Showing posts with label general category. Show all posts
Showing posts with label general category. Show all posts

Tuesday, January 13, 2015

အပြုံးဖျောက်ကြိမ်လုံးများ



တွေးရတာ ခက်လို့လား
ရေးရမှာ ရှက်လို့လား
ကလေးကဗျာကို
အရေးမပါသလို ထင်နေကြတဲ့ခေတ်။
ွ
လောကအလှကို မမြင်မစမ်းဖြစ်ပြီး
ဒေါသ မျှလိုတဲ့ သင်တန်းတချို့ကလည်း
ဘာသာရေး ခေါင်းစဉ်လိုက်တပ်ပြီး
အတွေးတွေကို အရောင်ဆိုး
ကလေးတွေကို အတောင်ချိုးကြဦးမယ်။

ရောင့်ရဲမှုတွေနဲ့ အပူကင်းနေတဲ့ အရုပ်လေးတွေထဲကို
လွတ်လပ်မှုတွေ ရှူသွင်းနေတဲ့ အဆုတ်လေးတွေထဲကို
လူကြီးအတ္တနဲ့
အပူမီးထပ်ချကြတဲ့
မိဘတွေကလည်း ရှိသေးတယ်။

အရွယ်နဲ့ မမျှပါလား
အလှကျောပိုးအိတ်လေးတွေထဲမှာ
“ဘဝအမော”ထိုးသိပ်ထည့်ထားရတာကို တွေ့လိမ့်မယ်။

အပြုံးဖျောက်ကြိမ်လုံးတွေနဲ့
ဦးနှောက်တိမ်ဖုံးစေတဲ့ အဖြစ်ဟာ
ကလေးတွေအတွက်
ဘဝသရုပ်ဖော် တစ်ခု ဖြစ်နေတုန်းပဲ။

ကောင်းကင်ကို (13 January, 2015)

Wednesday, September 24, 2014

ငါ...မိုးပြာမဟုတ်ပေမဲ့


ကမ္ဘာ့လက်ခုပ်သံတွေ ဝန်းရံထားတဲ့
သတ္တိမျိုးထက်
နာမည်မှာ ဓါးအစင်းစင်းစိုက်နေတဲ့
မိုးပြာလို သတ္တိမျိုးကို
ငါအထူး ရိုကျိုးတယ်။

သူ့ကို မကိုးကွယ်ပေမဲ့
သူ့သတ္တိကိုတော့ ကိုးကွယ်ချင်တယ်
ဒါပေမဲ့ အဲဒီကိုးကွယ်မှုမှာ
ဆတ်ဆတ်ထိမခံ လက်သီးပုန်းတွေ မပါစေရဘူး
အမြင်မတူသူတွေကို ပေါ်တင်မျက်နှာခြင်း ဆိုင်ရဲရမယ်။

လူတစ်ကိုယ် အကြိုက်တစ်မျိုးတဲ့
သတ္တိနေရာမှာတော့
ဘာသာရေးမင်းသားတွေကိုလည်း ဦးမညွတ်နိုင်ဘူး
နိုင်ငံရေးမင်းသမီးတွေကိုလည်း ဦးမညွတ်နိုင်ဘူး
ဘာသာရေးသမား မဆန်တဲ့
ဘာသာရေးဗီလိန်တစ်ယောက်ကိုပဲ ဦးညွတ်မိတယ်။

အုပ်စုကွဲ သင်းကွဲတစ်ယောက်ကို
အုပ်စုဖွဲ့ သူရဲဘောကြောင်သူတွေက
ကြောက်ကြတဲ့ အကြောင်း
အကျဉ်းထောင်တွေ ဘယ်နှစ်နှစ်များ စာလုံးပေါင်းကြမှာလဲ?

ငါပြောနေတာ
မြန်မာပြည်ရဲ့ ဂျော်ဒါးနိုးဘရူနို အကြောင်း။

ကောင်းကင်ကို (စက်တင်ဘာ ၂၄၊ ၂၀၁၄)

Wednesday, July 16, 2014

သရုပ်မှန် (၂)

သူတို့က
အသားအရောင် မခွဲခြားတဲ့သူတွေ
စိတ်ကူးယဉ်မျဉ်းတွေမှန်း သိနိုင်တဲ့သူတွေ
စစ်သတင်းတွေကြည့်ပြီး အနုပညာတောက်တောက်ကျတတ်သူတွေ

သူတို့ရဲ့ မေတ္တာတရားကတော့
ရေခဲသေတ္တာအဖွင့်မှာ…..
အထင်းသား

တရားအမှန်လား
အသားပန်းကန် တစ်ချပ်ထဲမှာ။

ကောင်းကင်ကို (ဇူလိုင် ၁၆၊ ၂၀၁၄)

Friday, June 13, 2014

မြန်မာ့ရုပ်ရှင်

ပွင့်ကိုယ်တိုင်သရုပ်ဆောင်ပြီး…အဝလွန်သူကို လှောင်တယ်။
ဗေလုဝကိုယ်တိုင် သရုပ်ဆောင်ပြီး…ရုပ်ဆိုးသူတွေကို လှောင်တယ်။

ပီချေးကိုယ်တိုင်သရုပ်ဆောင်ပြီး…ကုလားတွေကို လှောင်တယ်။
ဂွစာသောင်းသောင်းကိုယ်တိုင်သရုပ်ဆောင်ပြီး…မိန်းမလျာတွေကို လှောင်တယ်။

ဘာဟုတ်သေးလဲ
ဝန်ကြီးတွေကိုယ်တိုင်သရုပ်ဆောင်ပြီး…ဝန်ကြီးအဖွဲ့ကို လှောင်တယ်။
ပြည်သူတွေကိုယ်တိုင်သရုပ်ဆောင်ပြီး…ပြည်သူတွေကိုလှောင်တယ်။


ကောင်းကင်ကို (June 13, 2014)

Tuesday, May 27, 2014

လောကဓံ



ဗိုလ်ချုပ်အောင်ဆန်း မဖြစ်ချင်ဘူး
အစွန်းရောက်တွေရဲ့ Profile ပုံဖြစ်သွားမှာ ကြောက်တယ်

အောင်ဆန်းစုကြည် မဖြစ်ချင်ဘူး
လမ်းဘေးမှာ ချရောင်းခံရမှာ ကြောက်တယ်

တန်ခိုးကြီစေတီ မဖြစ်ချင်ဘူး
ဆုတောင်းသူတွေအတွက်...ခွင့်မဲ့ပျက်ကွက်ရမှာ ကြောက်တယ်။

ဘုရားမဖြစ်ချင်ဘူး
တံတွေးခွက်တွေထဲ ပက်လက်မျောရမှာ ကြောက်တယ်။
ကောင်းကင်ကို (မေ ၂၇၊ ၂၀၁၄)

Friday, May 2, 2014

Hypocrite


ဘာသာမဲ့ဆိုပြီး ...

အမြင်ကတ်စရာ ထွေရာလေးပါးနဲ့
ချဉ်ဖတ်ဆရာ သေနာလေးတစ်ပါးရေ
ဘဝင်ဟပ်လာအောင် စေတနာလေးထားပြီး
ရင်ဘတ်တစ်ရာကို နေရာပေးမှ
မင်းလူယဉ်ကျေးဖြစ်မှာတဲ့။
ခုတော့
သိပ္ပံပညာနဲ့တိုင်းပြပုံက
ပိတ်ကန်ချင်စရာရိုင်းလှသတဲ့။
မိတ်ဆွေတစ်ယောက်က ဆုံးမတယ်။

ဒါပေမဲ့….နောက်တစ်ရက်ကျတော့
အဲဒီမိတ်ဆွေပဲ ပလိန်းဆဲတယ်
နတ်တွေကို “အစိမ်းသရဲ” တဲ့။

ကောင်းကင်ကို (မေ ၂၊ ၂၀၁၄)

Monday, January 20, 2014

ဥပဒေရဲ့ ည



လာဘ်နည်းနည်း ယူမိသူတယောက်
ဥပဒေရဲ့ အကြမ်းဖက်ခြင်းကို ခံလိုက်ရတာဟာ
လာဘ်များများ ပြန်မထိုးနိုင်လို့တဲ့
ဥပဒေက ဈေးကြီးတယ်။

ကမ္ဘာကို ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ဘုရားသခင်ဟာ
တနေ့လုပ် တနေ့စားတွေအတွက်....နေအိမ်ကို ဖန်ဆင်းမပေးနိုင်တော့
အိမ်စာရင်းမဝင်တဲ့ (ကျူးကျော်)တဲလေးတွေ အဖျက်ခံလိုက်ရတယ်။
ဥပဒေဟာ နာဂစ်ကိုမှ မသိဘဲ။

လူတွေကို ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ဘုရားသခင်ဟာ
တချို့လူတွေအတွက် နိုင်ငံကို မဖန်ဆင်းပေးနိုင်တော့
လူစာရင်းမဝင်တဲ့ လူ၁၂သန်းလောက် ကျူးကျော်သူတွေ ဖြစ်ရတယ်။
ဥပဒေဟာ လူ့အခွင့်အရေးကိုမှ မသိဘဲ။

ကျောသားရင်သား မခွဲခြားဘူးဆိုတဲ့ ဥပဒေအောက်မှာ
လက်နက်ရောင်းခြင်းက... တရားဝင်ချင်ဝင်နေတတ်ပြီး
လူသုံးပစ္စည်း မှောင်ခိုရောင်းသူက... တရားရုံးထဲ ရောက်ချင်ရောက်နေလိမ့်မယ်။

William ကိုမေးပေးပါ။
ခိုလှုံစရာမရှိတဲ့ အရပ်မှာ
အိုးမဲ့အိမ်မဲ့ တယောက်ဟာ
ကာဖျူးအမိန့်ကို ဘယ်လိုလိုက်နာမလဲ?

ကောင်းကင်ကို (၂၀.၁.၂၀၁၄)
William = William the Conqueror [ ညမထွက်ရကာဖျူးအမိန့်ကို စတင်ပြဌာန်းခဲ့သူ ]