Tuesday, February 3, 2015

အခွံ


REYNOLDS ဘောပင်မှာ
REY ရယ် O ရယ် S ရယ် ကို
ငါတို့ ဓားလေးတွေနဲ့ ခြစ်ထုတ်ခဲ့ဖူးတယ်။
အဲဒီတုန်းကဘာတွေ ကျန်ခဲ့သလဲ။

မိစ္ဆာယုတ်တွေကို အခုစစ်မှာဖဲ့နိုင်ဖို့သက်သက်
သိက္ခာပုဒ်တွေကို ဥပေက္ခာနဲ့ သူတို့ခြစ်ထုတ်နေကြပြီဆိုတော့
အခု…ဘာများကျန်ဦးမှာလဲ။

ကောင်းကင်ကို (၃၊ ဖေဖော်ဝါရီ၊ ၂၀၁၅)

Tuesday, January 13, 2015

အပြုံးဖျောက်ကြိမ်လုံးများ



တွေးရတာ ခက်လို့လား
ရေးရမှာ ရှက်လို့လား
ကလေးကဗျာကို
အရေးမပါသလို ထင်နေကြတဲ့ခေတ်။
လောကအလှကို မမြင်မစမ်းဖြစ်ပြီး
ဒေါသ မျှလိုတဲ့ သင်တန်းတချို့ကလည်း
ဘာသာရေး ခေါင်းစဉ်လိုက်တပ်ပြီး
အတွေးတွေကို အရောင်ဆိုး
ကလေးတွေကို အတောင်ချိုးကြဦးမယ်။

ရောင့်ရဲမှုတွေနဲ့ အပူကင်းနေတဲ့ အရုပ်လေးတွေထဲကို
လွတ်လပ်မှုတေ ရှူသွင်းနေတဲ့ အဆုတ်လေးတွေထဲကို
လူကြီးအတ္တနဲ့
အပူမီးထပ်ချကြတဲ့
မိဘတွေကလည်း ရှိသေးတယ်။

အရွယ်နဲ့ မမျှပါလား
အလှကျောပိုးအိတ်လေးတွေထဲမှာ
ဘဝအမောထိုးသိပ်ထည့်ထားရတာကို တွေ့လိမ့်မယ်။

အပြုံးဖျောက်ကြိမ်လုံးတွေနဲ့
ဦးနှောက်တိမ်ဖုံးစေတဲ့ အဖြစ်ဟာ
ကလေးတွေအတွက်
ဘဝသရုပ်ဖော် တစ်ခု ဖြစ်နေတုန်းပဲ။

ကောင်းကင်ကို (13 January, 2015)

Friday, December 26, 2014

အကယ်ဒမီရွေးပွဲ



အလွတ် သတင်းစုံထောက်ကို
ဇွတ်အတင်း..သူပုန်တစ်ယောက်လို
မျက်နှာပြောင်တိုက်ပြောတဲ့ စစ်တပ်ကိုပေးရမလား?

ခရစ္စမတ်ကို
ပစ်ခတ်ကြိုတဲ့
ရဲတပ်ဖွဲ့ကို ပေးရမလား?

စုံကော်၊စုံကော်နဲ့
ပုံဖော်ပြုံအော်နေကြတဲ့
ဝေဖန်အားမရှိ ချွတ်ချော်နေတဲ့
လှေနံဓါးထစ် လွှတ်တော် ကို ပေးရမလား?

ကောင်းကင်ကို (ဒီဇင်ဘာ ၂၆ ၊ ၂၀၁၄)