ်းစားတော့ဘဲ အိုးနင်းခွက်နင်း တုံ့ပြန်ကြပါတယ်။

တဘက်မှာ သူတို့ ထင်တဲ့ အတိုင်း ကချင်က ကချင်ဘက်က ပြောတော့ရော၊ ချင်းက ချင်းဘက်က ပြောတော့ရော၊ တရုတ်က မြန်မာပြည်ဖွား တရုတ်အရေး၊ ကုလားက မြန်မာပြည်ဖွား ကုလားအရေး ပြောတော့ရော ပြောခွင့် မရှိတော့ဘူးတဲ့လား။ ဗမာဟာ ဗမာတယောက်ဖြစ်လို့ မြန်မာပြည်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တခုခုမှာ ဖြစ်ဖြစ် ဗမာ့အရေး ပြောခွင့် မရှိတော့ဘူးလား။ ပြောတဲ့ စကား မှန်မမှန်၊ တန်ဖိုး ရှိမရှိပဲ အရေးကြီးတာမို့ အဲလိုလူတွေရဲ့ မေးခွန်းတွေ၊ တံဆိပ်ကပ်မှုတွေဟာ သူတို့ မရင့်ကျက်သေးတာကို ပြနေပါတယ်။

(
၈)
အဲလို ပညာတတ် ဆိုသူတွေရဲ့ ကလေးကွက်တွေကို တခုချင်း လိုက်ဖြေရှင်းနေရင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ပါဘူး။ အဲဒါတွေအတွက် အကောင်းဆုံးနည်းကိုတော့ ခရေငယ်က ကျနော့်ကို ပြောပြထားပါတယ်။ “Debate လုပ်တဲ့နေရာမှာကိုယ့် Comment အောက်မှာ တခြားလူ Comment တခု ရောက်လာတိုင်း ရှုံးတာမဟုတ်ဘူး ဦးကိုရဲ့။ သူပြောတဲ့ အကြောင်းအရာက ကိုယ်အပေါ်မှာပြောထားတဲ့ အကြောင်းအရာကို ချေဖျက်နိုင်မှ . . .သူက မချေဖျက်နိုင် ဘဲနဲ့ ရေးလာရင်၊ သူရေးလာတာက ဆွေးနွေးတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုရင် ကိုယ်ပြန်ရေးနေလည်း စကားတွေဖောင်းပွတာက လွဲလို့ ဘာမှမထူးဘူး . . အဲဒီ့တော့ ဘာမှထပ်ရေးပေးဖို့ မလိုဘူး
(ကောင်းကင်ကို....ခေတ်မောင်းဂျာနယ် အတွဲ (၂) မှ)
http://www.khitmaung.com/ တွင်လည်း ခေတ်မောင်းဂျာနယ်မှ စာများအား ဖတ်ရှု နိုင်ပါသည်။

Saturday, June 23, 2012

Chinese Poem


ဒီနေ့ ကဗျာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို လျှပ်စစ် စာမျက်နှာတွေမှာ ပြန်လည်လှန်လှောရင်းနဲ့ Chinese Poem အကြောင်းနဲ့ အဲဒီ့အတိုင်း စဉ်းစားပြီး ရေးခဲ့တဲ့ ကဗျာတပုဒ် အကြောင်းကို ပြောချင်ပါတယ်။

Chinese Poem အကြောင်းကတော့ မြန်မာလို ဘာသာပြန်လည်း ဖတ်ဖူးပါတယ်။ ကိုဇေယျ (http://www.facebook.com/thatsforyouall) ဆီမှာလို့ ထင်ပါတယ်။ အတိအကျ မမှတ်မိတော့ပါ။ ၁၀၁ ဇင်ပုံပြင် website http://www.101zenstories.com/index.php?story=88  website မှာ ရှိပါတယ်။

(A well-known Japanese poet was asked how to compose a Chinese poem.
"The usual Chinese poem is four lines," he explains. "The first line contains the initial phase; the second line, the continuation of that phase; the third line turns from this subject and begins a new one; and the fourth line brings the first three lines together. A popular Japanese song illustrates this:
Two daughters of a silk merchant live in Kyoto.
The elder is twenty, the younger, eighteen.
A soldier may kill with his sword.
But these girls slay men with their eyes.
)
နာမည်ကြီး ဂျပန်ကဗျာဆရာ တယောက်ဟာ တရုတ်ကဗျာ တပုဒ်ကို ဘယ်လို ရေးရမလဲလို့ အမေးခံရပါတယ်။ အဲဒီ့မှာ ဂျပန်ကဗျာဆရာ ပြန်ဖြေဒါက ဒီလိုပါ။

ပုံမှန် Chinese poem တွေမှာ စာလေးကြောင်း ရှိတတ်ပါတယ်။ ပထမ တကြောင်းမှာ အကြောင်းအရာ တခုခုနဲ့ စတင်ရပါတယ်။ ဒုတိယ တကြောင်းမှာလည်း အဲဒီ့ အကြောင်းအရာကို ဆက်ပြီး (ထပ်ချဲ့ပြီး) ပြောရပါတယ်။ တတိယအကြောင်းမှာတော့ အကြောင်းအရာသစ် တခုကို (မဆီမဆိုင်အကြောင်းအရာ၊ ဒါပေမဲ့ ပထမ အကြောင်းအရာနဲ့ ခိုင်းနှိုင်းလို့ ရမယ့်ဟာမျိုး) ကို ရေးပါတယ်။ စတုတ္ထ အကြောင်းကတော့ အပေါ်က စာသုံးကြောင်းကို လှလှပပ ဆက်စပ်ပေးမဲ့ ဟာမျိုး ရေးရပါတယ်။
သူဥပမာပေးထားတဲ့ ကဗျာက

(ကျိုတိုက ပိုးကုန်သည်မှာ သမီးချော နှစ်ယောက် ရှိတယ်။
အကြီးမက ၂၀၊ အငယ်မက ၁၈
စစ်သည်တွေဟာ ဓါးနဲ့ ရန်သူကို သတ်လေ့ရှိတယ်။
ဒါပေမဲ့ သမီးချော နှစ်ယောက်ကတော့ သူတို့မျက်လုံးတွေနဲ့ ယောကျာ်းတွေကို သတ်တယ်)

အဲဒီ့နည်းနဲ့ ကဗျာဈာန်ကို နှိုးပြီး ကျနော့် အတွေးတခုကို  ကဗျာအဖြစ် ရေးဖူးပါတယ်။ အပေါ်က ဥပမာ ကဗျာလိုတော့ ချစ်စရာ မကောင်းလှပါဘူး။ အမြင်ကတ်စရာတောင် ကောင်းနေနိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်အတွေးကို ကျနော်တန်ဖိုးထားပါတယ်။ ကိုယ်တိုင်တောင်မှ တန်ဖိုးမထားနိုင်တဲ့ အရာမျိုးဆိုရင်တော့ လူတွေရှေ့မှာ ဘယ်တော့မှ ချပြဖြစ်မှာ မဟုတ်ပါဘူး။

 

ကွဲပြားသောတူညီမှု

ကွယ်လွန်သွားတဲ့ ဆရာတယောက်ရှိတယ်။
သူသင်ပေးတဲ့ပညာ ကျနော်လိုက်မမီပေမဲ့ အရမ်းကျေးဇူးကြီးတယ်။
တချို့တွေက ကိုယ်စိုက်လို့ ကိုယ်စားရတဲ့ ချိုမြိန်မှုအတွက်အကောင်အထည်မဲ့ ဘုရားသခင်ကို ပူဇော်ကြတယ်။
ကျနော်လား?
ကွယ်လွန်သွားတဲ့ဆရာရဲ့ ဓာတ်ပုံလေးကိုနံနက်တိုင်းထမင်းကျွေးရုံလောက်ပဲ။
(ကောင်းကင်ကို)

Friday, June 22, 2012

ဆရာ လူထုစိန်ဝင်း ဘာသာပြန်ထားတဲ့ Imagine

John Lennon ဟာ သူ့ဇနီး ဖြစ်တဲ့ ဂျပန်စာရေးဆရာမ Yoko Ono ရဲ့ Grapefruit ဆိုတဲ့ စာအုပ်ထဲက ကဗျာတွေကနေ... Imagine သီချင်းကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာလို့ ဆိုကြပါတယ်။

Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people living for today
(စိတ်ကူးကြည့်စမ်းပါ…ကောင်းကင်ဘုံဆိုတာ မရှိလို့။ ကြိုးစားကြည့်ရင် လွယ်ပါတယ်။ ငရဲ ဆိုတာလည်း တို့အောက်မှာ မရှိ။ တို့အထက်မှာလည်း မိုးကောင်းကင်ကြီးသာရှိ။ စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ဒီနေ့ (ပစ္စုပ္ပန်) အတွက် နေနေကြတယ်လို့)

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace
(စိတ်ကူးကြည့်စမ်းပါ…တိုင်းပြည်နိုင်ငံတွေ ဆိုတာ မရှိလို့။ ဒါလည်းလုပ်ဖို့ရာ မခက်ပါဘူး။ တိုင်းပြည်အတွက် ဆိုပြီး သတ်ကြရတာ၊ သေကြရတာတွေလည်းမရှိ။ ဘာသာတရားဆိုတာတွေလည်း အလားတူ မရှိပေါ့။  စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ငြိမ်းချမ်းတဲ့ဘဝမှာ နေနေကြရတယ်လို့)

You, you may say
I'm a dreamer, but I'm not the only one
I hope some day you'll join us
And the world will be as one
(မင်းတို့က ငါ့ကို စိတ်ကူးယဉ်သမား တယောက်လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ငါဟာ တယောက်တည်း မဟုတ်ပါဘူး။ တနေ့မှာ မင်းတို့လည်း ငါနဲ့အတူ လက်တွဲလာလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ အဲဒီနေ့ကျတော့ ကမ္ဘာကြီးဟာလည်း တခုတည်းပေါ့)

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people sharing all the world
(စိတ်ကူးကြည့်စမ်းပါ…ပိုင်ဆိုင်မှု ဆိုတာတွေလည်း မရှိလို့။ မင်းလုပ်နိုင်ပါ့မလားလို့ ငါတွေးဆနေမိတယ်။ လောဘဆိုတာလည်း ရှိဖို့ မလိုတော့ ဆာလောင်မွတ်သိပ်ခြင်း ဆိုတာတွေလည်း ရှိဖို့ မလိုတော့ဘူးပေါ့။ လူသားအားလုံး ညီနောင်ရင်းချာများသဖွယ်။  စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ကမ္ဘာကြီးကို ဝေမျှခံစား နေကြတယ်လို့)

မှတ်ချက်။ ။ ဆရာလူထုစိန်ဝင်းရဲ့ ရှက်စိတ် ဆိုတဲ့ စာအုပ်ထဲက ဖြစ်ပါတယ်။ ပထမအပိုဒ် နောက်ဆုံးအကြောင်းက ebook ထဲမှာ မပါလို့ ကျနော် ဖြည့်ပြန်ထားတာပါ။ “Imagine all the people living for today” ဆိုတဲ့ စာကြောင်းပါ။ “စိတ်ကူးကြည့်စမ်းပါ…လူသားအားလုံး ဒီနေ့ (ပစ္စုပ္ပန်) အတွက် နေနေကြတယ်လို့”

ကဲ…(John Lennon ရဲ့သီချင်းလေးကို) version အမျိုးမျိုးနဲ့ နားထောင်ကြည့်ရအောင်။ ဒါကတော့ အမေရိကန် သမ္မတဟောင်း Bill Clinton နဲ့ အစ္စရေးအဆိုတော်၊ အာရပ်ကလေးငယ်တွေနဲ့ အစ္စရေး ကလေးငယ်တွေ အတူတူ ဆိုထားတာ ဖြစ်ပါတယ်။


ဒါကတော့ John Lennon သီဆိုထားတာပါ။ Lyrics နဲ့ တကွ ကြည့်ရှုနားဆင် နိုင်ပါတယ်။

Tuesday, June 12, 2012

သတင်းမဟုတ်သော သတင်းများ

အိပ်ချင်ယောင် ဆောင်နေသူများအား အနှိုးရခက်။ Racist များ အနာဆုံး စကားလုံးမှာ သူတို့အား racist ဟု ခေါ်ခြင်းဖြစ်ကြောင်း အကြိမ်ကြိမ် တွေ့ရှိ။ စစ်ထဲဝင်ရန် ဒေါ်လာ ထောင်နှင့်ချီသော အလုပ်များကိုပင် စွန့်၍  မြန်မာပြည်သို့ ပြန်တော့မည်ဟု ဆိုသည့် နိုင်ငံတကာမှ မျိုးချစ်များ၏ ရခိုင်ဒုက္ခသည်များအတွက် တဦးချင်း အလှူငွေမှာ (များသောအားဖြင့်) ဒေါ်လာ ၁၀၀ ထက် မပို။ အစိုးရမှ လက်ခံမည် မဟုတ်သော်လည်း မွတ်စလင် ဆိုသူများပင် ဘင်္ဂါလီများကို တိုက်ရန်အတွက် စစ်ထဲဝင်မည်ဟု တကဲကဲ ကြွေးကြော်။ ၂၀၁၂ အတွက် အော်စကာဆုကို မြန်မာနိုင်ငံမှ Facebook users များနှင့် ကမ္ဘာ အရပ်ရပ်တွင် နေထိုင်နေသော မြန်မာနိုင်ငံသား(ဟောင်း) Facebook users များ ပူးတွဲဆွတ်ခူး။ 
အရွယ်ရောက်ပြီးသူ အားလုံး စစ်သားဖြစ်လာလျှင် ကမ္ဘာတွင် စစ်အင်အားကြီး နိုင်ငံဖြစ်တော့မည့် အတွက်  ဝမ်းမြောက် ဂုဏ်ယူဖွယ်။ ထို့ကြောင့် တချိန်က ကြိုတင် ကန့်ကွက်ခဲ့ကြသော စစ်မှုမထမ်းမနေရ ဥပဒေကို အမြန်ဆုံး ပြဌာန်းပေးပါရန်။ (ကောင်းကင်ကို)

Sunday, June 3, 2012

အမှန်များဖြစ်နိုင်၍ ရင်ဘတ်ကြီးနှင့် မခံစားပါရန်


ပွင့်လင်းမြင်သာလာပြီ ဆိုသည့် နိုင်ငံတော်ကြီးတွင် ဒုသမ္မတကြီး နုတ်ထွက်ချင်နေခဲ့သည်လား၊ အသက်ထွက်ချင်နေခဲ့သည်လား ဆိုသည်ကို ပြည်သူများ ရှင်းရှင်းလင်းလင်း မသိခဲ့ရ

ဓမ္မစကားများ မကြာခဏ ဝေမျှလေ့ရှိသူ မျိုးချစ်တဦး၏ ကိုယ်တိုင်ရေး status များတွင် မေတ္တာတရားသည် ခွေးပြေးဝက်ပြေး

အီရန်နှင့် ဆော်ဒီတို့မှ ဘာသာရေးနှင့် ယဉ်ကျေးမှု တင်းကြပ်မှုများသည် မြန်မာ့ ဒီမိုကရေစီ လိုလားသူ တချို့အတွက် အတုယူစရာ ဥပမာများ ဖြစ်နေ

မြန်မာ့ နိုင်ငံရေးတွင်… အာဏာပိုင်တချို့ ဘောင်းဘီချွတ်သော်လည်း ဘောင်းဘီမကျွတ် ကြသေး။ အတိုက်အခံတချို့ ကျောင်းစိမ်းကျွတ်သော်လည်း ကျောင်းစိမ်း မချွတ်ကြသေး

အရည်အချင်းဖြင့် မတိုင်းဘဲ ကိုယ်ကျိုးစွန့်မှု တခုတည်းဖြင့် အမြင်ကျဉ်းစွာ လိုက်တိုင်းနေမည်ဆိုပါက အသက်ကိုပင် စွန့်ဝံ့သော suicide bombers များသည် အလေးစားထိုက်ဆုံး ဖြစ်သွားလိမ့်မည်

လက်တွေ့နိုင်ငံရေးဝါဒီများအတိုင်း သုံးသပ်ရမည်ဆိုလျှင်… ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအကြီးအကျယ် လိမ်ခဲ့သဖြင့်သာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်သည့် သမ္မတ ပေါ်ပေါက်လာပြီး မြန်မာ့နိုင်ငံရေး ဖြောင့်ဖြူးခဲ့ခြင်းဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ့နိုင်ငံရေးကိုလည်း ယခုကဲ့သို့ ဖြောင့်ဖြူးစေချင်သဖြင့် မဲလိမ်ပေးပါရန်

မြန်မာ့ နိုင်ငံရေးအား ကြိုးစား၍ အကျယ်ချဲ့ပြီး တင်ပြရပါလျှင် “စု”

ဘာသာရေး တခုခုအား မယုံကြည်ရုံဖြင့် မြန်မာပြည်တွင် သင်ကွန်မြူနစ် ဖြစ်နိုင်ပြီ

သမ္မတကြီးကို ဝေဖန်ရုံဖြင့် မြန်မာပြည်တွင် သင် “အနီ” ဖြစ်နိုင်ပြီ

နှမ်းဖြူးကျွမ်းကျင်သူ တဦးမှ ခေါင်းဆောင်ဖြစ် သင်တန်းအား တညအပြတ် ဖွင့်လှစ်ရန်ရှိ

အထက်ပါ စာကြောင်း သည် ဒုတိယ ဘုရားသခင်အား စော်ကားခြင်း (လုံးဝ) လုံးဝ မဟုတ်၊ ထို ဒုတိယ ဘုရာသခင်၏ အသက်ကို ကယ်တင်ခဲ့သည် ဆိုသော ဆင်ဖြူရှင်ဟောင်းအား ရည်ညွှန်းခြင်းမျှသာဖြစ်

ဘုရားသခင် ဟု သုံးနှုန်းလိုက်ရသော်လည်း ကျနော့်အမြင်တွင်မူ ဘုရားသခင်ကား မရှိ။ ဘုရားကျွန်များသာလျှင် ရှိ၏။ (by ကောင်းကင်ကို)

Monday, May 28, 2012

ကမ္ဘာပြားခြင်းရဲ့ တခြားစာမျက်နှာ

ခေတ်မောင်း အတွဲ (၁) ထဲက ကဗျာ ဖြစ်ပါတယ်။ ခေတ်မောင်း ဂျာနယ် တစောင်လုံးကိုတော့ ဒီမှာ ဖတ်လို့၊ download လုပ်လို့ ရပါတယ်။

ကမ္ဘာပြားခြင်းရဲ့ တခြားစာမျက်နှာ


သူတို့ လူဖြစ်နေခြင်းကိုက… ဥပဒေနှင့်ငြိ
အိမ်ရှင်တချို့ မြင်ကြတာက… ကင်ဆာဆဲလ်
ပညာရည်နို့ မစို့ရမှာက… မျိုးဆက်သစ်
ပညာကန်းမှုဒဏ်…အဲဒီ့ဒေသပါ ခံရမှာ။

“သူ”ကတော့ အနုပညာသမား
စက္ကူပေါ်မှာ ဈာန်ဝင်စားရင်း
လေယာဉ်ပျံလေး ခေါက်လို့
ဂျပန်အရောက် ပျံသန်းခဲ့သူ။
(ကောင်းကင်ကို)
Note: ဓာတ်ပုံကို http://www.chiangmai-mail.com/344/news.shtml ကနေ တဆင့် ယူထားပါတယ်။

Saturday, May 19, 2012

de Bono ၏ ဦးထုပ်နက်ကိုဆောင်း၍ စတုတ္ထ မဏ္ဍိုင်များအား နှိုက်ချွတ်ကြည့်ခြင်း


(၁)
“တကယ်တော့ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပြည်သူဆိုတာ ငတုံး။ သည်းခြေကြိုက် တခုခုနဲ့ မျှားလိုက်ရင်၊ တခုခုနဲ့ ဆွပေးလိုက်ရင် ခင်ဗျား လွဲနေဦးတော့။ ပါလာမှာပဲ။ အမျိုး၊ဘာသာ ဆိုတဲ့ စကားကိုသာ လှိုင်လှိုင်သုံး ပြီး ဘာသာရေး၊ လူမျိုးရေး ရန်တိုက်ပေးပြီး ကိုယ်က သူရဲကောင်းကြီး ဝင်လုပ်ချင်ဝင်လုပ်။ ဒါမှမဟုတ် မြန်မာဆိုတာ ဘယ်လိုတော်ကြောင်း မြှောက်ပေးချင်မြှောက်ပေး။ ဒါမှမဟုတ်လည်း ပြည်သူ့အကျိုးအတွက် ဆိုတဲ့စကားကိုသာ လှိုင်လှိုင်သုံး။ ပါလာမှာပဲ” အတိုက်အခံ ဆိုသူ သူငယ်ချင်းက အမြည်းတစ်ဖတ်ကို ကောက်ဝါးရင်း ခဏ အချိန်ယူပြီးမှ ဆက်ပြောတယ် “လူပြိန်းကြိုက် ဆိုတာ ရှိတယ်ဗျာ။ ဥပမာ အစိုးရက…ဒီအချိန်မှာ မျက်လှည့်ပြလိုက်ရင်”

          ဒီအချိန်မှာ မျက်လှည့်ပြလိုက်ရင်လို့ ဆိုလိုက်တဲ့ အချိန်မှာ မျက်လှည့်တခုကို တကယ် ရှုစားရတော့မယ်မှန်း ကျနော် မသိခဲ့ဘူး။ ဒီအချိန်မှာ မျက်လှည့်ပြလိုက်ရင်လို့ ဆိုလိုက်တဲ့ အချိန်မှာ အဲဒီ့ ပြောနေတဲ့ သူငယ်ချင်းဆီကို ဖုန်းဝင်လာတယ်။ မီဒီယာ တခုမှာ လုပ်နေတဲ့ သူ့သူငယ်ချင်းက ဆက်တာ။

မေးတယ်။ ဖြေတယ်။ ကျနော်တို့ ကြားရတယ်ပေါ့။ သူငယ်ချင်း လေသံကတော့ ခုနက လေသံနဲ့ လုံးဝ မတူတော့ဘူး။ point တခု အရောက်မှာတော့ သူ့လေသံက ရုတ်ချည်း မြင့်တက်သွားပြီး “စစ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကို လျှော့တွက်မိရင်တော့ အရမ်းမှားသွားမယ်။ ပြည်သူဆိုတာက ကျနော်တို့ နိုင်ငံရေးသမားတွေထက်တောင် နိုင်ငံရေးကို နောကြေနေပါပြီ။ ပြည်သူတွေရဲ့ နိုင်ငံရေး အသိစိတ်ဓာတ်တွေက မြင့်မားနေပြီ”

          သူငယ်ချင်းရဲ့ ပါးစပ်ကနေ ဆန့်ကျင်ဘက်တွေ ထွက်လာအောင် မီဒီယာ သမားက မျက်လှည့် ပြလိုက်ပြီ။ ပြည်သူကို ငတုံး၊ လူပြိန်းလို့ ချိုးချိုးနှိမ်နှိမ် မပြောသင့်ကြောင်း၊ သဘောမထားသင့်ကြောင့် ကျနော့်အတွေးကို ဒီpost မှာ ကျနော် အကျယ် မရေးချင်သလို "ပြည်သူအားလုံးက အရာရာကို အကုန် သိနေတယ်၊ အမြဲတမ်းနိုင်ငံရေး ရေချိန်တွေ မြင့်နေတယ်၊ ပြည်သူအားလုံး အမြဲတမ်းမှန်တယ်"ဆိုတဲ့ အယူအဆ မဟုတ်ကြောင်းကိုလည်း ဒီ post မှာ အကျယ် မရေးချင်ပါ။ ကျနော် အဓိက ပြောချင်တာက မီဒီယာတွေရဲ့ အင်တာဗျူး ခံရတဲ့အခါ အများစုက စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလေ့ မရှိတာကို မီးမောင်းထိုးပြ ချင်တာပါ။

မီဒီယာတွေပေါ်မှာ တက်လေ့ရှိတဲ့ အလုံးတွေက

“သမ္မတကြီးကို ယုံပါတယ်” (တကယ် ယုံလို့ ပြောနေရတာမှ မဟုတ်တာ)

“ဒေါ်အောင်ဆန်းစုကြည်ကို ညီမလေးလို သဘောထားပါတယ်” (တော်သေးတာပေါ့၊ ညီမလေးလို သဘောထားပေလို့။)

 “နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်” ဆိုတဲ့ စကားလုံးတွေ၊ “အိမ်နီးချင်းကောင်း ပီသစွာဖြင့်” ဆိုတဲ့ စကားလုံးတွေ၊

“သမီးက အချစ်ရေးကို စိတ်မကူးသေးပါဘူး” ဆိုတဲ့ အရည်မရ အဖတ်မရတွေ၊ “ဇာတ်လမ်းတွေကို သေချာစိစစ်ပြီှးတော့ ကိုယ်နဲ့ လိုက်ဖက်မယ့် ဇာတ်လမ်းမျိုးတွေကိုမှ ရွေးချယ်လက်ခံပြီး သရုပ်ဆောင်တာပါ” ဆိုတဲ့ မုသာဝါဒတွေ၊ “ပြည်သူ့အတွက်” ဆိုတဲ့ ငါးမျှားချိတ်တွေ၊ “ပေးဆပ်နေပါတယ်” ဆိုတဲ့ ကြွားလုံးတွေ

အဲဒီ့လို…စင်တခုရနေတဲ့….ပြောရေးဆိုခွင့် ရနေတဲ့…အစိုးရတွေ၊ နိုင်ငံရေးသမားတွေ၊အနုပညာရှင်တွေရဲ့ စိတ်ထဲမှာ မပါတဲ့ အပေါ်ယံ စကားလုံးတွေကို တင်ဆက်နိုင်ရေးအတွက် တချို့ မီဒီယာသမား တွေလည်း ပါပါရာဇီဆန်ဆန် ရုန်းကန်ရ။ တချို့လည်း လုံခြုံရေးဝန်ထမ်း ဆိုသူက ဆော်ပလော်တီးတာ ခံရ၊ တချို့လည်း မင်းသမီးက ပါးရိုက်တာ ခံရနဲ့။

စာဖတ်သူ ဘက်က ကြည့်တော့လည်း အဲလို အပေါ်ယံတွေ ဖတ်ရဖို့အရေး ပိုက်ဆံအကုန်ခံပြီး ဂျာနယ်တွေ ဝယ်ရ၊ အင်တာနက်တွေ ကြည့်ရနဲ့။ ဝယ်ကြပေါ့၊ ကြည့်ကြပေါ့။ အပေါ်ယံတွေ ကြားချင်သူတွေရှိနေတော့လည်း အပေါ်ယံပြောမယ့်သူတွေ ရှိနေတာပေါ့။ အပေါ်ယံ ပထမမဏ္ဍိုင်၊ အပေါ်ယံ ဒုတိယမဏ္ဍိုင်၊ အပေါ်ယံ တတိယမဏ္ဍိုင်၊ အပေါ်ယံ စတုတ္ထမဏ္ဍိုင် ကြီးတွေနဲ့ အပေါ်ယံပြောတဲ့ အစိုးရတွေ နိုင်ငံရေးသမား တွေက အပေါ်ယံ ကြိုက်ကြတဲ့ ပြည်သူတွေအတွက် အပေါ်ယံ ကမ္ဘာကြီးထဲမှာ အပေါ်ယံ နိုင်ငံတော်ကြီးကို ပျော်ပျော်ပါးပါး တည်ဆောက်ကြတာပေါ့။ မနိပ်ဘူးလား။`

တကယ်တော့ မြန်မာနိုင်ငံ တခုတည်း ကွက်ပြီး ဖြစ်နေတဲ့ ကိစ္စတော့ မဟုတ်ပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အစိုးရ၊ ဘယ်ခေါင်းဆောင်ကများ ပရိယာယ်တွေ၊ သံတမန်နည်းတွေ မသုံးဘဲ စိတ်ထဲရှိသမျှ အားလုံး မခြွင်းမချန် ဒဲ့ဒိုး ပြောလို့ရလို့လဲ။ ပရိယာရယ်တွေ၊ ရွှေ့နေတဲ့ အကွက်တွေဟာ သတင်းစာမျက်နှာတွေပေါ် တစွန်းတစသာ ရောက်လာမှာပါ။ အများအားဖြင့် အပေါ်ယံတွေပဲ ရောက်လာကြတာပါ။ ဒီလိုနဲ့ mainstream မီဒီယာတွေရဲ့ ရန်သူ WikiLeaks လို မီဒီယာတွေက ဖော်ကောင်လုပ်လိုက်ကြတဲ့ အခါမျိုးမှာတော့ အရှက်တွေကွဲကြ၊ မျက်နှာတွေ ပျက်ကြနဲ့။ WikiLeaks ရဲ့ ဖော်ကောင်လုပ်ခြင်း ခံရသူတွေက WikiLeaks ကို ကြောက်ခမန်းလိလိ ရန်ရှာကြရတော့တာပဲ။   

(၂)
ဘာ!…ငါက သတင်းသမားကောင်းကွ။ ခြံစည်းရိုးမှာ ခွထိုင်…အဲလေ နှစ်ဘက်လုံးမှာ ဝင်မပါဘဲ ကြားထဲမှာ မျှမျှ တတ ရပ်တည်နေမှာ။ နှစ်ဘက်စလုံးကို မေးပြီး နှစ်ဘက်စလုံးရဲ့ အသံတွေကို ထုတ်မှာ။

အဲဒါဆိုရင်လည်း နှစ်ဘက် ခွက်စောင်းခုပ်နေကြတဲ့ အချိန်မျိုးဆိုရင်တော့ ခင်ဗျားဟာက အတိုင်းအတာ တခုအထိ အလုပ်ဖြစ်မှာပါ။ ဒါပေမဲ့ အခြေအနေအရ နှစ်ဘက် ချစ်ချင်ယောင်ဆောင်နေတဲ့ အချိန်မျိုး၊ အခြေအနေအရ နှစ်ဘက် လက်ဝါးချင်း ရိုက်ပြီး ကျိတ်လုပ်နေတဲ့ ကိစ္စမျိုး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ကိစ္စမျိုးတွေမှာတော့ “ကျေနပ်အားရပါတယ်” ဆိုတဲ့ အပေါ်ယံ စကားလုံးတွေ၊ “အိမ်နီးချင်းကောင်း” ဆိုတဲ့ အပေါ်ယံ စကားလုံးတွေ၊ “အဆွေတော်” ဆိုတဲ့ အပေါ်ယံ စကားလုံးတွေပဲ ကြားရမှာပါ။ ပြုံးပြီး လက်ဆွဲနှုတ်ဆက်နေတဲ့ အပေါ်ယံ ပုံရိပ်တွေကိုပဲ လူတွေမြင်ကြရမှာပါ။ လူတွေမြင်ချင်တာကလည်း ဒါပဲမဟုတ်လား။

ဒီနေရာမှာ မီဒီယာသမား ဖြစ်တဲ့ ခင်ဗျားကိုချည်း အပြစ်ပုံချ လို့တော့ ဘယ်ရမလဲ။ တကယ်တော့ ခင်ဗျားက ဆိတ်ပါ။ အဲ…စိတ်မဆိုးနဲ့။ ဆိတ်ဆိုတာ ဆိတ်လစေ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ scapegoat (ကြားက အပြစ်တင်ခံရသူ) လို့ ဆိုလိုတာပါ။ သတင်း source တွေ ကိုယ်တိုင်က စိတ်ထဲပါတာတွေကို ဝှက်ထားပြီး အပေါ်ယံတွေကိုပဲ ပြောကြမှတော့ ခင်ဗျားလည်း အပေါ်ယံတွေပဲ ရေးရ၊ လူတွေလည်းအပေါ်ယံတွေပဲ ကြားကြရတာပေါ့။ ခင်ဗျားရဲ့ အပြစ်ကတော့ အပေါ်ယံသမားတွေ၊ အပေါ်ယံပြောမှ အလုပ်ဖြစ်မယ့်၊ အပေါ်ယံပြောမှ ပြည်သူ လက်ခံ ကျေနပ်မယ့် နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေကို အရိပ်တကြည့်ကြည့်နဲ့ လိုက်ပြီး အသည်းအသန် မေးမြန်း မှတ်တမ်းတင်ရမယ့် မီဒီယာသမား ဖြစ်နေခြင်းပါပဲ။ ကဲပါ…မြင်းဖြစ်မှတော့ ကျောပေါ်တက်ခွမယ့်သူတွေကို ကြောက်မနေပါနဲ့။ သူတို့သွားချင်တဲ့နေရာကို ပျော်ပျော်ကြီး ပို့လိုက်ကြတာပေါ့။ တခါတလေ မကျေနပ်ရင်တော့ ခွစီးနေတဲ့ ဒင်းတို့ ကားကနဲ ပြုတ်ကျသွားအောင် ခါသာချလိုက်ဗျာ။

(၃)

တကယ်တော့ သူတို့ကချည်း ခင်ဗျား (မီဒီယာသမား) ကို ဂုပ်ခွစီးနေတာတော့ မဟုတ်ပါဘူး။ အပြန်အလှန်ဆိုတာ ရှိတာပေါ့ဗျာ။ မီဒီယားသမားအတွက်က သူတို့က ကုန်ကြမ်းတွေဖြစ်သလို သူတို့အတွက်လည်း မီဒီယာဆိုတာက ပွဲထုတ်စင်တင် ပေးမယ့်သူ ဖြစ်နေတယ်။ ဒီမှာတင် မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေနဲ့ အနုပညာရှင်တွေ လက်ဝါးချင်း ရိုက်ပြီး အလုပ်လုပ်ကြတော့တာပါပဲ။ မီဒီယာ သမားက ကိုယ်နဲ့ ခင်တဲ့ နိုင်ငံရေးသမားတွေကို အင်တာဗျူးလုပ်မယ်။ တခုခုဖြစ်ပြီဆို အဲဒီ့လူတွေကိုပဲမေးမယ်။ ကုန်ကြမ်းမွေးထားတဲ့ သဘောပေါ့။ ဟိုလူတွေကလည်း သူတို့ရဲ့ လူကြားကောင်းအောင် ပြောမယ့် အပေါ်ယံစကားတွေကို တနိုင်ငံလုံးသိအောင်၊ ဒါမှမဟုတ် တကမ္ဘာလုံးသိအောင် မီဒီယာဆိုတာ လိုတယ်လေ။ စင်တခု ငှားထားတဲ့ သဘောပေါ့။

ဒီလိုနဲ့ အရင်တုန်းကဆိုရင် နိုင်ငံရေးသမား အများစုနဲ့ သိတဲ့လူတွေက သတင်းထောက်တွေ ဖြစ်လာခဲ့ကြဖူးတယ်။ သတင်းထောက်တွေနဲ့ သိတဲ့သူတွေက နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူကြီးတွေ ဖြစ်လာခဲ့ကြဖူးတာပေါ့။ ဒါပေမဲ့ အဲဒီ့တုန်းကတော့ မီဒီယာသမားတွေအတွက် ကုန်ကြမ်း ရှားတဲ့ခေတ်ပါ။ စင်ပေါ် တင်ပေးပါမယ် ဆိုတာတောင်မှ စင်ပေါ်တက်ရဲတဲ့သူက ရှားတယ်လေ။ ပြည်တွင်းမှာတော့ ပြောမနေနဲ့။ လွတ်လပ်နယ်မြေလို့ ဆိုတဲ့ နေရာမှာတောင်… နိုင်ငံရေးနဲ့ သိပ်မဆိုင်တဲ့ အကြောင်းအရာတခုခု ရေဒီယိုမှာ ပြောဖူးသူနဲ့ ဘီယာဆိုင် အတူတူ ထိုင်လိုက်မိရင်ကိုပဲ မြန်မာပြည် ပြန်လို့ မရတော့ဘူးလိုလို၊ အိမ်ကမိသားစုဝင်တွေပဲ ပြဿနာ ရှာခံရတော့ မလိုလို၊ ပတ်စ်ပို့သက်တမ်းတိုးလို့ မရတော့ဘူးလိုလို လိုတာထက်ပိုပြီး ကြောက်ခဲ့ကြတာကိုး။

ဒီတော့ စင်ပေါ်တက်ရဲတဲ့သူ ရှားတော့ မီဒီယာသမားတွေအတွက် ကုန်ကြမ်းရှားတာပေါ့။ “လူအများအပြားဟာ မဖြစ်စလောက် သတ္တိလေး နည်းနည်းလေးလိုနေလို့ အောင်မြင် ကျော်ကြားရမယ့်အစား သင်္ချိုင်းကုန်းကို မထင်မရှား သွားနေရတယ်” ဆိုတဲ့ စကားပုံကို အသုံးချနိုင်သူ နည်းတယ်ဗျာ။ ဒီတော့ မီဒီယာသမားတွေလည်း အဲဒီ့ စကားပုံကို ကောင်းကောင်းကြီး သဘောပေါက်တဲ့ သူငယ်ချင်းတွေ၊ ဒီလူရင်းတွေကိုပဲ မေးနေရတော့ တခါလာလည်း ဒီလေသံတွေ နောက်တခါလည်း ဒီလေသံတွေချည်း ဖြစ်နေခဲ့တာပေါ့ဗျာ။

အခုတော့ ခေတ်ပြောင်းမပြောင်း မသေချာပေမဲ့ မီဒီယာသမားတွေ တပန်းသာတဲ့ ခေတ်ကိုရောက်လာပြီ။

တချို့နိုင်ငံရေးသမားတွေဟာ အမေတွေက မွေးခဲ့တာပေမဲ့ မီဒီယာတွေပေးတဲ့ နိုင်ငံရေး အသက်လေးပဲ ရှိတော့တာမို့ မီဒီယာတွေကို မျှော်နေရတယ်။ အဲလို အခြေအနေမျိုးမှာ မီဒီယာတွေ အတွက်ကတော့ စင်ပေါ်အလုအယက် တက်ချင်သူတွေ၊ ပွဲအထုတ်ခံချင်သူတွေ များလာပြီ ဆိုတော့ ကုန်ကြမ်းတွေ များလာပြီ။ ဝမ်းလည်းဝ၊ ဒေါက်တိုင် ခေတ်တခေတ်လည်း ထူထောင်လို့ ရပြီပေါ့ဗျာ။ ဒေါက်တိုင်ခေတ်လို့ ပြောရတာက တိုင်းပြည်ရဲ့ ဒေါက်တိုင်လို့ ဟစ်ကြွေးကြတယ် မဟုတ်လား။

(၄)
မီဒီယာပေါ်က ယာဉ်တိုက်မှု ကြီးလို့ ပြောရင် ကောင်းမလား။

တကယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်က “ရင်တိုက်” “ရိုက်တင်မှု”ပါ။ အဲဒီ့နည်းကိုတော့ နိုင်ငံရေး သမားတွေတင် မကပါဘူး၊ စာပေသမားတွေ၊ ကဗျာဆရာတွေလည်း သုံးတတ်ကြတယ်။

ဥပမာဗျာ ကြောင်ကြောင် ရယ်၊ ချောင်ချောင်ရယ်၊ ငေါင်ငေါင်ရယ် သူငယ်ချင်း သုံးယောက် ရှိမယ် ဆိုပါစို့။

ကြောင်ကြောင်က ချောင်ချောင့် အကြောင်း မီဒီယာတွေ စာမျက်နှာတွေမှာ ပြောမယ်။ မွှမ်းမယ်။ ချောင့်ချောင့်နာမည်ကို တမ်းတမယ်။
ချောင်ချောင်ကကျ ငေါင်ငေါင့်အကြောင်းပြောမယ်။ မွှမ်းမယ်။ ငေါင်ငေါင့်နာမည်တွေ ဘာတွေ ကဗျာတွေထဲမှာ ထည့်ရေးမယ်။ တမ်းတမယ်။
ငေါင်ငေါင်ကကျ ပထမဆုံးတယောက်ဖြစ်တဲ့ ကြောင်ကြောင့် အကြောင်းကို မီဒီယာတွေမှာ ပြောမယ်။

အစပိုင်းတော့ ပြည်သူတို့ ပရိသတ်တို့က ကြောင်ကြောင့်ကိုရော၊ ချောင်ချောင့်ကိုရော၊ ငေါင်ငေါင့်ကိုပါ သိလည်းမသိ၊ စိတ်ဝင်စားမှာလည်း မဟုတ်ပါ။

ဒါပေမဲ့ မီဒီယာတွေက ကြောင်ကြောင်တလှည့် ချောင်ချောင်တလှည့် ငေါင်ငေါင်တလှည့် ပတ်မေးနေကြတော့ မီဒီယာတွေ စာမျက်နှာတွေပေါ်မှာ  ချောင်ချောင်တလှည့် ငေါင်ငေါင်တလှည့် ကြောင်ကြောင်တလှည့် ပါလာမယ်။ လူတွေကတော့ အစပိုင်းမှာ သူတို့ပြောတာ သိပ်စိတ်ဝင်စားမှာ မဟုတ်သလို ဂရုလည်း သိပ်စိုက်မှာ မဟုတ်ပါ။ ကြောင်ကြောင်တို့ အဖွဲ့တောင် သူတို့အချင်းချင်းပြောတာတွေ တယောက်နဲ့ တယောက် ဂရုတစိုက် နားထောင်တာတွေ၊ ဖတ်တာတွေ ရှိချင်မှ ရှိမှာပါ။ ဒါပေမဲ့ ကြောင်ကြောင်တို့ တသိုက် စိတ်ထဲမှာ ဟန်ဆောင်ရင်း၊ အချင်းချင်းမြှောက်ရင်းနဲ့ ကိုယ့်ကိုယ့်ကို အထင်ကြီးလာမယ်။ သူတို့ သုံးယောက်ရဲ့ အသံတွေချည်း မီဒီယာတွေမှာ စာမျက်နှာတွေပေါ်မှာ ဟိုနားတပွက် ပွက်လိုက်၊ ဒီနားတပွက် ပွက်လိုက်နဲ့ သူတို့ကိုယ် သူတို့တောင် အဟုတ်လိုလို ထင်လာမယ်။ တကယ်က လူတွေက စိတ်မဝင်စားသေးဘူး။ သူတို့သုံးယောက်ရဲ့ အသံတွေက မီဒီယာပေါ်မှာပဲ လှည့်ပတ်ညံနေတာ။ ကြာတော့ လူတွေလည်း ရွေးစရာမရှိတော့ ဒီလူတွေ ပြောတာကိုပဲ နားထောင်ရတော့၊ ဖတ်ရတော့မယ်။ ဒီလိုနဲ့ နားထောင်ရင်း ဖတ်ရင်းနဲ့ …လူချင်းမျက်မှန်း တန်းမိတဲ့အခါ ခင်မင်ရင်းနှီးလာသလိုမျိုး….ကြောင်ကြောင်တို့ တသိုက်ကို စိတ်ထဲမှာ ခင်မင်ရင်းနှီးလာပြီး ကြောင်ကြောင်တို့ တသိုက်ကပဲ ဟုတ်သလိုလို၊ သူတို့ကပဲ ပြည်သူတရပ်လုံးအတွက် ပြောရေးဆိုခွင့် ရှိသလိုလို ဖြစ်လာတော့တာပါပဲ။ အချင်းချင်း ရိုက်တင်တဲ့ နည်းပေါ့ဗျာ။ လေးယောက်သာဆို ပိုအဆင်ပြေတာပေါ့။ သုံးယောက်က အချင်းချင်းမြှောက်၊ တယောက်ကို မီဒီယာ လုပ်ခိုင်းလိုက်ရုံပဲ။

မီဒီယာ ဆိုတဲ့ အဓိပ္ပါယ်က a method or way of expressing something တဲ့။ ဒီတော့ မီဒီယာဆိုတာထဲမှာ ကဗျာတွေ စာပေတွေကိုလည်း ထည့်ချင်တယ်ဗျာ။ ခုနက ကျနော်ပြောခဲ့တဲ့ “ရင်တိုက်မှု” ဆိုတာကို ကဗျာဆရာတွေ၊ blogger တွေ သုံးလို့လည်း ရတယ်။ ကျနော် နည်းပေးမယ်။ ကဗျာဖတ်တဲ့လူဆိုတာကိုက တအားရှားနေပြီ မဟုတ်လား။ ဒီတော့ လူဖတ်တယ် မဖတ်ဘူး၊ ဖတ်သူရှိတယ် မရှိဘူး ဆိုတာကို ဘေးဖယ်ထားလိုက်တော့။ သိပ်မှ မပြောပလောက်တာ။ ကဗျာဆရာ ဆယ်ယောက်လောက် ရှိရင်ပဲ အချင်းချင်း တယောက်ကဗျာ တယောက် သေချာမဖတ်ဖြစ်ရင်တောင် တယောက်နာမည်လေးတွေ တယောက်တော့ ထည့်ရေးလိုက်။ လူညီပြီဆိုရင် ကဗျာတွေထဲမှာ နာမည်လေးတွေ ကိုယ်စီ ပါနေတော့မယ်။ လူညီတဲ့ အတွက် အသင်းအပင်းလည်း ဖွဲ့လို့ရပြီ။ ပြီးတော့ ဂိုဏ်းမတူရင်တောင် ကဗျာရေးသူတွေ အချင်းချင်း တခြားဂိုဏ်း တခြားအုပ်စုက လူကို ကဗျာဆရာအဖြစ် သတ်မှတ်ဖို့ ခဲယဉ်းတယ် မဟုတ်လား။ ဒီတော့ တခြားလူတွေရဲ့ အထင်အမြင်ဆိုတာရယ်၊ လူတွေ တကယ်ဖတ်မဖတ် ဆိုတာရယ်ကို ဘေးသာခေါက်ထားလိုက်တော့။ အုပ်စုတခုခုထဲမှာ ပါနေဖို့ပဲ အရေးကြီးတယ်။ ဒါမှ ကိုယ့်နာမည်လေး ပါနေမှာ မဟုတ်လား။

ရိုက်တင်နည်း အပြင် တွန်းတင်နည်း ဆိုတာလည်း ရှိသေးတယ်။ လူအုပ်ကြီးတအုပ် ဒါမှမဟုတ် လူတစုက သူတို့ထဲက ဖြစ်နိုင်ချေ ရှိတဲ့ တယောက်ကို မီဒီယာပေါ် အရမ်းတွန်းတင်မယ်။ မီဒီယာ တန်ခိုးကြောင့် အဲဒီ့တယောက် အရှိန်အဝါ တော်တော်ကြီးလာတဲ့ အခါ အဲဒီ့လူစုက အဲဒီ့တယောက်ကို မှီခိုပြီး ကပ်စားမယ်။ အဲဒီ့နည်းက မြန်မာနိုင်ငံမှာဆိုရင် အတွေ့ရဆုံး နည်းလို့တောင် ပြောနိုင်တယ်။

(၅)
ကဲ…ရေးရတာများသွားလို့ ကျနော့် လက်ချောင်းလေးတွေလည်း ဟောဟဲဟောဟဲ ဖြစ်နေပြီ။ အတွေးတွေ များသွားလို့ ရန်လုပ်ချင်သူတွေများ များလာမလား။ မီဒီယာတွေက ကောင်းကျိုးကိုလည်း ယူဆောင်ပေးနိုင်တယ်၊ မီဒီယာတွေ အရေးကြီးတယ် ဆိုတာလည်း လက်ခံပါတယ်။ ဒီတော့ ကျနော် ဒီ post မှာ ဆိုးတာတွေချည်း ရေးလို့ “ခင်ဗျားက မျှမျှတတ မရှိဘူး။ မီဒီယာတွေအကြောင်း မကောင်းတာတွေပဲ ကြံဖန်ပြောတယ်။ ကောင်းတာတွေ အကျိုးရှိတာတွေကျတော့ မရေးဘူး။ မတရားဘူး” လို့ ထင်ရင်တော့ ခေါင်းစဉ်ကို သေချာ ပြန်ဖတ်ကြည့်လိုက်ပါ။ Edward de Bono ရဲ့ ဦးထုပ်နက် ဆောင်းထားဆဲ လူတယောက်ကို တွေ့လိမ့်မယ်။
ကောင်းကင်ကို (19, May, 2012)

Sunday, May 13, 2012

ကွဲပြားသောတူညီမှု


ကွယ်လွန်သွားတဲ့ ဆရာတယောက်ရှိတယ်။
သူသင်ပေးတဲ့ပညာ ကျနော်လိုက်မမီပေမဲ့ အရမ်းကျေးဇူးကြီးတယ်။
တချို့တွေက ကိုယ်စိုက်လို့ ကိုယ်စားရတဲ့ ချိုမြိန်မှုအတွက်… အကောင်အထည်မဲ့ ဘုရားသခင်ကို ပူဇော်ကြတယ်။
ကျနော်လား?
ကွယ်လွန်သွားတဲ့ဆရာရဲ့ ဓာတ်ပုံလေးကို…နံနက်တိုင်းထမင်းကျွေးရုံလောက်ပဲ။
(ကောင်းကင်ကို)

Friday, May 11, 2012

ဖြောင့်ချက်


တခါတခါကျလည်း ကိုယ့် comfort zone လေးထဲက မထွက်ချင်တာကိုပဲ တိုင်းပြည်ကို ချစ်သယောင် ထင်တတ်ကြတယ်။ တကယ်က ကိုယ်စားချင်တာတွေ အလွယ်တကူစားနိုင်တဲ့နေရာ၊ ကိုယ့်ဘာသာစကားနဲ့ အလွယ်တကူ ပြောဆို ဆက်သွယ်နိုင်တဲ့ နေရာ၊ ကိုယ့်လိုအမြင်ရှိသူတွေ များတဲ့ နေရာကို လွမ်းကြတာပဲ များပါတယ်။ တကယ်သာချစ်ရင် ရွာလေးတွေမှာပဲ စာသင်ပေးဦး…ထမင်းတော့ ငတ်မှာ မဟုတ်ပါ။ Internet တွေ iPhone တွေ တော့ ဘယ်ရတော့မလဲ။ အွန်လိုင်းကနေ တိုင်းပြည်ကို ချစ်ပြလို့လည်း ဘယ်ရတော့မလဲ။ အဲလိုတကယ်တမ်းလုပ်ပြီဆို ဘဝမှာ အဆင်မပြေတဲ့ ကိစ္စတွေ အခက်အခဲတွေတော့ ရင်ဆိုင်ရမှာပေါ့လေ။

ကျနော်လား။ အဲ့လောက်ထိ မချစ်နိုင်သေးဘူးဆိုတာ ဝန်ခံနေစရာတောင် လိုမယ် မထင်ပါ။ ကျနော် လက်ရှိနေနေတဲ့ နေရာရယ်၊ လုပ်ရပ်တွေရယ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။  ဒါပေမဲ့ ကိုယ့် comfort zone လေးထဲမှာနေပြီး ကိုယ့်ကို လက်ရှိထမင်းကျွေးနေတဲ့ နိုင်ငံကို နေရာတကာမှာ အဆိုးမြင်နေမှာ မဟုတ်သလို နေရာတကာ အကောင်းလည်း မြင်နေမှာ မဟုတ်ပါ။ မိခင်နိုင်ငံကိုရော လက်ရှိနေနေတဲ့ နိုင်ငံကိုပါ ကျေးဇူး တင်ပါတယ်။ စာပေမြတ်နိုးသူ တယောက်အနေနဲ့ ကိုယ့်မိခင် ဘာသာစကာကိုလည်း အများကြီး ပိုပြီး ထွန်းကားစေချင်ပါတယ်။ ကိုယ့်ကို မွေးဖွားပေးခဲ့တဲ့ နိုင်ငံ၊ ကိုယ့်ဆွေမျိုးတွေ မိတ်ဆွေ သူငယ်ချင်းတွေရှိတဲ့နိုင်ငံ၊ ကိုယ့်စာဖတ်သူတွေ ရှိနေတဲ့ နိုင်ငံ၊ ကိုယ့်ကို ပညာသင်ပေးတဲ့နိုင်ငံ၊ ကိုယ့်ကို ထမင်းကျွေးခဲ့တဲ့ နိုင်ငံဖြစ်တာမို့ နိုင်ငံကို တိုးတက် ကောင်းစားစေချင်စိတ်လည်း ရှိပါတယ်။ လက်ရှိနေနေတဲ့ နိုင်ငံနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ နေနေတဲ့ နိုင်ငံရဲ့ဆိုးတဲ့အပိုင်းတွေကို အဆိုးအဖြစ် မြင်ပြီး အဆိုးပြောမိမှာ ဖြစ်ပေမဲ့ ကိုယ့်မိခင်နိုင်ငံကို ချစ်ကြောင်းပြရုံသက်သက်တော့ လက်ရှိနေနေတဲ့ နိုင်ငံကို ကျေးဇူးကန်းပြီး အရာရာတိုင်းမှာ လိုက်ပြီး အပုပ်ချမှာ မဟုတ်ပါ။ 
ကိုယ့်မိခင်နိုင်ငံရဲ့ စာပေကို တတ်နိုင်သမျှ မြတ်နိုးတယ်။ (အဲဒါက ကျနော့်အတွက် တကူးတက လုပ်နေစရာ မလိုပါ) ကိုယ့်ဇာတိစွဲလေးနဲ့ ကိုယ့်နိုင်ငံကို ကောင်းစေချင်တယ်။ ကိုယ်နေခဲ့တဲ့နေရာ၊ နောက်နေရမယ့် နေရာ၊ ကိုယ့်ဆွေမျိုးတွေ ရှိနေတဲ့ ပတ်ဝန်းကျင်လေးမို့ တိုးတက်စေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် မှိုင်းတွေ ကင်းစင်စေချင်တယ်။ ကိုယ်မွေးဖွားတဲ့ နိုင်ငံမှာ စစ်ပွဲတွေ၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်းတွေ မတွေ့ချင်ပါ။ တိုင်းပြည်ချစ်စိတ် ဆိုတာမျိုးထက် ကျနော့်မှာ အဲ့လိုစိတ်မျိုးပဲ ရှိပါတယ်။ တချို့က ကိုယ့်တိုင်းပြည်ထဲ ပြန်လာပြီး အလုပ်လုပ်ဖို့ ပြောကြတဲ့ အခါ….ကျနော့်ကိုယ် ကျနော်တော့ ဘယ်နိုင်ငံ ဘယ်လူမျိုးအတွက်ပဲ အလုပ်လုပ်ရမယ်လို့ စိတ်ကူးထားတာမျိုး မရှိပါ။ အဆင်ပြေတဲ့ နေရာမှာပဲ နေဖြစ်မှာပါ။ ကိုယ်မွေးဖွားခဲ့တဲ့ နိုင်ငံကို ကောင်းစေချင်သလို ကိုယ်လက်ရှိ နေထိုင်နေတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် တတ်နိုင်သမျှ အဆင်ပြေအောင် ကောင်းအောင် လုပ်ပေးရမယ်လို့ ခံယူထားပါတယ်။ မင်္ဂလာတရားထဲက လိုပါပဲ။ ကိုယ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာမှာပဲ နေထိုင်ချင်ပါတယ်။ အဲလိုနေထိုင်ရင်း ကိုယ်လက်ရှိနေနေတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်နေခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှလေး အဆင်ပြေအောင် လုပ်ပေးနိုင်ရင်ပဲ ကျေနပ်ပါပြီ။ တကမ္ဘာလုံး အကျိုးပြုဖို့ ၊ တနိုင်ငံလုံး အကျိုးပြုဖို့ ဆိုတာကတော့ အခုလက်ရှိ ကျနော့်စွမ်းအားတွေ၊ စေတနာ အတိုင်းအတာတွေနဲ့ မဖြစ်နိုင်သေးပါ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ ဘယ်တိုင်းပြည်၊ဘယ်လူမျိုးကိုမှ မုန်းတီးနေတဲ့ စိတ်မရှိခြင်း၊ အကျိုးယုတ်လိုစေတဲ့ စိတ်မရှိခြင်းကိုက ကျေနပ်စရာလို့ပဲ ထင်ပါတယ်။ (ကောင်းကင်ကို)

သူချစ်တဲ့သူနဲ့ နမ်းပါစေ


သူတို့ ကြွားဝါချင်တဲ့ က္ကုတ္ထိယအလှနဲ့
လူတွေ လိုအပ်နေတဲ့ နေပျော်မှုက
အသက် ၁၆နှစ် ကျော်နေပြီမို့
အားလုံး ရင့်ကျက်နေပြီ။

ဒါ မြန်မာမဆန်ဘူးလို့ သူပြောတဲ့အခါ
လူသားဆန်တယ်လို့ ငါကပြောတော့
သူ့ ဝံပုလွေ ပါးစပ်
Fuse ပြတ်သလို ဖြစ်ခဲ့ရပေါ့။

သူတို့ သွယ်လျဖြူဝင်း ပေါင်သားမှာ
ကျွန်တံဆိပ် အမှတ်အသားတွေ ပါနေလို့လား?
ခေတ်မှာပွင့်တဲ့ပန်းတွေ
ခေတ်နဲ့အညီ လန်းပါစေ။

သူ့နှုတ်ခမ်းဟာလည်း
နိုင်ငံတော်ပိုင် မဟုတ်တာမို့
သူချစ်တဲ့သူနဲ့ နမ်းပါစေ။
(ကောင်းကင်ကို)

Sunday, May 6, 2012

Free Thinker ကို ပုံဖော်ကြည့်ခြင်း

Free Thinker ဆိုတဲ့ အသုံးအနှုန်းကို ကျနော်တယောက်တည်းရဲ့ ရှုထောင့်ကနေ ပုံဖော်ကြည့်တာပါ။ 
ကျနော် Facebook groups တွေထဲမှာ ရေးပြီး တင်ခဲ့တဲ့ post ကို ထပ်ဖြည့်ပြီး ရေးထားတာပါ။


Free Thinker ဆိုတာက ဘာသာရေး အယူဝါဒ တခုခုနဲ့ အသေသက်ဆိုင်နေခြင်းမျိုး မဟုတ်တာ။ Free Thinker တယောက်ဟာ အယူဝါဒတွေထဲက အစိတ်အပိုင်း မှန်သမျှကို လက်မခံအားလုံးလိုက်ပယ်နေတာ မဟုတ်ပါ။ တန်ဖိုးရှိတယ်လို့ သိတဲ့ အပိုင်းကို လက်ခံပြီး တန်ဖိုးမရှိဘူးလို့ သိတဲ့ အပိုင်းကို ပစ်ပယ်တာပါ။ 

အသိပညာကို ချစ်မြတ်နိုးတဲ့သူဆိုရင် ဘာသာရေးတွေအပြင် ဘာသာရေး မဟုတ်တဲ့ အယူအဆတွေထဲကပါ သင့်တော်ရာကိုလက်ခံ၊ သင့်တော်ဘူးလို့ ထင်တာကို ပစ်ပယ်ပါလိမ့်မယ်။ Free thinker ဆိုတဲ့ စကားလုံးအတိုင်း သူ့ ရွေးချယ်မှုမရွေးချယ်မှု လက်ခံတဲ့အရာ၊ လက်မခံတဲ့ အရာတွေက အများနဲ့ မတူတောဲ့ သူက individualist တယောက် ဖြစ်နေလိမ့်မယ်။ အသိပညာမှန်သမျှကို ချစ်မြတ်နိုးပြီး အယူဝါဒတွေ အားလုံးကို tool တခုခု အဖြစ်ပဲ သဘောထားတဲ့သူတွေကို Free Thinker လို့ ဆိုချင်ပါတယ်။ ဘယ်အချိန်မှာ ဘယ် tool ကိုသုံးမယ်ဆိုတာကို မိမိဘာသာ ဆုံးဖြတ်ရတဲ့အတွက် ဘဝက စိတ်ဝင်စားစရာ ကောင်းလာမယ်။ အနုပညာ တရပ်လိုဖြစ်လာမယ်။ ဘာသာရေးတွေရဲ့ အယူအဆတွေဟာ ဘာသာရေး တခုထဲမှာတင် တခုနဲ့ တခု ချိတ်ဆက်ထားတာ မဟုတ်တဲ့အတွက် တပိုင်းကို လက်ခံတာနဲ့ ကျန်တဲ့အပိုင်းကို လက်ခံလိုက်စရာမလို သလို တပိုင်းကို ပယ်တာနဲ့ နောက်တပိုင်းကို လိုက်ပယ်စရာ မလိုပါဘူး။ အသုံးဝင်မယ့် အပိုင်းကို ရွေးချယ် အသုံးချယုံပါပဲ။

Free thinker ဟာ စဉ်းစားစရာတွေနဲ့ပဲ ပျော်မွေ့နေလိမ့်မယ်။ မေးခွန်းတွေကို သေသည်အထိ ဆက်တိုက် ထုတ်ရင်း တတ်နိုင်သမျှ အသိဥာဏ်ဘောင်ကို ချဲ့သွားလိမ့်မယ်။

Free thinker တယောက်မှာ တခုခုကို အသေတိုက်ခိုက်စရာ တခုခုကို အသေကာကွယ်ပေးစရာ မရှိတော့ပါဘူး အယူအဆ တခုခုမှာ သူမကြိုက်တာတွေ့ရင် rational arguments တွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ချင် ဝေဖန်ပါလိမ့်မယ်။ ဒါပေမဲ့ Free thinker တယောက်ဟာ ဘယ်အယူအဆကိုမှ အသားလွတ် ပုတ်ခတ်မှာ မဟုတ်ပါ။ 

သူအသိပညာလို့ ထင်တဲ့အပိုင်းတွေကိုတော့ဘယ်ဘာသာ ဘယ်အယူအဆထဲမှာ ပါနေနေ မြတ်နိုးလိမ့်မယ်။ Free Thinker ဆိုတာ ဘယ်ဘာသာရေးနဲ့မှ ဆိုင်မနေနဲ့အတွက် ကိုယ့်ကဗျာကို ကိုယ်စပ်ရတဲ့သူ။ ကိုယ့်စာအုပ်ကို ကိုယ်ရေးနေတဲ့သူ။ ကိုယ့်ဘဝနေနည်းကို ဖြတ်ညှပ်ကပ်ပြီးတောတဖုံ၊ စဉ်းစားဆင်ခြင်ခြင်းအားဖြင့်ပါ တည်ဆောက်နေတဲ့သူ။

Free Thinker တယောက်ဟာ ဘာသာရေး ထဲက ပုံပြင်လိုလို ဟာတွေကိုတော့ တကယ့်အဖြစ်အပျက်လို့  ယုံနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ့ ပုံပြင် ကိုတော့ အသုံးမကျတဲ့ဟာ အဖြစ် မမြင်ဘဲ တန်ဖိုးရှိတာ အဖြစ်မြင်မယ်။ Surrealism အနုပညာ တရပ်အဖြစ် မြင်ချင်လည်း မြင်မယ်။ ပြီးရင် အကောင်းဘက်ကရော အဆိုးဘက်ကရောသုံးသပ်မယ်။ 

ဥပမာ ဝေသန္တရာဇာတ်တော်ကို ဆိုရင် ပါရမီဖြည့်တဲ့နေရာမှာ အယုတ်အလတ်အမြတ် ရွေးမနေဲ လှူရမယ်။ ကိုယ့်ရဲ့ ဒါနပါရမီ (ဒါမှမဟုတ် တခြားပါရမီတွေ ဖြည့်မှုဟာ) တခြားပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်ကို မူတည်မနေဘဲ (ဥပမာ...သူကောင်းမှ ကိုယ်ပြန်ကောင်းမှာမျိုး၊ သူတော်ကောင်းကိုမှ လှူမယ့်ဟာမျိုး မဟုတ်တော့ဘဲ) သူကောင်းကောင်း မကောင်းကောင်း ဘယ်သူ့ကိုမဆို ကိုယ်ကောင်းမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးရအောင် လေ့ကျင့်ဖို့ သင်ခန်းစာ ပေးတာလို့ မြင်တယ်။ နောက်ပြီးတော့ ပါရမီဖြည့်သူဟာ ဘာကိုမှ တပ်မက်စွဲလမ်းမနေဖို့ လိုတယ်လို့ သင်ခန်းစာ ပေးချင်တာလို့ မြင်တယ်။ မဟာဇနက ဇာတ်ဆိုလည်း မဆိုင်တဲ့နတ်တွေဆီ ရှိခိုးမနေဘဲ လက်တွေ့ကျကျ လုပ်ရင် အောင်မြင်တယ်ဆိုတာရယ်၊ ဇွဲဆိုတာ အဆုံးစွန်ထိ အဲလိုရှိရတယ် ဆိုတာမျိုးရယ်ကို နိမိတ်ပုံနဲ့ သင်ခန်းစာပေးတယ်လိုမြင်တယ်။ တဘက်မှာလည်း အကောင်းချည်းတော့ မြင်မှာ မဟုတ်ပါဘူး။ ပုံပြင်တွေရဲ့ ပျော့ကွက်တွေကို လည်း စဉ်းစားမှာပဲ။ ဝေသန္တရာဇာတ်မှာဆိုရင် အရင်ခေတ်က လူတွေက သားသမီးကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး ရက်ရက်စက်စက် လှူလိုက်တယ်၊ ယဇ်ပူဇော်ပုံ ဆန်ဆန်လုပ်လိုက်တယ်လို့ မြင်မယ်။ အဲဒါကလည်း အဲဒီ့ခေတ်ရဲ့ စံနဲ့တော့ ရက်စက်မှု မမည်လောက်ဘူး။ ခုခေတ်စံနဲ့ ဆိုရင်တော့ Human trafficking တွေ child rights တွေနှဲ့ ငြိနေတယ်။ အဲဒီလို ပုံပြင်တွေကို လေ့လာခြင်းအားဖြင့် အဲဒီ့ခေတ်က စံနှုန်းတွေရယ်၊ စံနှုန်းတွေ evolution ဖြစ်လာပုံရယ်ကို မြင်လာလိမ့်မယ်။ ပုံပြင်တွေ ဖြစ်ပါစေ ဦးတော့ ဘယ်ဘက်က သုံးသပ်သုံးသပ် ကိုယ့်အတွက် စဉ်းစားတွေးခေါ်စရာ ရတာက အမြတ်မို့လား။  ဒါပေမဲ့ တဘက်မှာ ပုံပြင်တွေ၊ ပုံပြင်ထဲက ငရဲတွေကို တကယ့်အဖြစ်အပျက်တွေ သဖွယ် သူ့ကို တရားသေးကြီး ပြောလာရင်တော့ ပြုံးနေပါလိမ့်မယ်။
ပုံပြင်ကို တကယ်ထင်ပြီး လုံးဝ ဖောက်ထွက်မတွေးနိုင်အောင် မဝေဖန်ရလောက်အောင် ပိတ်မိနေယုံနေရင်လည်း Free Thinker မဟုတ်နိုင်သလို တဘက်မှာ မင်းတို့ ပုံပြင်ကြီးက ယုတ္တိမရှိဘူးဆိုတာနဲ့လောက်တင် ရပ်နေရင်လည်း Free Thinker ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီမှာ မဟုတ်ပါဘူး။

Free Thinker တယောက်ဟာ ဘာသာရေးတွေ၊ အယူအဆတွေ ဆီကနေ အသိပညာတွေရတဲ့အတွက် ဆရာဆိုတာတော့ ရှိယ်။ ဆရာတယောက်တော့ မကတဲ့ သဘောပေါ့။ ဒါပေမဲ့ ဆရာပြောသမျှ ခေါင်းငြိမ့်နေမှာ မဟုတ်ဘဲ ဆရာရဲ့ ဟာကွက်ကိုလည်း ရှာနေလိမ့်မယ်။

Free Thinker တယောက်အတွက် ဘယ်လိုစာမျိုးကမှ အဆိပ်မဟုတ်ဘူး။ စာတွေ အယူအဆတွေကို မစဉ်းစားဘဲနဲ့ အလွယ်တကူ လက်ခံလိုက်မှာ မဟုတ်တဲ့အတွက် ဘယ်စာကမှ သူ့ကို အဆိပ်မသင့်စေဘူး။

Free Thinker တယောက်ဟာ ဘာသာရေးတိုင်းကို အထိုက်အလျောက် လေးစားလိမ့်မယ်။ ဒါပေမဲ့ သူရဲ့လေးစားမှုဟာ ဘာသာရေးတွေကို ဝေဖန်ခြင်း၊ မဝေဖန်ခြင်းနဲ့တော့ သက်ဆိုင်မှာ မဟုတ်ဘူး။ ဘာသာရေး အယူအဆ တခုခုဟာ အမှန်တရား ရှာဖွေမှု လမ်းမမှာ လာပြီး ပိတ်ဆို့နေရင်၊ သိပ္ပံနယ်ပယ်ကို ကျူးကျော်လာရင် Free Thinker တယောက်ဟာ ဝေဖန်မှာပဲ ဖြစ်ပါတယ်။ ဝေဖန်ပေမဲ့ ဘာသာရေးတွေကို ဘယ်တော့မှ အသားလွတ် ပုတ်ခတ်ဆဲဆိုမှာ မဟုတ်ပါဘူး။

Free thinker တယောက်ဟာ ဘာသာရေးနဲ့ ပတ်သတ်ရင်သာ အတွေးအခေါ် လွတ်လပ်ပွင့်လင်းတာ မဟုတ်ပါဘူး။ နိုင်ငံရေး အတွေးအခေါ်တွေ၊ အနုပညာနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်တွေ အပါအဝင် နေရာအားလုံးမှာ လွတ်လွတ်လပ်လပ် တွေးတောနိုင်သူ ဖြစ်ရမယ်လို့ မြင်ပါတယ်။ အနုပညာရပ်နဲ့ ဥပမာပေးရရင် အနုပညာနဲ့ ပတ်သတ်လာရင် အနုပညာဝါဒ အားလုံးကို အသုံးချစရာ tool တွေ အဖြစ်ပဲ မြင်ပါလိမ့်မယ်။ ဂန္ထဝင်ပုံစံမှ အနုပညာ ဆိုတာမျိုး၊ မော်ဒန်၊ ပို့စ်မော်ဒန် မှ အနုပညာဆိုတာမျိုး ဘောင်ခတ်နေမှာ မဟုတ်ပါ။ အနုပညာမြောက်ရေးအတွက် နည်းစနစ်အမျိုးမျိုး၊ tool အမျိုးမျိုးကို ဖန်တီးသူ ပိုင်နိုင်သလို အဆင်ပြေသလို အသုံးချဖို့ပဲ လိုအပ်တယ်လို့ မြင်ပါတယ်။ ဂန္ထဝင်နည်းစနစ်လည်း ဖြစ်ချင်ဖြစ်မယ်၊ surrealism ဖြစ်ချင်ဖြစ်မယ်။ tool တွေ အမျိုးမျိုးပေါင်းစပ်ပြီး ဖန်တီးထားတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဓိကက ဖတ်ရှုသူ ခံစားသူရဲ့ စိတ်မှာ အနုပညာမြောက်သွားရင် အနုပညာလို့ သတ်မှတ်လိုက်တာပါပဲ။ 

တချို့တွေ ပြောသလို အနုပညာကိုမှ မခံစားတတ်ရင် လူမဟုတ်တော့ သလိုလို၊ အနုပညာ မခံစားတတ်တဲ့သူနဲ့ စကားမပြောချင်သလိုလိုတွေလည်း Free thinker တယောက်မှာ မရှိပါ။ အဲလို ရှုထောင့် တခုတည်းကိုကြည့်ပြီး လူတယောက်ကို တန်ဖိုးဖြတ်သူတွေဟာလည်း ဘာသာရေးအစွန်းသမားတွေနဲ့ အတူတူပါပဲ။ ငါတို့ ကိုးကွယ်တာ ငါတို့ မြတ်နိုးတာကို မင်းတို့ မကိုးကွယ် မင်းတို့ မမြတ်နိုးဘူးဆိုရင် မှားနေတယ်လို့ တဘက်သတ် စွပ်စွဲနေတာနဲ့ အတူတူပါပဲ။ Free thinker တယောက်ဟာ ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို သူများက ချစ်မြတ်နိုးခြင်း မရှိလည်း လက်ခံနိုင်ပါတယ်။ လူတယောက်ကို ဘာသာရေးတခုတည်း၊ အနုပညာ တခုတည်းကို ကြည့်ပြီး ဘယ်တော့မှ တန်ဖိုးဖြတ်မှာ မဟုတ်ပါ။ Free Thinker တယောက်မှာ လူမျိုးရေးအရခွဲခြားဆက်ဆံခြင်း၊ ဒေသစွဲအရ ခွဲခြားဆက်ဆံခြင်းတွေလည်း ရှိမှာ မဟုတ်ပါ။ Free thinker လူကိုလူအဖြစ်ပဲ မြင်ပါလိမ့်မယ်။ 

Free thinker ဆိုပေမဲ့ အနုအရင့် တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ အယူအဆ အသေးစိတ်တွေလည်း တယောက်နဲ့ တယောက် ကွဲနေပါလိမ့်မယ်။ တဘက်မှာ Free thinker ဆိုတာဟာ အတွေးအခေါ်တွေ relatively free ဖြစ်လို့သာ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ လောကမှာ အဆုံးစွန်ထိ လွတ်လွတ်လပ်လပ် တွေးခေါ်ကျင့်သုံးခွင့်ကတော့ ဘယ်တော့မှ ရမှာမဟုတ်တာကို နားလည်ပါတယ်။ (ဥပမာ… society ရဲ့ လွှမ်းမိုးမှုကိုလည်း တချို့နေရာတွေမှာ ခံရမှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ ရှေးရိုးစွဲ အတွေးအခေါ်တွေ၊ society မှာ အရိုးစွဲနေတဲ့ အယူအဆတွေထဲကနေ ဖောက်ထွက်ပါလိမ့်မယ်။) ပုံသေ မရှိနိုင်ပါ။ တယောက်နဲ့ တယောက်လည်း မတူနိုင်ပါ။ Free thinker ဆိုတာမှာ လွတ်လပ်စွာ တွေးခေါ်သူကိုပဲ ဆိုလိုတာပါ။ Free ဖြစ်ခြင်းနဲ့ မှန်ခြင်းမှားခြင်းကလည်း မသက်ဆိုင်ပါ။ လွတ်လွတ်လပ်လပ် ဆုံးဖြတ်တွေးခေါ်ရတဲ့အတွက် တချို့နေရာတွေမှာ free thinker က မှားသွားနိုင်ပြီး free thinker မဟုတ်သူက မှန်ချင်မှန်နေပါမယ်။ ဒါပေမဲ့ free thinker မဟုတ်သူရဲ့ အမှန်အမှားဟာ သိမြင်လို့ မှန်ခြင်းမှားခြင်းမျိုး မဟုတ်ဘဲ အယူဝါဒတွေကို အသေလိုက်နာရာက ဖြစ်လာတာမို့ ပညာမတိုးနိုင်ပါ။ Free thinker ကတော့ လွတ်လပ်စွာတွေးခေါ်နေသူ ဖြစ်တဲ့အတွက် ရှေ့ကို ခြေလှမ်းနေပါတယ်။

ဘာသာရေးတွေကို ယုံကြည်သူတွေ အပေါ်မှာ free thinker တယောက်အနေနဲ့ အမြင်က…သူတို့လည်း သူတို့အတွက် အကျိုးရှိမယ် ထင်တဲ့ tool ကို သုံးနေတယ်လို့ သဘောထားတဲ့အတွက် အပြစ်ပြောစရာ မရှိပါ။ ဘာသာရေးကြောင့် စိတ်ကောင်းမွေးနိုင်သူတွေကို တွေ့ရတဲ့အခါ ဝမ်းသာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စည်းကိုကျော်လာပြီး တခြားလူကို သူတို့လက်ခံထားတဲ့ အယူအဆတွေနဲ့ လာတိုင်းရင်တော့ မကြိုက်ပါ။ ဘာသာရေးအတွက် ရန်ဖြစ်ကြတာ၊ ခွဲခြားဆက်ဆံတာ၊ မီးများမီးနိုင်…ရေများရေနိုင်ဝါဒနဲ့ အနိုင်ကျင့်ကြတာကိုလည်း မနှစ်မြို့ပါ။  

လွတ်လပ်စွာတွေးခေါ်မှုနဲ့ ပတ်သတ်ပြီး ကာလာမသုတ် ဟာ တော်တော်နာမည်ကြီးပါတယ်။ အကျဉ်းချုပ်ဖော်ပြရရင် “ပြောသံကြားရုံနဲ့ အတည်မယူနဲ့။ အစဉ်အဆက်စကားဖြစ်ရုံ၊ စာအုပ်ထဲမှာ ပါရုံ၊ ကြံဆတွေးတောလို့ရရုံ၊ ဆရာသမားစကားဖြစ်ရုံ တွေနဲ့ အတည်မယူနဲ့၊ မိမိကိုယ်တိုင် သိအောင်ကြိုးစား” ဆိုတဲ့ သဘောမျိုးနဲ့ အများက ပြောတတ်ကြပါတယ်။ ကျနော်စံထားချင်တဲ့ Free thinker ဆိုတာဟာ ကာလာမသုတ်ကိုတောင် ကာလာမသုတ်နဲ့ ပြန်သုံးသပ်မယ့်သူမျိုးပါ။ ဘယ်လောက်အတိုင်းအတာအထိ ကာလာမသုတ်အပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ မှန်ကန်သလဲ၊ အဲဒါကို လက်ကိုင်ထားရင် ကောင်းကျိုးဆိုးကျိုးတွေ ဘယ်လိုရှိမလဲ ဆိုတာကအစ ပြန်သုံးသပ်မယ့် free thinker မျိုးပါ။ ကာလာမသုတ်ကို တချို့လူတွေ အဓိပ္ပါယ်ဖွင့်သလို “ကိုယ်တိုင်သိမှ သေချာယုံရမယ်” ဆိုတာကိုလည်း နေရာတကာမှာ လက်ကိုင်ထားဖို့ လိုမှာ မဟုတ်ပါ။ စကားကပ်ပြောသူတွေနဲ့ ကြုံရတတ်ပါတယ်။ လျှပ်စစ်ဓာတ်ကို လက်ခံခြင်းမျိုး၊ လပေါ်ကို လူရောက်တယ်ဆိုတာကို လက်ခံခြင်းမျိုး၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံကြောင်း ပြောရင် “မင်းကိုယ်တိုင် သိတာလား၊ မင်းကိုယ်တိုင် စမ်းသပ်တာလား” ဆိုပြီး ပြန်မေးတာ မျိုးနဲ့ ကြုံရတတ်ပါတယ်။ စာအုပ်တွေထဲက ဘာသာရေးတွေ၊ စာအုပ်တွေထဲက သမိုင်းတွေကို မျက်စေ့မှိတ် လက်ခံခြင်းမျိုးနဲ့၊ သိပ္ပံစမ်းသပ်ချက်တွေကို လက်ခံခြင်းမျိုးက မတူပါ။ သိပ္ပံစမ်းသပ်ချက်တွေဟာ တိကျတဲ့ စည်းမျဉ်းတွေနဲ့ အကြိမ်ကြိမ် အစမ်းသပ်ခံပြီးသားမို့၊ တိကျတဲ့ စနစ်တွေကို ဖြတ်သန်းလာပြီးသားမို့ အဲဒါတွေကို လက်ခံခြင်းနဲ့ ဘာသာရေးတွေ တချို့သမိုင်းတွေထဲက ဒဏ္ဍာရီတွေကို လက်ခံခြင်းမျိုးက လုံးဝမတူနိုင်ပါ။ 

Free thinker တယောက်ဟာ သိပ္ပံတွေ၊ logic တွေကို လက်ခံတယ်ဆိုပေမဲ့ သိပ္ပံတွေ၊ လောဂျစ်တွေရဲ့ ဘောင်ခတ်ထားခံရတဲ့ ရုပ်ဝါဒီ တယောက်တော့ မဟုတ်ပါ။ အနုပညာတွေကို ချစ်မြတ်နိုးသလို၊ လူသားတွေ ကောင်းကျိုး..ပိုကျယ်ပြန့်လာရင်တော့ လောကကောင်းကျိုးကို ဖြစ်ပေါ်စေမယ့် အရာမှန်သမျှကို တန်ဖိုးထားပါတယ်။ Free thinker တယောက်ဟာ ကိုယ်ချင်းစာတရား+သိပ္ပံ+လောဂျစ်+လူမှုရေးတွေကို လက်ကိုင်ထားပြီး ဟန်ချက်ညီညီ အသုံးချနိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘဝမှာ ပုံသေမဟုတ်တဲ့ လောကဓံတွေ၊ ပုံသေမဟုတ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ပုံသေနည်းတွေ၊ ပုံသေနီတိတွေတော့ အဆင်သင့် မရှိနိုင်ပါ။ စမ်းတဝါးဝါးနဲ့ပဲ တတ်နိုင်သမျှ ခရီးသွားရမှာ ဖြစ်ပါတယ်။ 

အပေါ်မှာ ကျနော်ရေးခဲ့တာတွေ အားလုံးကို ကျနော် အမြဲလက်ခံကျင့်သုံးနေနိုင်ပြီလို့ မဆိုလိုပါ။ ကျနော် ထားရှိတဲ့ စံတွေ ဖြစ်ပြီး အဲဒီ့အတိုင်း တတ်နိုင်သမျှ ကျင့်သုံးနေထိုင် ဖို့တော့ အမြဲ ကြိုးစားပါတယ်။ အမြဲလည်း ကြိုးစားနေမှလည်း ဖြစ်မယ့်အရာပါ။  (by ကောင်းကင်ကို)