Saturday, April 29, 2017

လွှတ်တော်က အစိတ်သားကို လိုအပ်သလို

ဂျူးလိယက်ဆီဇာက ဘရုတပ် ကို လိုအပ်သလို
ဆိုကရေးတီးက အဆိပ်ခွက် ကို လိုအပ်သလို
ဆင်ကလေးမိုမိုက တိရစ္ဆာန်ရုံကို လိုအပ်သလို
မဲဆန္ဒရှင်က ပါးပါးလှီးမယ့်အမတ်ကို လိုအပ်သလို
လွှတ်တော်က အစိတ်သားကို လိုအပ်သလို
ဖရီးသင့်ကာ က သာညှိုးကို လိုအပ်သလို
ဂျာနယ်လစ်က ပုဒ်မ (၆၆) ကို လိုအပ်သလို
လူတွေဟာ အချစ်ကို လိုအပ်တယ်။
ကောင်းကင်ကို (ဧပြီ - ၂၉ - ၂၀၁၇)
Facebook မှာ ခုနလေးကတင် အရင်တင်လိုက်တဲ့ ကဗျာပါ။

Tuesday, March 21, 2017

ဘုရားခန်းထဲရောက်ရင်

မျက်စေ့ပြာနေတဲ့ခေတ်ဟာ
ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်ခဲ့တယ်။

 မြန်မာနိုင်ငံမှာ
ဝက်သားစားခြင်းအတတ်ဟာ
ကိုယ်ခံပညာတစ်ရပ်လား။

လော်စပီကာထဲက ဘီလူးကြိုက် တေးသံဟာ
အာကြမ်းလျှာကြမ်းနဲ့
လူမိုက်ဂိုက်ဖမ်းလို့။

အမုန်းရောဂါသည်တွေနဲ့
မဖြစ်မနေ ဆက်ဆံနေရတဲ့အခါ
သည်းခံမှုကို စုရုံး
ကွန်ဒုံးလို ထုတ်သုံးနေရ။

ရှေးတုန်းကလို မဟုတ်တော့ဘူး။
ရတနာသေတ္တာရဲ့ အနက်အရှိုင်းကို
မြန်မာပြည်နဲ့ မတိုင်းမိစေနဲ့။
ငှက်မြတ်တွေနားတဲ့ ပရမတ်ကို
မြန်မာပြည်နဲ့ ဈေးမဖြတ်မိစေနဲ့။

အနိဌာရုံတွေ ခုန်ပေါက်ကစားနေကျ ချောက်ထဲမှာမှ
ဇာတိရလာမိတဲ့ ငရဲနိုင်ငံသားတွေ
မြင်မြင်သမျှအလင်းစ တစ်ပွင့်နှစ်ပွင့်ကို
မရမက လိုက်ကောက်နေရ။

စိတ်ဒဏ်ရာတစ်စုကို
ပွင့်ဖတ်နုတွေနဲ့ကပ်ဖို့
အမေ့အိမ်ကို အပြေးအလွှားလျှောက်
ဘုရားခန်းထဲရောက်ရင်
ဗုဒ္ဓရဲ့ ဖန်မီးအိမ်မျက်လုံးထဲမှာ
လူုတွေကို သရော်ဝေဖန်တဲ့ အပြုံးတွေ
ရှာကြည့်ပြီး စိတ်ဖြေရမယ်။

မျက်စေ့ပြာနေတဲ့ခေတ်ကတော့
 ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်လို့။

ကောင်းကင်ကို (Jan 31 – 2017)
Facebook မှာ ဇန်နဝါရီ ၃၁ တုန်းက တင်ခဲ့တဲ့ ကဗျာပါ

Wednesday, March 8, 2017

ဗုံးကြဲလေယာဉ်

ပြည်သူ့အခွန်တွေ အဝစားထားတဲ့
သေမင်းတမန်ငှက်
လေညင်းခံထွက်တာ
ကျောင်းတကျောင်းပါသွားတယ်။
အိမ်ဆယ်အိမ် ပါသွားတယ်။
ကလေးတချို့ ပါသွားတယ်။

ဗုံးကြဲလေယာဉ်မှာ
ရေဒါပါလာပေမဲ့ နှလုံးသားပါမလာဘူး။
အမိန့်နာခံမယ့် နား ပါလာပေမဲ့
လူတွေငိုသံပြန်ကြားမယ့် နား ပါမလာဘူး။

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဆေးရုံတခုဆီသွားချင်တယ်။
ခြေထောက်ဆုံးရှုံးခဲ့သူတွေအတွက် ခြေထောက်တွေကြဲချ
လက်ဆုံးရှုံးခဲ့သူတွေအတွက် လက်တွေကြဲချ

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဒုက္ခသည်စခန်းတခုဆီသွားချင်တယ်။
အဖေအမေ ဆုံးရှုံးခဲ့သူတွေအတွက် အဖေအမေတွေ ကြဲချ
ကစားဖော်ဆုံးရှုံးခဲ့သူတွေအတွက် ကစားဖော်လေးတွေကြဲချ

နောက်ဆုံးအစီအစဉ်အရ
ဗုံးကြဲလေယာဉ်ကိုပုတ်ပြတ်ငှား
တရားလွန်စစ်စခန်းတွေဆီ သွားမယ်။
ပြီးရင် သူတို့ဆီမှာ မျိုးတုံးလောက်အောင် ရှားပါးနေဆဲ
နောင်တတရားတွေ ကြဲချလိုက်မယ်။

ကောင်းကင်ကို (January 25 - 2017)

သစ်ခက်သံလွင် ရသစာပေ စာမျက်နှာမှာ ဖော်ပြထားတဲ့ "ဗုံးကြဲလေယာဉ်" ကဗျာပါ။ ကျွန်တော့် blog မှာ အခုမှ ပြန်တင်ဖြစ်တာပါ။

Tuesday, November 15, 2016

အပြုံးဖိုဘီးယား

မီးတောင်တလုံးက
သံတမန်ဆန်ဆန် ပြုံးပြတယ်။

မျက်နှာထားတင်းတင်းနဲ့ သေနတ်တလက်က
ငြိမ်းချမ်းရေး ငှက်ကို ချစ်ရေးဆိုသလိုမျိုး။

ပြေလည်ချင်ဇောနဲ့
ယုံကြည်မှုတွေ ပုံအောလိုက်ဖို့ဆိုတာ
လိမ်နေကျ ကန်ထရိုက်ရဲ့
ဆောက်မယ်ဆိုတဲ့တိုက်ကို
ကြိုပွိုင့်နဲ့ ဝယ်လိုက်သူထက် မိုက်များမိုက်နေမလား။

 ပြေးကြည့်စရာမလိုဘူး
 ရွှေအုတ်အကောင်းစားနဲ့ ရေပုပ်မြောင်းကြားထဲမှာ
ဝှက်ထားတဲ့ ဓားတချောင်းရှိကြောင်း။
ကောင်းကင်ကို (အောက်တိုဘာ ၂၅)

အောက်တိုဘာလ ၂၅ ရက်နေ့က သစ်ခက်သံလွင် စာပေအနုပညာ ဝက်ဘ်ဆိုဒ် နဲ့ ကျွန်တော့်ရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တဲ့ ကဗျာလေးပါ။

Sunday, November 13, 2016

ကျွန်တော်နဲ့ ဝတ္ထုဇာတ်ကောင်တွေ

 ကျွန်တော် နဲ့ ဝတ္ထုဇာတ်ကောင်တွေ

(Facebook က ပို့စ်ကို မူရင်းဒိတ်အတိုင်း blog မှာ ပြန်စုတာပါ)

စက်မှှုတက္ကသိုလ်တက်နေတဲ့ အချိန်တုန်းက ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေကို အသည်းစွဲ။ အခုလည်း ကြိုက်တုန်းပါပဲ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို သူငယ်ချင်းလက်ဝဲတချို့ မကြည်ကြပေမဲ့ ကျွန်တော်ကတော့ လက်ဝဲစာပေတွေကိုရော၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေကိုရော ကြိုက်တယ်။ အဲဒီတုန်းက တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေကို ကြိုက်တဲ့ သူငယ်ချင်း အချင်းချင်း နောက်ကြတယ်။ ဝတ္ထုတွေဖတ်၊ စိတ်ကူးတွေယဉ်ပြီး ဘဝပျက်တော့မယ်လို့။ စကြတာပါ။ အလေးအနက် ပြောကြတာ မဟုတ်ဘူး။ 

တကယ်ကျတော့ ဘဝပျက်မယ်ဆိုရင် အဲဒီနောက်ပိုင်းကာလမှာ စွဲလမ်းလာတဲ့ ဝတ္ထုတွေကမှ ဘဝပျက်ချင်ပျက်မှာ။ (The Stranger/The Outsider/စည်းပြင်ကလူ) ထဲက မတုန်မလှှုပ် ဇာတ်ကောင် Meursault တို့၊ တခုခုကို အသေစွဲလမ်းတဲ့ Moby Dick ထဲက ကပ္ပတိန် အေးဟက်ဘ် (Ahab) တို့၊ ဂတ်စ်ဘီ (Gatsby) ထဲက ဇာတ်လိုက်တို့၊ ပြီးတော့ ဆမ်းမားဆက်မွန် ရဲ့ The Fall of Edward Barnard ၊ The Lotus Eater နဲ့ သူ့ဝတ္ထု ဘာသာပြန် “လစန္ဒာနဲ့ ခြူးပိုက်ဆံ” ထဲက လောကကို ရှောင်ခွာပြေးတဲ့ ဇာတ်ကောင်တွေ၊ အများနဲ့ မတူုတဲ့ ဇာတ်ကောင်စရိုက်တွေ၊ ဟဲမင်းဝေးရဲ့ The Killer ထဲမှာ ကိုယ့်ကို လာသတ်မှာကို ကြိုသိတာတောင် မတုန်မလှှုပ်နဲ့ ဘာမှ ကြိုတင်မပြင်ဆင်တဲ့ ဇာတ်ကောင်.. သူတို့တွေကို သဘောကျလာတယ်။ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ "The Catcher in the Rye" ဝတ္ထုကို ရေးခဲ့တဲ့ စာရေးဆရာ J. D. Salinger ဟာ နောက်ပိုင်းမှာ လူ့လောက ကို ရှောင်ဖယ်ပြီး သီးသန့် နေထိုင်သွားတယ် ဆိုတာကိုလည်း စိတ်ဝင်စားမိသေးတယ်။


ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ဇာတ်လိုက်တွေက ဇာတ်သိမ်းကောင်းတာများတယ်။ နောက်ပိုင်း စွဲလမ်းလာတဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေက တစ်ယောက်မှ ဇာတ်သိမ်း မကောင်းဘူး။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ အဲဒီ ဇာတ်သိမ်းမကောင်းတဲ့ ဇာတ်ကောင်တွေကပဲ ကိုယ့်ကို inspire ဖြစ်လာစေတယ်။ ဇာတ်သိမ်းကောင်းတဲ့ ဝတ္ထုတွေဟာ ကျွန်တော့်ကို အရင်လောက် မဆွဲဆောင်နိုင်တော့ဘူး။ ဇာတ်သိမ်းမကောင်းပေမဲ့ အဲဒီဇာတ်ကောင်တွေလို ကိုယ့်ပုံစံ၊ ကိုယ့်အတွေး၊ ကိုယ့်ကမ္ဘာနဲ့ပဲ နေသွားချင်တယ်။

ဥပမာ ပြောရရင် …. The Lotus Eater ထဲက ဇာတ်လိုက်လို ကိုယ့်မှာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ အများကြီး မရှိလို့ သူ့လို လှပတဲ့ ကျွန်းလေးမှာ သွားပြီး နေလို့ မရပေမဲ့ … ကိုယ့်အိမ်မှာ ကိုယ့်သီးသန့်ကမ္ဘာလေးဖန်ဆင်းပြီး …. အဲဒီသီးသန့် ကမ္ဘာလေးထဲမှာ… Moby Dick ထဲက ဇာတ်ကောင် ကပ္ပတိန် Ahab က ဝေလငါးဖြူကို အရူးအမူး စွဲစွဲလမ်းလမ်း ဖြစ်နေသလို ကိုယ်လည်း စာပေဖြစ်ဖြစ်၊ အနုပညာဖြစ်ဖြစ်၊ တခြားဟာ တစ်ခုခုကို ဖြစ်ဖြစ် စွဲစွဲလမ်းလမ်း ပျော်မွေ့နေချင်တယ်။ အဲဒီလိုဆိုရင် လူမှှုရေးပိုင်းတွေ၊ စီးပွားရေးပိုင်းတွေ အင်အားနည်းသွားမှာမို့ ကပ္ပတိန် အေးဟက်ဘ် တို့၊ ဂျေးဂတ်စ်ဘီတို့ အဆုံးမှာ ဘဝပျက်သလို ပျက်သွားနိုင်ပေမဲ့ နေတုန်းမှာတော့ ဘဝကို ကိုယ်နှစ်သက်တာတွေချည်းနဲ့ပဲ အပြည့်အဝ နေသွားလို့ ရတယ်လေ။ လူမှှုရေးတွေကို ဘေးချိန်ပြီး ကိုယ်နှစ်သက်တဲ့အရာတွေနဲ့ပဲ ဈာန်ဝင်စားနေမယ်။ 


အခုလည်း အဲလိုဆန်ဆန် ဖြစ်နေတာပါပဲ။ ဘန်ကောက်မှာဆိုတော့ သူငယ်ချင်းတွေ သိပ်မရှိဘူးလေ။ အလုပ်ကိုလည်း အွန်လိုင်းကပဲ လုပ်ရတာ။ တစ်လနေလို့မှ သူငယ်ချင်းတစ်ယောက်နဲ့ မတွေ့ဖြစ်ဘူး။ အပြင်လည်း မထွက်ဖြစ်ဘူး။ သီးသန့်ကမ္ဘာလေးပဲ။

အဲ…. ဘဝက ဝတ္ထုမဟုတ်တော့ အဲဒီ ဝတ္ထုဇာတ်ကောင်တွေလောက်တော့ ကိုယ့်ဘဝကိုယ် ပုံဖော်လို့ မရဘူးပေါ့။ The Lotus Eater ထဲက ဇာတ်လိုက်လို ဖရီးရိုက် မနေနိုင်ဘဲ အလုပ်တွေ ဘာတွေ ကုန်းရုန်း လုပ်ရသေးတာပေါ့။


Documentary တွေထဲကလို တောထဲသွားနေတဲ့ hermit မျိုး မဖြစ်ချင်ပေမဲ့ မြို့ ငယ်ငယ်သေးသေး လေးတစ်ခုက ကိုယ့်အခန်းကျဉ်းလေးထဲမှာ hermit ဖြစ်နေချင်တယ်။  


ကောင်းကင်ကို (၂၀၁၆ ခုနှစ် - နိုဝင်ဘာ ၁၃)

ပြီးခဲ့တဲ့နှစ်က Facebook မှာ တင်ခဲ့တဲ့ ပို့စ်

မှတ်ချက်။ အင်္ဂလိပ်စာလုံးတွေက လူအထင်ကြီးအောင် တမင် ညှပ်သုံးတာမျိုး မဟုတ်ပါဘူးး။ တချို့စာလုံးတွေက အင်္ဂလိပ်လိုကို ပိုစွဲပြီး အာရုံရလို့ ခေါင်းထဲပေါ်လာသလို ရေးထားခဲ့တာ။

Monday, September 19, 2016

(( မန်ယူဆန်တဲ့ ဘဝ ))

--------------------------
ဘဝမှာ
ကံကူမယ့်နှစ်ကို စောင့်ရတာ
မန်ယူရဲ့ အဖြစ်လိုပဲ။
နလန်မထူတဲ့စစ်မှာ
အလံဖြူတွေလည်း များလှပြီ
ရန်သူတွေလည်း ဟားလှပြီ။ 
ကောင်းကင်ကို (စက်တင်ဘာ ၁၉) 


[မန်ယူ...၃]
--------------
"မယုံနိုင်အောင်ဘဲ ... နာကျင်ကြေကွဲ... ရောင်စုံအိပ်မက်တွေ။ မှှုန်ရီလွင့်ပြယ် ပျောက်ဆုံးသွားခဲ့ပြီလေ"
သရဲနီ ကွဲပြီ ဆိုတဲ့ သတင်းငါကြားတိုင်း
"ပုလဲသီ တကွဲစီ" ဆိုတဲ့ သီချင်းစာသား သတိရမိ။
ကောင်းကင်ကို (စက်တင်ဘာ ၁၉)


မန်ယူ (၁)  (ကဗျာအဟောင်းပါ)
-----------
ချဲလ်ဆီးရဲ့ အဟောင်းပန်တော်ကျ နဲ့
သရဲကြီးရဲ့ခေါင်းပြန်ဖော်ရမှာ
သိပ်တော့ မနိပ်။
မော်ရေ...
ပိတ်ဆော့မယ့် ဘတ်စ်ကားကွက်နဲ့တော့
သိပ်ဟော့တဲ့ အမှတ်အသားကို မဖျက်နဲ့နော်။
ကောင်းကင်ကို (သြဂုတ် ၁၃)

Facebook က ဟာကို backdate နဲ့ blog မှာ ပြန်တင်တာပါ။ 

Tuesday, August 23, 2016

ဘောလုံး ကဗျာများ

Facebook မှာ သြဂုတ် ၁၁၊ ၁၂ နဲ့ ၁၃ ရက်နေ့တွေက တင်ခဲ့တဲ့၊ ကျွန်တော့်ရဲ့ ဘောလုံးကဗျာ တွေပါ။

(မက်ဆီ)
----------
ဘာကာရဲ့ ရိုးတွင်းခြင်ဆီ
ဂိုးသွင်းချင်ပြီ တဲ့။

မန်ယူ (၁)
--------
သိပ်တော့ မနိပ်။

မော်ရေ...

မန်ယူ (၂)
--------
မော်ရင်ဟိုကို မြင်ရုံနဲ့
ပျော်ချင်သလိုလို ရင်ခုန်ရပေါ့။

အရောင်ရဲနီ ယူနိုက်တက်က
အောင်ပွဲဆီ အတူလိုက်တက်ဖို့
ကမ္ဘာကျော်ဖလားလိုက် မုဆိုးကြမ်း
စပါယ်ရှယ်ဝမ်းကို စာချုပ်လိုက်ပြီ။

သရဲနီကို
ငရဲပြည်ကို ပို့ရက်တဲ့
ဗန်ဟားကျိန်စာအောက်က
ခံစားချိန် လွန်မြောက်တော့မလား။

အိပ်မက်ထဲကလို အမှတ်တွေလျှံ
သရဲနီဟန်ပန် နဲ့
တစ်ပွဲစီမှန်မှန် ချီတက်နိုင်ပါစေ။

မှတ်ချက်။ ။ ပထမ အပိုဒ်နဲ့ နောက်ဆုံးအပိုဒ်က အရင် ကဗျာဟောင်းထဲကပါ။ 

(ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပေါ် လက်နက်ဆန်း)
--------------------------------------------
မှော်ဆန်အတွေးစစ် နဲ့
တော်လှန်ရေးသစ် စဖို့
ဂွါဒီယိုလာရေ
လာ... ဒီကိုလာ။

တီကီတာကာ နဲ့
ညီညီညာညာ ကစားကြစို့။

Etihad ကွင်းမှာ
အညှိုးအနာတစ်ထောင်နဲ့
မိုးပြာရောင်အသင်း
ဂိုးရာထောင် သွင်းနိုင်ပါစေ။

မှတ်ချက်။ ။ နောက်ဆုံးအပိုဒ်က အရင်တုန်းက ကဗျာဟောင်းထဲကပါ။

(အာဆင်နယ်)
-------------
ပရီးမီးယားလိဂ် ဂြိုလ်အသပြာ မှာ
အမြောက်ဆံတွေ မျိုးတုံးခဲ့တာ
၂၀၀၄ ခုနှစ်ကတည်းက။

အာဆင်ဝင်းဂါးရေ
နာကျင်ခြင်းစကားတွေ ပြောခဲ့ရတာ
၁၂နှစ် ၁၂မိုး ရှိပြီ။

ကြယ်တွေ ဝယ်ပေးပါတော့ကွယ်။
ဖလားလက်မဲ့ဘဝနဲ့
တအားရှက်ခဲ့ရတာ များပြီမို့
အမြောက်တပ်သား အာဆင်နယ် တွေကို
တစ်ခေါက်ထပ်မမှားဖို့ မှာချင်တယ်။

(မှတ်ချက်။ နောက်ဆုံးအပိုဒ်က ၂၀၁၃ ခုနှစ်က ကျွန်တော့်ကဗျာ "ပရီးမီးယားလိဂ် နန်းလုပွဲ အကြို" ထဲကနေ ပြန်ယူသုံးထားတာပါ။
-------------------------------
(ကြိုးကြာနီ)
----------
လီဗာပူး “ဖိုး” - ဘာကာ “ဇီးရိုး” တဲ့။
မျက်လုံးတွေက ပို့တဲ့သတင်း
အရှိတရားနဲ့တောင် ကင်းလွန်းသလို။

Mane ရေ
မင်းရှိနေမယ် ဆိုရင်
ကြိုးကြာနီတို့ အတွက်က
ဂိုးကဗျာသီဖို့ မခက်လှဘူး။

ပရီးမီးယားလိဂ် အဆန်ခရီးတစ်ခုကို
ဖန်တီးမှုတွေ နဲ့ သွားကြမယ်။

မှတ်ချက်။ အလယ်အပိုဒ်က "Mane" ရဲ့ နာမည်ကလွဲရင် ... ကျွန်တော်ရေးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကဗျာထဲက ပြန်ယူထားတာပါ။
--------------------------------------------------
(Leicester City)
--------------
တကယ်ကြီး မြင့်တက်လာတာလား
အလည်ခရီးအဖြစ်ထွက်လာတာလား
ငါ ထီပေါက်နိုင်တယ်လို့တောင် တွေးခဲ့ဖူးပေမယ့်
မင်းတို့ ချန်ပီယံ ဖြစ်နိုင်တယ်လို့ မတွေးခဲ့ဖူးတာကလည်း
ငါ့ဘဝထဲက အမှားတစ်ခုပဲ။

ကောင်းကင်ကို (သြဂုတ် ၁၂)

Wednesday, August 3, 2016

နှင်းဆီခြံ ညှီစော်နံနေကြောင်း ခေါင်းလောင်းသံ

ရွာလေးကပြောတယ်
ကုလားမဝင်ရ ဆိုင်းဘုတ်နဲ့
သူ ရှိုးထုတ်မလို့တဲ့။

မေမေကပြောတယ်
နာနာရိုက်ပေးပါ ဆရာမတဲ့
အပိုင်းဂဏန်းငယ်လေး
ကိန်းပြည့်ဖြစ် လူလားမြောက်တဲ့အခါ
ကြီးနိုင်ငယ်ညှဉ်း ဘဝကြိမ်ဒဏ်က
အခု ကြိမ်ဒဏ်ထက်ပိုနာမှာမို့
တင်ပါးတွေ ခံနိုင်ရည်မြင့်အောင်
လေ့ကျင့်ပေးပါတဲ့။

ဗုဒ္ဓက မိန့်တယ်
ဟဲ့...ယောအတွင်းဝန်ဆိုတဲ့ဒကာ
နင့်စာကိုဖျက်တာ မြင်းထိန်းငတာတယောက်တည်း
ငါ့စာဖျက်သူတွေကို ဒီမှာကြည့်
အို...ဗုဒ္ဓထောက်ပြတာ မြန်မာနိုင်ငံမြေပုံကြီးပဲ။

“သမိုင်းသင်တာ မအအောင်” ဆိုပေမဲ့
“ကွန်စာရှု”မချစ်တဲ့ သမိုင်းဆရာ...
ဆံသသမားအသွင်
မှိုင်းကွက်နင်းပြီး ဝင်လာတယ်။
သူ့လက်ထဲက ကပ်ကြေးတလက်နဲ့
ညှပ်ပြီးသွားတဲ့အခါ
ကလေးတွေရဲ့ ဆံပင်က လုံးဝ...တပုံစံ
တဘက်သတ်အမြင်တွေ ခေါင်းမှာ ကိုယ်စီပန်လို့။

ကောင်းကင်ကို

(သစ်ခက်သံလွင် စာပေအနုပညာ ဝက်ဘ်ဆိုဒ်က ဇူလိုင် ၂၉ က ဖော်ပြခဲ့တဲ့ ကဗျာကို blog မှာ ပြန်တင်တာပါ)

Tuesday, August 2, 2016

တကိုယ်တော်ကဗျာသမား မွေးထားတဲ့ပိုး

Be yourself ဆိုတဲ့ ဇိမ်ခံကား
ကျွန်တော်ငှားစရာ မလိုဘူး။
ကျွန်တော့် ပြဿ       နာက
ကျွန်တော်ဟာ ကျွန်တော် ဖြစ်လွန်းခြင်းပဲ။

အာရုံစိုက်မှု ဆာနေတဲ့
Narcissist မြာတွေလို
တမင်လုပ်ယူချင်တာမျိုးမဟုတ်။
ပင်ကိုယ်လောင်စာပြင်းပြင်းနဲ့
ကိုယ့်ခြေရာကိုယ်နင်းချင်တာ။

ရယ်သံကွဲခြောက်ခြောက်တွေ
အစွယ်နဲ့ပေါက်မှာ မကြောက်ပါဘူး။
အများအယူအဆ တရုန်းရုန်းနဲ့
ကိုယ့်အရှိတရားကိုယ် မဖုံးလိုပါ။

အလာပသလာပ စကားတွေ
ရွှေလိုရှားလာတဲ့ ကျွန်တော့်ပါးစပ်
မြို့လယ်မှာ တောင်ပံခတ်ရင်း
တောသစ်တခုငတ်တယ်။

လူနံ့သူနံ့ကို
တစိမ့်စိမ့်လန့်တတ်သူရဲ့
တံခါးနီအုပ်ထားတဲ့ အာအခေါင်းမှာ
Disable လုပ်ထားတဲ့ လျှာတချောင်း ရှိတယ်။

အကို လေဖြတ်နေတာလားတဲ့။
ရှည်ပြီး လိုက်သွားမိတဲ့ ခရီးမှာ
အတန်းငယ် ကောင်မလေး တယောက်ရဲ့စကား
ဇင်ရဟန်းတပါးနဲ့
သူ...ကျွန်တော့်ကိုမှားတယ်။

နှုတ်ခမ်းက အလုပ်မလုပ်တော့
ခေါင်းက ညိတ်ပြီး အလုပ်လုပ်ရတယ်။
ခေါင်းညိတ်တိုင်း ထောက်ခံတာလို့တော့ မထင်နဲ့။
ညိတ်လိုက်တဲ့ ကျွန်တော့်ခေါင်းရဲ့
လျှို့ဝှက်အဓိပ္ပာယ် ထောင်သောင်း
ကမ္ဘာ့ဓာတ်ခွဲခန်းတွေ ဦးနှောက်ညောင်းလောက်ရဲ့။

အပေါင်းအသင်းနည်းခြင်းဆိုတဲ့ လောကဓံတရား
ကျွန်တော့်ကို ထိုးနေကျ ဓားပဲ။
အထိုးခံရတိုင်း
သွေးတွေထွက်မလာဘဲ
အတွေးတွေ ထွက်ထွက်လာတယ်။

မတူမတန်သလို ဘဝင်ရိုင်းအထပ်ထပ်နဲ့
လူငွေ့ဖြတ်နေတာတော့ မဟုတ်ပါဘူး။
ပင်ကိုယ်ရေခဲမှတ်နဲ့
ချိုမြိန်စကား မတတ်တာပါ။

မပေါင်းချင်ရင်တော့နေပေါ့။
အထီးကျန်လာတဲ့အခါ
ဝတ္ထုထဲက
ဇာတ်ကောင်တွေနဲ့
မျက်နှာဖုံးမပါတဲ့ စကားတွေပြောမယ်။

Be yourself ဆိုတဲ့ ဇိမ်ခံကား
ကျွန်တော်ငှားစရာ မလိုဘူး
ကျွန်တော့် ပြဿနာက
ကျွန်တော်ဟာ ကျွန်တော် ဖြစ်လွန်းခြင်းပဲ။
ကောင်းကင်ကို (၂၃ ဇူလိုင်၊ ၂၀၁၆)

သစ်ခက်သံလွင်စာပေအနုပညာ ဝက်ဘ်ဆိုဒ်မှာ ဇူလိုင်လ (၂၄) ရက်နေ့က ဖော်ပြခဲ့တဲ့ ကဗျာကို blog မှာ ပြန်တင်တာပါ။ 

Thursday, July 21, 2016

စီးကရက်ချစ်သူ

တရားသဘောအရ
သံယောဇဉ်ဆိုတာ
လွတ်လပ်ခြင်းကို အစိမ်းလိုက်စားမယ့်
သားရဲတိရစ္ဆာန်ပဲ။

ဒါပေမဲ့လည်း
ဆေးလိပ်အန္တရာယ်ကို သိလျက်နဲ့ ရှိုက်သူလို
အရက်အန္တရာယ်ကို သိလျက်နဲ့ ကြိုက်သူလို
ဓားပြအန္တရာယ်ကို သိလျက်နဲ့
အိမ်ထောင်ရေး ရထားပေါ်
အတ္တစိတ်ဆိုတဲ့ လက်ဝတ်လက်စားကို
ငါယူလာမိတယ်။

ချစ်သူတို့ ကမ္ဘာမှာ
မလွတ်လပ်မှုဟာ
အထွတ်အမြတ် တခုပါကွယ့်။

ကြည့်စမ်း...
ငါ့နောက်ကျောမှာ
နှုတ်ခမ်းနီဆိုးနေတဲ့ ဓားတလက်။

ကောင်းကင်ကို
"သစ်ခက်သံလွင်" စာပေအနုပညာ ဝက်ဘ်ဆိုဒ်မှာ ဇူလိုင် ၁၂ ရက်နေ့က ဖော်ပြခဲ့တဲ့ ကဗျာပါ။

Sunday, July 3, 2016

တိတ္ထိတစ်ကောင်ရဲ့ အတွင်းပိုင်းစာမျက်နှာ

ငါဟာ
ဘာသာတရားကို စွန့်ခွာခဲ့ပေမဲ့
ဘာသာစကားကို ကိုးကွယ်နေတုန်းပါလား
ငါ့ကိုဆဲတဲ့အခါ... ငါနာတုန်းလေ။

ငါဟာ
ဘုရားသခင်ကို ဝေဖန်ရဲပေမဲ့
အလုပ်ရှင်ကို ဝေဖန်ရဲပါ့မလား
ဖီဆန်မှုကို ကဗျာထင်သူဆိုပေမဲ့... ငါဆာတုန်းလေ။

သြော်...
ဘာသာတရားကို ငါးစာမဟပ်ပေမဲ့
သာယာစကားကို တအားငါငတ်နေပါလား။
လက်ခုပ်တီးမယ့်သူကို... ငါရှာတုန်းလေ။

ကောင်းကင်ကို 

Thursday, June 30, 2016

တနင်္လာသားတစ်ကောင်ရဲ့ ဂျစ်ကန်ကန်စေတနာ

ဗုံးခွဲသူတွေ လက်ချက်နဲ့
ချစ်ကမ္ဘာ မပျက်စေရေး
အလ္လာဟာ
အပြေးအလွှား ယတြာခြေနေရှာတယ်။

သွေးကွက်တွေနဲ့ တိုင်းတာကြည့်လိုက်ပါ။
ကမ္ဘာ့ ဗလီဖျက်သူတွေ စာရင်းမှာ
ဂိုဏ်းကွဲ မွတ်စလင်ချင်း ဗုံးခွဲဖျက်တာ
အစိမ်းသေတွေ အများကြီးပဲ။

အတူတူပဲ။
လေးအသင်္ချေ ကမ္ဘာတစ်သိန်းတန် နာမည်တစ်လုံးကို
ဦးနှောက်အရစ်ပြုန်းတွေက
မီးမွှေးစရာ ထင်းတစ်ချောင်းလို သုံးနေကြတယ်။

မုဒိမ်းမှု ရှာဖွေသွေးထိုးရေး ဦးစီးဌာနမှာ
အရှင်ဘုရားတို့ဒကာ ဘယ်နှစ်ယောက် ပါပါသလဲ။

မုန်းသူတွေ သတ်လို့ မသေခဲ့တဲ့ ဘုရားဟာ
ချစ်သူတွေ သတ်လို့ သေရတော့မှာလား။
ဘုရားစင်တွေပေါ်က ဘုရား
ရင်ဘတ်ကို ဖိဖိထားရတဲ့ ပုံရိပ်တွေ
မြင်ယောင်လာတယ်။

သင်္ကန်းဝတ်ထားပေမဲ့
သီလ ဝတ်မထားဘူးဆိုရင်တော့
ခပ်ကြမ်းကြမ်းဝေဖန်မှုတွေကိုပဲ
လှူဖွယ်ဝတ္ထုလို့ မှတ်လိုက်ပါ ဘုန်းဘုန်း။

ကောင်းကင်ကို (ဇွန် ၂၉ – မနေ့က ရေးထားတာပါ။)

Tuesday, June 28, 2016

တိုက်ကြက်တွေပေါတဲ့ကမ္ဘာ

လူတွေဟာ
ဘုရားသခင်ရဲ့ လှည်းကျိုးကို ထမ်းနေရဆဲ။

ခေတ်ပျက် တက်ဘုရားကို
မေးခွန်းမဲ့ လူသားတွေက
နာခံမှုနဲ့ ပူဇော်လိုက်ကြတဲ့အခါ
အမုန်းတရားတွေဟာ ခါးပတ်နက်။

(အခွန်ကင်းလွတ်ခွင့်ကို မငြိုငြင်ပေမဲ့)
နိုင်ငံတော်ဟာ အခွန်လွတ်ဈေး မဟုတ်လို့
ဒေါသတွေကို တရားနာသူတွေဆီ မရောင်းပါနဲ့။

မြွေပွေးထက်ပြင်းသော အဆိပ်များ
ဟိုဆရာတော့် နှုတ်ဖျားမှာ ရှိတယ်။
နူကလီးယားထက် ဆိုးတဲ့ လက်နက်ပုန်း
ဟိုဗလီဆရာရဲ့ ကန်းမျက်လုံးမှာ ရှိတယ်။

အမျိုးသမီးအင်္ဂါတွေကို မီးခံသေတ္တာထဲ သိမ်းချင်တာလား?
ကိုယ့်ဘုရားနိဂုံး ကိုယ်
အသေခံဗုံးတွေနဲ့ သီကုံးချင်တာလား?

ကမ္ဘာဖျက်နီတိတွေ ထွက်ထွက်လာတဲ့ခေတ်မှာ
အရိုးနံရံ အပေါက်အပြဲကြားက ကြည့်လိုက်။
ကမ္ဘာလေကမ္ဘာလွင့် ဟာ
အမှိုက်ပုံးထဲက ပုပ်သိုးနေတဲ့ မေတ္တာတရားကို
အငမ်းမရ စားလို့။
ကောင်းကင်ကို

Sunday, June 26, 2016

ဆာမူရိုင်း

တင်စားမှုမပါဘဲ ပြောရမယ်ဆိုရင်
ပင်လယ်ကို မဟာဇနက လက်ပစ်ကူးခဲ့သလို
ကျွန်တော်လည်း ဧဝရက်တောင်ကို မျက်စေ့မှိတ်ပြီး နောက်ပြန် တက်နေတုန်းပဲ။

မတူတာ တစ်ခုက
ဆုကြေးနည်းပြီး ဒဏ်ကြေးများတဲ့ လောကမှာ
သေခြင်းတရားသာ မေခလာပဲ။

တကယ်လို့ ဘဝဆိုတာ
tragedy ကျောရိုးမှာ
comedy သဘောမျိုး ညှပ်ထည့်ထားတဲ့ ရုပ်ရှင်ဆိုရင်
ငါဟာ
ဖျက်အားပြင်းလက်နက်တွေကို
ခဲတံချွန်ဓားနဲ့ ခုခံနေရတဲ့ ဆာမူရိုင်း။

ကောင်းကင်ကို (၂၆ ဇွန်၊ ၂၀၁၆)

Monday, June 13, 2016

မဟာကရုဏာရှင်ကြီးများ ခင်ဗျား

ရှေးခေတ်ကြမ်းကြမ်းက
ပဟေဠိတန်းလန်းနဲ့ ဥာဏ်ကွန့် စကားတွေ
အငွေ့ပျံ... တက်သွားလေသလား။
ကောင်းကင်မှာ
ရွှေရောင်ဝင်းဝင်းအရုပ်တွေနဲ့... သွေးရောင်ရဲရဲ အရုပ်တွေ
ကြည့်ရှုသူတွေရဲ့ နှလုံသားပေါ်မူတည်ပြီး
အသွင်အမျိုးမျိုး ဆောင်နေကြတယ်။

အမုန်းအိမ်သာထဲက
ရေဆွဲချ မထားတဲ့ ကျိန်စာတွေကို
ဘုရားသခင်ရေးခဲ့တာပါလို့
ဘယ်မသာ credit ပေးခဲ့တာလဲ။

အဓိပ္ပါယ် လွဲသွားတဲ့ သင်ခန်းစာတွေနဲ့
အဆိပ်မပြယ် အမြဲမှား အမြင်ကန်းတာတွေ
လက်ထပ်ထိမ်းမြားကြတဲ့အခါ
ငရဲပြည်တစ်ခု မွေးဖွားလာတယ်။

သာသနာပြုသူတွေရဲ့ ခြေထောက်မှာ ဗွေပါကြသလို
အကြမ်းဖက်သမားတွေရဲ့ DNA မှာလည်း အတောင်ပံပါကြတယ်။
ဒီလိုနဲ့ အဲဒီငရဲဟာ ဒေသအမျိုးမျိုးကို ကြွလာခဲ့တယ်။
အဲဒီငရဲဟာ 9/11
အဲဒီငရဲဟာ မိတ္ထီလာ
အဲဒီငရဲဟာ ချာလီဟက်(ဘ်)ဒို အကြမ်းဖက်မှု
အဲဒီငရဲဟာ အော်လန်ဒိုဂေးကလပ်

အာဏာရှင်သူခိုးတွေနဲ့
ဘာသာဝင်ဆိုးတွေ
ပါလာရင်...
ဇာတာခွင် ဆိုးတော့တာပဲ။

ကြည့်စမ်း။
ပြည်သစ်တည်ရေး ဓားတွေ အလကားဖြစ်ကုန်ပြီ
အနှီ ချစ်ကြည်ရေး စကားတွေ မတရားညစ်ကုန်ပြီ
အငြိုးနဲ့ မီးပျိုးလာတာကို ရပ်ပါတော့။
အရိုးနဲ့ စည်းရိုးကာမှာကို ရပ်ပါတော့။

ဘုရားရှင် နဲ့ ဘုရားသခင် ခမျာ
အုတ်ဂူမှာ တံတွေးထွေးခံနေရတော့
ပြောရေးဆိုခွင့် နဲ့ ပြောနိုင်ဆိုနိုင်စွမ်းသာ ရှိသေးရင်
ဥာဏ်အလင်းရခဲ့တာ မှားတယ်လို့များ ဟောလေမလား။
ဖန်ဆင်းပြခဲ့တာ မှားတယ်လို့များ ပြောလေမလား။

လူသတ် ဝါသနာအိုးတွေ လက်ချက်နဲ့...
အပူသတ် သာသနာ မိုးတွေ
အဆိပ်ဖြစ်လိုဖြစ်
စနိပ်(ခ်) ဖြစ်လိုဖြစ်နဲ့။

မဟာကရုဏာရှင်ကြီးများ ခင်ဗျား
ဝမ်းနည်းပါတယ်။
ခင်ဗျားတို့ ပေးတဲ့ လက်ဆောင်ကောင်းတွေ
အသက်ထောင်သောင်း ခြွေ နေလေရဲ့။

ကောင်းကင်ကို (ဇွန် ၁၃ - ၂၀၁၆)
(အော်လန်ဒို ဂေးကလပ် အကြမ်းဖက်မှုကို အကြောင်းပြုပြီး ခြုံငုံရေးလိုက်တာပါ)
 

Monday, May 23, 2016

လှသောအကွက်

တမင်မတွေ့ဟန်ဆောင်
ဆင်ဝှေ့ရန်ရှောင်ခဲ့ပြီး
မရွေ့..အလယ်ခေါင်ရပ်
ဝေ့လည်ကြောင်ပတ် နဲ့
အခက်တွေ့ကာမှ
အကွက်ရွှေ့တာလှသတဲ့
ကြံဖန်ချီးကျူးကြတယ်။


အဲဒီ ပြဿနာဟာ
ငုံထားသင့်တဲ့ ကဗျာမျိုးလည်း မဟုတ်ဘူး။
မြုံထားသင့်တဲ့ အနာမျိုးလည်း မဟုတ်ဘူး။


ဆိုပါစို့
ပန်းတစ်မျိုး ကို ပညတ်တပ်တဲ့အခါ
ဘယ်လိုတွေ မခေါ်ရဘူးလို့ နာမည် ၁၀၀ ချပြမယ့်အစား
နှင်းဆီလို့ပဲဖြစ်ဖြစ်
ဆူးပန်းလို့ပဲ ဖြစ်ဖြစ်
မှန်မှန်မှားမှား
စပ်စပ်...ခါးခါး
ပြတ်ပြတ်သားသား
ဆတ်ဆတ်... နား နဲ့ ကြားချင်တယ်။


ကောင်းကင်ကို

Thursday, May 12, 2016

သဲသဲကွဲကွဲ

မှတ်ချက်။ တချို့တွေကိုပဲ ဆိုလိုတာပါ။

ကွဲကွဲတစ်ယောက် မိတ်ဆွေတွေ ဆီက အကြံဥာဏ်ရချင်နေတယ်။ သဲသဲကို ဘယ်သူ့အဆိုအမိန့်နဲ့ တုံ့ပြန်ရမလဲလို့။

ကွဲကွဲ။ ။ နာဂစ် အခြေခံဥပဒေကို မကြိုက်လို့ ငါ မဲမပေးချင်ဘူးကွာ။

သဲသဲ။ ။ ဘာကွ၊ “မတရားမှု တစ်ခုမှာ မင်းကြားနေ နေတယ်ဆိုရင်...မင်း... ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးလိုက်တာနဲ့ အတူတူပဲ” ။ “မင်းလက်သန်းလေးမှာ မင် မစိုရင်.... မြန်မာတစ်နိုင်ငံလုံး သွေးရွှဲရွဲစိုလိမ့်မယ်”


ကွဲကွဲတွေးလိုက်တယ်။ “တကယ်တော့ ငါ မဲမပေးချင်တာ ကြားနေသမား လုပ်ချင်လို့တော့ မဟုတ်ဘူး။ အခြေခံဥပဒေကြီးများ အခုထက်ပိုပြီး တရားဝင် ခိုင်မာသွားနိုင်သလားလို့။ အဲဒီအပေါ်မှာ အခြေခံ တည်ဆောက်ကြမှာကိုး။” 

ကွဲကွဲ က အခြေခံ ဥပဒေကြီးကို ပိုပြီး တရားမဝင်စေချင်ဘူးလေ။ အတုတွေနဲ့ ကျေနပ်နှစ်သိမ့်သွားကြရင် အစစ်ကို ဘယ်တော့မှ ရလာတော့မှာ မဟုတ်ဘူးလို့ အတွေးခေါင်နေပြန်ရော။ ဒါပေမဲ့ အတွေးသာ ခေါင်နေတာ၊ တခြား ဘာလုပ်ရမှာလည်း မသိပြန်ဘူး။ အဆိုးဆုံးကတော့ ဖိနှိပ်သူတွေဘက်က ရပ်နေသူလို့ သဲသဲက စွပ်စွဲလာတာပဲ။ ဒါနဲ့ မခံချင်စိတ်တွေ ပါးပြင်ထောင်လာတယ်။
လက်သန်း ကျည်ဆံ နဲ့ ထွက်လှမ်းဖီဆန် ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်သန်း ကျည်ဆံ နဲ့ ပုခုံးပေါ်က ကြယ်တွေကို ပစ်ချလိုက်မယ်။


ဒီိလိုနဲ့ သဲသဲ၊ ကွဲကွဲတို့ ဇာတ်လမ်းအရတော့ အောင်ပွဲရလာတယ်။ လက်တွေ့မှာတော့ တချို့နေရာတွေမှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ နည်းနည်း ဖြစ်လာပေမဲ့ တချို့နေရာတွေမှာတော့ ကိုငှက်ရဲ့ သီချင်းခေါင်းစဉ်လိုပဲ။ “အရင်အတိုင်း”။


ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းလိုများ ဖြစ်နေတာလား။ “ရှင်ရင် ရွှေထီးဆိုကာ စွန့်စားခဲ့ပေမဲ့၊ ရခါမှကွယ် မိဖုရားက မရှိတယ်” ဆိုသလိုပေါ့။ တောင်ပြိုကမ်းပြို နဲ့ ရွှေထီးဆောင်းပြီးမှ “လွတ်လပ်မှု” ဆိုတဲ့ မိဖုရားနဲ့ ရွှေလက်မတွဲရသေးဘူးလေ။


ဒီလိုနဲ့ အပြောင်းအလဲတချို့ ရှိလာပေမဲ့၊ မမျှတမှုတချို့လည်း ပုံပျက်ပန်းပျက် ဖြစ်လာတယ်။ ရွှေတိဂုံဘုရားမှာ ဖြစ်တဲ့ မတရားမှု၊ Church ထဲမှာ ကျူးကျော်ပြီး စေတီတည်မှု၊ ရခိုင်မှာ တိုက်ပွဲတွေဖြစ်တာ။ ကွဲကွဲ စိတ်ပျက်လာပြီ။


 တက်ကြွတဲ့ လူငယ်တွေ မျက်နှာဖုံးစွပ် ဆန္ဒပြဖို့ စီစဉ်ကြတာ ကွဲကွဲ ကြားတယ်။ ကွဲကွဲလည်း ပါဖို့ ဆုံးဖြတ်လိုက်ပြီး သဲသဲ ကိုပါ သွားစည်းရုံးတယ်။ သူလည်းပါမှာပဲ။ မတရားမှုမှာ ကြားနေနေရင် ဖိနှိပ်သူဘက်က လိုက်သလို ဖြစ်သွားမှာလေ။ ဒီတော့ ကိုယ်လည်းပါမယ်။ သူလည်း ပါလိမ့်မယ်။


သဲသဲက ခပ်ပြတ်ပြတ် လေသံမာမာနဲ့ ငြင်းတယ်။ ကွဲကွဲ နည်းနည်းတော့ ဖုသွားတာပေါ့။ ဒါပေမဲ့ သူ့တုန်းကလို ဒက်စ်မွန်တူးတူး စကားနဲ့တော့ စကားနာ ပြန်မထိုးတော့ပါဘူး။ စိတ်ဆန္ဒထက်သန်မှုနဲ့ လုပ်ရမယ့် ကိစ္စတွေမှာ အတင်းအကျပ်ကိုင်နေလို့ အပိုပဲလေ။ သူ မလိုက်ချင်လည်း နေပေါ့။ ဖိနှိပ်သူဘက်က ရပ်နေတာလို့ စကားနာ မထိုးတော့ပါဘူး။

မဲသာပေးကြ။ နိုင်ပြီးလို့မှ တစ်ခုခု မတရားတာဖြစ်ရင် ထိပ်ဆုံးကနေ ဝေဖန်မယ်” ဆိုတဲ့သူတွေထဲက တချို့လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီ။ “ရက် ၁၀၀” အယူအဆ ခေတ်စားလာတယ်။ ဘာလို့ အဲလို ယူဆကြပါလိမ့်။ တကယ်လို့ ရေတိုနဲ့ ရှင်းလို့ ရမှာမဟုတ်ဘူးလို့ ခံယူထားတဲ့ ကိစ္စတွေဟာ “ရက် ၁၀၀” နဲ့လည်း ရှင်းလို့ ရစရာ အကြောင်းမရှိဘူး။ တစ်ဘက်မှာ ချက်ခြင်း ရှင်းလို့ ရမယ့် ကိစ္စတွေအတွက်ကျတော့လည်း "ရက် ၁၀၀" ပြည့်သည်အထိ အချိန်ဆွဲနေစရာ မလိုပါဘူး။ အဲဒိ ရက် ၁၀၀ အတွင်းမှာ တချို့တွေခမျာ ဘဝပျက်သွားနိုင်တယ်လေ။
 
ကွဲကွဲ တွေးနေတုန်းမှာ သဲသဲက စကား ဆက်လာပြန်တယ်။ “မင်းတို့ ယားတာက အရေးမကြီးဘူး။ မင်းတို့လို လူနည်းစုတွေ၊ ရွာပြင်ကကောင်တွေ ယားလို့ အာဏာပြန်သိမ်းရင် ငါတို့ အများစုတွေပါ ဒုက္ခရောက်မှာ။ မင်း သင်္ချာ မတွက်တတ်ဘူးလား။ မင်းတို့ကောင်တွေ အဖျက်သမားတွေ” ဆိုပဲ။


အရင်တုန်းက မတရားမှု တစ်ခုဖြစ်ရင် အနည်းဆုံး အွန်လိုင်းမှာတော့ ဆဲလို့ရတယ်။ ဝေဖန်လို့ ရတယ်။ အခုကျ.....  

သြော်...အခုကျ .... မတရားမှုကို ဝေဖန်ရုံလေးနဲ့တောင် သွေးဆူတဲ့ကောင်တွေလိုလို၊ စစ်အုပ်စုရဲ ဒလန်တွေလိုလို၊ ကွန်မြူနစ်တွေရဲ့ လက်ဝေခံတွေလိုလို သမုတ်ခံလာရတယ်။ သဲသဲတို့လို လူတွေဟာ မတရားမှုတွေရဲ့ ဒိုင်းလို ဖြစ်လာတယ်။ မတရားမှု တစ်ခုကို ကိုယ်က ဝေဖန် တိုက်ခိုက်ရင် သူတို့က ဒိုင်းလို အရင်ကာပေးနေသလို ဖြစ်လာတယ်။ "freedom from fear" ဆိုတဲ့ စကားကို သဲသဲတို့ လုံးဝ မေ့လိုက်ကြပြီလား။


အဲဒီတော့ အဆိုအမိန့်တွေကို ကိုးကားတတ်တဲ့ သဲသဲကို ... ဘယ်သူ့အဆိုအမိန့်နဲ့ ကွဲကွဲ တုံ့ပြန်သင့်ပါသလဲ။


ရွာပြင် လမ်းထဲမှာ
နာကျင်ဝမ်းနည်း နေတဲ့... ကွဲကွဲ :D

ကောင်းကင်ကို (မေ ၁၂)

Tuesday, May 10, 2016

ဥစ္စာစောင့်တွေရဲ့ ပီယဝါစာ

အညှိုးစစ်ဘုရင်တွေ
ထိုးစစ်ဆင်နေတာကျ
မျိုးချစ်ဘဝင်တွေဆီက
အပ်ကျသံတောင် မကြားရဘူး။

အပြုံးလေးတွေစွက်
ပခုံးလေးတွေ ဖက်ခွင့်ပြုကာမှ
အသည်းအသန်တွေ ငိုပြ
ဆဲသံတွေ ပြိုကျလာတယ်။
ကောင်းကင်ကို (မေ ၁၀ – ၂၀၁၆)

သတ်ပုံအမှန် ပုခုံး အစား အသံထွက်အတိုင်း ပခုံးလို့ ရေးထားပါတယ်။ free hugs လှုပ်ရှားမှု အပေါ် ဆဲဆိုကြတာတွေနဲ့ ပတ်သတ်ပြီး ရေးလိုက်တာပါ။ blogspot ဒေါင်းနေခဲ့တာကြောင့် Facebook မှာပဲ အရင်တင်ခဲ့ပါတယ်။

Friday, February 26, 2016

အိမ်တွင်းပုန်း

အာရောဂျံ ပရာမံ လာဘံ ဆိုပေမဲ့
ကံကိုယုံပြီး ကန်တော်ကြီးတစ်ပတ် မပြေးရဲဘူး။
ကလေးသူခိုးမိုက် ဆိုပြီး
ဆေးထိုးလိုက်တာနဲ့
ဘေးဆိုးဆိုက်နိုင်တဲ့ခေတ်မို့
အိမ်တွင်းပုန်းနေရတယ်။

အလိမ္မာစာမှာရှိတယ် ဆိုပေမဲ့
စာအုပ်ဆိုင်တွေထဲမှာ
ငါ့ လူနှင်ဒဏ်သင့် လိပ်ပြာလေး... တစ်နံနက်ခင်းလုံး မနားချင်တော့ဘူး။
ဘာသာရေးမျက်နှာဖုံးတပ် ဂမ္ဘီရစာအုပ်တွေ
အလင်္ကာသုံး နာဇီလက်သီးတွေ နဲ့
ကွန်ဒုံးစွပ်မထားတဲ့ အဆီပြန် စကားလုံးတွေက
အသင့်စောင့်နေကြတာမို့
allergy ရှိတဲ့ငါ့ခမျာ
အိမ်တွင်းပုန်းနေရတယ်။

မူးယစ်ဆန့်ကျင်ရေးလည်း မလုပ်ချင်ပါဘူး။
သိပ်ရမ်းချင်တဲ့
အဆိပ်ပန်းဘုရင်တွေ
ထိပ်တန်းဝင် ဗိုလ်ကျနေတဲ့ခေတ်မှာ
အခန့်မသင့်ရင် ဆေးရုံရောက်သွားနိုင်တာမို့
ကမ်းလှမ်းလက်တွေကို
ကမန်းကတန်းဝှက်ပြီး
အိမ်တွင်းပုန်းနေရတယ်။

ကောင်းကင်ကို (ဖေဖော်ဝါရီ ၂၆ - ၂၀၁၆)


Monday, January 4, 2016

ကျီးကန်းအရှင်ကြီး ရဲ့ မေတ္တာစာ

သရော်စာကိုလည်း အတည်ထင်ပြီး မဆဲနဲ့။
စော်တကာကိုလည်း အပီခင်ပြီး မတွဲနဲ့။
သရော်စာကို အတည်ထင်ပြီး ဆဲက ဝိုင်းဟား ခံရလိမ့်မည်။
စော်တကာကို အပီခင်ပြီး တွဲက ခိုင်းစား ခံရလိမ့်မည်။

စစ်တပ်နဲ့ကာချုပ်ကို Facebook မှာ သိပ်မစနဲ့။
အပစ်ရပ်စာချုပ်ကို အတွေးညွတ်ကာ စိတ်မချနဲ့။
စစ်တပ်နဲ့ ကာချုပ်ကို Facebook မှာ သိပ်စက တရားစွဲလိမ့်မည်။
အပစ်ရပ်စာချုပ်ကို အတွေးညွတ်ကာ စိတ်ချက တအားလွဲလိမ့်မည်။
ကောင်းကင်ကို

Friday, December 25, 2015

1984

ခရစ္စမတ်တွေ ဘယ်နှစ်ခါပြောင်းပြောင်း
သင်္ကြန်တွေ ဘယ်နှစ်ခါကျကျ
မြန်မာနိုင်ငံဟာ ၁၉၈၄ မှာ ကျောက်ချနေဆဲ။ 

၂ နဲ့ ၂ ပေါင်းရင် ၄ ရတဲ့အကြောင်း
ကာယကံရှင် “၄” ကတောင်
ဘဝနဲ့ရင်းပြီးပြောဖို့ အားမရှိတော့ဘူး။ 

Big Brother က နှိပ်စက်တာလောက်ကို ပြောမနေနဲ့
အများစုမဟုတ်ရင်
ပြည်သူကပါ ပြည်သူကို ဆွမ်းကြီးဝိုင်းလောင်းနေကြတဲ့ခေတ်။ 

အခြေခံဥပဒေရဲ့ မျက်နှာဖုံးမှာ
အာဏာရှင်စနစ်ဟာ
ဒိုရီယန်ဂရေးရဲ့ ရုပ်ပုံလို
မပြောင်းမလဲ နုပျိုနေဆဲ။ 

ချစ်ကြည်ရေးပွဲနိုင်လို့
ကျွန်တော်တို့ လေချွန်နေတုန်းမှာ
ရွှေစွန်ညိုဟာ
မိထွေးလိုလို့ ဝဲနေတုန်း။

 ကောင်းကင်ကို (ဒီဇင်ဘာ ၂၅)

 Ref: George Orwell ရဲ့ 1984
The New Yorker ရဲ့ So Are We Living in 1984? ဆောင်းပါး
Oscar Wilde ရဲ့ The Picture of Dorian Gray

Friday, December 11, 2015

Gender Discrimination နဲ့ ပတ်သတ်လို့

ကမ္ဘာပေါ်မှာ (ယေဘုယျအားဖြင့်) အမျိုးသမီးတွေ တန်းတူ အခွင့်အရေး မရသေးဘူး။ ယေဘုယျအားဖြင့် တစ်ဆင့်နှိမ်ခံနေရတယ် ဆိုတာက အရှိတရား။ အဲဒီအတွက် တိုက်ပွဲဝင်ကြတာ၊ အဲဒါ ပပျောက်ရေး အတွက် “နည်းလမ်းမှန်မှန်” နဲ့ ကြိုးစားကြတာကို အပြည့်အဝ ထောက်ခံပါတယ်။ ဒါပေမဲ့ အမျိုးသမီးဝါဒီ အမည်ခံထားသူတွေရဲ့ အပြောတွေ၊ လုပ်ရပ်တွေနဲ့ ပတ်သတ်လာရင်တော့ ထောက်ခံတဲ့ အပိုင်းရော၊ မထောက်ခံတဲ့ အပိုင်းပါ ရှိတယ်။

ကျွန်တော် အဓိက ပြောချင်တဲ့ အချက်တွေက

(၁)
 ယောကျာ်းတွေ အကုန်လုံးကို သိမ်းကြုံး မကောင်းပြောတာ။ ဥပမာ “ယောကျာ်းများက ဖောက်ပြားတတ်တယ်” ဆိုတာမျိုး။ တကယ်ကတော့ ယောကျာ်းထဲမှာရော၊ မိန်းမထဲမှာပါ ဖောက်ပြားတဲ့သူတွေ ရှိမယ်။ ထားပါတော့ ယောကျာ်းတွေက ဖောက်ပြားတဲ့ ရာခိုင်နှုန်းပိုများတယ်ပဲ ထားပါဦး။ ရာခိုင်နှုန်း တကယ်များနေတယ် ဆိုရင်တောင်.... ရာခိုင်နှုန်းများတိုင်း အကုန်သိမ်းကြုံးပြောခြင်းဟာ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာစေတဲ့ အဓိက တရားခံပဲ။ ဥပမာ... ထိပ်တန်း သိပ္ပံပညာရှင် ရာခိုင်နှုန်းမှာ ယောကျာ်းများတာ၊ ထိပ်တန်း အတွေးအခေါ်ပညာရှင်တွေမှာ ယောကျာ်းများတာကို ကြည့်ပြီး မိန်းမတွေဟာ ယောကျာ်းတွေထက် ညံ့တယ်လို့ ကောက်ချက် မချသင့်သလိုပေါ့။

လိင်ခွဲခြား ဆက်ဆံခြင်း၊ racist ဖြစ်ခြင်း.... အဲဒါတွေမှာ ရာခိုင်နှုန်းလို pattern တွေကိုကြည့်ပြီး stereotype သဘောထားတွေ ပေါ်လာကြတာ။ လူတစ်ယောက်ကို လူလို့ပဲ မြင်နိုင်အောင် ကြိုးစားသင့်တယ်။

လူတစ်ယောက်က ဖောက်ပြန်နေတာလို့ မမြင်ဘဲ၊ လူတစ်ယောက်က အတင်းပြောနေတာလို့ မမြင်ဘဲ .... ယောကျာ်းတွေ ဖောက်ပြန်နေတာ၊ မိန်းမတွေ အတင်းပြောနေတာလို့ မြင်ပြီဆိုရင် ခင်ဗျားကိုယ်တိုင်က စပြီး ခွဲခြား ဆက်ဆံတဲ့သူ ဖြစ်သွားပြီ။

 (၂)

တချို့ ကိစ္စတွေမှာ reality ကို မျက်ကွယ်ပြုပြီး အတင်းလုပ်ချင်ကြတာ။

ဥပမာ... အကုန်လုံး အတင်းကြီး လိုက်ညှိကြေးဆိုရင် ဘောလုံးအသင်း တစ်သင်းမှာ ကျား/မ ဆိုတာတွေကို ဖျောက်ပြီး ... လူ ၁၁ ယောက်ရှိရင် ပြီးရော... ကျားဖြစ်ဖြစ် မဖြစ်ဖြစ် တန်းတူ ကန်ကြပါစေ... ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါမှမဟုတ် ကျား/မ အသင်းမခွဲဘဲ တစ်သင်းမှာ မ ခြောက်ယောက်၊ ကျားငါးယောက် ရှိရမယ်ဆိုပြီး ဇွတ်အတင်း balance လုပ်နေရင်လည်း ကောင်းမှာ မဟုတ်ဘူး။ တကယ်လုပ်သင့်တာက အမျိုးသမီး အသင်းတွေကိုလည်း လူတွေက တန်းတူ တန်ဖိုးထား အားပေးလာအောင်၊ အမျိုးသမီးအသင်းက အမျိုးသမီးကစားသမားတွေ... အမျိုးသားတွေနည်းတူ တန်းတူလစာမျိုး ရလာအောင် ကြိုးစားရမှာ (ဒါက ဥပမာ ပေးရုံ သက်သက်ပါ။ ဘောလုံးကိစ္စမှာ အဲလို အတင်းကြီး လိုက်ညှိနေတဲ့သူလည်း မရှိပါဘူး)

တချို့မိန်းမတွေဟာ ယောကျာ်းတွေထက် ရုပ်ပိုင်းဆိုင်ရာမှာ သန်စွမ်းပြီး ယောကျာ်းတစ်ယောက်ကို အလဲထိုးပစ်နိုင်တာမျိုးတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ရုပ်ပိုင်းဆိုင်ရာအရ တချို့နေရာတွေမှာ ကွာခြားမှု ရှိတယ်ဆိုတဲ့ အရှိတရားကိုတော့ လက်ခံရမှာပေါ့။ မတူဘဲ ကွဲနေတာကို နေရာတကာ အကုန်တူတယ် ဆိုပြီး သွားလုပ်လို့ မရဘူး။

 တကယ်လုပ်သင့်တာက ... မိန်းမတွေက... ယောကျာ်းတွေထက် ပိုစွမ်းတဲ့ နေရာတွေလည်း အများကြီး။ အဲဒီ ကဏ္ဍမျိုးတွေကို၊ အဲဒီအပိုင်းမျိုးတွေကိုလည်း တခြား ကျားတွေကြီးစိုးနေတဲ့ ကဏ္ဍတွေ နည်းတူ တန်ဖိုးထားရေး ကြိုးစားသင့်တယ်လို့ ထင်တယ်။

 (၃)

 အခွင့်အရေး နဲ့ အတူ တာဝန်ယူမှုပါ ကပ်ပါလာမှာ။ သဘာဝအရ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းတဲ့ ကဏ္ဍတွေမှာ အမျိုးသမီးတွေကို ဦးစားပေးတာ၊ lady first လုပ်တာကို လက်ခံပေမဲ့ .... နေရာတကာမှာ အသာစီးလိုချင်ရင်ကျ အားနည်းကြောင်း ထောက်ခံသလို ဖြစ်သွားမှာ။

 ဥပမာ... ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း အသက်ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးတစ်ယောက် ဘတ်စ်ကားပေါ်မှာ နေရာမရဘဲ ရပ်ပြီး စီးနေရတယ် ဆိုပါစို့။ တကယ်ဆိုရင် ကျားတွေဟာ အဲဒီ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ အရ မစော်ကားဖို့ဘဲ လိုတယ်။ နေရာထပြီး ဖယ်ပေးစရာ မလိုဘူး။ နို့မို့ဆိုရင် အမျိုးသမီးတွေဟာ အားနည်သူ အသွင် ဆောင်သွားမယ်။ (ဒါပေမဲ့ လက်တွေ့မှာတော့ လိင်ပိုင်းဆိုင်ရာ အသားယူချင်တဲ့ ကျားတွေ ရှိတော့ နေရာ ဖယ်ပေးလိုက်ပါ ။ အဲဒါက အမျိုးသမီးတွေ အားနည်းလို့ မဟုတ်ဘူး။ မကောင်းတဲ့ကောင်တွေ ရှိနေလို့ အခြေအနေအရ ကူညီလိုက်တဲ့ သဘော)

ပြီးတော့ ... လူတွေကို အေတီအမ်စက်လို သဘောမထားပါနဲ့။ အချောင်လိုချင်စိတ်မျိုး မထားပါနဲ့။ gold digger မလုပ်ပါနဲ့။ အဲ... အဲလိုလုပ်တဲ့သူတွေကတော့ ရှိမှာပဲ။ အဲလိုလုပ်နေရင်လည်း ကျားတွေက လုပ်နေတယ်၊ မ တွေက လုပ်နေတယ်လို့ တရားသေ သဘောမထားပါနဲ့။

(၄) ဘယ်ကိစ္စမဆို ကိုယ်သေချာမသိသေးဘူးဆိုရင်.....တစ်ခုခုဖြစ်တိုင်း “မ” တွေပဲ အမြဲမှန်တယ်၊ ကျား တွေပဲ အမြဲမှန်တယ် ဆိုတဲ့ ကောက်ချက် မဆွဲပါနဲ့။ အခွင့်ကြုံတုန်း မတူတဲ့ လိင်ကို ဆော်လိုက်မယ် ဆိုတဲ့ စိတ်မျိုး မထားပါနဲ့။

 (၅)
အမျိုးသမီးဝါဒီ ဖြစ်တိုင်း ယဉ်လပ်ကို ထောက်ခံစရာ မလိုဘူး။ နိုင်ငံရေးမှာ .... ကိုယ်က အမျိုးသမီးဝါဒီ တစ်ယောက်ဖြစ်ရုံနဲ့ အမျိုးသမီးခေါင်းဆောင် တစ်ယောက်ကို ထောက်ခံစရာ မလိုဘူး။ ဒီလိုပဲ အမျိုးသမီးဖြစ်ရုံနဲ့ မစွမ်းဆောင်နိုင်လောက်ဘူး ဆိုပြီး မနှိမ်သင့်ဘူး။ စွမ်းဆောင်ပြသွားတဲ့ သူတွေ အများကြီး။

(၆)
ဘယ် ယောကျာ်းတစ်ယောက်မှ ယောကျာ်းတိုင်းကို ကိုယ်စားမပြုသလို ဘယ်မိန်းမ တစ်ယောက်မှလည်း မိန်းမတိုင်းကို ကိုယ်စားမပြုဘူး။
 ကောင်းကင်ကို (၁၁ ဒီဇင်ဘာ - ၂၀၁၅)
 Facebook မှာ အရင်တင်ခဲ့တဲ့ ပို့စ်ပါ။

Tuesday, November 24, 2015

နတ်အလို လူမလိုက်နိုင်

လူဆိုတာ အရက်စက် အယုတ်မာတတ်ဆုံး သတ္တဝါတွေ မဟုတ်လား။ လူတွေ လက်တွေ့ကျင့်သုံးနေကြ တာက ကြီးနိုင်ငယ်ညှဉ်းဝါဒပဲ။ လူတွေထက် ဥာဏ်အားနည်းတဲ့ တိရစ္ဆာန်တွေအပေါ်ဆိုရင် လူတွေဟာ ရက်ရက်စက်စက် မွေးမြူ၊ သတ်စား၊ ခိုင်းစားကြတယ်။ 

ဒါပေမဲ့ လူတွေရဲ့ လုပ်ရပ်ကို ရှက်နေတဲ့ သက်သက်လွတ်စားသူ တစ်ယောက်ရှိတယ်။ လူတွေ အသားစားနေတာ၊ တိရိစ္ဆာန်တွေအပေါ် လူတွေ ခေါင်းပုံဖြတ် သွေးစုပ်နေတာ၊ ရက်ရက်စက်စက် သတ်ဖြတ်နေတာကို မကျေမချမ်း ဖြစ်နေတဲ့သူပေါ့။ မကျေမချမ်းဖြစ်ပေမဲ့ သူလည်း ဘာမှ တတ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ သူသွားပြောလည်း ဟိုလူတွေက အရေးစိုက်မှာမှ မဟုတ်တာ။ ဒီတော့ ဘာမှ မပြောဘဲ နေမိတာပေါ့။ ပြောလိုက်မှ ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်ပြီး ပိုဆိုးပြကြမှာ၊ “ဘာဖြစ်လဲ။ သူတို့ဘာသာ တိရစ္ဆာန်ဖြစ်နေလို့ ငါတို့စားတာ။ ဒီလောက်သနားနေရင် ကျားလှောင်အိမ်ထဲ ဝင်နေလိုက်ပါလား။ မြွေကိုအိမ်ပေါ် ခေါ်တင်ထားပါလား” အဲလို အမုန်းစကားတွေ ထပ်ကြားရမှာပဲ အဖတ်တင်နိုင်သွားနိုင်တယ်လေ။ ပြောလိုက်မှ ဆွပေးသလို ဖြစ်ပြီးတောင် ပိုဆိုးသွားနိုင်တယ်။ ဒီတော့ ကိုယ်ဘာမှမတတ်နိုင်သလိုမို့ နှုတ်ဆိတ်နေလိုက်မိပြန်ရော။ စိတ်ထဲမှာတော့ ကြေကွဲလို့ပေါ့။

ဒါပေမဲ့ မရဘူး။ အဲဒီမှာ နတ် ပညာရှိ အုပ်စုဆီက အသံတွေ ထွက်လာတော့တာပဲ။ “မင်းကိုယ်တိုင်က သက်သက်လွတ်သမား ဆိုပေမဲ့... အသားစားသူတွေနဲ့ အစားခံရသူတွေကြားမှာ မင်း... ဘာမှမပြောဘဲ ကြားနေနေတယ်ဆိုရင် မင်းလည်း အသားစားသူပဲ” .... “မင်းဟာ လူဆိုတဲ့ အကြမ်းဖက်ကောင်တွေ လုပ်တဲ့ ကိစ္စမှာ နှုတ်ဆိတ်နေတယ်။ ဒီတော့ မင်းလည်း အကြမ်းဖက်သမားပဲ” .... “အနည်းဆုံး ကုလသမဂ္ဂလိုတော့ စိုးရိမ်ကြောင်း ကြေညာသင့်တယ်။ အနည်းဆုံး Facebook မှာ profile လေးတော့ ပြောင်းသင့်တယ်”

ဟုတ်သားပဲ။ ဒီတော့ သူ profile လေး ပြောင်းလိုက်တာပေါ့။ နွားလေး အသတ်ခံရတော့မယ့် သနားစရာပုံလေး။ အဲဒီမှာ တချို့ပညာရှိနတ် တွေဆီက အသံတွေ ထွက်လာပြန်ရော။ ဒီကောင်ဟာ “နွားတွေကိုမှ ရွေးသနားတဲ့ကောင်” ဆိုတဲ့ အသံတွေ။ တကယ်တော့ အဲဒီ ပညာရှိ နတ်တွေ ပြောတာလည်း တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်။ တချို့လူတွေဟာ အဲလို ခွဲခြားခွဲခြား လုပ်နေကျ hypocrite ကောင်တွေလေ။ အဲဒါနဲ့ နောက်တစ်ရက်ကျတော့ ဝက်လေး အသတ်ခံရတော့မယ့် သနားစရာပုံလေးကို ပြောင်းတင်လိုက်တာပေါ့။ အဲဒါလည်း မလွတ်ပါဘူး။ တခြား ပညာရှိနတ်တွေက ပြောပြန်တယ်။ ဒီကောင်ဟာ ဝက်ကိုမှ ရွေးသနားတဲ့ကောင်တဲ့။ ဒါပေမဲ့ သူကတော့ တကယ်စေတနာနဲ့ ပြောင်းတာပါ။ ဒါပေမဲ့ လူတွေထဲမှာ စံနှုန်းနှစ်မျိုးနဲ့ကောင်တွေများတော့ သူုပါ သိမ်းကြုံးအပြောခံရတော့တာပေါ့။

တော်ပြီ။ ပရိုဖိုင်းပုံပြောင်းပြီး စာနာပြရတာ စိတ်ရှုပ်စရာ။ counterproductive ဖြစ်နေပြီ။ စာသားတွေနဲ့ပဲ စာနာကြောင်းပြတော့မယ်။ စာသားတွေနဲ့ပဲ တောင်းပန်တော့မယ်လို့ သက်သက်လွတ်သမားလေး တွေးလိုက်တယ်။ သူ့ကိုယ်သူ လူသားတစ်ရပ်လုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် အသွင်မျိုးဖမ်းပြီး စတိုင်အပြည့်နဲ့ ဒီလိုကလေး ရေးလိုက်တယ်။

ဒီလူဆိုးတွေဟာ လူနာမည်ခံယူထားပေမဲ့ တကယ်တော့ လူ မဟုတ်သူတွေပါ။ လူစိတ် မရှိသူတွေပါ။ လူဆိုတဲ့ နာမည်ကို ခံပြီး လူ့ကျင့်ဝတ်ကို မလိုက်နာကြတဲ့ သူတွေပါ။ သူတို့နဲ့ ကျွန်တော်တို့ မတူပါဘူး”။ အဲလိုကလေး ရေးပြီး တောင်းပန်လိုက်တာပေါ့။ ဟန်ဆောင်တောင်းပန်တာတော့ မဟုတ်ဘူး။ နှစ်နှစ်ကာကာ တောင်းပန်လိုက်တာ။ စည်းခြားပြလိုက်တာပေါ့။

အဲလိုတောင်းပန်လိုက်တော့ နတ်တွေရဲ့ တုံ့ပြန်မှုလေးတွေတော့ ရပါတယ်။ တုံ့ပြန်မှုတွေကတော့ “ဘောပဲ။ မင်းလည်း သူတို့လို လက်နှစ်ဘက်၊ ခြေနှစ်ဘက်နဲ့ လူစကား ပြောနေတဲ့ကောင်ပဲ။ သူတို့လို ဝတ်စားဆင်ယင်ပြီး သူတို့လို နေထိုင်နေတဲ့ကောင်။ မကောင်းတဲ့ ကောင်တွေကို ကိုယ့်အုပ်စုနဲ့ မဆိုင်သလို၊ မကောင်းတဲ့ကောင်တွေဟာ လူမဟုတ်သလိုလို ပြောပြီး... ကိုယ့်အုပ်စုရဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးနေတာ။ လူတွေဘက်ကနေ ဆင်ခြေဆင်လက် ပေးနေတာ” တဲ့။

ကဲ ... အသားစားတဲ့ လူတွေကြားထဲက၊ အမျိုးမျိုးပြောနေကြတဲ့ နတ်တွေကြားထဲက သက်သက်လွတ်သမားလေး ဘာလုပ်ရမလဲဟင်။


ကောင်းကင်ကို


Thursday, November 12, 2015

Obsession

ငါဟာ ကပ္ပတိန် အေးဟက်(ဘ်)
ငါဟာ ဂတ်(စ်)ဘီ
ငါဟာ ချန်ထွန်းအောင်
ငါဟာ ဘကြီးအောင်ရဲ့ ဆင်စွယ်ရုပ်လေးကို
စွဲလန်းနေတဲ့ကောင်။

ကောင်းကင်ကို (နိုဝင်ဘာ ၁၂) ၂၀၁၅

Ref

ဝတ္ထုများ
--------
Moby Dick (by Herman Melville)
The Great Gatsby (by F. Scott Fitzgerald)
နတ်ကာဖီ (နေဝင်းမြင့်)
ဘကြီးအောင်ညာတယ် (မင်းသုဝဏ်)

Wednesday, November 11, 2015

အမှိုက်ထဲတွင် ရှာဖွေခြင်း

မေးခွန်းက ထူးဆန်းနေလည်း
ခက်မလိုလို နဲ့ လွယ်တယ်။

ကမ္ဘာကြီးစွန့်ပစ်ချင်တဲ့ အတွင်းပစ္စည်းတွေထဲမှာ
လူမသေဖူးတဲ့ အိမ်က မုန်ညင်းစေ့ထက် ရှားတာတွေ ဆွဲထုတ်ပြပါတဲ့။
ဒုက္ခတွေက လက်ပူးလက်ကြပ် ချရေးလိုက်တယ်။

()
မျက်နှာပေါင်းတင်ထားတဲ့ ခြင်္သေ့ဝတ်ရုံအောက်က
တက်ကြွတဲ့ လူသားဝါဒီ

()
လင်မယားကိစ္စ အနံ့လိုက်ခံနေတဲ့ အဖွဲ့ထဲက
အကျင့်သီလနဲ့ ပြည့်စုံတဲ့ သောနုတ္တရ

()
ဘုရားသခင်ကို လည်ပြန်လှီးနေတဲ့ IS အဖွဲ့ထဲက
ဂုတ်ကျားလောက် ဦးနှောက်ရှိပြီး ဘေဘီလုံး လောက် နှလုံးသား ရှိတဲ့သူ။

ကောင်းကင်ကို









Tuesday, November 3, 2015

မှော်ရုံတော နဲ့ ခြူးပိုက်ဆံ

၁၉၉၈ လောက်တုန်းက မှော်ရုံတောမှာ မောလှပြီကို အရင်ဖတ်ဖြစ်ပြီး၊ နောက်ခြောက်လလောက်နေတော့ လစန္ဒာနဲ့ ခြူးပိုက်ဆံကို ဖတ်ဖြစ်တယ်။ မှော်ရုံတော ကို အရင်ဖတ်ထားတာ ဆိုတော့ ခြူးပိုက်ဆံကို ဖတ်ပြီး တမျိုးကြီး ဖြစ်သွားတယ်။ မှော်ရုံတော ထဲမှာက ဂေါ်ဂင်က စိတ်ကူးယဉ်သူရဲကောင်း ဆန်ဆန် ဖြစ်နေပြီး၊ ခြူးပိုက်ဆံထဲမှာကျ (ဂေါ်ဂင်ကို မှီးပြီး ပုံဖော်ထားတဲ့) စထရစ်ကလန် က ရက်စက်တဲ့သူလို ဖြစ်နေတာကိုး။ အဲဒီတုန်းက မှော်ရုံတောကိုပဲ ပိုကြိုက်တယ်။ ခြူးပိုက်ဆံ ကို သိပ်သဘောမကျဘူး။

ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ မှော်ရုံတော က ဒရမာတွေများ စာရေးဆရာ ဖန်တီးယူတာတွေများပြီး စိတ်ကူးယဉ်ဆန်သလို၊ အစစ်နဲ့ ပိုဝေးသလို ခံစားရတယ်။ (ဝတ္ထုပေမဲ့) ခြူးပိုက်ဆံက သဘာဝ ပိုကျသလို ခံစားရတယ်။

ဘာသာပြန်တွေပဲ ဖတ်ဖူးတာပါ။

Thursday, October 22, 2015

အရက်သမားများ ဂုဏ်တက်ခြင်း

()
ဘာသာရေး ဆိုတာ အရက်သမား၊ ဆေးသမား တစ်ယောက်ကိုတောင် ဂုဏ်တက်သွားစေနိုင်တယ်။

()
ဘယ်လို ဂုဏ်တက်စေနိုင်သလဲ?
ဘာသာရေး အစွန်းရောက်ပြီး ဘာသာရေးနာမည်နဲ့ ဗုံးခွဲနေကြ၊ လူသတ်နေကြတော့.... 

အရက်သမား တစ်ယောက်ကို တွေ့တဲ့အခါ 

... ဒီကောင်ကတော့ အရက်လည်း သောက်တယ်ကွ။ ဆေးခြောက်လည်း ရှူတယ်။ ဒါဆို ဒီကောင် ဘာသာရေး အယူမသည်းတဲ့ကောင်ပဲ။ ငါတို့ ကြောက်စရာ မလိုတော့ဘူး” ဆိုပြီးတော့။

()
ဟုတ်တော့လည်း ဟုတ်တယ်။ နေရာတကာ ဘုရားအကြောင်း ပြောတတ်တဲ့သူတွေ တွေ့ရင် ခင်ဗျားလည်း ဘုရားသာ တနေပေတော့။ အဆင်မပြေဖို့၊ ဒုက္ခရောက်ဖို့က ၅၀ ရာခိုင်နှုန်းကျော် ရှိတယ်။

(၄)
ခေတ်သစ်အမြင်မှာ၊ လူသားဝါဒီတွေရဲ့ အမြင်မှာ အရက် အလွန်အကျွံ စွဲနေတဲ့လူကမှ တင့်တယ်ဦးမယ်။ ဘာသာရေး အလွန်အကျွံစွဲလမ်းနေတဲ့လူက အမြင်မတင့်တော့ဘူး။

ဘာသာရေး အလွန်အကျွံ စွဲလမ်းမှုဆိုတာ ရှက်တတ်မယ်ဆိုရင် တကယ်ကို ရှက်စရာ။

ကောင်းကင်ကို (အောက်တိုဘာ ၂၂) 

Wednesday, October 21, 2015

ပြောင်းလဲချိန်တန်ပြီ

မြန်မာနိုင်ငံကို လက်တွေ့ ပြောင်းလဲပေးနိုင်မှာ တစ်ဖွဲ့ပဲ ရှိတယ်။ ၂၀၁၃ တုန်းက မိတ္ထီလာမှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေမှုတွေ ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ အဖွဲ့ပေါ့။


သူတို့ကြောင့် အဆောက်အဦး အဟောင်းတွေ နေရာမှာ အဆောက်အဦးသစ်တွေ ပေါ်လာတယ်။ အမယ်... သူတို့ကြောင့် နိုင်ငံခြားက အလှူငွေတွေတောင် မြန်မာနိုင်ငံထဲ ဝင်လာလိုက်သေးတယ်။ လူတွေလည်း ကောင်းကင်ဘုံတို့ ၊ နတ်ပြည်တို့ကို မြန်မြန်ရောက်ရော။

ကဲ... ရွာစားရေ... မြန်မာပြည် ပြောင်းလဲဖို့၊ ကမ္ဘာမကျေအကြောင်း သီချင်းနဲ့ ပို့။


Friday, October 16, 2015

သက်ဆိုး

ကျွန်တော်တို့ဆီမှာ
ရေရှားပေမယ့်
တံလျှပ်တွေပေါတယ်။

အနာဂတ်မဲ့ ခံစားချက်တွေ ခဏပျောက်ဖို့
ပုလင်းတွေ တစ်လုံးပြီး တစ်လုံး ဖောက်ခဲ့ရပေါ့။
အခုပုလင်းရဲ့ expire date ကို စစ်ကြည့်လိုက်တော့
နိုဝင်ဘာ ၈ ရက်။

လူတိုင်းသေရမယ့် လောကမှာ
ကိုယ့်အတွင်းစိတ် ငရဲကမ္ဘာကို ရှောင်ဖို့
သိပြီးသား မဲပြာပုဆိုး ရုပ်ရှင်ကို
ခဏပြန်မေ့ထားပြီး
အတင်း ရင်ခုန်နေရတဲ့ အရသာမျိုး။

ဘာမှလုပ်လို့ မရတဲ့အတူတူ
ယူနီဖောင်းအသစ်နဲ့ ဘုရားသခင်တွေဆီက ဆုတောင်းကြရ။

တင်အေးရဲ့ ကျေးဇူးကြောင့်
ဘန်ကောက်ကလို
ကမ္ဘာကျော်တွေရဲ့
သရုပ်ပြသက်သက် တင်းနစ်ပွဲမျိုး မလိုတော့ဘူး။

တကယ်က
နာကျင်မှုဆိုတာ
သတိပြုတုံ့ပြန်မှုတွေရဲ့အစပါ။
ခုတော့ ထုံဆေးဆန်ဆန် ထွက်ပေါက်တွေအောက်မှာ
တုံ့ပြန်လိုခြင်းတွေ အသက်ပျောက်ခဲ့။

မြန်မာနိုင်ငံဆိုတာ
Coma ရနေတဲ့ လူနာ၊
စက်အကူအညီနဲ့ အသက်ဆက်နေရကြောင်း သိဖို့
ကိုယ့်ဘာသာကိုယ် မှန်ထ မကြည့်နိုင်ရှာဘူး။

တစ်တိတိနဲ့ ရေရှည် ပျက်စီးနေမယ့်အစား
ဝုန်းခနဲ ပြိုကျသွားမှ
နောင်တတွေက ပြန်တည်ဆောက်ကြမှာမို့
မြန်မာနိုင်ငံရေ...
မင်းကို အထိန်းရပ်ပြီး
အဆင်းကိုဘီးတပ်ချင်တယ်။

ကျွန်တော်ဟာ
နည်းပြ ပြုတ်စေချင်လို့
ကိုယ့်အသင်း ဂိုးပြတ် ရှုံးစေချင်သူတစ်ယောက်။
စစ်အာဏာရှင်တွေ ပြုတ်ဖို့
ပြဿနာမီးတောက်တွေ
မြန်မာနိုင်ငံကို ဂိုးပြတ်သွင်းပစေ။

ကောင်းကင်ကို (၁၆ အောက်တိုဘာ၊ ၂၀၁၅)
မှတ်ချက်။ ။ သွင်းပစေ = သွင်းပါစေ ကို အသံထွက်အတိုင်း ရေးထားတာပါ။