Friday, May 22, 2015

Determinism နှင့် ပတ်သတ်၍

နိဒါန်း
-------
အပိုင်း (၁) က… အတွေးအခေါ်ကောင်းတဲ့ ဘုန်းဘုန်းတစ်ပါးကို ကျွန်တော် ဆွေးနွေးထားတာပါ။

တချို့လူတွေကို အာပေါက်မတတ် ရှင်းပြရင်တောင် ပြောချင်တဲ့သဘောကို နားမလည်ဘဲ လျှောက်ပြီး ပြန်ပြောကြတဲ့ အချိန်မှာ… ဘုန်းဘုန်းနဲ့ ဆွေးနွေးရင် စကားအများကြီး ပြောစရာ မလိုဘူး။ အသေးစိတ်ပြောစရာ မလိုဘူး။ တန်းသဘောပေါက်တယ်။ သူ ပြန်ဆွေးနွေးတာလည်း ရှိတယ်။
ဒါကြောင့် တချို့လူတွေက ဘုန်းကြီးတွေ ဘာသာရေးကလွဲလို့ ဘာမှ မသိဘူးလို့ အကုန်သိမ်းကြုံးပြောရင် ကျွန်တော် မကြိုက်တာ။ တကယ်က ထက်သန်သူဆိုရင် သူတို့မှာ လေ့လာချိန်တွေ ပိုရ၊ တွေးချိန်တွေ ပိုရလို့ ပိုသိပါတယ်။ အများစုကတော့ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် တွေးဖို့ အခြေအနေ သိပ်မပေးကြတော့ မတွေးကြ၊ မသိကြဘူး။

တချို့လူတွေကို ကိုယ်က စိတ်ရှည်ရှည် ထပ်တလဲလဲ ရှင်းပြပေမဲ့ ဘယ်လိုမှ နားမလည်ကြဘူးဆိုတာမှာ... ကိုယ်က ရှင်းပြတာ ညံ့တာလည်း ပါမယ်။ သူတို့တွေ ကိုယ်တိုင်ကိုယ်က ပေကပ်ပြီး တွေးရိုးတွေးစဉ်အတိုင်း တွေးနေကြတာလည်း ပါတယ်။
တချို့လူတွေဆို ကိုယ့်ကိုယ်ကို "အတွေးသမား...သူများနဲ့ မတူဘူး" လို့လည်း လျှောက်ပြောသေးတယ် … တစ်ခုခု နက်နဲသယောင်ရှိတာကို ရှင်းပြပြီဆိုရင်... သူတို့က အရေးမပါတာတွေ.... ပြောပြီးသားဟာတွေကို အတင်း လာလာငြင်းနေတော့ အကြောင်းအရာတွေ ထပ်ကုန်ရော။ ဘာသာရေး အကြောင်းပါ နွယ်လာရင် ပိုဆိုးသေးတယ်။ ဘယ်လိုမှ ဘာသာရေးကိုခွာပြီး မတွေးကြတော့ဘူး။ တစ်ခါတစ်ခါ... ကိုယ်ပြောတာတွေကို သူတို့ တစ်မျိုး သဘောပေါက်သွားကြမှန်း ကိုယ်က သိနေပြီ။ သူတို့က မသိသေးဘူး။ အွန်လိုင်းမှာ ဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် Determinism နဲ့ Free Will အကြောင်း ပြောတိုင်း အဲလိုဖြစ်တတ်တယ်။

ဘုန်းဘုန်းကတော့ ခြွင်းချက်။ သုံးလေးကြောင်းလောက်နဲ့တင် ကျွန်တော် ဘာပြောချင်မှန်း တန်းသိတယ်။ အပိုင်း(၁) မှာ နည်းနည်း ရှည်သွားတာက ဖတ်သူမရွေး ပိုနားလည်လာအောင် နည်းနည်း ထပ်ဖြည့်ထားလိုက်လို့ ရှည်နေတာပါ။
တကယ်က ကျွန်တော် ရေးတာတွေက အနက်ကြီးးလည်း မဟုတ်ပါဘူး။ လူတွေကိုက တွေးရမှာ ပျင်းကြတာ။

အပိုင်း (၁)
------------
ဘုန်းဘုန်းက မေးလာတာက Determinism ဟာ chaos သီအိုရီ နဲ့ ဝိရောဓိ ဖြစ်မနေဘူးလား။ random သဘောနဲ့ ဝိရောဓိ ဖြစ်မနေဘူးလားလို့ မေးထားတာပါ။

ကျွန်တော်ပြောထားတာတွေက...
တစ်ခါတစ်ခါ ပြဌာန်းခံရတယ် ဆိုပေမဲ့ တရားသေ ပုံသေကားချပ်ကြီးတော့ မဟုတ်ဘူး။ random ဖြစ်ချင်ရာဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့လည်း လုံးဝ ကင်းနေတာ မဟုတ်ပါဘူး။
ဥပမာ….software အံစာတုံး တစ်ခုမှာ ဖြစ်နိုင်ခြေ ခြောက်ခု ရှိတယ် ဆိုပါစို့။ အဲဒီ အံစာတုံးဟာ ဂဏန်းတစ်ခုခုကို တခုခုကို ဗဟိုပြုပြီးတော့ လွှဲမယ် ဆိုပါစို့။ အံစာတုန်းက ခြောက်ခုပဲရှိမှာကတော့ ပုံသေပဲ။ ဒါပေမဲ့ တစ်ကနေ ခြောက်၊ ဒါမှမဟုတ် ၂ ကနေ ၇…. ဒါမှမဟုတ် ၃ ကနေ ၈ အဲလို ကွာသွားမယ်။ software အံစာတုံးနော်။

အဲဒါကို
ဘောလုံးပွဲနဲ့ ဥပမာပေးမယ်ဆိုရင် ရီးယဲမက်ဒရစ် နဲ့ သူနဲ့ ကွာတဲ့ ဆန်ဒါးလန်းဆိုပါစို့။ ရီးယဲလ်ရဲ့ အရည်အချင်းက ၄ ကို ဗဟို ပြုပြီး လွှဲနေမယ်။ ဆန်ဒါးလန်းက ၁ ကိုဗဟိုပြုပြီး လွှဲနေမယ်။ ဗဟိုမှတ်ကနေ အတိုးအလျော့ သုံးခုစီ ရှိသွားနိုင်တယ် ဆိုပါစို့။ +၃ ဒါမှမဟုတ် -၃ (အနုတ် ၃ ပေါ့) အဲဒါဆိုရင် ရီးယဲလ်က ၄ကို ဗဟိုပြုထားတာဆိုတော့ ၇ ဂိုးကနေ ၁ ဂိုးအထိ သွင်းနိုင်မယ်ဆိုပါစို့။ ဆန်းဒါးလန်ကတော့ ၁ကို ဗဟိုပြုထားတာ ဆိုတော့ (အနုတ်ကိုတော့ ဒီနေရာမှာ ထားလိုက်တော့) အမြင့်ဆုံး ၄ ဂိုးသွင်းနိုင်မှာပေါ့။ များသောအားဖြင့်တော့ ရီးယဲလ်ကပဲ နိုင်လိမ့်မယ်။

ပြဌာန်းပြီးသားလိုကိုး။ ဒါပေမဲ့ ရီးယဲလ်က ၄ အနုတ် ၃ ဖြစ်ပြီး (ရီးယဲလ် ကံအဆိုးဆုံးနေ့ဖြစ်ပြီး လွှဲလိုက်တဲ့ လှိုင်းရဲ့ အနိမ့်ဆုံးကို ရောက်သွားချိန်) ၁ဂိုးပဲ ရတဲ့ အချိန်မှာ ဆန်းဒါးလန်းက ကံဇာတာ တက်ပြီး +၃ လွှဲတဲ့ ရက် ဖြစ်နေရင် ဆန်ဒါလန်းက ၄ ဂိုးရသွားမယ်။ ရီးယဲလ် ရှုံးသွားမယ်။ အဲဒီသဘောမျိုးလည်း ရှိတယ်။ စာတအားလေ့လာထားတဲ့လူဟာ စာမေးပွဲမှာ ကံတအားဆိုးပြီး (သူ့ကံကြမ္မာက ဟိုးအောက်ဆုံးအထိ လွှဲလိုက်လို့) ၄၁ မှတ်ပဲ ရတဲ့အချိန်မှာ ကံစွတ်ပြီး ၄၂ မှတ် ရတဲ့အခါ ဖြစ်ချင်ဖြစ်နေမယ်။ ဆိုလိုတာက စာလေ့လာခြင်း မလေ့လာခြင်းတွေက ပြဌာန်းထားတယ် ဆိုပေမဲ့ random သဘောမျိုးကလည်း ရှိနေပြီး ကမောက်ကမတွေ ဖြစ်ချင်ဖြစ်နေမှာပါ။ (မှတ်ချက်။ ။ အဲဒီ random သဘောဆိုတာကလည်း nature နဲ့ nurture ရဲ့ အပြဌာန်းခံ ရလဒ် ဖြစ်နိုင်တယ်)

ဂိမ်းတွေကို ကွန်ပျူတာနဲ့ ကစားကြည့်။ တစ်ခေါက်နဲ့ တစ်ခေါက် တူမှာ မဟုတ်ဘူး။ အသေ ပရိုဂရမ်ရေးထားပေမယ့် အဆင့်မြင့်မြင့် ရေးထားတော့ (အဆင့်မြင့်မြင့် ပရိုဂရမ်က ပြဌာန်းထားတော့) တစ်ခါနဲ့ တစ်ခါ မတူဘူး။ လူတွေဆို ဖြစ်စဉ်တွေ ပိုကွဲတော့မှာပေါ့။

ဂိမ်းတွေမှာလို ဇာတ်လမ်းကျောရိုးလောက်ပြီး တူပြီး အသေးစိတ်ဇာတ်ကွက်တွေ ကွာသွားမှာပဲ။
ဒီကမ္ဘာကြီးသာ အစကနေ ပြန်ဖြစ်မယ်ဆိုရင်လည်း သတ္တဝါတွေက အတ္တစိတ်တွေနဲ့ ရှင်သန်အောင် ရုန်းကန် အနိုင်လုကြ ပြိုင်ဆိုင်ကြမယ် ဆိုတဲ့ ဇာတ်လမ်းကျောရိုးတော့ တူပြီးတော့၊ အသေးစိတ်ဇာတ်ကွက်တွေ (ဥပမာ ရှိလာမယ့် သတ္တဝါ အမျိုးအစားက အစ) အခုနဲ့ အများကြီးကွဲသွားမယ်လို့ ထင်တယ်။

အတ္တစိတ်တွေနဲ့ ရှင်သန်ရေး ကြိုးပမ်းရမယ် ဆိုတဲ့ ပြဌာန်းချက်က အတူတူဖြစ်ပေမဲ့ တကယ်ဖြစ်မယ့်ဟာတွေကျတော့ ဘယ်လောက်ပဲ ပြဌာန်းပြဌာန်း အများကြီး ကွာသွားမယ်။

အပိုင်း (၂)
-------------
အပိုင်း (၂) ကတော့ အရင်ကတည်းက ကျွန်တော် တွေးလေ့ ရေးလေ့ ရှိတာတွေကို အခု ပြန်တွေးပြီး အသစ်ရေးထားတာပါ။

တကယ်တော့ determinism ဆိုတာ တန်ခိုးရှင်ကြီးက ပြဌာန်းနေတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ nature နဲ့ nurture က ပြဌာန်းနေတယ်လို့ ပြောတာ၊ သဘာဝ နိယာမဆိုတာ အဲဒီ့ nature နဲ့ nurture ကို ပြောတာပါ။

လူတွေက တစ်ခုခုဆို လေးလေးနက်နက် မတွေးကြဘူး။ ဒီလူ ဒီဟာကို လက်ခံမထားရင် ဟိုဟာကို လက်ခံတာပဲ ဖြစ်ရမယ်လို့ တရားသေ တွေးတတ်ကြတယ်။

determinism နဲ့ ပတ်သတ်ပြီး ပြောလိုက်မယ်ဆိုရင်…. လူတွေက သေချာ မတွေးတော့ဘဲ determinism ဆိုတာ ဘုရားသခင်ကို လက်ခံတဲ့ဟာလို့ ခပ်တိမ်တိမ် လျှောက်ပြောတတ်ကြတယ်။ တကယ်တော့ ကျမ်းထဲက ဘုရားတွေကို တရားသေ လက်ခံတဲ့ ဝါဒ မဟုတ်ဘူး။ သူ့ကို မကိုးကွယ်ရင် ငြိုငြင်တဲ့ ဘုရားတွေ၊ သူ့ဘာသာဝင်တွေကိုပဲ မျက်နှာသာပေးမယ်ဆိုတဲ့ ဘုရားတွေကို မျက်စေ့မှိတ် ယုံနေတာမျိုး မဟုတ်ဘူး။ ဒဿန ပညာရှင်တွေက အဲလောက်ထိ မတိမ်ပါဘူး။

တကယ်တော့ လောကနိယာမရဲ့ ပြဌာန်းမှုကို ခံထားရတယ်၊ free will မရှိဘူးဆိုတာမျိုး ပြောတာပါ။ determinism ရဲ့ သဘောကို ရှင်းပြလိုက်ရင်လည်း မြန်မာမှာ ခက်ခက်ခဲခဲ ရှင်းပြရင်တောင် နားမလည်ကြတဲ့သူ များတယ်။ တကယ်တော့ ဒဿန နယ်ပယ်မှာ free will ရှိမရှိ က အခုအချိန်အထိ အဖြေမပေါ်သေးဘဲ ဆွေးနွေးနေကြရတဲ့ အရာပါ။ လွယ်လွယ်လေး၊ ရမ်းပြောလိုက်လို့ ရတဲ့ဟာမျိုး မဟုတ်ပါဘူးး။

တိမ်လွန်းတဲ့ တချို့အယူအဆတွေကို ဘေးဖယ်ကြည့်မယ်ဆိုရင်…determinism ဆိုတာ ကမ္ဘာကြီးပေါ်မှာ အမြင့်ကနေ အရာဝတ္ထု တစ်ခုခု ပစ်ချလိုက်ရင် (ကမ္ဘာ့ဆွဲအားကြောင့်ပဲ ဆိုကြပါစို့) ကမ္ဘာမျက်နှာပြင်ပေါ်ကို ကျလာမယ် ဆိုတဲ့ သဘောတရားမျိုးကို အားလုံး လိုက်နာရတယ် ဆိုတဲ့သဘော။ အဲလိုပဲ လူတစ်ယောက်ဟာ သူ့ gene ရဲ့ အကန့်အသတ်၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု၊ သမိုင်းရဲ့ ပြဌာန်းထားမှု၊ နိုင်ငံရေးတွေ အခြေအနေတွေရဲ့ ပြဌာန်းထားမှု အဲဒါတွေရဲ့ ပြဌာန်းမှုတွေကို ခံရပြီး ဘောင်တစ်ခု အတွင်းမှာပဲ ဖြစ်နိုင်မယ်။ ဘောင်ကို ကျော်လို့ မရဘူးဆိုတဲ့ သဘောပါ။ ဘုရားသခင် ဖန်ဆင်းသမျှအတိုင်း လိုက်ဖြစ်တယ် ဆိုတဲ့ တိမ်လွန်းတဲ့ အယူအဆမျိုး မဟုတ်ပါဘူး။ Nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံရတယ် ဆိုတဲ့သဘောပါ။

Soft determinism ဆိုရင် ဒီတစ်ခုက လွဲပြီး ကျန်တာတွေ မဖြစ်နိုင်ဘူးဆိုတဲ့ တရားသေဆန်ဆန်မျိုး မဟုတ်ပါဘူး။ ဥပမာ ပေးရရင် ရုပ်ရှင် ဇာတ်ညွှန်းလို ဟာမျိုး မဟုတ်ပါဘူး။ ဂိမ်းလို ဟာမျိုးပါ။ ဥပမာ ပေးကြည့်မယ်။ အံစာတုံးကို လှိမ့်လိုက်မယ် ဆိုပါစို့။ တကယ်က ကျချင်တဲ့ ဂဏန်း ကျမယ် ဆိုပေမဲ့ determinism ဘောင်အတွင်းမှာလည်း ဝင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ၁ ကနေ ၆ အတွင်းကနေ မလွတ်နိုင်လို့ပါ။ တစ်ပြိုင်တည်းမှာပဲ random ဆိုတဲ့ ဘောင်ထဲမှာလည်း ဝင်နေပြန်ရော။ ၁ ကနေ ၆ အတွင်း ခြောက်ခုထဲကတော့ ကျချင်ရာ ကျမှာကိုး။ အဲဒီသဘောမျိုးပါ။

တစ်ဆင့်တက်ပြီး ဂိမ်းနဲ့ ဥပမာ ပေးမယ်။ ဂိမ်းဆိုတာ ပရိုဂရမ် အသေရေးပြီး သတ်မှတ်ပြဌာန်းပြီးသားပါ။ ဒါပေမဲ့ random နံပါတ်တွေ ကျပန်းထုတ်ပြီး … ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတယ်။ ရုပ်ရှင်ဇာတ်လမ်းလို အသေမဟုတ်ဘူး။ ဒါကြောင့် ကွန်ပျူတာ နဲ့ ခင်ဗျားနဲ့ ဂိမ်းကစားတယ် ဆိုပါစို့။ အကြိမ်တစ်ရာ ကစားလည်း တစ်ကြိမ်နဲ့ တစ်ကြိမ် ထပ်တူကျချင်မှ ကျမယ်။ ဒီလိုဆိုတော့ အဲဒီဂိမ်းဟာ ပြဌန်းခံ မဟုတ်ဘူး။ လွတ်လပ်မှု ရှိတယ်လို့ ထင်ရလိမ့်မယ်။ ဒါပေမဲ့ တကယ်က အဲဒီဂိမ်းကို ဖြစ်နိုင်ခြေတွေ အများကြီးအတွက် ပရိုဂရမ်ဆွဲပြီး သတ်မှတ်ပြဌာန်းထားပြီးသား။ ရုပ်ရှင်ဇာတ်လမ်းလို တရားသေ မဟုတ်တာဘဲ ရှိမယ်။
ဥပမာ …. ဘောလုံးကန်တဲ့ ဂိမ်းဆိုပါတော့။ ကစားသမားတစ်ယောက် ဘောလုံး ရတဲ့ အနေအထားမှာ ပရိုဂရမ် စိတ်ကူးယဉ် ရေးကြည့်မယ်။ ပရိုဂရမ်ထဲမှာ ၁ ကနေ ၇ အထိ random နံပါတ် ထုတ်လိုက်မယ်ဗျာ။

 (ဥပမာနော်)။ ၁ ကျရင် လိမ်ခေါက်လှည့်ထွက်။ ၂ ဂဏန်းကျမယ်ဆိုရင် ဘောလုံးက တစ်ဘက်အသင်းလူဆီ မှားပေး၊ ၃ ဂဏန်းကျမယ်ဆိုရင် တစ်ဘက်အသင်းက ဖျက်တာ ခံရ။ ၄ ဆိုရင် နောက်ပြန်ကစ် ကလေးနဲ့ ကိုယ့်လူဆီကိုယ်ပေး။ ၅ကျရင် အဝေးကြီးကို ကန်တင်။ ၆ ကျရင် ရှေ့ကို (နီးနီးလေးကိုပေး) ၇ ကျရင် အဝေးကနေ ဂိုးထဲကို ကန်သွင်း ဆိုပါစို့။ ပရိုဂရမ်နဲ့ ပြဌာန်းထားပြီးသားဆိုပေမဲ့ ဂိမ်းကြီးတစ်ခုလုံးဆိုရင် ဖြစ်နိုင်ခြေက ၇ ခုတည်း မကတော့ဘူး။ သိန်းနဲ့ သန်းနဲ့ ချီသွားတော့မှာ။ ဒီတော့ ဘယ်တော့ ကစားကစား ထပ်တူဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ ဂိမ်းဟာ လုံးဝလွတ်လပ်ပြီး ဖြစ်ချင်ရာ ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး။ ဂိမ်းပရိုဂရမ်ရဲ့ နိယာမတွေကို အတိအကျလိုက်နာပြီး ဖြစ်နေတာ။

တစ်ဆင့်တက်ပြီး လက်တွေ့လောကက အဖြစ်တစ်ခုကို ယူသုံးပြီး determinism အကြောင်း (ဥပမာနဲ့ စိတ်ကူးယဉ် ပြောကြည့်ပါမယ်)။ ဥပမာ ဆိုတော့ ရှင်းရလွယ်အောင် တအားရှုပ်မယ့် အပိုင်းကိုတော့ ချန်ထားခဲ့မယ်နော်။

ထင်လင်းဦး အဖမ်းခံရတဲ့ ကိစ္စဆိုပါစို့။ ထင်လင်းဦးကို သူ့ ဗီဇ (ဗီဇလို့ပဲ အလွယ်သုံးလိုက်ပါရစေ။) ဗီဇကလည်း ပြဌာန်းမယ်။ လူ့ဗီဇ ဆိုတာက နက်နဲ ရှုပ်ထွေးပါတယ်။
ပြီးတော့ ထင်လင်းဦး ဆီမှာ ထင်ရာကို ထုတ်ပြောတဲ့ သဘောမျိုးလည်း ရှိလိမ့်မယ်။ တစ်ခါတစ်ခါ အမြင်မတော်တာကို မပြောပဲ မျိုသိပ်ထားတဲ့ သဘောမျိုးလည်း ရှိလိမ့်မယ်။ မဟုတ်တာကို မဟုတ်မှန်းသိအောင် သူ့ဗီဇနဲ့ သူ့ပတ်ဝန်းကျင်က သူ့ကို ပုံသွင်းထားပြီးသား အခြေအနေ ဆိုပါစို့။ သူဟောပြောမယ့် အချိန်မှာ… သူ့မှာ ထင်ရာထုတ်ပြောမယ့် သဘော (နံပါတ်တစ် ပဲထားလိုက်ပါ)၊ ဒါမှမဟုတ် မျိုသိပ်ထားမယ့် သဘော (နံပါတ်နှစ် ဆိုပါစို့)] သူ ဟောပြောခါနီး အချိန်မှာ သူ့ဦးနှောက်ထဲမှာ အံစာခေါက်လိုက်တဲ့ သဘောမျိုး ဆိုပါစို့။ အံစာခေါက်တာမှ နံပါတ် ၁(ထုတ်ပြောချင်တဲ့စိတ်) မဲပေါက် ပါလေရော။ (မှတ်ချက်။ ဒါက အလွယ်ပြောတာနော်။ တကယ်က သူ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မယ့် အခြား ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေ အများကြီး ရှိဦးမှာ။ အဲလို ရှိတယ်ဆိုပေမဲ့ ထင်လင်းဦးဟာ အမြဲတမ်းတော့ ထုတ်ပြောဖို့ချည်း ဆုံးဖြတ်ဖြစ်မှာ မဟုတ်ဘူး။ ထုတ်မပြောတဲ့ အချိန်တွေလည်း ရှိလိမ့်မယ်။ အဲဒီ တဒင်္ဂမှာ သူ့ဦးနှောက်လှိုင်းတွေရဲ့ random အံစာခေါက်သလို သဘောမျိုး အဆုံးအဖြတ်လည်း ပါတယ်ပဲ ထားလိုက်ပါ) နံပါတ် ၁ မဲပေါက်ပါလေရော။ ဒီတော့ ပြောပစ် ဝေဖန်ပစ်လိုက်ရော။

အဲဒီအချိန်မှာ ပတ်ဝန်းကျင် အနေအထားမှာက အဲလိုပြောတာကို မကြိုက်တဲ့ အင်အားစု ကြီးက အားကောင်းနေရော။ နိုင်ငံရေး အခြေအနေတွေကလည်း အဲဒီ အင်အားစုကြီးကို မျက်နှာသာ ပေးနေတယ်။ ဒီတော့ ထောင်ထဲဝင်ရရောပေါ့။ အဲဒီဖြစ်စဉ်မှာ nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံရတာကို ဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ ပြဌာန်းမှု ခံရတာကို မြင်အောင် အသေးစိတ် စိတ်ကူး ကြည့်ကြည့်ပါ။ ဗီဇဆိုတာမှာ ထင်လင်းဦးရဲ့ ဗီဇတင် မကဘူး။ မဘသက သူတွေရဲ့ ဗီဇ၊ မဘသကို အားပေးသူတွေရဲ့ ဗီဇ။ ကမ္ဘာ့အကြမ်းဖက်မှုတွေက လူတွေအပေါ် မဘသတွေအပေါ် သက်ရောက်လာတဲ့ အခြေအနေတွေ။ အဲဒါတွေပေါ် အခြေခံပြီး ဖြစ်လာတဲ့ ပတ်ဝန်းကျင်တွေပါမယ်။ soft determinism ဆိုတာ အဲလို nature နဲ့ nurture ရဲ့ ပြဌာန်းမှုကို ခံနေရတယ်လို့ ပြောတာပါ။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဒါပဲ ဖြစ်ရမယ်လို့ ကျိန်းသေကြီး ကြိုရှိနေတာတော့ မဟုတ်ဘး။ ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတာ ။အဲဒီမှာမှ တစ်ဒင်္ဂလေးအတွင်းမှာ ဖြစ်သွားတဲ့ random သဘောမျိုးလည်း ပါဦးမယ်။

soft determinism ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကူးပြရရင်
Soft Determinism is the theory that human behaviour and actions are wholly determined by causal events, but human free will does exist when defined as the capacity to act according to one's nature (which is shaped by external factors such as heredity, society and upbringing)

ကောင်းကင်ကို (မေ ၁၇ - ၂၀၁၅)
Facebook မှာ အရင်တင်ခဲ့တဲ့ ပို့စ်ပါ။

No comments: