Wednesday, May 13, 2015

ဓားသွေးကျောက်



အပ်ကြောင်းထပ်နေတဲ့ အမြင်တွေကို
မစင်တွေလို… လူတွေပါချ။

ရောဂါဟောင်းလောင်းနဲ့
တချို့ ပညာရှိခေါင်းတွေမှာ
ဘက်စုံသုံး ညီမျှခြင်း တစ်ကြောင်းရှိနေသလား
ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက်… ဒီအတွေးဘူတာပဲ ဆိုက်တယ်။

အရေးထဲ…
အလှူပွဲက သီချင်းက
အရံခုံပေါ်မှာတောင် ရှိမနေတဲ့ သူတွေကို
သွေးပူလေ့ကျင့်ခန်း ဆင်းခိုင်းပြန်တယ်။

ကမ္ဘာပေါ်က အကြမ်းဖက်မှုတိုင်း အတွက်
နတ်ဘုရားတွေကို အဆိပ်တစ်ခွက်စီ ကပ်ချင်တယ်။

အိပ်မက်ထဲမှာ
လူတွေရဲ့ လက်ချက်နဲ့
ဗုဒ္ဓနဲ့ မိုဟာမက် နှစ်ဦးစလုံး
ဓားသွေးကျောက်လို ပြုန်းလို့။  

ကောင်းကင်ကို (၁၃ မေ၊ ၂၀၁၅)

No comments: