Thursday, September 6, 2018

ဗုဒ္ဓနုဿတိ

Miracle ဆိုတာ ကောင်းကင်ပေါ် ဈာန်ပျံနိုင်မှ မဟုတ်။ ကိုယ်ခန္ဓာကို မုန်ညင်းစေ့လောက် သေးပြနိုင်မှ မဟုတ်။ Miracle ဆိုတာက သာမန်လူတွေ မချစ်နိုင်တာကို ချစ်နိုင်တာမျိုး၊ သာမန်လူတွေ ခွင့်မလွှတ်နိုင်တာကို ခွင့်လွှတ်နိုင်တာမျိုးကလည်း Miracle ပဲ။ ချစ်ခြင်းတွေ၊ ခွင့်လွှတ်ခြင်းတွေမှာ လောကကို တောက်ပစေနိုင်တဲ့ အတိုင်းအဆမဲ့ အလင်းရောင်ခြည်တွေ ရှိနေတယ်လေ။ ဒါကြောင့် ကျွန်တော် ကဗျာလေး တစ်ပိုဒ်ရေးဖြစ်ခဲ့တယ်။ 

Miracle ဆိုတာ 

တန်ခိုးတော်ဈာန် အစွမ်းအစနဲ့ 
မိုးပေါ်ပျံသန်းပြမှ မဟုတ်။ 

လုပ်ကြံလာသူကိုတောင်... 
ဗုဒ္ဓက အတားအဆီးမဲ့ အစွမ်းမြူ မနောအားနဲ့ 
သားသမီးနဲ့ တန်းတူ သဘောထားပြီး ချစ်နိုင်တာမျိုး။ 

 (ကောင်းကင်ကို) - ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ 

 Facebook ပေါ်က post ကို back date နဲ့ blog ပေါ် ပြန်တင်တာပါ။

Tuesday, April 17, 2018

နှစ်သစ်ဆုတောင်း

အမှားပို လက်နဲ့
ဘုရားကို ဝှက်ခဲ့သူတွေ
အများကို ရှက်ကာ
တရားကို မျက်နှာမူပါစေ။

 (ကောင်းကင်ကို)

Wednesday, September 27, 2017

ရခိုင်အရေး သတင်းပြန်ကြားရေး

 ရခိုင်အရေးမှာ မီဒီယာကဏ္ဍ အလှည့်အပြောင်းတစ်ခုက ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ပုံတွေကို လုပ်ကြံဖန်တီးလိုက်တာ။ အဲဒါက သတင်းအတု တင်တာထက် ဆိုးတယ်။ ဘာလို့တုန်းဆိုတော့ မတော်တဆ အမှားတင်မိတာ မဟုတ်ဘဲ ... ရုပ်ရှင်ရိုက်သလို လုပ်ကြံ ဖန်တီးတာမို့။ ပြီးတော့ သာမန်လူတွေ၊ သာမန်လော်ဘီတွေက တင်တာမဟုတ်ဘဲ တာဝန်ရှိတဲ့ အရာရှိက တင်တာဆိုတော့ credibility က လုံးလုံးကျသွားရော။ နှစ်ဘက်လုံးက သာမန်လူတွေ၊ သာမန်လော်ဘီတွေမှာတော့ လူပေါင်းစုံမို့ အဲဒါမျိုးလုပ်တာတွေက အများကြီးရှိမှာ။ ဒါပေမဲ့ အစိုးရ ထိပ်တန်း အရာရှိက အဲဒါကိုတင်ပြီးမှ ရူးချင်ယောင်ဆောင်ပြီး ဖြုတ်ချသွားတယ်။ အရေးယူမယ် ပြောပေမဲ့ ခုထိ ဘာမှလည်း နောက်ဆက်တွဲမကြားရဘူး။ အဲဒီလုပ်ရပ်ကြောင့် တကယ်အမှန်အကန် သတင်းတွေပါ မြောင်းထဲရောက်သွားနိုင်တယ်။ ကျွန်တော်ဆိုလည်း မယုံတော့ဘူး။ အဲလောက်ထိ လုပ်ကြံဖန်တီးတဲ့သူတွေဟာ တခြားဟာတွေလည်း လစ်ရင် လစ်သလို လုပ်ကြံဖန်တီးပြီး  အမြတ်ထုတ်မှာပဲ။ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုပြီး လုပ်ကြံဖန်တီး ဓာတ်ပုံရိုက်တာကို အဲဒီလိုဒေသမှာ ဇာတ်ညွန်းရေး ခိုင်းစေနိုင်မယ့်အဖွဲ့၊ ပြီးရင်  အဲဒီပုံတွေကို ခပ်တည်တည်နဲ့ တင်မယ့်အဖွဲ့ဟာ ဘယ်အဖွဲ့ဖြစ်မလဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစား စရာတောင် မလိုဘူး။ အဲလောက်အထိ လုပ်တယ်ဆိုတော့ တခြားဟာတွေလည်း လုပ်မှာပဲ။ ပြီတော့ လံကြုပ်တွေကို သာမန်လော်ဘီတွေက ဇာတ်လမ်းဆင်တာနဲ့ နိုင်ငံတော်လိုဟာက ဇာတ်လမ်းဆင်တာလည်း အပြစ်ချင်း မတူဘူးနော်။ နိုင်ငံတကာဟာ၊ အစိုးရတွေ လုပ်တာကို ပိုအပြစ်တင်မှာပဲ။

တချို့က ကိုယ့်နိုင်ငံက အာဏာပိုင်တွေရဲ့ သတင်းပြန်ကြားရေးက အားနည်းတယ်လို့ ထင်နေကြတာ။ အတယ်၊ တုံးတယ်လို့ ရိုးရိုးသားသား ထင်နေကြတာ။ ကျွန်တော်တော့ အဲလို မထင်။ ဖြစ်ပျက်နေတဲ့  အချိန်မှာ ပေးဝင်လိုက်ရင် ပြီးရော ဆိုပြီး လူတွေက ထင်နေကြတာ။ အားမလို အားမရ ဖြစ်နေကြတာ။ ပေးဝင်လိုက်ရင် ခုနကလို အိမ်မီးရှို့တဲ့ လံကြုပ်လိုဟာတွေ၊ တခြားလူတွေ မသိနိုင်တဲ့ဟာတွေကို ဘယ်လုပ်လို့ ရတော့မလဲ။ ပေးမဝင်တဲ့အတွက် အဝေဖန်တော့ ခံရမယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လေ။ ဘယ်သူမှ မရှိတော့ လိုသလို ကစားလို့ ရတယ်။ စိတ်ကြိုက် ဇာတ်ညွှန်းရေးလို့ ရတယ်။ ကိုယ့်ကိုယ်ကိုယ် အာဏာပိုင် ရှှုထောင့်နေရာက ဝင်ပြီးတွေးကြည့်။ ပေးဝင်မယ်ဆိုတဲ့အချိန်ဟာ စိတ်တိုင်းကျစီမံပြီးတဲ့အချိန်ကျမှ ပေးဝင်လို့ ဖြစ်မှာ။ ပေးမဝင်လို့ ခံရတဲ့ဖိအားနဲ့၊ မဟုတ်တာလုပ်တာတွေ အကုန်ပေါ်ကုန်လို့ ခံရမယ့် ဖိအားက တူမှ မတူတာ။ ဒီတော့ ကိုယ်နိုင်ငံကာ အာဏာပိုင်တွေဟာ "အ" တာမဟုတ်ဘဲ လူလည်တွေပါ။ အာဏာပိုင်တွေကို "အ" တယ်လို့ ရိုးရိုးသားသား အားမလိုအားမရ ဖြစ်နေတဲ့သူတွေက  "အ" နေတာ။

(ကောင်းကင်ကို)

2017 တုန်းက ရေးသားခဲ့တဲ့ Facebook post ကို blog မှာ အဲဒီအရင် date အတိုင်း ပြန်တင်တာပါ။


Wednesday, September 20, 2017

စိတ်အကြောင်း စမ်းသပ်ချက် (experiment) နဲ့ ဒေါ်စု

Psychology Experiment လို့ပဲ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ် တပ်လိုက်ပါရစေ။ ဟဲဟဲ။ ပုဂ္ဂိုလ်ရေး လေးစားမှှု၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှှုဟာ ဘယ်အတိုင်းအတာ အထိ တာသွားသလဲ။ ခေါင်းဆောင်တစ်ယောက် ပြောခဲ့တဲ့ quotation ကို ပြောသူ နာမည်ဖျောက်လိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ စကားတစ်ခွန်းရဲ့ အမှန်တရားဟာ ပြောသူအပေါ် မူတည်နေလားဆိုတာ သိဖို့ စိတ်စမ်းသပ်ချက် တစ်ခု လုပ်ခဲ့တယ်ပဲ ဆိုပါစို့။ ဟီး။


ကျွန်တော့်မှာ တက္ကသိုလ်ကတည်းက ပြောမနာ ဆိုမနာ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က Ko Aung တဲ့။ သဘောကောင်းလှတဲ့လူဆိုတော့ သူ့ကိုပဲ အစမ်းသပ်ခံ ကြွက်ဖြူုလေး အဖြစ် အသုံးချရတာပေါ့။ ခိခိ။ 


သူက ဒေါ်စုကို အင်မတန် လေးစားချစ်ခင်တဲ့သူ။ ဖြစ်သင့်ပါတယ်။ ထားပါတော့။ ဒေါ်စု ပြောခဲ့တဲ့ quotation တစ်ခု ရှိတယ်။ “Sometimes I think that a parody of democracy could be more dangerous than a blatant dictatorship, because that gives people an opportunity to avoid doing anything about it.” တဲ့။ အကြမ်းဖျဉ်း စာချောအောင် ဘာသာပြန်ရရင်တော့...  “ဒီမိုကရေစီကို သရော်တဲ့ ပုံစံ (ဒီမိုကရေစီ အတု) ဟာ ဗြောင်ကျကျ အာဏာရှင် စနစ်ထက်တောင် ပို အန္တရာယ် ကြီးသေးတယ်လို့ ကျွန်မထင်တယ်။ ဘာလို့လည်းဆိုတော့ (အဲဒီအဖြစ်ကနေကနေ လွန်မြောက်ဖို့အတွက်) လူတွေ တစ်ခုခုလုပ်မယ့် အရေးကို ဝေးကွာစေလို့ပဲ” ဆိုတဲ့ သဘောပေါ့။


အဲဒါ စိတ်စမ်းသပ်ချက် လုပ်ချင်တော့ ပြောသူနာမည်ကို ဖျောက်လိုက်ပြီး ဒီစကားရပ်ကို မင်းဘယ်လိုမြင်လဲ။ အဲဒါ အရင်က ပြည်ပမှာနေခဲ့တဲ့လူတစ်ယောက် ပြောခဲ့တာဆိုတဲ့ သဘောမျိုးနဲ့ သူ့ကို မေးလိုက်တဲ့။ သူ့ အဖြေက အဲဒီစကားကို nonsense တဲ့။ ကျွန်တော် ထိုင်းမှာ နေရတော့ မဲစာရင်း မပါတော့ မဲမပေးနိုင်ခဲ့တာကိုလည်း သိတော့ သူက ဆက်ပြောတာပေါ့။ မဲမပေးခဲ့တဲ့သူဟာ အစိုးရကို အခုမှ ဝင် မဝေဖန်သင့်ဘူး ဘာညာပေါ့။ တခြား quotaiion တစ်ခုကိုပဲ ချစ်ရတဲ့ သူငယ်ချင်းကြီးက ကိုးကားပြောသွားတာ။ သူက quotation တွေ ကြိုက်တဲ့သူမို့ သူ့ကို တမင် စမ်းသပ်လိုက်ကတာလည်း ပါတယ်။ ဟီး။ တကယ်တော့ မဲမပေးခဲ့တဲ့သူက မဝေဖန်ရဘူးဆိုတာကလည်း သဘာဝ မကျပါဘူး။ မဲပေးခဲ့ခဲ့ မပေးခဲ့ခဲ့ လူတိုင်းဟာ ဥပဒေတွေကို လိုက်နာနေရပြီး၊ impact တွေကလည်း မဲမပေးခဲ့သူအပါအဝင် လူတိုင်းအပေါ် သက်ရောက်တယ်လေ။ အဲဒိလောဂျစ်ကြီးက သဘာဝ မကျပါဘူး။


အဲဒါနဲ့ nonsense လို့ သူေြပြာပြီးတော့မှ အဲဒီစကားက ဒေါ်စု ပြောခဲ့တာဆိုတော့ ကျွန်တော့်ကို ဆဲပါလေရော။ မင်းက quotaion တွေကို ဖြတ်ညှပ်ကပ်တဲ့။ မဆိုင်ဘူးလေ။ သူလည်း quotation တွေဆို တင်နေကျ။ သူ့စိတ်ကို စမ်းသပ်ချင်လို့သာ ပြောသူနာမည်ကို တမင် အာရုံလွှဲလိုက်တာ။ အဲဒီမှာ ပြောသူရဲ့ အရှိန်အဝါ မပါတော့ အဲဒိစကားကို nonsense လို့ ပြောပါလေရော။ ကျွန်တော့်ကိုလည်း မီဒီယာသောက်ကျင့်ဆိုပြီး စွပ်စွဲတာပေါ့။ exile ညှော်နံ့မိနေပြီလို့လည်း စွပ်စွဲသေးတယ်။ ဘာဆိုင်လို့လဲ။ သိချင်လို့ စမ်းသပ်ကြည့်တာလေးကို။ ဟီး။ ကျွန်တော်ကလည်း အားကျမခံ ပြန်ပြောတာပေါ့။ မင်းက ငါ့ရဲ့ အစမ်းသပ်ခံ ကြွက်ဖြူလေးလို့။ ဟီး။ မင်းမို့ ဒေါ်စုစကားကို nonsense လို့ ပြောရက်တယ်ကွာ ဆိုပြီးလည်း ပြန်ရိလိုက်သေးတယ်။ ဟီး

စကားတစ်ခွန်းရဲ့ အမှန်အမှားဆိုတာ ပြောသူရဲ့ နာမည်အပေါ်မှာပါ မူတည်နေတာ သိလိုက်ရတယ်။ စကားအပေါ် တန်ဖိုးထားမှှု မထားမှှုဆိုတာ ပြောသူအပေါ်မှာ မူတည်နေရော။ ဒါကြောင့် တခါတလေ ဒေါ်နယ်ထရမ့်တို့၊ ကလင်တန်တို့ ပြောလိုက်တဲ့ စကားတွေဟာ ပုံမလာပေမဲ့၊ တခါတခါဆို ပြောတဲ့ အဓိပ္ပါယ်ချင်း အတူတူ သူတို့လိုလူတွေ ပြောမှ လူတွေက အရေးလုပ်ကြတာလေ။ 


ထားပါ။ အခုဟာ ရေးလိုက်လို့ ဒေါ်စုကိုပဲ အသားလွတ်လိုက်တိုက်ခိုက်တယ်လို့တော့ မထင်ပါနဲ့။ ဟိုးအရင် Gtalk ခေတ်၊ blog ခေတ်ကတည်းက ဒေါ်စုကို ချစ်လို့ ကဗျာတွေ သုံးလေးပုဒ် ရေးခဲ့ဖူးတယ်။ အလိုလို နေရင်းကို ချစ်စရာကောင်းတဲ့ အမေတစ်ယောက်လို၊ အန်တီကြီး တစ်ယောက်လို ခံစားခဲ့တာ။ အခုလည်း သိပ်မကြိုက်တော့ပေမဲ့ အတိုင်းအတာ တစ်ခုထိ ချစ်နေတုန်းပါပဲ။ မကြိုက်တော့တာကတော့ ၂၀၁၂ ကတည်းက။ ထားပါ။ မကြိုက်တဲ့အကြောင်း မပြောချင်တော့ဘူး။

အတိုင်းအတာ တစ်ခုအထိ အန်တီတစ်ယောက်လို ချစ်နေတုန်းပဲ။ ဒါကြောင့် အခု နိုင်ငံခြာမှာ ဆန္ဒပြကြရင် ဒေါ်စုပုံကို မီးရှို့တာ ဘာညာလုပ်ကြရင် စိတ်မကောင်းဖြစ်မိပြိး ဒေါသထွက်လာတာ အမှန်ပဲ။ ထားပါ။ ဒါက ကိုယ့်စိတ်ခံစားချက်။

အခုမှ အမေစု ဆိုပြီး အရမ်းချစ်ပြနေတဲ့ အထဲက တချို့ဆို အဲဒီတုန်းက ဒေါ်စုပုံတွေ၊ ဒေါ်စုအကြောင်းတွေ ရေးလို့ ဆိုပြီး block ခဲ့တဲ့သူတွေပါတယ်။ အဲဒီတုန်းက ကျွန်တော် နဘေတွေနဲ့ ရေးခဲ့တဲ့ ကဗျာတစ်ပိုဒ်က

အမေ့ခြံနံပါတ် ငါးဆယ့်လေးဟာ

မျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့ 

အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့အများအတွက်တွေးမယ် 

အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့အားဆက်မွေးမယ်။


ကိုယ်ရေးခဲ့တာနဲ့ အခု အဆဲမခံရအောင် ကာဗာလုပ်တာတော့ မဟုတ်ပါဘူး။ ခံစားချက် ပြောင်းသွားတာကို ပြောပြတာ။


၂၀၁၂ က စပြီး ခံစားချက် ပြောင်းသွားတယ်။ ဒါပေမဲ့ အကောင်းဆုံးလုပ်နိုင်ပါစေဆိုတဲ့ ဆန္ဒတော့ ရှိနေတုန်းပဲ။ ဆိုးဆိုးဝါးဝါး ခံစားလိုက်ရတာကတော့ လက်ပံတောင်းတောင် ကိစ္စကနေ စတယ်။ လူတွေရဲ့ အုပ်စုစိတ်ဓာတ်ကိုလည်း စိတ်ပျက်မိတယ်။ အဲဒီလူတွေကို မထောက်ခံရင်တောင် မဆဲသင့်ဘူး မဟုတ်လား။ အသိမ်းခံရတဲ့ မြေတွေဟာ ကိုယ့်မြေတွေဆိုရင်၊ ပြီးတော့ အဲဒီပရောဂျက်ရဲ့ အဓိက အကျိုးခံစားုရမယ့် နိုင်ငံဟာ တရုတ်နိုင်ငံ ဖြစ်နေကြောင်း သိရင်.. မြေအသိမ်းခံခဲ့ရသူ အဖွားကြီးတွေဘက်က မရပ်တည်ပေးနိုင်ရင်တောင်မှ ကိုယ်ချင်းစာတရားကိုငဲ့သင့်တယ်။ မဆဲသင့်ဘူးလို့ ထင်တယ်။ မြေ၊ယာပဲ တစ်သက်လုံး လုပ်ကိုင်စားခဲ့တဲ့သူတွေဟာ လျော်ကြေး ဘယ်လောက်ရရ အဲဒါပဲ ဆက်လုပ်ချင်မှာပဲ။ အခု ကျွန်တော် ပြောတဲ့ သူငယ်ချင်းမှာလည်း တစ်နေ့ အေးအေးချမ်းချမ်း ယာပြန်လုပ်မယ်ဆိုတဲ့ အိပ်မက်ရှိကြောင်း သူပြောတယ်။ အဲ… အသိမ်းခံရတဲ့ မြေဟာ ကိုယ့်မြေ ဖြစ်နေပြီဆိုရင် ? ပျက်စီးသွားတဲ့ ဘဝ စိတ်ကူးယဉ်မှှုလေးတွေကို ဘာနဲ့ ပြန်လျော်ပေးကြမှာလဲ။

အချုပ်ပြောရရင် မဲမပေးခဲ့ဘူးဆိုတာလည်း ဒေါ်စုပြောခဲ့တဲ့ quotation အတိုင်းပဲ။ ဒီမိုကရေစီ အတုမှာ ဘာမှ မလုပ်ကြတော့ဘဲ မျောသွားတာဟာ ပိုဆိုးတယ်လို့ ထင်လို့။

(Facebook က ပို့စ်ကို မူရင်းရေးခဲ့တဲ့ backdate နဲ့ blog ကို ပြန်ရွှေ့တာပါ။)

အန်တီစုရဲ့ ပျော့ကွက်တစ်ခု

 လွတ်လပ်မှှုတို့၊ လူသားဝါဒီတို့ ရှှုထောင့်က ကြည့်မယ်ဆိုရင် ဒေါ်စုကိုက ဟိုးအရင်ကတည်းက ထောက်ပြစရာ တစ်ခုရှိတယ်။ နိုင်ငံရေး ရှှုထောင့်ကနေ ဆိုရင်တော့ သူမှန်ပါတယ်။ အရင်ကလည်း ရေးဖူးတယ်။

သူ့ကို နိုင်ငံခြားသားနဲ့ ယူတဲ့ ကိစ္စကို စစ်အာဏာရှင်တွေက အောက်လုံးနဲ့ တိုက်ခိုက်တဲ့အခါ၊ ဘိုကတော်စုကြည်တို့၊ ကုလားဖြူမယားစုကြည်တို့ဆိုတဲ့ စကားလုံးတွေကို ရင့်ရင့်သီးသီး သုံးပြီး အရင်တုန်းက စစ်အာဏာရှင်တွေက တိုက်ခိုက်၊ မေးခွန်းထုတ်တုန်းက သူပြန်ဖြေခဲ့တာက နိုင်ငံခြားမှာနေရင် နိုင်ငံခြားသားနဲ့ ရမှာပေါ့။ မြန်မာမှာနေရင် မြန်မာနဲ့ ရမှာပေါ့ ဆိုတဲ့အဖြေမျိုးပဲ ပေးသွားတယ်။  တကယ်က လူအချင်းအတူတူပဲ၊ အိမ်ထောင်ရေးက ကျွန်မကိုယ်ရေးကိုယ်တာကိစ္စ၊ နိုင်ငံခြားသားလည်း လူပဲ ဆိုပြီး ဖြေသင့်တာမျိုး။ နိုင်ငံခြားသားနဲ့ ယူခဲ့တာက မှားခဲ့သလို၊ အဲလိုမှားအောင် စစ်အစိုးရက ပြည်ပကို ပို့ထားလို့ နိုင်ငံခြားမှာနေရလို့ နိုင်ငံခြားသားနဲ့ပဲ ရခဲ့တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားရော။

နိုင်ငံခြားသားနဲ့ ယူလိုက်တဲ့သူတွေဟာ ကံဆိုးမိုးမှောင်စွာနဲ့ နိုင်ငံခြားရောက်ပီး ရွှေမြန်မာတွေကို  မရဘဲ နိုင်ငံခြားသားကို ယူလိုက်ရသလိုလို။ 


အဲဒီတုန်းက အာဏာရှင်တွေက အောက်လုံးသုံးပြီး သူ့ကို တိုက်ခိုက်တာ ဆိုးဝါးလွန်းပေမဲ့ အဲဒီတုန်းက ဒေါ်စုတုံ့ပြန်ပုံကို ဟိုးအရင်ကတည်းက ဘဝင်မကျခဲ့ဘူး။ 


နိုင်ငံရေးအရကြည့်မယ်ဆိုရင်တော့ ဒေါ်စု အဲလို ဖြေခဲ့တာ မှန်ပါတယ်။ နို့မို့ဆိုရင်တော့ အဲဒီအချက်နဲ့ပဲ နိုင်ငံရေးမှာ  တစ်ပန်းရှုံးနေတာကိုး။

(Facebook က ပို့စ်ကို Facebook က ဒိတ်အတိုင်း backdate နဲ့ ပြန်တင်တာပါ။ 

ကိုမျိုးမဟာလက်နက်

 (ကိုမျိုး မဟာလက်နက်)

ကိုမျိုး မဟာလက်နက် ဆိုလု့ိ 18+ မထင်ကြနဲ့ဦး။ ငါးတန်းလား၊ ခြောက်တန်းမှာလား မသိ။ အ-ထ-က (၅) တာမွေမှာ..သမိုင်းဆရာက ဒုတိယ ကမ္ဘာစစ် ဖြစ်ရခြင်း အကြောင်းကို သင်တော့ .... ကို = (ကို)လိုနီ နယ်မြေများ အပြိုင်အဆိုင်ရှာဖွေခြင်း။ မျိုး = အ(မျိုး)သားရေး စိတ်ဓာတ်များ အလွန်ပြင်းထန်လာခြင်း။ မဟာ = (မဟာ)မိတ်စစ်အုပ်စုများ အပြိုင်အဆိုင်ဖွဲ့စည်းခြင်း။ လက်နက် = စစ်(လက်နက်)ပစ္စည်းများ အပြိုင်အဆိုင် တပ်ဆင်ခြင်းကို အလွယ်မှတ်ခိုင်းတာ။ mnemonic နည်းပေါ့။ 

ပြောချင်တာက အဲလို နည်းနဲ့ မှတ်ခဲ့ရုံမက ကိုယ်ဟာ.... ခပ်ငယ်ငယ်လေးရှိသေးပေမဲ့...အဲလို ကလေးအရွယ်ကတည်းက မျိုးချစ်စိတ်ဆိုတာ ကမ္ဘာစစ်ကိုတောင် ဖြစ်စေပါလား၊ ဒါနဲ့များ ကမ္ဘာ့သမိုင်းမှာကျ အဲလိုသင်ပြီး မြန်မာ့သမိုင်းလို ဟာမျိုးမှာကျ ဘာလို့ မျိုးချစ်စိတ်က (အမြဲတမ်း ခြွင်းချက်မရှိ) ကောင်းသလို သဘောတရားတွေ သင်ရတာလဲဆိုပြီး လေးလေးနက်နက်ကို အဲဒီတုန်းက တွေးဖူးတာ။ မျိုးချစ်စိတ်ရဲ့ ဘေးထွက်ဆိုးကျိုးကို တချို့လူကြီးတွေ အခုထိ အဲလို မတွေးနိုင်တာ အံ့သြစရာ။

ပြောရရင်တော့ ကိုယ်ဟာ ငယ်ငယ်ကတည်းက အတွေးအခေါ်ကောင်းခဲ့တဲ့သူလေးပါလား။ 😃 ဆရာအောင်သင်း သူ့ကိုယ်သူ အရွှန်းဖောက် ပြောဖူးသလို ပြောရရင်တော့ ... ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် အခု ကိုယ့်ကိုယ်ကိုယ်က ပြန်ကြည်ညိုစရာ။ ခိခိ 😃

(ကောင်းကင်ကို)

Facebook က ပို့စ်တချို့ blog ကို ရွှေ့တဲ့အနေနဲ့ Facebook ပို့စ်ကို backdate နဲ့ ပြန်တင်တာပါ။


Tuesday, September 19, 2017

ဘာသာရေး နဲ့ ဘိန်း

 ဘာသာရေးနဲ့ ပတ်သတ်ပြီး “အဆိုးဘက်မှာ စွဲလမ်းမှှု”ဟာ ဘိန်းစွဲတာထက် ဆိုးပါတယ်။ ဘိန်းက စွဲတဲ့လူနဲ့ သူ့ပတ်ဝန်းကျင် ကွက်ကွက်လေးလောက်ပဲ ဆိုးကျိုးပေးနိုင်တာ။ ဘာသာရေး အစွဲအလမ်းကြောင့်ကျ တစ်ကမ္ဘာလုံးမှာ အပြစ်မဲ့သူတွေ အများကြီး သေနေရ၊ ဒုက္ခရောက်နေရ၊ အဖိနှိပ်ခံနေရတယ်။

ဘိန်းစွဲခဲ့သူတွေထဲမှာ ကျွန်တော်တို့ လေးစားနေရတဲ့ ကမ္ဘာကျော် အဆိုတော်တွေ ရှိတယ်။ မြန်မာ့ဂီတလောကမှာ သမိုင်းမှတ်တိုင်တွေ စိုက်ထူသွားခဲ့တဲ့ အဆိုတော်တွေ ရှိတယ်။ (အဲဒီ အဆိုတော်တွေရဲ့ နာမည်တွေကိုတော့ ကျွန်တော် မပြောချင်ဘူး) ဘာသာရေး အလွန်အကျွံ စွဲသူတွေကြောင့်တော့ လူတွေ သေရတာပဲ ရှိတယ်။
ဘာသာရေးကို အရမ်းယုံကြည်စွဲလမ်းပြီး ကောင်းတာလုပ်တဲ့သူတွေလည်း ရှိပါတယ်လို့ ပြောလာရင် အဲဒါက တကယ်တော့ အဲဒီလူဟာ ဘာသာရေးကွက်ကွက်လေးတစ်ခုတည်းကို စွဲလမ်းမနေဘဲ မေတ္တာဝါဒကို ကျင့်သုံးလို့ ဖြစ်လိမ့်မယ်။ အဲလိုလူမျိုးဟာ ဘာသာရေးကို စွဲလမ်းတာ မဟုတ်ဘဲ ဓမ္မကို နှစ်ခြိုက်တာလို့ ပြောရမလား။
ဘာသာတစ်ခုတည်းကို အလွန်အကျွံ ကွက်ပြီး စွဲလမ်းနေရင်တော့ အဲဒီဘာသာရေးသမားဟာ သူ့ဘာသာနဲ့ ကိုယ့်ဘာသာ အပြိုင်အဆိုင် ခွပ်နေမယ့် အဆင့်ကနေ ဘယ်လိုလုပ် တက်လာမှာလဲ။
ဘာသာရေးကြောင့် တိုက်ရိုက်မဟုတ်ပေမဲ့… ဘာသာရေးခေါင်ဆောင်တွေကြောင့် World Trade Center လည်း ပြိုခဲ့ပြီ။ အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင်တချို့ဟာ ကမ္ဘာမှာ ရွံစရာအကောင်းဆုံး လူတွေကို ဖြစ်လို့။
ဘာသာရေးခေါင်းဆောင်တွေကြောင့် “ခွေးကို အားရပါးရ ပေါင်းစမ်း” ဆိုတဲ့ စကားတွေလည်း ပေါ်လာပြီ။ အဲလို ဘုန်းကြီးကို ရဟန်းတစ်ပါးမို့၊ သင်္ကန်းကြီး ဝတ်ထားလို့ မဝေဖန်သင့်ဘူးဆိုတဲ့ အယူအဆက ခေတ်ပညာတတ်ဆိုတဲ့… စက်မှှုတက္ကသိုလ်က ကျောင်းနေဘက် တချို့မှာတောင် ရှိသေးတယ်။ ကြည့်စမ်း။ ဘာသာရေး အစွဲအလမ်း၊ ဘာသာရေးမှှိုင်းက လူတွေကို ဘယ်လောက်တောင် ကန်းစေသလဲဆိုတာ။
ကောင်းကင်ကို
friend list မှာ လူလျော့သွားလို လျော့သွားငြား ပြန်တင်ကြည့်တာ။ ဟိုးအရင်တုန်းက ရေးခဲ့တဲ့ဟာ။ 😃 Facebook က ပို့စ်ကို အဲဒီရက်အတိုင်း backdate နဲ့ ပြန်တင်တာပါ။

Monday, September 4, 2017

OCD (သို့မဟုတ်) စိတ်စွဲလွန်ဝေဒနာ

သူ့ကိုကျွန်တော် စတွေ့တုန်းက
ကျွန်တော့်ခေါင်းထဲမှာ အရာရာအားလုံး ငြိမ်းချမ်းတိတ်ဆိတ်သွားခဲ့တယ်။
အာသာဆန္ဒ အကြောဆွဲမှှုအားလုံး၊
ခေါင်းထဲမှာ တရစပ် ထင်နေတဲ့ ပုံရိပ်တွေအားလုံး
ပျောက်သွားခဲ့တယ်။

ခင်ဗျားမှာ စိတ်စွဲလွန်ဝေဒနာ ရှိပြီဆိုရင်၊ ငြိမ်သက်တဲ့ အခိုက်အတံ့ဆိုတာမျိုး ခင်ဗျား ဘယ်တော့မှ ရမှာမဟုတ်ဘူး။
အိပ်ရာထဲမှာတောင် ကျွန်တော်တွေးနေတတ်တယ်။
ငါ တံခါးတွေ သော့ခတ်ခဲ့ရဲ့လား။ ခတ်ခဲ့တယ်။
ငါ လက်ဆေးခဲ့ရဲ့လား။ ဆေးခဲ့တယ်။
ငါ တံခါးတွေ သော့ခတ်ခဲ့ရဲ့လား။ ခတ်ခဲ့တယ်။
ငါလက်ဆေးခဲ့ရဲ့လား။ ဆေးခဲ့တယ်။

ဒါပေမဲ့ ကျွန်တော် သူ့ကို စတွေ့ခဲ့တုန်းက၊ ကျွန်တော် တွေးနိုင်ခဲ့တဲ့ တစ်ခုတည်းသော အရာက
သူ့နှှုတ်ခမ်း အကွေးအညွတ်လေးပဲ။
ဒါမှမဟုတ် သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး
သူ့ပါးပေါ် ကျနေတဲ့ မျက်တောင်လေး
သူ့ပါးပေါ် ကျနေတဲ့ မျက်တောင်လေး။

ရင်ခုန်သံဖွင့်ဟ သူ့ကိုစကားစရတော့မယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။
သူနဲ့ကျွန်တော် တစ်နေရာမှာ ချိန်းတွေ့ကြဖို့ စက္ကန့်သုံးဆယ်အတွင်းမှာ ခြောက်ကြိမ်တောင် ကျွန်တော် ကမ်းလှမ်းမိတယ်။
သုံးကြိမ်မြောက်မှာ သဘောတူလက်ခံကြောင်း သူပြောလိုက်ပေမဲ့ ကျွန်တော်က စိတ်မချသေးတော့ ဆက်ပြီး ကမ်းလှမ်းနေမိတော့တာပေါ့။

ပထမအကြိမ် ချိန်းတွေ့ခဲ့ကြတုန်းက သူနဲ့ကျွန်တော် စကားပြောခဲ့ရတဲ့ အချိန်ထက်တောင်၊ အစားအသောက်ကို တကယ်စားခဲ့တဲ့ အချိန်ထက်တောင်၊ အစားအသောက်အရောင်အပေါ် ကျွန်တော်ဇီဇာကြောင်နေခဲ့တဲ့ အချိန်က ပိုများခဲ့တယ်။
ဒါပေမဲ့ အဲဒါကို သူသဘောကျသွားပါလေရော။

သူ့ကို ကျွန်တော် နှှုတ်ဆက်အနမ်း ၁၆ ကြိမ် ပေးရတာ၊ တကယ်လို့ အဲဒီနေ့ဟာ ဗုဒ္ဓဟူးနေ့ဖြစ်ခဲ့မယ်ဆိုရင် နှှုတ်ဆက်အနမ်း ၂၄ ကြိမ် ပေးရတာကိုလည်း သူ သိပ်သဘောကျခဲ့တယ်။
အိမ်ပြန်ဖို့ လမ်းလျှောက်ကြတဲ့အခါ ပလက်ဖောင်းအက်ကွဲရာတွေကြောင့် ကျွန်တော် တုံ့နှေးစိတ္တဇဖြစ်၊ အတူတူလမ်းလျှောက်ချိန်ကို တစ်သက်တာလောက်ယူပစ်ခဲ့ရတာကိုလည်း သူသိပ်သဘောကျခဲ့တယ်။

အိမ်တစ်လုံးမှာ ကျွန်တော်တို့ အတူတူပြောင်းနေကြတဲ့အခါ လုံခြုံလိုက်တာလို့ သူကပြောတယ်။ ကျွန်တေ်ာက တံခါးကို ၁၈ကြိမ်တိတိ သော့ခတ်လေ့ရှိတော့ ဘယ်သူမှ ဝင်မခိုးနိုင်တော့ဘူးပေါ့။
သူစကားပြောတဲ့အခါ သူ့နှှုတ်ခမ်းတွေကို ကျွန်တော် အမြဲတမ်းကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
သူစကားပြောတဲ့အခါတိုင်း ကြည့်တယ်။
ကျွန်တော့်ကိုချစ်တဲ့အကြောင်း သူဖွင့်ဟ စာလုံးပေါင်းတဲ့အခါ၊ သူ့နှှုတ်ခမ်းလွှာအစွန်နှစ်ဘက်ဟာ အပေါ်ကို ကွေးကွေးလေးတက်သွားတယ်။
ညဆိုရင် မီးတွေအားလုံးကို ကျွန်တော် ပိတ်လိုက်တာ၊ ပြန်ဖွင့်လိုက်တာ၊ ပြန်ပိတ်လိုက်တာ၊ ပြန်ဖွင့်လိုက်တာ၊ ပြန်ပိတ်လိုက်တာ၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက်၊ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေတာတွေကို သူက အိပ်ရာထက်မှာလှဲပြီး ကြည့်နေခဲ့တာပေါ့။
သူဟာ မျက်လုံးလေးမှိတ်ထားပြီး၊ နေ့အလင်းရောင် နဲ့ ညအမှောင်တွေ သူ့ရှေ့မှာ တစ်ဖျပ်ဖျပ် ဖြတ်သန်းပြေးလွှားနေသလိုမျိုး စိတ်ကူးယဉ်လို့ ရခဲ့တာပေါ့။

ဒီလိုနေလာရင်းနဲ့ တချို့နံနက်ခင်းတွေမှာ၊ သူအလုပ်မသွားခင် နှှုတ်ဆက်အနမ်းတွေ ကျွန်တော်စခြွေတဲ့အခါ သူအလုပ်နောက်ကျလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူခပ်သွက်သွက် ထွက်သွားတတ်လာပြီ။
ပလက်ဖောင်းအက်ကွဲရာတွေနား ကျွန်တော်စိတ္တဇပွားပြီး ရပ်နေမိတဲ့အခါ သူတစ်ယောက်တည်း ဆက်လျှောက်သွားတတ်လာပြီ။
ကျွန်တော့်ကိုချစ်တဲ့အကြောင်း သူ လေးတိလေးကန်စာလုံးပေါင်းတဲ့အခါ သူ့ပါးစပ်ဟာ တင်းတင်းတောင့်တောင့်၊ မျဉ်းဖြောင့်တစ်ကြောင်းလို ဖြစ်လာပြီ။
ကျွန်တော့်ကို အချိန်တွေ အလွန်အကျွံပေးနေရကြောင်း သူပြောလာပြီ။
ပြီးခဲ့တဲ့အပတ်ကစပြီး သူ့အမေအိမ်မှာ သူ ပြောင်းအိပ်ပြီ။
သူ့ကို ကျွန်တော် အရူးအမူးစွဲလမ်းနေတာကို သူ ခွင့်မပြုခဲ့သင့်တဲ့အကြောင်း ကျွန်တော့်နားထဲကို သူ သံရည်ပူလောင်းပြီ။ ဇာတ်လမ်းကြီး တစ်ခုလုံးဟာ အမှားအယွင်းတစ်ခုတဲ့။ ဒါပေမဲ့ သူနဲ့ ပွေ့ဖက်ပြီးတိုင်း ကျွန်တော် လက်ဆေးစရာမှမလိုတာ၊ ဘယ်လိုလုပ်ပြီး အမှားအယွင်းတစ်ခု ဖြစ်နိုင်မှာလဲ။ အချစ်ဆိုတာ အမှားအယွင်းတစ်ခု မဟုတ်ဘူး။ သူကျတော့ အဝေးကို ထွက်ပြေးနိုင်ပြီး ကျွန်တော်ကျတော့ ထွက်မပြေးနိုင်ဘူးဆိုတဲ့ စုတ်သပ်ရင်ကွဲအမြင်က ကျွန်တော့်ကို သေလုမတတ် နာကျင်စေတယ်။
သူ့အကြောင်းပဲ အမြဲတွေးနေမိလို့ နောက်တစ်ယောက်ရှာဖို့ ကျွန်တော် အပြင်မထွက်နိုင်ဘူး။ ကျွန်တော် အပြင်မထွက်နိုင်ဘူး။

အရာရာကို ကျွန်တော် အလွန်အကျွံ စွဲလမ်းမိပါတယ်။ ကျွန်တော့် အရေပြားတလျှောက် ရောဂါပိုးတွေ အလစ်ဝင်ရောက်လာတာကို ကျွန်တော်မြင်ရတယ်။
ကားတွေ တစ်စီးပြီးတစ်စီး၊ ဆက်တိုက်…ဆက်တိုက်…ဆက်တိုက်…ကျွန်တေ်ာ့ကို ဝင်တိုက်တာကို ကျွန်တော်မြင်ရတယ်။
ကျွန်တော်တွယ်ငြိခဲ့သမျှအရာရာမှာ သူသာ ပထမဆုံး အလှအပပါ။
စတီယာရင်ကို သူစတိုင်ကျကျ ကိုင်လိုက်ပုံကို မြင်ယောင်တွေးတောရင်း နံနက်တိုင်းမှာ နိုးချင်တယ်။
မီးခံသေတ္တာဖွင့်သလို စတိုင်နဲ့ ရေပန်းခလုတ်ကို သူလှည့်ပုံ
ဖယောင်းတိုင်တွေကို သူမှှုတ်ငြှိမ်းပုံ
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
ဖယောင်းတိုင်တွေကို မှှုတ်ငြှိမ်း
မှှုတ်ငြှိမ်း

အခု သူ့ကို တခြားဘယ်သူက နမ်းနေမလဲဆိုတာကို ကျွန်တော်တွေးနေမိတယ်။
ကျွန်တော် အသက်တောင် ရှူလို့မရတော့ဘူးဗျာ။ ဘာကြောင့်လည်းဆိုတော့ အဲဒီလူက သူ့ကို တစ်ချက်ပဲနမ်းတယ်။ အဲဒီအနမ်းဟာ ပြီးပြည့်စုံမှှု ရှိမရှိလည်း အဲဒီလူ ဂရုမစိုက်ဘူး။

ကျွန်တော်သူ့ကို အရမ်း ပြန်လိုချင်တယ်။
တံခါးကို ကျွန်တော် မပိတ်ဘဲ ထားလိုက်ပြီ။
မီးကို ကျွန်တော် မပိတ်ဘဲ ထားလိုက်ပြီ။

By နီးလ်ဟီးလ်ဘွန်းန် (Neil Hilborn)
ဘာသာပြန်သူ - ကောင်းကင်ကို

ကဗျာဆရာ နီးလ်ဟီးလ်ဘွန်းန် ရဲ့ “OCD” ဆိုတဲ့ slam poem (စကားပြော ကဗျာ) ပါ။ Slam poem တွေဟာ ပရိသတ်ဆီကို စကားပြောပုံစံနဲ့ တိုက်ရိုက်မက်ဆေ့ ပေးလေ့ရှိပါတယ်။ Slam poem တွေကို ကော်ဖီဆိုင်တွေ၊ စာအုပ်ဆိုင်တွေမှာလည်း ရွတ်ဆိုတင်ဆက်လေ့ ရှိပါတယ်။ ပထမဆုံး poetry slam ကဗျာရွတ်ဆို တင်ဆက်မှှု ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ၁၉၈၈ ခုနှစ် သြဂုတ်လက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၁၉၉၀ မှာတော့ အမေရိကန်နိုင်ငံမှာ ပထမဆုံး National Poetry Slam ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာ poetry slam ဟာ အလွန်ရေပန်းစားလာတာမို့ ကဗျာဆရာတွေဟာ အချိန်ပြည့် အလုပ်အကိုင်အဖြစ် နိုင်ငံတစ်ဝှမ်းမှာ လှည့်လည်ပြီး ကဗျာရွတ်ဆိုတင်ဆက်နိုင်လာကြပါတယ်။ အမေရိကန်နိုင်ငံမှာတင်မကဘဲ ကမ္ဘာ့နိုင်ငံတွေကို လှည့်လည်ပြီး ကဗျာရွတ်ဆိုတင်ဆက်မှှုတွေ ပြုလုပ်လာကြပါတယ်။

နီးလ်ဟီးလ်ဘွန်းန်ရဲ့ ကဗျာဟာ “OCD” စိတ်ရောဂါဝေဒနာ အကြောင်းကို အချစ်အလွမ်း ကြေကွဲမှှုခံစားချက်ကြမ်းကြမ်းနဲ့ ရောစပ်ဖွဲ့ဆိုထားတဲ့ ကဗျာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၅၄ နှစ်အတွင်း စုစုပေါင်းလူဦးရေရဲ့ ၂ ရာခိုင်နှှုန်းကျော်ဟာ OCD ဝေဒနာရှင်တွေလို့ OCD ဝေဒနာအကြောင်း ဝက်ဘ်ဆိုဒ်တစ်ခုက ဆိုပါတယ်။ စိတ်စွဲလွန်ဝေဒနာရှင်တွေရဲ့လက္ခဏာ တချို့ကတော့ လက်ခဏခဏ ဆေးရမှ နေသာထိုင်သာရှိတာ၊ တချို့အရောင်တွေကို ကြောက်ရွံ့တာ၊ တစ်ခုခုလုပ်ရင် ဘယ်နှစ်ကြိမ်ဆိုပြီး အကြိမ်အရေအတွက် အတိအကျ လုပ်ရမှ စိတ်အေးသွားတာ စတဲ့ အလွန်အကျွံ စွဲလမ်းမှှု မျိုးစုံပါပဲ။

စိတ်စွဲလွန်ဝေဒနာ ပေါ်လွင်အောင် တချို့စာကြောင်းတွေကို ကဗျာဆရာက ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ထပ်ကာထပ်ကာ ကျော့ထားပါတယ်။ ကဗျာတတိယပိုဒ်မှာပါတဲ့ “သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး” ဆိုတာကလည်း အဓိပ္ပါယ်အများကြီး ရှိပါတယ်။ ကြယ်ကြွေတဲ့အခါ ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ အယူရှိကြသလိုမျိုးပဲ ပါးပေါ်မှာ မျက်တောင်လေးတွေ့ခိုက် ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ တချို့က ယူဆကြသတဲ့။ ကောင်မလေးကို စတွေ့တဲ့အခိုက်အတန့်မှာ “သူ့ပါးပေါ်ကျနေတဲ့ မျက်တောင်လေး” ဆိုတာကို ကဗျာထဲမှာ အကြိမ်ကြိမ်ကျော့ထားတော့ ကဗျာဆရာဟာ နိမိတ်ပုံလှလှနဲ့ အကြိမ်ကြိမ် ဆုတောင်းချင်တာ ဖြစ်လိမ့်မယ်ထင်တယ်။

နီးလ်ဟီးလ်ဘွန်းန်ရဲ့ “OCD” ကဗျာဟာ YouTube မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ စာရင်းအရ ကြည့်ရှှုသူပေါင်း ၁၂သန်းကျော် ရှိပြီး စံချိန်သစ်တစ်ခု တင်ထားပါတယ်။

Friday, September 1, 2017

နင်မလုပ်ခဲ့တာတွေ

မှတ်မိသေးလား?
နင်အမြတ်တနိုးထားတဲ့ကား၊ ငါ မရမကငှားခဲ့တဲ့ရက်က
ငါ့လက်ချက်နဲ့ နင့်ကားလေး ပိန်ချိုင့်ရုပ်ပျက်
နင် ငါ့ကိုသတ်ချင်စိတ်ပေါက် ဒေါသထွက်လိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ ဒေါသမထွက်ခဲ့။

မှတ်မိသေးလား?
ကပွဲကို အဝတ်အစားသတ်သတ်မှတ်မှတ်နဲ့ လာရမယ့်အကြောင်း
နင့်ကိုမှာဖို့အရေး ခေါင်းထဲမေ့ပျောက်
နင် ကို့ရိုးကားရား ဂျင်းဘောင်းဘီနဲ့ ရောက်ချလာခဲ့
နင် ငါ့ကို နာကျင်စိတ်ကွက်သွားလိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ စိတ်မကွက်ခဲ့။

မှတ်မိသေးလား?
တခြားကောင်လေးတွေကို ငါညုတုတုပြုစား
နင်သဝန်တိုအောင် မျက်နှာများပြတုန်းက
နင်ငါ့ကို ထားသွားတော့မယ်လို့ ငါထင်ခဲ့ပေမဲ့
နင်ဟာ ထားမသွားခဲ့။

နင်ဟာငါ့ကို သည်းခံမြတ်နိုး၊ ငါ့ပျော်ရွှင်မှုတွေကို အုပ်မိုးစောင့်ရှောက်၊ နင်ဖြည့်ဆည်းပေးခဲ့တာတွေ မရေနိုင်လောက်အောင် အများကြီးပဲနော်။
နင် ဗီယက်နမ်က ပြန်လာရင် စီကာပတ်ကုံးပြောပြဖို့
စကားလုံးလေးတွေပြင်ဆင် ငါအများကြီးစိတ်ကူးယဉ်ခဲ့ပေမဲ့
နင်ဟာ ပြန်မလာနိုင်ခဲ့။

By မဲရီးလ်ဂလပ်စ် (Merrill Glass)

ကဗျာ စပြီး တင်တဲ့ရက် (၂၀၁၇ စက်တင်ဘာ ၁)၊ ဘာသာပြန်ခဲ့တဲ့အချိန် (၂၀၁၇ ဇန်နဝါရီ)
ဒန်နိစကော့ထ်ရဲ့ “Discovering Poetry” စာအုပ်ထဲမှာ မဲရီးလ်ဂလပ်စ် ကလောင်နာမည်နဲ့ ဖော်ပြထားတဲ့ “But You Didn’t” ဆိုတဲ့ ကဗျာလေးပါ။ “Basic Skills in NEAB GCSE English” စာအုပ်မှာလည်း မဲရီးလ်ဂလပ်စ် ကလောင်အမည်နဲ့ ဒီကဗျာလေး ပါခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကနေ ပြန်ရောက်မလာတော့တဲ့ ချစ်သူအကြောင်းကို ရေးဖွဲ့ထားတဲ့ ကဗျာပါ။ အွန်လိုင်းမှာ လူကြိုက်များတဲ့ ကဗျာလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ တရုတ်ဘာသာပြန်ထားတာကိုလည်း တွေ့ရပါတယ်။ အွန်လိုင်းမှာတော့ လေးပိုဒ်ပါတဲ့ ဗားရှင်းနဲ့ ခြောက်ပိုဒ်ပါတဲ့ ဗားရှင်း နှစ်မျိုးကွဲနေပါတယ်။ အဲဒီဗားရှင်းနှစ်မျိုးဟာ နောက်ဆုံးအပိုဒ်မှာလည်း နည်းနည်း ကွဲပြားနေပါတယ်။ မဲရီးလ်ဂလပ်စ်ဟာ သြစတြေးလျနိုင်ငံ ကွင်းစလန်းဇာတိ ကဗျာဆရာမ တစ်ယောက်လို့ တချို့က ဆိုကြပါတယ်။ တချို့ကလည်း “But You Didn’t” ကဗျာကို အမေရိကန် စစ်သားတစ်ယောက်ရဲ့ ဇနီးသည်က ရေးဖွဲ့ခဲ့တာလို့ ဆိုပါတယ်။ တချို့ကလည်း အမည်မသိကျောင်းသူတစ်ဦးက ရေးဖွဲ့ခဲ့တာလို့ ဆိုကြပြန်ပါတယ်။ ကဗျာရှင်နဲ့ပတ်သတ်ပြီး ပဟေဠိဖြစ်နေတာကလည်း အတွေးပွားစေပါတယ်။ ဒါပေမဲ့ မဲရီးလ်ဂလပ်စ် လို့ပဲ သုံးလိုက်ပါတယ်။ ကျွန်တော် ဘာသာပြန်ထားတာကတော့ “Discovering Poetry” စာအုပ်ထဲက လေးပိုဒ်ဗားရှင်းကို ဘာသာပြန်ထားတာပါ။ အင်္ဂလိပ်လိုမှာ အိုကေနေပေမဲ့ ဗမာလို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ကဗျာပုံစံရသ လျောသွားတယ်ထင်လို့ နည်းနည်းလေး ကွန့်ညွန့်ထားပါတယ်။

Tuesday, August 29, 2017

ပြည်ပအားကိုး ပုဆိန်ရိုး

 စစ်အစိုးရ သုံးခဲ့တဲ့ လေလှှိုင်းပေါ်က လူသတ်သမား၊ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ အောက်လုံးတွေ တစ်ပတ် ပြန်လည်လာပေါ့။ အဲဒီအောက်လုံးတွေ မြင်ရင် ပြည်ပမီဒီယာမှာ လုပ်နေတဲ့ သူငယ်ချင်းတွေကို မြင်ပြီး ပြုံးမိတယ်။ သူတို့ မိဘတွေက မေးရင် “မေမေရေ… ကျွန်တော်တော့ လေလှှိုင်းပေါ်က လူသတ်သမား လုပ်နေတယ်” တို့၊ “မေမေရေ...ကျွန်မတော့ ပြည်ပအားကိုး ပုဆိန်ရိုး” လုပ်နေတယ်လို့ပဲ ပြန်ဖြေရတော့မလိုလို။ ဟီး။ ပြည်ပမီဒီယာတွေမှာ လုပ်တဲ့လူ တချို့ကို သိပါတယ်။ ကိုယ်သိသလောက်တော့ အားလုံးဟာ နိုင်ငံကို ချစ်တဲ့စိတ် အထိုက်အလျောက်ရှိကြတဲ့သူ၊ ကိုယ့်နိုင်ငံအတွက် အထိုက်အလျောက် ဂုဏ်ယူချင်ကြတဲ့သူတွေပါ။ ကိုယ့်နိုင်ငံ ဂုဏ်ရှိမယ့် ဟာမျိုးပဲ ရေးချင်ကြတာ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးထဲက ထူးချွန်တဲ့သူတွေ၊ ကောင်းတဲ့သတင်းတွေ ပေါ်လာရင်လည်း သတင်းလုပ်ကြရတာ အမော။ ဒါပေမဲ့ သတင်းသမားဆိုတော့ အဆိုးတွေ ပါလာရင်လည်း အဆိုးကို ရေးကြရတာပါပဲ။ ဘာမှ နိုင်ငံကို သစ္စာဖောက်နေကြတာ မဟုတ်ဘူး။ ကျင့်ဝတ်ရှိတဲ့ မီဒီယာတွေဟာ ဝတ္ထုရေးသလို ရေးချင်တိုင်း လျှောက်ရေးလို့ မရပါဘူး။

ရခိုင်ကိစ္စမှာ တခါတလေ ပြည်ပမီဒီယာတွေရဲ့ တချို့သတင်းတွေ မပြည့်စုံတာ ရှိနိုင်တယ်။ တကယ်လို့ မပြည့်စုံခဲ့ဘူးဆိုရင် အာဏာပိုင်တွေက နယ်မြေထဲ သတင်းလိုက်ခွင့်ကို တားဆီး ကန့်သတ်ထားလို့ပါ။ နောက် လူတွေလက်မခံလိုတဲ့ အမှန်တွေကိုလည်း ရှောင်လွှဲလို့ ရမှာမဟုတ်ဘးူ။ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောခဲ့သလို ပရော်ဖက်ရှင်နယ်စိတ် ရှိရပါတယ်။ သမိုင်းကို မျိုးချစ်စိတ်နဲ့ ဝင်စွက်တော့ ရှေးခေတ်မြန်မာနိုင်ငံဟာ နဂိုရှိခဲ့တဲ့ အကျယ်အဝန်းထက် အများကြီး ပိုကျယ်ပြီး သမိုင်းမမှန်တော့တာမျိုးပေါ့။ သတင်းလောကမှာလည်း မျိုးချစ်စိတ်တွေ ဝင်စွက်နေရင် ရေရှည်မှာ အကျိုးယုတ်ပြီး ဘယ်သူကမှ ယုံတော့မှာ မဟုတ်ပါဘူ။ ဒီတော့ ခါးသီးတဲ့အမှန်တရားကိုလည်း ရေးရမှာပါပဲ။ တစ်ကမ္ဘာလုံးက ရှိသမျှ မီဒီယာတွေ၊ ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံကိုပဲ ကွက်ပြီးတော့ အငြိုးထားနေတာ မဟုတ်ပါဘူး။ တောက်လျှောက် သူ့ဟာသူ ရပ်တည်လာခဲ့တဲ့

 ကမ္ဘာ့ မီဒီယာကြီးတွေဟာ ဒီရခိုင်အရေးကျမှ ငွေယူတယ်ဆိုတာလည်း ယုတ္တိမရှိသလို ခုချိန်ထိ ခိုင်လုံတဲ့ အထောက်အထား ဘာမှ မရှိသေးတဲ့ အောက်လုံးတွေပါပဲ။ လူတွေဟာ ကိုယ်ယုံချင်တာကိုပဲ အမှန်တရားအဖြစ် ကြိုလက်ခံထားပြီး အဲဒါနဲ့ ကိုက်တာကို အမှန်၊ မကိုက်တာ မှန်သမျှ သစ္စာဖောက်တွေလို့ ဦးနှောက်ထဲမှာ ကြိုဆုံးဖြတ်ထားကြလို့သာ အဲလိုထင်နေကြတာပါ။

နောက်တစ်ခုက အာဏာပိုင်တွေ ထုတ်ပြန်တဲ့ဟာမှာတောင် လွဲတာလေးတွေကို အကိုတစ်ယောက် ထောက်ပြထားတာ တွေ့တယ်။ သူ့ကို ကိုယ့်ကြောင့် လူမုန်းတာမျိုး ဖြစ်မှာစိုးလို့ သူ့နာမည်တော့ မထည့်တော့ဘူး။ သူထောက်ပြထားတာက ဘီစကစ် ကိစ္စကို ဆွဲယူပြီး UN ကို အကြမ်းဖက်အားပေးလို့ စွပ်စွဲတာရယ်၊ ပထမတစ်ရက်မှာ ဒိုင်းနက်တိုင်းရင်းသား အယောက်နှစ်ဆယ် သေတယ်ပြောပြီး၊ နောက်ရက် သတင်းမှာကျတော့မှ အကုန်လွတ်မြောက်လာတယ်လို့ State Counsellor Page က ရေးခဲ့တာကို ထောက်ပြထားတာပါ။ propaganda ဆန်နေတယ်တဲ့။ သူတို့လည်း လူတွေ သတိထားစေချင်တဲ့ စေတနာအမှားကြောင့်၊ လက်တွေ့အခက်အခဲတွေကြောင့် ခုလို လွဲသွားတာလို့ပဲ ကျွန်တော်ကတော့ ယူဆလိုက်ပါတယ်။ မတော်တဆ နေမှာပါ။ နောက်ရက်ကျ လွတ်လာကြောင်း အမှန်ပြန်ရေးတယ်ဆိုတော့လည်း မဆိုးပါဘူး။ 

ဒါပေမဲ့ မှားတာတွေကို မြန်မာတွေက တွစ်တာတွေမှာ လျှောက်ပြီး ရှဲနေတော့၊ နိုင်ငံတကာဌာနတွေကို ပတ်ဆဲနေတော့ သက်သက်မဲ့ ကိုယ့်နိုင်ငံကိုယ် အရှက်ခွဲသလို ဖြစ်သွားတယ်။ မရှဲရ မနေနိုင်ကြရင် update ဖြစ်တာတွေနဲ့ တကယ်သေချာတာတွေကိုပဲ ရှဲကြရင်ကောင်းမယ်။  

တကယ့် အမှန်သတင်းတွေပါ အမှားတွေကြောင့် တန်ဖိုးလျော့သွားနိုင်တာမို့ … သတင်းတစ်ခု တက်လာပြီဆိုရင် … အထူးသဖြင့် သွေးဆူမယ့် သတင်းမျိုးဆိုရင် အချိန်ကိုနည်းနည်း စောင့်ကြည့်ပါ။ သတိရှိတာက တစ်ပိုင်း၊ သွေးမဆူတာက တစ်ပိုင်းပါ။ လူတွေ သွေးဆူလို့လည်း ဘာကိုမှ ကာကွယ်ပေးနိုင်တာ မဟုတ်ပါဘူး။ ပြဿနာ ပိုကြီးလာစေနိုင်တာပဲ ရှိတယ်။ အမုန်းတရား ပိုကြီးလာတာပဲ ရှိမယ်။ အွန်လိုင်းက လူတွေဟာ လွတ်ရာကင်းရာမှာ နေကြတာမို့ သတိရှိနေရင်းနဲ့လည်း သွေးမဆူဘဲ တည်တည်ငြိမ်ငြိမ် စဉ်းစားလို့ရပါတယ်။

ကျင့်ဝတ်ရှိတဲ့ သတင်းဌာနတွေရဲ့ 

သတင်းတွေဟာ အကုန်လုံး အမှားမဟုတ်သလို၊ အခက်အခဲတွေကြောင် ရာနှှုန်းပြည့်တော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ သတင်းတွေ မပြည့်စုံကြတာကတော့ သတင်းယူဖို့ အခက်အခဲတွေကြောင့်လည်း ပါပါတယ်။

အမုန်းပိုကြီးလာရင် ဘာဖြစ်မလဲ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာလိုမျိုးကို စဉ်းစား အကောင်အထည်ဖော်ရမယ့် အခါမျိုးမှာ အမုန်းကြီးသူတွေရဲ့ ဖိအားကြောင့် အစိုးရကိုလည်း အကျပ်ရိုက်စေမှာပါ။ တစ်နိုင်ငံလုံး အမုန်းကြီးနေကြရင် တကယ်ညှိရမယ့် အချိန်မျိုးမျာ အစိုးရအနေနဲ့ လုပ်ရကိုင်ရ တအားခက်တော့မှာပါ။ အဲဒါကိုလည်း သတိပြုကြရင် ကောင်းမှာပါ။

သွေးဆူဒေါသထွက်ခြင်း၊ ကလေးဆိုးကြီးတွေလို နိုင်ငံတကာကို လိုက်ရန်ရှာနေခြင်းမျိုးထက်၊ စဉ်းစားချင့်ချိန်တတ်တဲ့ ဦးနှောက်တွေ ရှိကြမယ်ဆိုရင် ဘက်တိုင်း အကျိုးရှိကြမှာပါ။


(Facebook Post ကို မူလရေးခဲ့တဲ့ back date နဲ့ blog မှာ ပြန် save တာ။ 


Friday, August 25, 2017

Emotion နဲ့ မောင်းနှင်နေတဲ့လောက

ဆရာ ဂျက်(ကွမ်းခြံကုန်း)လည်း ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စမှာ မတော်တဆ အပြောမှားသွားတော့ ခံရပြီ။ ဒီကိစ္စမှာ ဝေဖန်သူတွေ မှန်ပါတယ်။ ကျွန်တော်လည်း အရင်တုန်းကတော့ ကိုယ်လေးစားတဲ့သူတွေ အပြောမှားရင် ဒေါသထွက်တယ်။ ဒါပေမဲ့ (အခုနောက်ပိုင်းမှာ) အပြောမှား အဆိုမှားက လူတိုင်း ဖြစ်တတ်တယ်လို့ပဲ တွေးလိုက်တယ်။ တစ်ခါ အပြောမှားတာ၊ တစ်နေရာမှာ ရပ်တည်ချက်မှားတာမျိုးကြောင့် အကုန်မကောင်းဘူးလို့ မဆိုနိုင်ဘူး မဟုတ်လား။

ဦးဝီရသူကို ဆရာဇော်ဇော်အောင်က သံဃာ့ အာဇာနည်လိုမျိုး ရေးခဲ့တာမျိုးကတော့ ပိုရုပ်ပျက်တာပေါ့လေ။ ဒါပေမဲ့ အဲဒါမျိုးကိုတောင် (အခုတော့) အဲဒီကိစ္စက သက်သက်၊၊ တခြားကိစ္စက သက်သက်လို့ပဲ ခံယူလိုက်တော့တယ်။ နို့မို့ဆို ဖတ်စရာ ကိုယ့်ကမ္ဘာ ပိုကျဉ်းသွားမယ်လို့ပဲထင်တယ်။ နိုင်ငံတကာမှာလည်း Ezra Pound လို နာဇီ ကဗျာဆရာ ရှိခဲ့တာပဲ။

ဒါပေမဲ့ အဲဒါတွေကို အမြင်ကတ်လို့ မဖတ်တော့ဘူးဆိုတဲ့ ပြတ်သားသူတွေရဲ့ ခံစားချက်ကိုလည်း လေးစားနားလည်ပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်ပဲလေ။

ဒီ တစ်နှစ်လောက်အတွင်းမှာ ကိုယ့်စိတ်တွေ ပျော့သွားတာကိုတော့ သတိထားမိတယ်။ လစ်ဘရယ်ဆန်လာတာတော့ မဟုတ်ဘူး။ ကိုယ်အပါအဝင် လူတွေ အကုန်လုံးဟာ ကိုယ့်အစွဲနဲ့ကိုယ် ဘက်လိုက်နေကြတာပဲလို့ မြင်လာတာ။

ဥပမာ ဒေါ်စုကို မတရားဆဲတဲ့သူတစ်ယောက်ဟာ ခိုင်ထူး အဆဲခံရရင် မခံနိုင်တာရှိမယ်။ ဘုရားတွေကိုတောင် troll နိုင်တဲ့သူဟာ ကိုယ်ကြိုက်တဲ့စာရေးဆရာကို အဝေဖန်ခံရတော့ကျ ဆတ်ဆတ်ထိ မခံတာ ရှိမယ်။ ဗုဒ္ဓကို troll ချင် troll .... မူရာကာမီကို မထိနဲ့၊ ဆရာ တာရာမင်းဝေကို မထိနဲ့ ဆိုတာမျိုးပေါ့။

ကိုယ်မုန်းတဲ့လူ လုပ်တဲ့လုပ်ရပ်ကိုပဲ ကိုယ်ချစ်တဲ့လူလုပ်ရင် သဘောကျချင် ကျနေတတ်ရော။ သဘာဝလည်း ကျပါတယ်။ လောကကြီးကို တကယ်မောင်းနှင်နေတာဟာ လောဂျစ်တွေ မဟုတ်ဘဲ အီးမိုးရှင်းတွေနဲ့ မောင်းနှင်ရတာကိုး။

ကောင်းကင်ကို (Facebook မှာ သြဂုတ် ၂၀ တုန်းက တင်ခဲ့တဲ့ ပို့စ်ပါ)

Friday, August 18, 2017

နန်းရစွန်

ပြသနာဟာ
စနိုက်ပါတစ်ယောက်ရဲ့ ဈာန်သမာဓိနဲ့
ချက်ကောင်းကို ကွက်တိ ချိန်လိုက်တယ်။

ထပ်လျှော့ပေးလိုက်ပါတဲ့
ငါ့မှာ...ချစရာလက်နက်ဆိုလို့
သက်ပြင်းပဲ ရှိတော့တဲ့ သူပုန်ပါ။

Part-time မိတ်ဆွေတွေရဲ့ အတင်း
အလီရဲ့ လက်သီးထက်တောင် ပြင်းသလား။

ဒီလိုနဲ့
တစ်ကိုယ်တော် ထစ်ချုန်းနေတဲ့ စိတ်
ကောင်းကင်ကိုင်းဖျားမှာ နန်းရစွန်လို ချိတ်လို့။

ကောင်းကင်ကို (၁၈ သြဂုတ် - ၂၀၁၇)

Saturday, August 5, 2017

မဘသရဲ့ ကျေးဇူး

တကယ်တာ့ လက်ရှိ မဘသ အဖွဲ့ကြီးက လူတွေအပေါ် ကျေးဇူးကြီးပါတယ်။

ဘယ်လို ကျေးဇူးတွေတုန်း ဆိုတာ အရင်ကဆို လူတွေက ဆဒ္ဒန်ဆင်မင်းဇာတ် ကိုပဲ ခေါင်းထဲစွဲပြီး သင်္ကန်းဝတ်ထားတာနဲ့ ကန်တော့ရမယ်လို့ စွဲနေကြတယ်။ သင်္ကန်းဆိုင်တောင် ကန်တော့ရမယ့် ပုံမျိုးပေါ့။ သာမန်လူတွေမပြောနဲ့၊ စာရေးဆရာ တစ်ယောက်တောင် အရင်တုန်းက သူ… တက်ဘုန်းကြီး ဝတ္ထုကို မဖတ်ရဲဘူးလို့ ရေးဖူးတယ်။ အဲဒီဝတ္ထုကို မဖတ်ရဲတဲ့ သူငယ်ချင်းတွေ အများကြီးပဲ။ အရင်ကတည်းက မဟုတ်တဲ့ ဘုန်းကြီးတွေရှိပေမဲ့ ခုလို လယ်ပြင်မှာ ဆင်သွားသလို မထင်ရှားသေးဘူး။ ဒီတော့ လူတွေဟာ သင်္ကန်းအပေါ် ပိုစွဲလမ်းခဲ့ကြတယ်။ တကယ်တမ်းက အဝတ်ကိုကျော်ကြည့်ပြီး သီလစင်ကြယ်သူကိုပဲ အရိုအသေပေး ရှိခိုးကြရမှာပါ။ အဝတ်စကို ရှိခိုးရမှာ မဟုတ်ဘူးလေ။ အခုလည်း အဲလိုလူတွေ ရှိသေးပေမဲ့ အရင်ထက်စာရင်တော့ အရေအတွက် အများကြီးနည်းလာတယ်လို့ ထင်တယ်။ အစွဲအလမ်းနည်းတဲ့သူတွေ သိသိသာသာ ပိုများလာတယ်။

အရင်ကဆို ဘာသာမဲ့လို့ ပြောလိုက်ရင် လူုတွေ နားမလည်ကြဘူး။ ကွန်မြူနစ်လို့ စွပ်စွဲကြတယ်။ ဘာသာမဲ့တိုင်း ကွန်မြူနစ် မဟုတ်သလို ကွန်မြူနစ်တိုင်းလည်း ဘာသာမမဲ့ကြပါဘူး။ ဘာသာမဲ့လို့ ပြောလိုက်ရင်ပဲ ကိုယ့်အဖေပဲ ကိုယ်သတ်တော့မလိုလို ထင်ကြတယ်။ အခုကျ ဘာသာရေးတွေမှာ ဆိုးကျိုးရှိလာတာကို ခေတ်ကြောင့် မြင်လာကြတော့ တချို့က နားလည်လာကြတယ်။ ဘာသာရေးခေါင်းဆောင်ထဲက အစွန်းရောက်တွေကြောင့် စိတ်နာရာက အစပြုပြီး ဘာသာမဲ့သလို ဖြစ်လာတဲ့သူတွေ များလာတယ်။ ဟိုး ၂၀၀၇ လောက်အထိတုန်းကဆို ဘာသာမဲ့တာကို လူတွေကို ထုတ်ပြောဖို့ အင်မတန်ခက်တာ။ ဆိုရှယ်မီဒီယာ မကျယ်ပြန့်သေးတော့ ဘာသာမဲ့တွေ မစုမိတာလည်း ပါမယ်။ အခုကျ ဘာသာရေးခေါင်းဆောင်ဆိုးတွေ မြင်နေရတော့ ဘာသာမဲ့တာကတောင် ဂုဏ်ရှိသလိုလို ဖြစ်လာတယ်။

ဆရာ သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီး ဝတ္ထုက လူတွေရဲ့ အစွဲကို ချွတ်ပေးလို့ ကျေးဇူးကြီးပါတယ်။ ဒါပေမဲ့ သိပ်မထိရောက်ခဲ့ဘူး။ ဒီတော့ မဘသ က ဆရာသိန်းဖေမြင့်ထက်တောင် ပိုကျေးဇူးကြီးတာပေါ့။ ကျေးဇူးရှင်တွေကို မပြစ်မှားကြနဲ့နော်။ :D

ကောင်းကင်ကို

Tuesday, July 18, 2017

ဆူဆိုက်

မနောစည်းရိုး ယိမ်းထိုးပူလောင်
တစ္ဆေဖော်ကိုတောင် မျှော်ရတဲ့ည
ဘဝအနာတွေအကြောင်း ရင်ခွဲပြောဖို့
နားရွက်ငှားမယ့်သူ ရချင်လို့။

ပြန့်ကားလှဲအိပ်နေတဲ့ မြေပြင်ကို
ရင်ဖွင့်ကြိုဆိုမယ့် တစ်ဦးတည်းသောသူ အသွင်
သောကဆို့နင်နင် နဲ့ ကြည့်ရတယ်။

ပစ္စုပ္ပန်တွေ Auschwitz ဆန်လာတဲ့အခါ
အဖန်ငါးရာငါးကမ္ဘာဟာ
လက်ရှိဝဋ် တစ်လုတ်စာလောက် မကြာတော့ဘူး။

လမ်းပျောက် လွတ်မြောက်လိုစိတ်က ယဲ့ယဲ့ ရှင်သန်လိုစိတ်ကို
လေးလံပေါ့ပါးစွာ အလဲထိုးလိုက်တဲ့အခိုက်
နောက်ဆုံးပုဆိန်ချက်ဆန်ဆန်...တရားခံဖြစ်သွားတဲ့ ညခါးခါး
စစ်ရှုံး ဆာမူရိုင်းရဲ့ ဓားလို
မှောင်မည်းတောက်ပလို့။

ကောင်းကင်ကို (ဇူလိုင် ၁၈ - ၂၀၁၇)

Wednesday, June 28, 2017

လက်ရှိ နိုင်ငံရေး အခြေအနေ

ကိုယ်ထင်တာတွေ မှန်လာတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်။

အဲဒီတုန်းက နိုဝင်ဘာ၈ကို ကိုယ်က ရင်သိပ်မခုန်လို့ဆိုပြီး ကိုယ့်ကို ဆဲခဲ့ကြတဲ့သူတွေ အခု အစိုးရကို တအားဆဲနေတာတွေ့တော့လည်း စိတ်မကောင်းဖြစ်ရတာပဲ။

ကိုယ်အဆိုးမြင်ခဲ့တယ်ဆိုတာကလည်း ဘာမှလုပ်ပိုင်ခွင့် သိပ်မရှိတဲ့နေရာမှာ ကိုယ်လေးစားခဲ့ရသူတွေ ဝင်နာမည်ခံရပြီး နာမည်ပျက်သွားမှာ စိုးတာလည်းပါတယ်။ ဘာမှ ထူးမလာမယ့်အတူတူ သူရဲကောင်းတွေ ဆုံးရှုံးလိုက်ရမှာကိုး။ ပြီးတော့ သူတို့အရှိန်အဝါကြောင့်... အတုကို အစစ်လို့ လူတွေ ထင်သွားကြမှာကို စိုးရိမ်တာလည်း ပါတယ်။

စိတ်မကောင်းအဖြစ်ဆုံးကတော့ ... လက်ရှိခေါင်းဆောင်ကို ဝေဖန်တဲ့နေရာမှာ... ခံစားချက်တွေ လွန်ကဲပြီး မိတ်ဆွေတချို့ဟာ စစ်လော်ဘီတွေလို အောက်လုံးသုံးတဲ့ အဆင့်မျိုးအထိ ထိုးကျသွားတာကိုပဲ။ အကျိုးအကြောင်းနဲ့ မဟုတ်ဘဲ လူထုနဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ ပါလာကြတယ်။ တခါဆို စစ်လော်ဘီတစ်ယောက်ရဲ့ ပို့စ်ကို ရှယ်တာတောင် တွေ့မိသေးတယ်။ အရင်လူတွေက ပိုကောင်းသလိုတောင်
အသံထွက်လာကြတယ်။ အရင်စစ်အစိုးရက လူတွေအများကြီး သတ်ခဲ့တာကို
တချို့က မေ့သွာကြတယ်။ အဓိက အရင်းအမြစ်ကို၊ အဓိက အချုပ်ကိုတော့ မျက်ခြေမပြတ်ဖို့ လိုတာပဲ။

လက်ရှိကို အားမရပေမဲ့ ၊ ဝေဖန်သင့်ပေမဲ့ ... အရင် စစ်အစိုးရကို ပိုကောင်းသယောင် ပြောတာမျိုးတော့ မဟုတ်သေးပါဘူး။ အဓိက ပြဿနာပေးသွားတာက သူတို့ပဲလေ။ အခု ဒုက္ခရောက်နေတာတွေမှာလည်း သူတို့ ဆက်ဒုက္ခပေးနေတာတွေ ပါတယ်။

လော်ဘီချင်း ယှဉ်ရင်တောင် အန်အယ်ဒီလော်ဘီထဲမှာ ... တိုင်းရင်းသားတွေကို စာနာတဲ့သူတွေ၊ လူမျိုးဘာသာ မခွဲခြားတဲ့သူတွေ ပါသေးတယ်။ အတိုင်းအတာတစ်ခုအထိ မျှတတဲ့သူ ဆယ်ယောက်မှာ ငါးယောက်လောက်ပဲ ပါတယ်ထား။ ဟိုဘက်မှာက လော်ဘီ ဆယ်ယောက်မှာ ကိုးယောက်လောက်က သွေးထိုးနေတဲ့သူတွေ။ နာဇီတွေ။

Friday, June 23, 2017

အမျိုးသမီးဝါဒီအတု သည်းသည်းလှုပ်တွေနဲ့ ကျွန်တော်

ပန်ဆယ်လိုရဲ့ ဗွီဒီယိုကို ကြည့်ရင်းနဲ့ gender discrimination ဆိုတဲ့ မေးခွန်းကို တွေ့တော့ ဒီနေ့ တွေးမိတာ တစ်ခုရှိတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို နှိမ်ချမှုတွေ ရှိတယ်ဆိုတာကတော့ တကယ်ဟုတ်ပါတယ်။
ဒါပေမဲ့ အခုပြောချင်တာက တခြားအကြောင်းပါ။ ကျွန်တော်သိတဲ့ အမျိုးသမီးးတစ်ယောက်(ပန်ဆယ်လို မဟုတ်) ဟာ သူ့ကို ယောကျာ်းလေးတချို့က ရိုင်းရိုင်းစိုင်းစိုင်းဆဲတော့ ... သူ ပြန်တုံ့ပြန်ပုံက ရှင်တို့နှမတွေ၊ ရှင်တို့အမေတွေ ဘာညာဆိုပြီး ပက်ပက်စက်စက် ပြန်ဆဲရော။ သူကိုယ်တိုင်တောင်မှ ဆဲတဲ့ငနဲတွေကို တိုက်ရိုက်ပြန်မဆဲဘဲ မဆိုင်တဲ့ အမတွေ၊ အမေတွေကို ဆဲနေမှတော့ အဲဒီ gender discrimination ဆိုတာကြီးက ဘယ်လိုလုပ် ပျောက်တော့မလဲ။
နောက်တစ်ခု မကြိုက်တာကကျ.... sensitive ဖြစ်လွန်းတာတွေကို။ ကိုယ့်မှာ ခွဲခြားနှိမ်ချချင်စိတ် မရှိပေမဲ့.... ... လူ့သဘာဝအရ ဆန့်ကျင်ဘက်လိင်တွေကို လှတဲ့အကြောင်း၊ လန်းတဲ့အကြောင်း၊ ကိတ်တဲ့အကြောင်း ပြောမိရင်ဘဲ ... မိန်းမတွေကို ယောကျာ်းတွေက ပါးစပ် အရသာခံဖို့လောက်ပဲ တွေးတယ်လို့ လှေနံဓားထစ် စွပ်စွဲကြတာမျိုး။ တကယ်က မိန်းမတွေလည်း ယောကျာ်းတွေကို အချင်းချင်း ပြောကြပါတယ်။ အမယ်…မိန်းမတွေလည်း ဘရာဇီးက ဘူတာရုံစောင့် ကိုက အစ ပါးစပ်အရသာခံပြီး ပြောကြတာပဲ။ ဒါကကျ လူ့သဘာဝလေ။ တမင် ခွဲခြားနှိမ့်ချတာနဲ့ မဆိုင်ဘူးထင်တယ်။
နောက်တခါ ကိုယ့်အလေးစားဆုံး ပုဂ္ဂိုလ်တွေ ပြောတဲ့အခါမျိုးမှာလည်း ကြုံရတယ်။ သုံးယောက်လောက်ပဲ ပြောခိုင်းတာကိုး။ ဒီတော့ ကိုယ်လေးစားတဲ့ အများကြီးထဲကနေ စိတ်ထဲ ပေါ်လာတဲ့ သုံးယောက်လောက်ကို ရုတ်တရက် ပြောလိုက်တာပေါ့။ ဒါဝင်၊ အိုင်းစတိုင်း၊ ကားလ်မာ့က်စ်လို့။ တကယ်တော့ နာမည်တွေသာ ရုတ်တရက် ပေါ်လာခဲ့မယ်ဆိုရင် မဒမ်ကျူရီတို့၊ ဂျုန်းအော့ဖ်အာ့ တို့၊ Hypatia တို့ နာမည်တွေထဲက တခုခုကိုလည်း ထည့်မိမှာပါ။ ယုံကြည်ချက်အတွက် အရှင်လတ်လတ် မီးရှို့ခံရဲတဲ့ ဂျော်ဒါးနိုးဘရူနိုတန်းတူ Hypatia ကို တန်ဖိုးထားတာပေါ့။ ဒါပေမဲ့ အဲဒီချာတိတ်မ မေးလာတာက သုံးယောက်တည်းလေ။ ကိုယ့်အကြိုက်ဆုံးကို မိနစ်ပိုင်းအတွင်း ပြောရတဲ့ နေရာမှာ … ကိုယ့်ကိုယ်ကိုယ် ကိုယ်လိမ်ပြီး gender balance လုပ်သင့်သလား။ gender balance မလုပ်မိခဲ့ရင် မဟာဖိုဝါဒီ ဖြစ်သွားရောလား။ အကြိုက်ဆုံး သုံးယောက်ကို မေးလာတဲ့ ချာတိတ်မ က မက်ဆီတို့ ဆွာရက်ဇ်တို့ ကို အသည်းစွဲကြိုက်တဲ့ ဘာစီလိုနာ ပရိသတ်။ အဲဒါနဲ့ သူ့ကို မီယာဟမ်းတို့ ၊ ဟုပ်ဆယ်လို တို့ ကို သိလားလို့ မေးလိုက်တော့ အဲဒီ ကမ္ဘာကျော် အမျိုးသမီး ဘောလုံးသမားတွေကို သူ မသိဘူး။ ဒါနဲ့ …မော်နီကာဆဲလက်စ် ကိုရော သိလားလို့ မေးလိုက်တယ်။ ဓားနဲ့ ထိုးခံခဲ့ရပါလျက် နောက်ပိုင်း သရဖူပြန်ဆောင်းနိုင်တဲ့ အမျိုးသမီးလေ။ အဲဒါလည်း အဲဒီ ကလေးမ မသိပါဘူး။
ဟီး။ ညမအိပ်ဘဲ ရှည်ရှည်ဝေးဝေး လျှောက်ရေးနေတာ။  တကယ်ပြောချင်တာက ကိုယ်တိုင်ကစပြီး မခွဲခြားပါနဲ့။ နေရာတကာ သည်းသည်းမလှုပ်ဘဲ
လူု့သဘာဝကိုလည်း ထည့်တွက်ပါဦးလို့။ ပြီးတော့ ကိုယ့်တာကိုယ် အရင်လုံအောင်လုပ်ပါ။ သူများကိုချည်း အရမ်းမစွပ်စွဲကြပါနဲ့လို့။

Saturday, June 3, 2017

အဖြူတွေကို အထင်မကြီးဘူး ဆိုပေမဲ့

အဖြူတွေကို အထင်မကြီဘူး၊ အဖြူတွေကို ဘယ်လိုပြောပစ်လို့ သူတို့ ဘယ်လိုမျက်လုံးပြူးသွားတာ ဆိုတာကို ခဏခဏ ပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ မန္တလေးစက်မှုတက္ကသိုလ် Civil Engineering မေဂျာက သူငယ်ချင်း တစ်ယောက်ပေါ့။ သူ့ကို ယန်းပေါဆတ် နဲ့ ခပ်ဆင်ဆင် ရမ်းပေါမြတ် လို့ ကျွန်တော်က ကြိတ်ပြီး နာမည်ပြောင် ပေးထားတယ်။သူက အဖြူတွေကို အထင်မကြီးဘူးဆိုပေမဲ့ တခါလာလည်း အဖြူတွေနဲ့ ဘယ်လိုအရက်သောက်တာ၊ တခါလာလည်း အဖြူတွေကို ဘယ်လိုပြောပစ်တာ ဆိုတာတွေပဲ ထပ်နေတော့ နားထောင်တဲ့ သူတွေတောင် အလွတ်ရလာရော။ အဖြူတွေနဲ့ အရက်အတူသောက်တဲ့ လေးငါး ခါလောက်အကြောင်းကို အခါလေးငါးဆယ်လောက် ပြောနေရော။ အဖြူတွေကို အထင်သာ မကြီးတာ၊ သူ့ပါးစပ်ဖျားကနေ အဖြူဆိုတာကို တသသနဲ့ မချတော့ဘူုးလေ။

အဲဒါနဲ့ ပတ်သတ်ပြီး ကျွန်တော် တစ်ယောက်တည်း အူတက်အောင် ရယ်လိုက်ရတာ တစ်ခါရှိတယ်။ ဘန်ကောက်မှာ ကျောင်းလာတက်တဲ့ သူငယ်ချင်းတွေထဲမှာ ကရင်တို့၊ ကယားတို့လို တိုင်းရင်းသား တော်တော်များများက အင်္ဂလိပ်နာမည်တွေနဲ့။ John တို့၊ David တို့၊ Felix တို့။ ကျွန်တော့် အခန်းဖော် ကယားတိုင်းရင်းသား တစ်ယောက် ရဲ့ နာမည်က Benny Paul တဲ့။ အဲဒီတုန်းက ဂျီတော့ ခေတ်။ ဂျီတော့မှာ ခုနက Civil မေဂျာက သူငယ်ချင်းနဲ့ လှမ်းချတ်ရင်းနဲ့ … ငါ Benny Paul နဲ့ ဘီယာ သွားသောက်ပြီး မြန်မာ့နိုင်ငံရေးအကြောင်း လေကန်လိုက်ဦးမယ်လို့ သူ့ကို တမင်တကာ ပြောပစ်လိုက်တယ်။ သူက တကယ်ကို အံ့သြသွားတဲ့ ပုံစံနဲ့ “ဟာ… အဖြူနဲ့ သောက်မလို့ပေါ့” တဲ့။ ဂျီတော့ကနေ ကျွန်တော် အမြန် sign out လုပ်ပြီး တစ်ယောက်တည်း အူတက်အောင် ရယ်နေလိုက်ရတယ်။ ဟီး။ တကယ်ဆို အဖြူနဲ့ ဘီယာသောက်တာ စာဖွဲ့စရာမှ မဟုတ်တဲ့ဟာ။

ကောင်းကင်ကို (ဇွန် ၃ - ၂၀၁၇) Facebook မှာ အရင်တင်ခဲ့တဲ့ဟာပါ။

Monday, May 29, 2017

ထူးဆန်းတဲ့ ရသတစ်မျိုး

မထူးဆန်းဘူးလား။ ကျွန်တော်တို့နဲ့ အမျိုးလည်းမတော်၊ မြင်လည်းမမြင်ဖူး၊ သိလည်းမသိတဲ့သူ ၁၀ယောက်က ကျွန်တော်တို့ မိသားစု တစ်စုလုံးရဲ့ မွေးနေ့တွေကို အလွတ်ရနေကြသတဲ့။ မွေးနေ့တွေကို အလွတ်ရရုံတင် မကဘူး။ သူတို့ မမြင်ဖူးတဲ့ ကျွန်တော်တို့ကို ဘုရားရှိခိုးတိုင်း မေတ္တာထည့်ပို့ကြသတဲ့။

ကျွန်တော်တို့ မိသားစုက တစ်ယောက်တစ်ကွဲစီ။ အမေနဲ့အဖေနဲ့ တူမပေါက်စလေး တစ်ယောက်က တောင်ပေါ်မြို့ တစ်ခုမှာ။ ညီက သင်္ဘောပေါ်မှာ။ ကျွန်တော်က ထိုင်းမှာ။ အမ နဲ့ တူလေးက တခြား နိုင်ငံတစ်ခုမှာ။ ကျွန်တော်တို့ မွေးနေ့တွေကို အလွတ်ရနေတဲ့ သူတွေကကျ ဟိုး မကွေးတိုင်းက မြို့တစ်မြို့မှာ။

အဲဒီ မြို့လေးမှာ သံဃာတစ်ပါးရှိတယ်။ ပြီးတော့ အဲဒီ သံဃာတစ်ပါးက စောင့်ရှောက်ထားတဲ့ အဘိုးအဘွား ဆယ်ယောက်ရှိတယ်။ ကျွန်တော်တို့ ၇ ယောက်ရဲ့ မွေးနေ့တွေ ရောက်တိုင်း အမေက အဲဒီ ဘုန်းဘုန်းနဲ့ အဘိုးအဘွားတွေကို လှူလေ့ရှိတယ်။ ဘုန်းဘုန်းကို တစ်ဝက်၊ အဘိုးအဘွားတွေကို တစ်ဝက်ပေါ့။ ဦးလေးကနေ တစ်ဆင့် အမေကပဲ အားလုံးကိုယ်စား လှမ်းလှူတာ။ အဘိုးအဘွားတွေအတွက် ပိုက်ဆံအလှူကို စာအိတ်လေး ဆယ်ခုထဲ ခွဲထည့်ပြီး တစ်ယောက်စီ ပေးတာတဲ့။ စာအိတ်ပေါ်မှာ မွေးနေ့ရှင် နာမည် ရေးထားတာပေါ့။ အဘိုးအဘွားတွေက အဲဒီစာအိတ်လေးတွေကို အမှတ်တရ သိမ်းထားကြတယ်။ မွေးနေ့တွေကိုလည်း အလွတ်ရနေကြရော။ တစ်နှစ်ကို ၇ ကြိမ်ပေါ့။ တစ်ခါတစ်ခါ ကြားထဲမှာ တစ်ယောက်ယောက်မွေးနေ့မှာ မေ့ပြီး ကျော်သွားရင် အဘိုးအဘွားတွေက မွေးနေ့ရှင် နေမှ ကောင်းရဲ့လား၊ ကျွန်တော်တို့ မိသားစု နေမှကောင်းရဲ့လားဆိုပြီး စိတ်ပူကြသတဲ့။ တစ်ခါ ဦးလေးက အဲဒီဘုန်းကြီးကျောင်းရောက်တုန်း အမေ့ဆီ ဖုန်းဆက်တော့ အဘိုးအဘွားတွေက သူတို့လည်း အမေနဲ့ ပြောချင်တယ်ဆိုပြီး အလုအယက် ဖုန်းပြောကြသတဲ့။ အဲဒီကို အမေတို့ သွားတွေ့မယ်ဆိုပြီး တစ်ခါစီစဉ်ပေမဲ့ မသွားဖြစ်လိုက်ဘူး။

အလှူတွေအမျိုးမျိုး ရှိကြတယ်။ တချို့အလှူတွေက ပြည့်ပြီးသားပင်လယ်ထဲကို ရေတစ်စက် ထပ်ထည့်ရသလိုပဲ။ အခုလို ခေတ်ရှုပ်ကြီးထဲမှာဆို တချို့အလှူတွေဟာ အဆိပ်ပင် ရေလောင်းမိသလိုတောင် ဖြစ်သွားနိုင်တယ်။ အဘိုးအဘွားတွေအတွက် အလှူကျတော့ သူတို့ရော ကိုယ်ပါ စိတ်ချမ်းသာရတယ်။ သားသမီး မရှိတဲ့ ကိုယ်တွေ အသက်ကြီးလာရင် ဘယ်လိုများ နေရမလဲလို့ ခဏခဏ တွေးဖူးတယ်။ ဘဝမှာ အဆင်မသင့်ရင် အထီးကျန်ပြီး နွမ်းနွမ်းပါးပါးနဲ့ အားကိုရာမဲ့လည်း ဖြစ်ချင်ဖြစ်သွားမှာပဲ။ အဲဒါကို တွေးမိတဲ့အခါတိုင်း အမေ့အလှူရဲ့ ထူးဆန်းတဲ့ရသတစ်ခုကို ခံစားတတ်လာတယ်။

ကောင်းကင်ကို (28 May, 2017) Facebook မှာ အရင်တင်ခဲ့တဲ့ ပို့စ်ပါ။

Saturday, April 29, 2017

လွှတ်တော်က အစိတ်သားကို လိုအပ်သလို

ဂျူးလိယက်ဆီဇာက ဘရုတပ် ကို လိုအပ်သလို
ဆိုကရေးတီးက အဆိပ်ခွက် ကို လိုအပ်သလို
ဆင်ကလေးမိုမိုက တိရစ္ဆာန်ရုံကို လိုအပ်သလို
မဲဆန္ဒရှင်က ပါးပါးလှီးမယ့်အမတ်ကို လိုအပ်သလို
လွှတ်တော်က အစိတ်သားကို လိုအပ်သလို
ဖရီးသင့်ကာ က သာညှိုးကို လိုအပ်သလို
ဂျာနယ်လစ်က ပုဒ်မ (၆၆) ကို လိုအပ်သလို
လူတွေဟာ အချစ်ကို လိုအပ်တယ်။
ကောင်းကင်ကို (ဧပြီ - ၂၉ - ၂၀၁၇)
Facebook မှာ ခုနလေးကတင် အရင်တင်လိုက်တဲ့ ကဗျာပါ။

Tuesday, March 21, 2017

ဘုရားခန်းထဲရောက်ရင်

မျက်စေ့ပြာနေတဲ့ခေတ်ဟာ
ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်ခဲ့တယ်။

 မြန်မာနိုင်ငံမှာ
ဝက်သားစားခြင်းအတတ်ဟာ
ကိုယ်ခံပညာတစ်ရပ်လား။

လော်စပီကာထဲက ဘီလူးကြိုက် တေးသံဟာ
အာကြမ်းလျှာကြမ်းနဲ့
လူမိုက်ဂိုက်ဖမ်းလို့။

အမုန်းရောဂါသည်တွေနဲ့
မဖြစ်မနေ ဆက်ဆံနေရတဲ့အခါ
သည်းခံမှုကို စုရုံး
ကွန်ဒုံးလို ထုတ်သုံးနေရ။

ရှေးတုန်းကလို မဟုတ်တော့ဘူး။
ရတနာသေတ္တာရဲ့ အနက်အရှိုင်းကို
မြန်မာပြည်နဲ့ မတိုင်းမိစေနဲ့။
ငှက်မြတ်တွေနားတဲ့ ပရမတ်ကို
မြန်မာပြည်နဲ့ ဈေးမဖြတ်မိစေနဲ့။

အနိဌာရုံတွေ ခုန်ပေါက်ကစားနေကျ ချောက်ထဲမှာမှ
ဇာတိရလာမိတဲ့ ငရဲနိုင်ငံသားတွေ
မြင်မြင်သမျှအလင်းစ တစ်ပွင့်နှစ်ပွင့်ကို
မရမက လိုက်ကောက်နေရ။

စိတ်ဒဏ်ရာတစ်စုကို
ပွင့်ဖတ်နုတွေနဲ့ကပ်ဖို့
အမေ့အိမ်ကို အပြေးအလွှားလျှောက်
ဘုရားခန်းထဲရောက်ရင်
ဗုဒ္ဓရဲ့ ဖန်မီးအိမ်မျက်လုံးထဲမှာ
လူုတွေကို သရော်ဝေဖန်တဲ့ အပြုံးတွေ
ရှာကြည့်ပြီး စိတ်ဖြေရမယ်။

မျက်စေ့ပြာနေတဲ့ခေတ်ကတော့
 ရွှေဝါရောင်ဝင်းလဲ့နေတဲ့မြစ်ထဲ
အမှိုက်တချို့ ပစ်လို့။

ကောင်းကင်ကို (Jan 31 – 2017)
Facebook မှာ ဇန်နဝါရီ ၃၁ တုန်းက တင်ခဲ့တဲ့ ကဗျာပါ

Wednesday, March 8, 2017

ဗုံးကြဲလေယာဉ်

ပြည်သူ့အခွန်တွေ အဝစားထားတဲ့
သေမင်းတမန်ငှက်
လေညင်းခံထွက်တာ
ကျောင်းတကျောင်းပါသွားတယ်။
အိမ်ဆယ်အိမ် ပါသွားတယ်။
ကလေးတချို့ ပါသွားတယ်။

ဗုံးကြဲလေယာဉ်မှာ
ရေဒါပါလာပေမဲ့ နှလုံးသားပါမလာဘူး။
အမိန့်နာခံမယ့် နား ပါလာပေမဲ့
လူတွေငိုသံပြန်ကြားမယ့် နား ပါမလာဘူး။

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဆေးရုံတခုဆီသွားချင်တယ်။
ခြေထောက်ဆုံးရှုံးခဲ့သူတွေအတွက် ခြေထောက်တွေကြဲချ
လက်ဆုံးရှုံးခဲ့သူတွေအတွက် လက်တွေကြဲချ

ဗုံးကြဲလေယာဉ်ကို ပုတ်ပြတ်ငှား
ဒုက္ခသည်စခန်းတခုဆီသွားချင်တယ်။
အဖေအမေ ဆုံးရှုံးခဲ့သူတွေအတွက် အဖေအမေတွေ ကြဲချ
ကစားဖော်ဆုံးရှုံးခဲ့သူတွေအတွက် ကစားဖော်လေးတွေကြဲချ

နောက်ဆုံးအစီအစဉ်အရ
ဗုံးကြဲလေယာဉ်ကိုပုတ်ပြတ်ငှား
တရားလွန်စစ်စခန်းတွေဆီ သွားမယ်။
ပြီးရင် သူတို့ဆီမှာ မျိုးတုံးလောက်အောင် ရှားပါးနေဆဲ
နောင်တတရားတွေ ကြဲချလိုက်မယ်။

ကောင်းကင်ကို (January 25 - 2017)

သစ်ခက်သံလွင် ရသစာပေ စာမျက်နှာမှာ ဖော်ပြထားတဲ့ "ဗုံးကြဲလေယာဉ်" ကဗျာပါ။ ကျွန်တော့် blog မှာ အခုမှ ပြန်တင်ဖြစ်တာပါ။

Tuesday, November 15, 2016

အပြုံးဖိုဘီးယား

မီးတောင်တလုံးက
သံတမန်ဆန်ဆန် ပြုံးပြတယ်။

မျက်နှာထားတင်းတင်းနဲ့ သေနတ်တလက်က
ငြိမ်းချမ်းရေး ငှက်ကို ချစ်ရေးဆိုသလိုမျိုး။

ပြေလည်ချင်ဇောနဲ့
ယုံကြည်မှုတွေ ပုံအောလိုက်ဖို့ဆိုတာ
လိမ်နေကျ ကန်ထရိုက်ရဲ့
ဆောက်မယ်ဆိုတဲ့တိုက်ကို
ကြိုပွိုင့်နဲ့ ဝယ်လိုက်သူထက် မိုက်များမိုက်နေမလား။

 ပြေးကြည့်စရာမလိုဘူး
 ရွှေအုတ်အကောင်းစားနဲ့ ရေပုပ်မြောင်းကြားထဲမှာ
ဝှက်ထားတဲ့ ဓားတချောင်းရှိကြောင်း။
ကောင်းကင်ကို (အောက်တိုဘာ ၂၅)

အောက်တိုဘာလ ၂၅ ရက်နေ့က သစ်ခက်သံလွင် စာပေအနုပညာ ဝက်ဘ်ဆိုဒ် နဲ့ ကျွန်တော့်ရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တဲ့ ကဗျာလေးပါ။

Sunday, November 13, 2016

ကျွန်တော်နဲ့ ဝတ္ထုဇာတ်ကောင်တွေ

 ကျွန်တော် နဲ့ ဝတ္ထုဇာတ်ကောင်တွေ

(Facebook က ပို့စ်ကို မူရင်းဒိတ်အတိုင်း blog မှာ ပြန်စုတာပါ)

စက်မှှုတက္ကသိုလ်တက်နေတဲ့ အချိန်တုန်းက ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေကို အသည်းစွဲ။ အခုလည်း ကြိုက်တုန်းပါပဲ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ကို သူငယ်ချင်းလက်ဝဲတချို့ မကြည်ကြပေမဲ့ ကျွန်တော်ကတော့ လက်ဝဲစာပေတွေကိုရော၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေကိုရော ကြိုက်တယ်။ အဲဒီတုန်းက တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာတွေကို ကြိုက်တဲ့ သူငယ်ချင်း အချင်းချင်း နောက်ကြတယ်။ ဝတ္ထုတွေဖတ်၊ စိတ်ကူးတွေယဉ်ပြီး ဘဝပျက်တော့မယ်လို့။ စကြတာပါ။ အလေးအနက် ပြောကြတာ မဟုတ်ဘူး။ 

တကယ်ကျတော့ ဘဝပျက်မယ်ဆိုရင် အဲဒီနောက်ပိုင်းကာလမှာ စွဲလမ်းလာတဲ့ ဝတ္ထုတွေကမှ ဘဝပျက်ချင်ပျက်မှာ။ (The Stranger/The Outsider/စည်းပြင်ကလူ) ထဲက မတုန်မလှှုပ် ဇာတ်ကောင် Meursault တို့၊ တခုခုကို အသေစွဲလမ်းတဲ့ Moby Dick ထဲက ကပ္ပတိန် အေးဟက်ဘ် (Ahab) တို့၊ ဂတ်စ်ဘီ (Gatsby) ထဲက ဇာတ်လိုက်တို့၊ ပြီးတော့ ဆမ်းမားဆက်မွန် ရဲ့ The Fall of Edward Barnard ၊ The Lotus Eater နဲ့ သူ့ဝတ္ထု ဘာသာပြန် “လစန္ဒာနဲ့ ခြူးပိုက်ဆံ” ထဲက လောကကို ရှောင်ခွာပြေးတဲ့ ဇာတ်ကောင်တွေ၊ အများနဲ့ မတူုတဲ့ ဇာတ်ကောင်စရိုက်တွေ၊ ဟဲမင်းဝေးရဲ့ The Killer ထဲမှာ ကိုယ့်ကို လာသတ်မှာကို ကြိုသိတာတောင် မတုန်မလှှုပ်နဲ့ ဘာမှ ကြိုတင်မပြင်ဆင်တဲ့ ဇာတ်ကောင်.. သူတို့တွေကို သဘောကျလာတယ်။ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ "The Catcher in the Rye" ဝတ္ထုကို ရေးခဲ့တဲ့ စာရေးဆရာ J. D. Salinger ဟာ နောက်ပိုင်းမှာ လူ့လောက ကို ရှောင်ဖယ်ပြီး သီးသန့် နေထိုင်သွားတယ် ဆိုတာကိုလည်း စိတ်ဝင်စားမိသေးတယ်။


ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ဇာတ်လိုက်တွေက ဇာတ်သိမ်းကောင်းတာများတယ်။ နောက်ပိုင်း စွဲလမ်းလာတဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေက တစ်ယောက်မှ ဇာတ်သိမ်း မကောင်းဘူး။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ အဲဒီ ဇာတ်သိမ်းမကောင်းတဲ့ ဇာတ်ကောင်တွေကပဲ ကိုယ့်ကို inspire ဖြစ်လာစေတယ်။ ဇာတ်သိမ်းကောင်းတဲ့ ဝတ္ထုတွေဟာ ကျွန်တော့်ကို အရင်လောက် မဆွဲဆောင်နိုင်တော့ဘူး။ ဇာတ်သိမ်းမကောင်းပေမဲ့ အဲဒီဇာတ်ကောင်တွေလို ကိုယ့်ပုံစံ၊ ကိုယ့်အတွေး၊ ကိုယ့်ကမ္ဘာနဲ့ပဲ နေသွားချင်တယ်။

ဥပမာ ပြောရရင် …. The Lotus Eater ထဲက ဇာတ်လိုက်လို ကိုယ့်မှာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ အများကြီး မရှိလို့ သူ့လို လှပတဲ့ ကျွန်းလေးမှာ သွားပြီး နေလို့ မရပေမဲ့ … ကိုယ့်အိမ်မှာ ကိုယ့်သီးသန့်ကမ္ဘာလေးဖန်ဆင်းပြီး …. အဲဒီသီးသန့် ကမ္ဘာလေးထဲမှာ… Moby Dick ထဲက ဇာတ်ကောင် ကပ္ပတိန် Ahab က ဝေလငါးဖြူကို အရူးအမူး စွဲစွဲလမ်းလမ်း ဖြစ်နေသလို ကိုယ်လည်း စာပေဖြစ်ဖြစ်၊ အနုပညာဖြစ်ဖြစ်၊ တခြားဟာ တစ်ခုခုကို ဖြစ်ဖြစ် စွဲစွဲလမ်းလမ်း ပျော်မွေ့နေချင်တယ်။ အဲဒီလိုဆိုရင် လူမှှုရေးပိုင်းတွေ၊ စီးပွားရေးပိုင်းတွေ အင်အားနည်းသွားမှာမို့ ကပ္ပတိန် အေးဟက်ဘ် တို့၊ ဂျေးဂတ်စ်ဘီတို့ အဆုံးမှာ ဘဝပျက်သလို ပျက်သွားနိုင်ပေမဲ့ နေတုန်းမှာတော့ ဘဝကို ကိုယ်နှစ်သက်တာတွေချည်းနဲ့ပဲ အပြည့်အဝ နေသွားလို့ ရတယ်လေ။ လူမှှုရေးတွေကို ဘေးချိန်ပြီး ကိုယ်နှစ်သက်တဲ့အရာတွေနဲ့ပဲ ဈာန်ဝင်စားနေမယ်။ 


အခုလည်း အဲလိုဆန်ဆန် ဖြစ်နေတာပါပဲ။ ဘန်ကောက်မှာဆိုတော့ သူငယ်ချင်းတွေ သိပ်မရှိဘူးလေ။ အလုပ်ကိုလည်း အွန်လိုင်းကပဲ လုပ်ရတာ။ တစ်လနေလို့မှ သူငယ်ချင်းတစ်ယောက်နဲ့ မတွေ့ဖြစ်ဘူး။ အပြင်လည်း မထွက်ဖြစ်ဘူး။ သီးသန့်ကမ္ဘာလေးပဲ။

အဲ…. ဘဝက ဝတ္ထုမဟုတ်တော့ အဲဒီ ဝတ္ထုဇာတ်ကောင်တွေလောက်တော့ ကိုယ့်ဘဝကိုယ် ပုံဖော်လို့ မရဘူးပေါ့။ The Lotus Eater ထဲက ဇာတ်လိုက်လို ဖရီးရိုက် မနေနိုင်ဘဲ အလုပ်တွေ ဘာတွေ ကုန်းရုန်း လုပ်ရသေးတာပေါ့။


Documentary တွေထဲကလို တောထဲသွားနေတဲ့ hermit မျိုး မဖြစ်ချင်ပေမဲ့ မြို့ ငယ်ငယ်သေးသေး လေးတစ်ခုက ကိုယ့်အခန်းကျဉ်းလေးထဲမှာ hermit ဖြစ်နေချင်တယ်။  


ကောင်းကင်ကို (၂၀၁၆ ခုနှစ် - နိုဝင်ဘာ ၁၃)

ပြီးခဲ့တဲ့နှစ်က Facebook မှာ တင်ခဲ့တဲ့ ပို့စ်

မှတ်ချက်။ အင်္ဂလိပ်စာလုံးတွေက လူအထင်ကြီးအောင် တမင် ညှပ်သုံးတာမျိုး မဟုတ်ပါဘူးး။ တချို့စာလုံးတွေက အင်္ဂလိပ်လိုကို ပိုစွဲပြီး အာရုံရလို့ ခေါင်းထဲပေါ်လာသလို ရေးထားခဲ့တာ။

Monday, September 19, 2016

(( မန်ယူဆန်တဲ့ ဘဝ ))

--------------------------
ဘဝမှာ
ကံကူမယ့်နှစ်ကို စောင့်ရတာ
မန်ယူရဲ့ အဖြစ်လိုပဲ။
နလန်မထူတဲ့စစ်မှာ
အလံဖြူတွေလည်း များလှပြီ
ရန်သူတွေလည်း ဟားလှပြီ။ 
ကောင်းကင်ကို (စက်တင်ဘာ ၁၉) 


[မန်ယူ...၃]
--------------
"မယုံနိုင်အောင်ဘဲ ... နာကျင်ကြေကွဲ... ရောင်စုံအိပ်မက်တွေ။ မှှုန်ရီလွင့်ပြယ် ပျောက်ဆုံးသွားခဲ့ပြီလေ"
သရဲနီ ကွဲပြီ ဆိုတဲ့ သတင်းငါကြားတိုင်း
"ပုလဲသီ တကွဲစီ" ဆိုတဲ့ သီချင်းစာသား သတိရမိ။
ကောင်းကင်ကို (စက်တင်ဘာ ၁၉)


မန်ယူ (၁)  (ကဗျာအဟောင်းပါ)
-----------
ချဲလ်ဆီးရဲ့ အဟောင်းပန်တော်ကျ နဲ့
သရဲကြီးရဲ့ခေါင်းပြန်ဖော်ရမှာ
သိပ်တော့ မနိပ်။
မော်ရေ...
ပိတ်ဆော့မယ့် ဘတ်စ်ကားကွက်နဲ့တော့
သိပ်ဟော့တဲ့ အမှတ်အသားကို မဖျက်နဲ့နော်။
ကောင်းကင်ကို (သြဂုတ် ၁၃)

Facebook က ဟာကို backdate နဲ့ blog မှာ ပြန်တင်တာပါ။ 

Tuesday, August 23, 2016

ဘောလုံး ကဗျာများ

Facebook မှာ သြဂုတ် ၁၁၊ ၁၂ နဲ့ ၁၃ ရက်နေ့တွေက တင်ခဲ့တဲ့၊ ကျွန်တော့်ရဲ့ ဘောလုံးကဗျာ တွေပါ။

(မက်ဆီ)
----------
ဘာကာရဲ့ ရိုးတွင်းခြင်ဆီ
ဂိုးသွင်းချင်ပြီ တဲ့။

မန်ယူ (၁)
--------
သိပ်တော့ မနိပ်။

မော်ရေ...

မန်ယူ (၂)
--------
မော်ရင်ဟိုကို မြင်ရုံနဲ့
ပျော်ချင်သလိုလို ရင်ခုန်ရပေါ့။

အရောင်ရဲနီ ယူနိုက်တက်က
အောင်ပွဲဆီ အတူလိုက်တက်ဖို့
ကမ္ဘာကျော်ဖလားလိုက် မုဆိုးကြမ်း
စပါယ်ရှယ်ဝမ်းကို စာချုပ်လိုက်ပြီ။

သရဲနီကို
ငရဲပြည်ကို ပို့ရက်တဲ့
ဗန်ဟားကျိန်စာအောက်က
ခံစားချိန် လွန်မြောက်တော့မလား။

အိပ်မက်ထဲကလို အမှတ်တွေလျှံ
သရဲနီဟန်ပန် နဲ့
တစ်ပွဲစီမှန်မှန် ချီတက်နိုင်ပါစေ။

မှတ်ချက်။ ။ ပထမ အပိုဒ်နဲ့ နောက်ဆုံးအပိုဒ်က အရင် ကဗျာဟောင်းထဲကပါ။ 

(ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပေါ် လက်နက်ဆန်း)
--------------------------------------------
မှော်ဆန်အတွေးစစ် နဲ့
တော်လှန်ရေးသစ် စဖို့
ဂွါဒီယိုလာရေ
လာ... ဒီကိုလာ။

တီကီတာကာ နဲ့
ညီညီညာညာ ကစားကြစို့။

Etihad ကွင်းမှာ
အညှိုးအနာတစ်ထောင်နဲ့
မိုးပြာရောင်အသင်း
ဂိုးရာထောင် သွင်းနိုင်ပါစေ။

မှတ်ချက်။ ။ နောက်ဆုံးအပိုဒ်က အရင်တုန်းက ကဗျာဟောင်းထဲကပါ။

(အာဆင်နယ်)
-------------
ပရီးမီးယားလိဂ် ဂြိုလ်အသပြာ မှာ
အမြောက်ဆံတွေ မျိုးတုံးခဲ့တာ
၂၀၀၄ ခုနှစ်ကတည်းက။

အာဆင်ဝင်းဂါးရေ
နာကျင်ခြင်းစကားတွေ ပြောခဲ့ရတာ
၁၂နှစ် ၁၂မိုး ရှိပြီ။

ကြယ်တွေ ဝယ်ပေးပါတော့ကွယ်။
ဖလားလက်မဲ့ဘဝနဲ့
တအားရှက်ခဲ့ရတာ များပြီမို့
အမြောက်တပ်သား အာဆင်နယ် တွေကို
တစ်ခေါက်ထပ်မမှားဖို့ မှာချင်တယ်။

(မှတ်ချက်။ နောက်ဆုံးအပိုဒ်က ၂၀၁၃ ခုနှစ်က ကျွန်တော့်ကဗျာ "ပရီးမီးယားလိဂ် နန်းလုပွဲ အကြို" ထဲကနေ ပြန်ယူသုံးထားတာပါ။
-------------------------------
(ကြိုးကြာနီ)
----------
လီဗာပူး “ဖိုး” - ဘာကာ “ဇီးရိုး” တဲ့။
မျက်လုံးတွေက ပို့တဲ့သတင်း
အရှိတရားနဲ့တောင် ကင်းလွန်းသလို။

Mane ရေ
မင်းရှိနေမယ် ဆိုရင်
ကြိုးကြာနီတို့ အတွက်က
ဂိုးကဗျာသီဖို့ မခက်လှဘူး။

ပရီးမီးယားလိဂ် အဆန်ခရီးတစ်ခုကို
ဖန်တီးမှုတွေ နဲ့ သွားကြမယ်။

မှတ်ချက်။ အလယ်အပိုဒ်က "Mane" ရဲ့ နာမည်ကလွဲရင် ... ကျွန်တော်ရေးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကဗျာထဲက ပြန်ယူထားတာပါ။
--------------------------------------------------
(Leicester City)
--------------
တကယ်ကြီး မြင့်တက်လာတာလား
အလည်ခရီးအဖြစ်ထွက်လာတာလား
ငါ ထီပေါက်နိုင်တယ်လို့တောင် တွေးခဲ့ဖူးပေမယ့်
မင်းတို့ ချန်ပီယံ ဖြစ်နိုင်တယ်လို့ မတွေးခဲ့ဖူးတာကလည်း
ငါ့ဘဝထဲက အမှားတစ်ခုပဲ။

ကောင်းကင်ကို (သြဂုတ် ၁၂)

Wednesday, August 3, 2016

နှင်းဆီခြံ ညှီစော်နံနေကြောင်း ခေါင်းလောင်းသံ

ရွာလေးကပြောတယ်
ကုလားမဝင်ရ ဆိုင်းဘုတ်နဲ့
သူ ရှိုးထုတ်မလို့တဲ့။

မေမေကပြောတယ်
နာနာရိုက်ပေးပါ ဆရာမတဲ့
အပိုင်းဂဏန်းငယ်လေး
ကိန်းပြည့်ဖြစ် လူလားမြောက်တဲ့အခါ
ကြီးနိုင်ငယ်ညှဉ်း ဘဝကြိမ်ဒဏ်က
အခု ကြိမ်ဒဏ်ထက်ပိုနာမှာမို့
တင်ပါးတွေ ခံနိုင်ရည်မြင့်အောင်
လေ့ကျင့်ပေးပါတဲ့။

ဗုဒ္ဓက မိန့်တယ်
ဟဲ့...ယောအတွင်းဝန်ဆိုတဲ့ဒကာ
နင့်စာကိုဖျက်တာ မြင်းထိန်းငတာတယောက်တည်း
ငါ့စာဖျက်သူတွေကို ဒီမှာကြည့်
အို...ဗုဒ္ဓထောက်ပြတာ မြန်မာနိုင်ငံမြေပုံကြီးပဲ။

“သမိုင်းသင်တာ မအအောင်” ဆိုပေမဲ့
“ကွန်စာရှု”မချစ်တဲ့ သမိုင်းဆရာ...
ဆံသသမားအသွင်
မှိုင်းကွက်နင်းပြီး ဝင်လာတယ်။
သူ့လက်ထဲက ကပ်ကြေးတလက်နဲ့
ညှပ်ပြီးသွားတဲ့အခါ
ကလေးတွေရဲ့ ဆံပင်က လုံးဝ...တပုံစံ
တဘက်သတ်အမြင်တွေ ခေါင်းမှာ ကိုယ်စီပန်လို့။

ကောင်းကင်ကို

(သစ်ခက်သံလွင် စာပေအနုပညာ ဝက်ဘ်ဆိုဒ်က ဇူလိုင် ၂၉ က ဖော်ပြခဲ့တဲ့ ကဗျာကို blog မှာ ပြန်တင်တာပါ)

Tuesday, August 2, 2016

တကိုယ်တော်ကဗျာသမား မွေးထားတဲ့ပိုး

Be yourself ဆိုတဲ့ ဇိမ်ခံကား
ကျွန်တော်ငှားစရာ မလိုဘူး။
ကျွန်တော့် ပြဿ       နာက
ကျွန်တော်ဟာ ကျွန်တော် ဖြစ်လွန်းခြင်းပဲ။

အာရုံစိုက်မှု ဆာနေတဲ့
Narcissist မြာတွေလို
တမင်လုပ်ယူချင်တာမျိုးမဟုတ်။
ပင်ကိုယ်လောင်စာပြင်းပြင်းနဲ့
ကိုယ့်ခြေရာကိုယ်နင်းချင်တာ။

ရယ်သံကွဲခြောက်ခြောက်တွေ
အစွယ်နဲ့ပေါက်မှာ မကြောက်ပါဘူး။
အများအယူအဆ တရုန်းရုန်းနဲ့
ကိုယ့်အရှိတရားကိုယ် မဖုံးလိုပါ။

အလာပသလာပ စကားတွေ
ရွှေလိုရှားလာတဲ့ ကျွန်တော့်ပါးစပ်
မြို့လယ်မှာ တောင်ပံခတ်ရင်း
တောသစ်တခုငတ်တယ်။

လူနံ့သူနံ့ကို
တစိမ့်စိမ့်လန့်တတ်သူရဲ့
တံခါးနီအုပ်ထားတဲ့ အာအခေါင်းမှာ
Disable လုပ်ထားတဲ့ လျှာတချောင်း ရှိတယ်။

အကို လေဖြတ်နေတာလားတဲ့။
ရှည်ပြီး လိုက်သွားမိတဲ့ ခရီးမှာ
အတန်းငယ် ကောင်မလေး တယောက်ရဲ့စကား
ဇင်ရဟန်းတပါးနဲ့
သူ...ကျွန်တော့်ကိုမှားတယ်။

နှုတ်ခမ်းက အလုပ်မလုပ်တော့
ခေါင်းက ညိတ်ပြီး အလုပ်လုပ်ရတယ်။
ခေါင်းညိတ်တိုင်း ထောက်ခံတာလို့တော့ မထင်နဲ့။
ညိတ်လိုက်တဲ့ ကျွန်တော့်ခေါင်းရဲ့
လျှို့ဝှက်အဓိပ္ပာယ် ထောင်သောင်း
ကမ္ဘာ့ဓာတ်ခွဲခန်းတွေ ဦးနှောက်ညောင်းလောက်ရဲ့။

အပေါင်းအသင်းနည်းခြင်းဆိုတဲ့ လောကဓံတရား
ကျွန်တော့်ကို ထိုးနေကျ ဓားပဲ။
အထိုးခံရတိုင်း
သွေးတွေထွက်မလာဘဲ
အတွေးတွေ ထွက်ထွက်လာတယ်။

မတူမတန်သလို ဘဝင်ရိုင်းအထပ်ထပ်နဲ့
လူငွေ့ဖြတ်နေတာတော့ မဟုတ်ပါဘူး။
ပင်ကိုယ်ရေခဲမှတ်နဲ့
ချိုမြိန်စကား မတတ်တာပါ။

မပေါင်းချင်ရင်တော့နေပေါ့။
အထီးကျန်လာတဲ့အခါ
ဝတ္ထုထဲက
ဇာတ်ကောင်တွေနဲ့
မျက်နှာဖုံးမပါတဲ့ စကားတွေပြောမယ်။

Be yourself ဆိုတဲ့ ဇိမ်ခံကား
ကျွန်တော်ငှားစရာ မလိုဘူး
ကျွန်တော့် ပြဿနာက
ကျွန်တော်ဟာ ကျွန်တော် ဖြစ်လွန်းခြင်းပဲ။
ကောင်းကင်ကို (၂၃ ဇူလိုင်၊ ၂၀၁၆)

သစ်ခက်သံလွင်စာပေအနုပညာ ဝက်ဘ်ဆိုဒ်မှာ ဇူလိုင်လ (၂၄) ရက်နေ့က ဖော်ပြခဲ့တဲ့ ကဗျာကို blog မှာ ပြန်တင်တာပါ။ 

Thursday, July 21, 2016

စီးကရက်ချစ်သူ

တရားသဘောအရ
သံယောဇဉ်ဆိုတာ
လွတ်လပ်ခြင်းကို အစိမ်းလိုက်စားမယ့်
သားရဲတိရစ္ဆာန်ပဲ။

ဒါပေမဲ့လည်း
ဆေးလိပ်အန္တရာယ်ကို သိလျက်နဲ့ ရှိုက်သူလို
အရက်အန္တရာယ်ကို သိလျက်နဲ့ ကြိုက်သူလို
ဓားပြအန္တရာယ်ကို သိလျက်နဲ့
အိမ်ထောင်ရေး ရထားပေါ်
အတ္တစိတ်ဆိုတဲ့ လက်ဝတ်လက်စားကို
ငါယူလာမိတယ်။

ချစ်သူတို့ ကမ္ဘာမှာ
မလွတ်လပ်မှုဟာ
အထွတ်အမြတ် တခုပါကွယ့်။

ကြည့်စမ်း...
ငါ့နောက်ကျောမှာ
နှုတ်ခမ်းနီဆိုးနေတဲ့ ဓားတလက်။

ကောင်းကင်ကို
"သစ်ခက်သံလွင်" စာပေအနုပညာ ဝက်ဘ်ဆိုဒ်မှာ ဇူလိုင် ၁၂ ရက်နေ့က ဖော်ပြခဲ့တဲ့ ကဗျာပါ။

Sunday, July 3, 2016

တိတ္ထိတစ်ကောင်ရဲ့ အတွင်းပိုင်းစာမျက်နှာ

ငါဟာ
ဘာသာတရားကို စွန့်ခွာခဲ့ပေမဲ့
ဘာသာစကားကို ကိုးကွယ်နေတုန်းပါလား
ငါ့ကိုဆဲတဲ့အခါ... ငါနာတုန်းလေ။

ငါဟာ
ဘုရားသခင်ကို ဝေဖန်ရဲပေမဲ့
အလုပ်ရှင်ကို ဝေဖန်ရဲပါ့မလား
ဖီဆန်မှုကို ကဗျာထင်သူဆိုပေမဲ့... ငါဆာတုန်းလေ။

သြော်...
ဘာသာတရားကို ငါးစာမဟပ်ပေမဲ့
သာယာစကားကို တအားငါငတ်နေပါလား။
လက်ခုပ်တီးမယ့်သူကို... ငါရှာတုန်းလေ။

ကောင်းကင်ကို 

Thursday, June 30, 2016

တနင်္လာသားတစ်ကောင်ရဲ့ ဂျစ်ကန်ကန်စေတနာ

ဗုံးခွဲသူတွေ လက်ချက်နဲ့
ချစ်ကမ္ဘာ မပျက်စေရေး
အလ္လာဟာ
အပြေးအလွှား ယတြာခြေနေရှာတယ်။

သွေးကွက်တွေနဲ့ တိုင်းတာကြည့်လိုက်ပါ။
ကမ္ဘာ့ ဗလီဖျက်သူတွေ စာရင်းမှာ
ဂိုဏ်းကွဲ မွတ်စလင်ချင်း ဗုံးခွဲဖျက်တာ
အစိမ်းသေတွေ အများကြီးပဲ။

အတူတူပဲ။
လေးအသင်္ချေ ကမ္ဘာတစ်သိန်းတန် နာမည်တစ်လုံးကို
ဦးနှောက်အရစ်ပြုန်းတွေက
မီးမွှေးစရာ ထင်းတစ်ချောင်းလို သုံးနေကြတယ်။

မုဒိမ်းမှု ရှာဖွေသွေးထိုးရေး ဦးစီးဌာနမှာ
အရှင်ဘုရားတို့ဒကာ ဘယ်နှစ်ယောက် ပါပါသလဲ။

မုန်းသူတွေ သတ်လို့ မသေခဲ့တဲ့ ဘုရားဟာ
ချစ်သူတွေ သတ်လို့ သေရတော့မှာလား။
ဘုရားစင်တွေပေါ်က ဘုရား
ရင်ဘတ်ကို ဖိဖိထားရတဲ့ ပုံရိပ်တွေ
မြင်ယောင်လာတယ်။

သင်္ကန်းဝတ်ထားပေမဲ့
သီလ ဝတ်မထားဘူးဆိုရင်တော့
ခပ်ကြမ်းကြမ်းဝေဖန်မှုတွေကိုပဲ
လှူဖွယ်ဝတ္ထုလို့ မှတ်လိုက်ပါ ဘုန်းဘုန်း။

ကောင်းကင်ကို (ဇွန် ၂၉ – မနေ့က ရေးထားတာပါ။)