Monday, January 20, 2014

ဥပဒေရဲ့ ည



လာဘ်နည်းနည်း ယူမိသူတယောက်
ဥပဒေရဲ့ အကြမ်းဖက်ခြင်းကို ခံလိုက်ရတာဟာ
လာဘ်များများ ပြန်မထိုးနိုင်လို့တဲ့
ဥပဒေက ဈေးကြီးတယ်။

ကမ္ဘာကို ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ဘုရားသခင်ဟာ
တနေ့လုပ် တနေ့စားတွေအတွက်....နေအိမ်ကို ဖန်ဆင်းမပေးနိုင်တော့
အိမ်စာရင်းမဝင်တဲ့ (ကျူးကျော်)တဲလေးတွေ အဖျက်ခံလိုက်ရတယ်။
ဥပဒေဟာ နာဂစ်ကိုမှ မသိဘဲ။

လူတွေကို ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ဘုရားသခင်ဟာ
တချို့လူတွေအတွက် နိုင်ငံကို မဖန်ဆင်းပေးနိုင်တော့
လူစာရင်းမဝင်တဲ့ လူ၁၂သန်းလောက် ကျူးကျော်သူတွေ ဖြစ်ရတယ်။
ဥပဒေဟာ လူ့အခွင့်အရေးကိုမှ မသိဘဲ။

ကျောသားရင်သား မခွဲခြားဘူးဆိုတဲ့ ဥပဒေအောက်မှာ
လက်နက်ရောင်းခြင်းက... တရားဝင်ချင်ဝင်နေတတ်ပြီး
လူသုံးပစ္စည်း မှောင်ခိုရောင်းသူက... တရားရုံးထဲ ရောက်ချင်ရောက်နေလိမ့်မယ်။

William ကိုမေးပေးပါ။
ခိုလှုံစရာမရှိတဲ့ အရပ်မှာ
အိုးမဲ့အိမ်မဲ့ တယောက်ဟာ
ကာဖျူးအမိန့်ကို ဘယ်လိုလိုက်နာမလဲ?

ကောင်းကင်ကို (၂၀.၁.၂၀၁၄)
William = William the Conqueror [ ညမထွက်ရကာဖျူးအမိန့်ကို စတင်ပြဌာန်းခဲ့သူ ]

Sunday, December 22, 2013

We Can Do

၂၀၁၀ တုန်းက
ကြိုတင်မဲ

၂၀၁၃ ကျတော့
ကြိုတင်ရွှေတံဆိပ်
ကဲ…တို့တွေ မနိပ်ဘူးလား။

အဆိုးမြင်ဝါဒီ ကောင်းကင်ကို (၂၂.၁၂.၂၀၁၃)
မှတ်ချက်။ ခေါင်းစဉ်ကို SEA Games ပိတ်ပွဲမှာ "We can do" ဆိုပြီး လူတွေနဲ့ စာလုံး သရုပ်ဖော်ခဲ့တဲ့အတိုင်း ပေးထားတာပါ။

Friday, December 20, 2013

ဆီးဂိမ်း (အပိုင်း ၂)


Facebook မှာ ရေးခဲ့တာကို ပြန်တင်တာပါ။

ရှေးကမြန်မာတွေ တော်တော်ညံ့တာပဲ။ ခုခေတ်မြန်မာတွေလို မဟုတ်ဘူး။ ၁၉၆၉ တုန်းက မြန်မာမှာ အရှေ့တောင်အာရှ အားကစားပွဲကြီး လုပ်ခဲ့တဲ့အပြင် မြန်မာလည်း ဗိုလ်စွဲခဲ့တာတောင် motivationလည်း မဖြစ်ကြဘဲ စုတ်ပြတ်သတ်သွားလိုက်တာ အဆင်းရဲဆုံး နိုင်ငံဖြစ်သွားတဲ့အထိပဲ။ တို့ခေတ်နဲ့များ ကွာပါ့။

အတည်ပြောရရင်… တချို့တွေက ဆီးဂိမ်းဖွင့်ပွဲ ကြီးကျယ်ခမ်းနားမှုကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမယ် ဆိုတာကို ထောက်ပြကြတာရှိတယ်။ ရိုးရိုးလေး စဉ်းစားကြည့်။ ကိုယ်သာ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသား ဆိုပါတော့။ ဆီးဂိမ်းဖွင့်ပွဲကြီး ခမ်းနားခြင်း မခမ်းနားခြင်းကိုကြည့်ပြီး ရင်းနှီးမြှုပ်နှံမှာလား။ ဥပဒေတွေ တည်ငြိမ်မှု ရှိမရှိ၊ သင့်လျော်မှု ရှိမရှိ၊ နိုင်ငံအခြေအနေ တည်ငြိမ်မှုရှိမရှိ၊ အဓိကရုဏ်းတွေ ရှိမရှိ ချင့်ချိန်ပြီး ရင်းနှီးမြှုပ်နှံမှာလား။ အပေါ်ယံလောက်ကြည့်ပြီး ရင်းနှီးမြှုပ်နှံရလောက်အောင် ဘယ်သူဌေးမှ အမယ် မထင်။ စီးပွါးရေး ဘာမှ မလုပ်တတ်တဲ့ ကျနော်တောင် အဲလောက်မအဘူး။

နောက်ထောက်ပြကြတာက ဆီးဂိမ်းဖွင့်ပွဲကြီး ခမ်းနားတဲ့အတွက် motivation တွေ ဖြစ်စေတယ်တဲ့။ အဲဒါဆိုရင် အဲဒါကြီး မလုပ်ခဲ့ဘူးဆိုရင် သိမ်ငယ်စိတ်ဝင်နေကြလို့လားဗျာ။ အဲဒါကြီး ဖြစ်မလာခဲ့ဘူးဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အားမာန် မရှိကြတော့ဘူးလား။ SEA Games ဖွင့်ပွဲဓါတ်ပုံကြီးတွေ နံရံမှာ ကပ်ထားပြီးမှ ကိုယ်လုပ်စရာ ရှိတာတွေ လုပ်ကြမှာ မို့လို့လား။ ဒါမျိုး ခမ်းနားမှုဆိုတာက တခါတလေမှ လုပ်နိုင်တော့ တဒင်္ဂပဲ ခံမယ့် motivation ပါ။ အင်တာနက်နှေးတဲ့အခါ၊ ကိုယ့်ဝန်ကြီးတွေ ခေါင်းဆောင်တွေ အသုံးမကျတဲ့အခါ၊ မီးပျက်တဲ့အခါ၊ အစစ အရာရာ လွဲချော်ပြီး မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့စနစ်တွေနဲ့ ထူးဆန်းနေတဲ့အခါ အဲဒီ motivation က ဆက်ရှိပါ့ဦးမလား။ ၁၉၆၉ အားကစားပွဲဆိုရင် မြန်မာက အိမ်ရှင်လုပ်နိုင်ရုံတင် မကဘူးနော်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကစားကြတဲ့ အားကစားနည်းတွေနဲ့ချည်းပဲ မြန်မာက ထိပ်ဆုံးရောက်ခဲ့တာ။ ဒါတောင် အဲလို motivation က ဘယ်လောက်ခံလို့လဲ။ ဘယ်ခံမလဲ။ ဦးနေဝင်းမှ အသုံးမကျတာကိုး။ ဒီတော့ အဲလို motivation တွေက အပေါ်ယံ ခဏပဲခံမယ့် ဟာတွေပါ။ လုပ်နေတဲ့ နိုင်ငံရေးစနစ်တွေ၊ ပညာရေးစနစ်တွေ လွဲနေရင်၊ infrastructure တွေ မကောင်းရင်၊ တရားမျှတမှုတွေ၊ ငြိမ်းချမ်းရေးတွေ မရှိရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

SEA Games ဖွင့်ပဲ ခမ်းနားလို့ သာမန်ချီးကျူးတာမျိုး၊ အားကစားပွဲတွေကို အားပေးတာမျိုး၊ ဖွင့်ပွဲပိတ်ပွဲမှာ ပျော်တာမျိုးကို လက်ခံပါတယ်။ ဒါပေမဲ့ မဆိုင်တဲ့ အကြောင်းပြချက်တွေနဲ့ အတင်းကြီး ဆွဲစေ့တာတော့ လက်ခံလို့ မရဘူး။ ဆီးဂိမ်းဖွင့်ပွဲ ခမ်းနားမှုကြောင့်တော့ ရင်းနှီးမြှုပ်နှံမှုလည်း ပြောပလောက်အောင် တက်လာမှာမဟုတ်ဘူး။ (ဆီးဂိမ်းပွဲခဏမှာ လာပြီး ရင်းနှီးမြှုပ်နှံမယ့်လူတွေ၊ စပွန်ဆာလုပ်မယ့်လူတွေတော့ ရှိတာပေါ့။ ဒါက ဖွင့်ပွဲ ခမ်းနားမှုနဲ့ ဘာမှမဆိုင်ဘူး။ နဂိုကတည်းက သူတို့အမြတ်အစွန်းရမယ်ဆိုရင် လာမယ့်သူတွေ)။ ဖွင့်ပွဲကို သာမန်လောက်လုပ်လည်း၊ ဒါမှမဟုတ် ဆီးဂိမ်းမလုပ်ခဲ့လည်း အမြတ်အစွန်းရချင်တဲ့သူကတော့ သူတို့အတွက် အခြေအနေကောင်းမယ်ဆိုရင် တွက်ချက်ပြီး လာကြမှာပဲ။

ပြီးတော့ တကယ်သာ motivation ဖြစ်နေရင်၊ စိတ်အားတက်ကြွနေရင် ဝေဖန်ထောက်ပြတာကိုပဲဖြစ်ဖြစ် အဆိုးမြင်တာကိုပဲဖြစ်ဖြစ် ဘာစိတ်ဆိုးစရာ ရှိလို့လဲဗျာ။ ခိုင်မာနေရင် အဲလောက်နဲ့ motivation က ပြိုလဲသွားမှာ မဟုတ်ဘူးလေ။

ဖွင့်ပွဲအတွက် ကြိုးစားကြတဲ့ ကလေးတွေတို့၊ လူတွေတို့ကိုတော့ အသိအမှတ်ပြုပါတယ်။ ဥပမာ ရီးယဲမက်ဒရစ်တို့၊ မန်ချက်စတာ စီးတီးတို့က ငွေကြောင့် အောင်မြင်တယ်လို့ ပြောလို့ ရပေမဲ့ ....စီရော်နယ်ဒိုတို့၊ ဘေးလ်တို့၊ အဂွေရိုတို့၊ နီဂရီဒိုးတို့ ကတော့ တကယ်အားစိုက်ပြီး training ဆင်းရ၊ ကန်ရ လုပ်ရသေးတာကိုး။ ပိုင်ရှင်အတွက်က ငွေကြောင့်ဆိုတာ ဟုတ်ပေမဲ့ ကစားသမားတွေရဲ့ ပြောင်မြောက်တဲ့ ကစားပုံတွေကို ချီးကျူးတာက တပိုင်းပါ။ ဒီတော့ ဖွင့်ပွဲအတွက် ချွေးထွက်ခဲ့ကြတဲ့ ကလေးတွေကိုတော့ ချီးကျူးပါတယ်။ ဒါတောင်မှ ကလေးတွေ အဲဒီလိုသမိုင်းဝင်ဖွင့်ပွဲမှာ ပါဝင်ခွင့် ရခဲ့တာမျိုးထက်၊ နိုင်ငံက ပညာရေးဘတ်ဂျတ်တွေ များများသုံးပြီး ပညာရေးစနစ် ကောင်းမွန် အဆင့်မီသွားတာမျိုးကပဲ ကလေးတွေအတွက် ပိုပြီးအကျိုးရှိမှာပါ။

လူအများစုက၊ မကြာခင် ဒီဖွင့်ပွဲကြီးအကြောင်း မေ့သွားကြပြီး ပုံမှန်အတိုင်းဆက်ပြီး…. နိုင်ငံခြားမှာ တချို့တွေ သိမ်ငယ်စိတ်နဲ့၊ အခြေအနေ အရပ်ရပ်တွေကြောင့် မြန်မာဖြစ်လျက်နဲ့ မြန်မာမဟုတ်သလိုလို ညာပြောကြတာတွေ ဆက်ရှိနေဦးမှာပဲ၊ အဲလိုပဲ ကြွချင်တဲ့သူတွေကလည်း အကြောင်းမရှိအကြောင်းရှာပြီး မြန်မာကွ သာကီဝင်ကွ ဆိုပြီး ဆက်ကြွနေဦးမှာပဲ ဆိုတာကို သိပါတယ်။ အခုရေးလိုက်တာက မဆီမဆိုင် အကြောင်းပြချက်တွေဖြစ်တဲ့ ကမ္ဘာကြီးက ဆီးဂိမ်းကို စောင့်ကြည့်၊ အထင်တွေကြီးပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပိုဝင်လာမယ် ဆိုတဲ့လူတွေ၊ ဖွင့်ပွဲကြီးက motivation တအားဖြစ်စေပြီး၊ အရာရာမှာ မြန်မာက ကမ္ဘာ့အဆင့်ကို “ဥုံ၊အပ်ချလောင်း” ဆိုပြီး မီလာတော့မလိုလို ပြောနေတဲ့သူတွေကို ထောက်ပြရုံ သက်သက်ပါ။

ကောင်းကင်ကို (December 13, 2013)

Thursday, December 12, 2013

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပတ်သတ်လို့


ဆီးဂိမ်း ဖွင့်ပွဲကြီးက ခမ်းနားလား လို့ မေးလာမယ် ဆိုရင် ခမ်းနားတယ်လို့ ပြောရမှာပါ။ ဝိုင်းပြီး လုပ်ကြတဲ့ ကလေးတွေကိုလည်း ချီးကျူးသင့်ပါတယ်။ ရိုးရိုးသားသား သာမန်ချီးကျူးမှုတွေတော့ လုပ်ထိုက်ပါတယ်။

ဒါပေမဲ့ ဒါမျိုးဖွင့်ပွဲတွေဆိုတာက ဘယ်နိုင်ငံမှာ လုပ်လုပ် ဒါမျိုးခမ်းနားကြတာ ချည်းပဲ။ ၂၀၁၁ က လုပ်သွားတဲ့ အင်ဒိုနီးရှားပွဲကိုပဲ တချက်ပြန်ကြည့်လိုက်။ ဆိုလိုတာက ဘယ်နိုင်ငံမှာလုပ်လုပ် ခမ်းနားမှာချည်းပဲ။ မလုပ်ခင်ကတည်းကလည်း ခမ်းနားမယ်လို့ မျှော်လင့်ခဲ့ပြီးသား။ ဒါမျိုးတွေဟာ ငွေသုံးရင်၊ တခြားနိုင်ငံတွေ အကူအညီနဲ့ လုပ်ရင် ဘယ်နေရာမှာမဆို လုပ်လို့ ရနိုင်တာမျိုးမို့ မြန်မာနိုင်ငံရဲ့ ဖွင့်ပွဲကြီး စုတ်ပြတ်သတ်နေမယ်လို့ လျှော့တွက်ခဲ့တဲ့ အထဲမှာ ကျနော် မပါလို့ အခုလည်း သိပ်တော့ မအံ့သြဘူး။  တခြားနိုင်ငံရဲ့ အကူအညီကိုယူတာတွေ၊ ငွေသုံးတာတွေကို အပြစ်တင်နေတာ မဟုတ်ဘူးနော်။ မလိုအပ်ဘဲ လက်မ အလွန်အကျွံထောင်နေတာကို ပြောတာပါ။

အာရှမှ ဘယ်နိုင်ငံမှ မလုပ်နိုင်တဲ့ ပွဲဆိုတာလည်း လွဲနေတယ်။ ဒါမျိုးပွဲတွေ youtube ကနေတောင် ပြန်ရှာမကြည့်မှန်း သိသာတယ်။ မြန်မာကို ကမ္ဘာက သိအောင်လို့ ဆိုတဲ့ စကားလုံးကလည်း ပွဲတိုင်းမှာ လူတိုင်းက သုံးနေတော့ ခေါက်ရိုးကျိုးနေပြီ။ အခုရော မြန်မာကို ကမ္ဘာက မသိလို့လား။ ဘယ်နိုင်ငံမဆို သူ့သိက္ခာနဲ့သူတော့ ရှိပြီးသားပါ။ ကိုယ့်နိုင်ငံ ဆင်းရဲလို့၊ နိမ့်ကျနေလို့ တဘက်ကလူက ဘလိုင်းကြီး လာနှိမ်ရင် လာနှိမ်တဲ့သူရဲ့ အပြစ်ပဲ။ မြန်မာ့အကြောင်း သူတို့ မသိရင် သူတို့ရဲ့ ဗဟုသုတ ချို့တဲ့မှုပဲ။ သိမ်ငယ်စိတ်နဲ့ မလိုအပ်ဘဲ နေရာတကာ လက်မထောင်ပြဖို့၊ အရေးမပါတဲ့နေရာတွေမှာ အနိုင်ယူပြဖို့ မလိုပါဘူး။ ကိုယ့်နိုင်ငံကို တရားလွန်မြှင့်ပြီး မာန်ထောင်ဖို့ မလိုသလို ၊ နိုင်ငံဆင်းရဲလို့ သိမ်ငယ်နေစရာလည်း မလိုဘူး။ လူချင်းအတူတူပဲ။ ကိုယ်သာ ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် ဂုဏ်သိက္ခာချင်း အတူတူပဲ။

ကမ္ဘာက စောင့်ကြည့်မယ် ဆိုတာလည်း အလွန်အကျွံ ဖြစ်နေတယ်။ ဒါဟာ ကမ္ဘာ့အဆင့် အိုလံပစ်ပွဲလည်း မဟုတ်၊ အာရှအဆင့်ပွဲလည်းမဟုတ်။ အာဆီယံနိုင်ငံထဲက လူတွေတော့ တချို့လည်း စောင့်ကြည့်လိမ့်မယ်။ ဒါပေမဲ့ ဒီပွဲရှိမှန်းတောင် မသိတဲ့သူတွေ ထိုင်းမှာအများကြီး။ ကိုယ်တွေရော ၂၀၁၁ အင်ဒိုနီးရှားမှာ လုပ်တုန်းက ကြည့်ဖြစ်လို့လား။ ကြည့်ဖြစ်ရင်ကော အဲဒါလေးအတွက်နဲ့ အင်ဒိုနီးရှားကို အထင်ကြီးသွားခဲ့လို့လား။ ခုလည်း သူများတွေ အဲလိုနေမှာပဲ။

 အံ့သြတာက ဒါလေးကို ကြည့်ပြီး မြန်မာနိုင်ငံ နေရာတကာ အဆင့်မီလာသလိုလို ရေးကြတာပဲ။ အမှန်ကို မျက်ချည်မပြတ်မှ အမှန်အတိုင်း လုပ်လို့ကိုင်လို့ ရမှာမို့ လက်ရှိအနေအထားတွေကိုတော့ သဘောပေါက်ဖို့ လိုပါတယ်။ တကယ်က ဒါမျိုးပွဲတွေဆိုတာက အပေါ်ယံပါ။ နိုင်ငံတနိုင်ငံ ဘက်စုံဖွံ့ဖြိုးလာဖို့ အဓိက လိုအပ်တာက စိတ်ဓါတ်ပါ။ နိုင်ငံသားအချင်းချင်း ဆင်းရဲချမ်းသာ လူတန်းစား မခွဲခြားတဲ့ စိတ်ဓါတ်၊ လူမျိုးဘာသာတွေ မခွဲခြားတဲ့ စိတ်ဓါတ်၊ တနိုင်ငံလုံး တန်းတူရည်တူ သဘောထားတဲ့ စိတ်ဓါတ်၊ စာရိတ္တတို့ ပညာတို့ကို လေးစားမြတ်နိုးတဲ့ စိတ်ဓါတ်တွေ ရှိပြီလား။ ဒါမျိုးတွေမှာ ဟိုးအောက်ဆုံး ကျနေတုန်းပဲ။

ဒါမျိုးတွေမှာ အောက်ကျနောက်ကျ ဖြစ်နေလို့ ဒီလိုပွဲ မလုပ်ရဘူး၊ တခြားနိုင်ငံ အကူအညီ မယူရဘူးလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဝိုင်းပြီးလုပ်ကြတဲ့ လူတွေ၊ ကလေးတွေကို အသိအမှတ် မပြုတာ မဟုတ်ပါဘူး။ ငွေကြောင့် လုပ်လို့ရတယ်ဆိုပေမဲ့ လူတွေရဲ့ လုပ်အားတွေ၊ လေ့ကျင့်မှုတွေတော့ စိုက်ရမှာပါ။ ဒါတွေကိုတော့ အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ ဒီလိုပွဲတွေက အပေါ်ယံလောက်ပဲ ဖြစ်တာမို့၊ ဟစ်တလာတောင် အိုလံပစ်ပွဲ လုပ်ပေးဖူးတာမို့၊ ဒါလေးတွေကို ကြည့်ပြီး အလွန်အကျွံ တက်ထောင်တာတော့ မဖြစ်သင့်ဘူးလို့ ထင်လို့ပါ။ ခမ်းခမ်းနားနားလုပ်နိုင်လို့ ပျော်ကြတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ့် ဂုဏ်သိက္ခာဆိုတာ ဒီလို တစ်ပွဲတိုး၊ တစ်ချက်ကောင်း နဲ့ တည်ဆောက်ယူလို့ မရပါဘူး။ ဒီလိုဖွင့်ပွဲကြီး လုပ်ပြီးမှ၊ ဦးအောင်ဇေယျ ရုပ်တုကြီးနဲ့ ထိုင်း-မြန်မာ ဘောလုံးပွဲ သွားအားပေးနေလဲ အလကားပဲကိုး။

ကောင်းကင်ကို (၁၂.၁၂.၂၀၁၃)
Facebook မှာ ခုနက ရေးလိုက်တဲ့ဟာလေးကို blog မှာ ပြန်တင်လိုက်တာပါ။

Friday, December 6, 2013

သူ့အပိုင်း



Click နေမှ မဟုတ်ပါဘူး။
ခြင်းခတ်ပြမှ မဟုတ်ပါဘူး။
မြန်မာကို ကမ္ဘာက မသိသေးရင်လည်း
မာန်ယောင်ဆောင်နေတဲ့ သိမ်ငယ်မှုတွေကို ခဏခေါက်ထား
အဲဒီ ကမ္ဘာကို စာဖတ်ခိုင်းလိုက်ရင် ရပြီ။

ကောင်းကင်ကို (ဒီဇင်ဘာ ၆၊ ၂၀၁၃)

Thursday, November 21, 2013

Impunity

မာရ်နတ်တွေ ဘုရားလို ပွင့်ပြနေတာ မြင်တိုင်း
အမြဲလို ခံပြင်းလို့
မနည်းကိုမာန်တင်း
ငရဲကိုဖန်ဆင်း စိတ်ကူးယဉ်ရတယ်။

ဒုက္ခကို မွေးထုတ်ပေးခဲ့သူနဲ့
ဒုက္ခသည်တွေရဲ့ ရှေ့နေ
အရီအပြုံးစကားအလှတွေနဲ့
ပြည်ဖုံးကားအချ
တပြည်လုံးဘုရားတ နေရတယ်။
ကောင်းကင်ကို (၂၁.၁၁.၂၀၁၃)

Sunday, November 17, 2013

မြန်မာ့လက်ဝှေ့


စိတ်ကြွဆေးစားထားတဲ့ ဝါဒ
လက်ခုပ်သံတွေကြား ကြွက်သားပြနေတယ်။

ငြိမ်းချမ်းရေးလား?
ကြိုးဝိုင်းထဲမှာ
အရိုးအပြိုင်းပြိုင်းပဲ။
ကောင်းကင်ကို (နိုဝင်ဘာ ၁၇၊ ၂၀၁၃)

Thursday, November 7, 2013

ခွ(ဂွ)ကျမှုကြီး

Free Will လား Determinism လား
အခန်းထဲမှာတင် စကြဝဠာ ပတ်တိုင်း 
ရုပ်ဝါဒကို လက်ခံမိချိန်မျိုးမှ
အနတ္တကို မြင်မိတယ်။ 
ဘယ်စာအုပ်မှ ကိုယ့်ကိုယ်ကို အစိုးမရဘူးလေ။
ကောင်းကင်ကို (နိုဝင်ဘာ ၇၊ ၂၀၁၃)

Friday, October 18, 2013

မဲ့

မရှိတဲ့အရာ
ရှိကြောင်းသိနေကြခြင်းက
လောကနေနည်းဖြစ်ကြောင်း
သိသွားတဲ့ တယောက်မှာ
လောကနေနည်း မရှိတော့ဘူး။

လှည့်စားနည်းကို မသိမှ
မျက်လှည့်ပွဲ ကြည့်ရတာ စိတ်လှုပ်ရှားမယ်။

အရွယ်ရောက်လာသူ တစ်ယောက်ဟာ
တူတူပုန်းတမ်း ကစားခွင့်ကို
ကလေးတွေကို ပျော်စေချင်မှ ပြန်ရသလို….
အလွယ်မလျှောက်နိုင်သူ တစ်ယောက်ဟာ
အိပ်မက် ယုံစတမ်း ကစားခွင့်ကို
မိတ်ဆွေတွေကို ပျော်စေချင်မှ ပြန်ရတယ်။

ကောင်းကင်ကို (အောက်တိုဘာ ၁၈၊ ၂၀၁၃)


Friday, October 11, 2013

မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ် မရှိတဲ့သူ


နီရူဒါရဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။

But I love even the roots of my little cold country.
If I had to die a thousand times,
there I would want to die.
If I had to be born a thousand times,
there I would want to be born.

ဒါပေမဲ့ အေးမြတဲ့ ငါ့နိုင်ငံလေးရဲ့ သစ်မြစ်တွေကိုတောင် ငါချစ်တယ်။
တကယ်လို့ အကြိမ်ပေါင်း ၁၀၀၀ သေရမယ် ဆိုရင်လည်း
အဲဒီမှာပဲ ငါသေချင်တယ်။
တကယ်လို့ အကြိမ်ပေါင်း ၁၀၀၀ မွေးဖွားခံရမယ် ဆိုရင်လည်း
အဲဒီမှာပဲ ငါမွေးဖွားခံချင်တယ်….. လို့ အဓိပ္ပါယ် ရပါတယ်။ (ဆရာမြသန်းတင့် (မောင်သစ်တည်) ဘာသာပြန်ထားတာတော့ ရှိတယ်။ ကျနော် ဘာသာပြန်စာသား သေချာမမှတ်မိတော့လို့)

အရင်တုန်းက အဲဒီ ကဗျာလေးကို တော်တော်ကြိုက်တယ်။အခုလည်း ကြိုက်တာပဲ။ ဒါပေမဲ့ ကိုယ့်မှာ အဲဒီလို ခံစားချက်မျိုးတော့ မရှိတော့။ အရင်တုန်းက ရှိခဲ့တယ် ဆိုတာကလည်း သေချာပြန်ဆန်းစစ်ကြည့်တော့ ကိုယ့်အတွက် အဆင်ပြေမယ့် နေရာဖြစ်လို့ စွဲလမ်းသလိုလို ဖြစ်ခဲ့တာကိုး။ ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး စွဲလမ်းခဲ့တာပဲ။

အကြိမ်တထောင်တောင် ဒီမှာပဲ (မြန်မာနိုင်ငံမှာပဲ) ပြန် အမွေးခံချင်တယ်လို့ ပြောတဲ့သူတိုင်းကိုလည်း တချို့ကို တကယ်ယုံပေမဲ့ တချို့ကို မယုံတော့ဘူး။ တချို့  အဲဒီလိုပြောပြီး တခြားနိုင်ငံကို မရောက်ရောက်အောင် လုပ်ပြီး၊ တခါတခါ လိမ်ညာပြီး နိုင်ငံခြားကို အပြီး ထွက်သွားတာတွေလည်း ရှိတာပဲ။ ဒါပေမဲ့ သူတို့ အဲလိုထွက်သွားတာကိုလည်း အပြစ်မမြင်တော့ဘူး။ လူတိုင်းမှာ ကိုယ်ကြိုက်တဲ့နေရာကို ရွေးပြီး နေထိုင်ခွင့် ရှိတာကိုး။ အဲဒါ သူတို့ အခွင့်အရေးပဲ။

ကိုယ်ကတော့ ဘယ်နိုင်ငံမှာမှ ပြန်မမွေးချင်။ ဘဝ ထပ်မရချင်။ ဘဝသစ်တစ်ခု ထပ်ရလိမ့်မယ်လို့လည်း မယူဆတော့ အဲဒီ ကိစ္စ ပြဿနာ မရှိ။ တကယ်လို့ ဘဝသစ် တစ်ခု ထပ်ရမယ် ဆိုရင်တောင်.... ကိုယ်က မမှတ်မိတော့ .... ဘဝသစ်မှာ အခု ဒီဘဝရဲ့ ဦးနှောက်တွေ၊ စိတ်တွေ မဟုတ်တော့တဲ့အတွက်... ဘဝသစ်က ကောင်ဟာ ကိုယ်မဟုတ်တော့သလိုမို့ ကိုယ်နဲ့မဆိုင်တော့လို့ ဘာပဲဖြစ်သွားဖြစ်သွား၊ ဘယ်မှာပဲမွေးမွေး ပြဿနာ မရှိ။ မွေးချင်တဲ့နေရာမှာ မွေးပါလေ့စေတော့။ ဒီဘဝမှာတော့၊ ကိုယ်ရွေးချယ်ခွင့် ရှိသလောက်လေးထဲကပဲ အဆင်ပြေမယ့် နေရာ၊ အဆင်ပြေမယ့် မြို့ကို တကိုယ်ကောင်းဆန်ဆန် ရွေးပြီး နေသွားဖို့ပဲ စဉ်းစားထားတယ်။ သိပ်ရွေးစရာ မရှိတော့လည်း၊ ကြုံတဲ့ နေရာမှာ ပျော်အောင် ကြံဖန် နေရုံပေါ့။

ပြီးတော့ ဇာတိနိုင်ငံမှာ ပြန်လူဖြစ်ချင်တယ် ဆိုရုံနဲ့လည်း၊ ကိုယ့်နိုင်ငံမှာကိုယ် ခေါင်းချချင်တယ် ဆိုရုံနဲ့လည်း ချီးကျူးစရာလို့ မထင်တော့ဘူး။ အာဏာနဲ့ အခွင့်အရေးရတဲ့ စစ်ဗိုလ်ချုပ်တွေ၊ ချမ်းသာလွန်းတဲ့ ခရိုနီတွေ၊ လာဘ်အရမ်းစားလို့ ကောင်းတဲ့ အရာရှိကြီးတွေဆို တခြားနိုင်ငံမှာ ဘယ်နေချင်ပါ့မလဲ။ ကိုယ် ဘုရင် ဖြစ်မယ့် မြန်မာ နိုင်ငံမှာပဲ နေချင်မှာပေါ့။ မြန်မာမှာ မွေးပြီး၊ မြန်မာမှာ သေရုံနဲ့တော့ ချီးကျူးစရာ မဟုတ်။ အဲလိုပဲ ပြည်ပမှာနေရုံနဲ့လည်း ချီးကျူးစရာ မဟုတ်။ ဘာလုပ်လဲ ဆိုတာပေါ်မှာ မူတည်တာပါ။

ဟန်ဆောင်ပြီး ကိုယ်တိုင်တောင် မလုပ်တဲ့ စကားလုံး အကြီးကြီးတွေ လျှောက်ပြောနေကြတာကိုတော့ မုန်းလာတယ်။ တဘက်မှာ….ဘယ်မှာပဲနေနေ၊ အပိုစကားတွေလည်း သိပ်မပြော၊ ကိုယ်တွေလို တကိုယ်ကောင်းလည်း မဆန်ဘဲ အလုပ်လုပ်နေတဲ့သူတွေကို တွေ့ရတဲ့အခါတွေမှာတော့ ချီးကျူးမိပြန်ရော။

ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတဲ့ အခါမှာတော့ ကိုယ့်မှာ မျိုးချစ်စိတ် မရှိတာတင် မကဘူး။ နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်မျိုးတွေပါ မရှိတာကို အမှန်အတိုင်း သိလာတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံ ဘယ်လူမျိုးကိုမှ ဒုက္ခရောက်စေချင်စိတ်တွေ၊ ဖျက်လိုဖျက်ဆီးစိတ်တွေ မရှိတာကိုပဲ ကျေနပ်နေတော့တယ်။ နိုင်ငံချစ်တယ်လို့ တဖွဖွပြောပြီး နိုင်ငံကို မီးရှို့နေတဲ့သူတွေ၊ နိုင်ငံကနေ ရသမျှ သိမ်းကျုံးယူနေသူတွေနဲ့ စာရင် ကိုယ်က အများကြီး သာသေးတယ်လေ။

အောက်က "ဖြောင့်ချက်" ဆိုတဲ့ post ကတော့ မေ ၁၁၊ ၂၀၁၂ တုန်းက ရေးခဲ့တဲ့ဟာပါ။ blog မှာလည်း တင်ခဲ့ဖူးပါတယ်။

ဖြောင့်ချက်

တခါတခါကျလည်း ကိုယ့် comfort zone လေးထဲက မထွက်ချင်တာကိုပဲ တိုင်းပြည်ကို ချစ်သယောင် ထင်တတ်ကြတယ်။ တကယ်က ကိုယ်စားချင်တာတွေ အလွယ်တကူစားနိုင်တဲ့နေရာ၊ ကိုယ့်ဘာသာစကားနဲ့ အလွယ်တကူ ပြောဆို ဆက်သွယ်နိုင်တဲ့ နေရာ၊ ကိုယ့်လိုအမြင်ရှိသူတွေ များတဲ့ နေရာကို လွမ်းကြတာပဲ များပါတယ်။ တကယ်သာချစ်ရင် ရွာလေးတွေမှာပဲ စာသင်ပေးဦး…ထမင်းတော့ ငတ်မှာ မဟုတ်ပါ။ Internet တွေ iPhone တွေ တော့ ဘယ်ရတော့မလဲ။ အွန်လိုင်းကနေ တိုင်းပြည်ကို ချစ်ပြလို့လည်း ဘယ်ရတော့မလဲ။ အဲလိုတကယ်တမ်းလုပ်ပြီဆို ဘဝမှာ အဆင်မပြေတဲ့ ကိစ္စတွေ အခက်အခဲတွေတော့ ရင်ဆိုင်ရမှာပေါ့လေ။

ကျနော်လား။ အဲ့လောက်ထိ မချစ်နိုင်သေးဘူးဆိုတာ ဝန်ခံနေစရာတောင် လိုမယ် မထင်ပါ။ ကျနော် လက်ရှိနေနေတဲ့ နေရာရယ်၊ လုပ်ရပ်တွေရယ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။  ဒါပေမဲ့ ကိုယ့် comfort zone လေးထဲမှာနေပြီး ကိုယ့်ကို လက်ရှိထမင်းကျွေးနေတဲ့ နိုင်ငံကို နေရာတကာမှာ အဆိုးမြင်နေမှာ မဟုတ်သလို နေရာတကာ အကောင်းလည်း မြင်နေမှာ မဟုတ်ပါ။ မိခင်နိုင်ငံကိုရော လက်ရှိနေနေတဲ့ နိုင်ငံကိုပါ ကျေးဇူး တင်ပါတယ်။ စာပေမြတ်နိုးသူ တယောက်အနေနဲ့ ကိုယ့်မိခင် ဘာသာစကာကိုလည်း အများကြီး ပိုပြီး ထွန်းကားစေချင်ပါတယ်။ ကိုယ့်ကို မွေးဖွားပေးခဲ့တဲ့ နိုင်ငံ၊ ကိုယ့်ဆွေမျိုးတွေ မိတ်ဆွေ သူငယ်ချင်းတွေရှိတဲ့နိုင်ငံ၊ ကိုယ့်စာဖတ်သူတွေ ရှိနေတဲ့ နိုင်ငံ၊ ကိုယ့်ကို ပညာသင်ပေးတဲ့နိုင်ငံ၊ ကိုယ့်ကို ထမင်းကျွေးခဲ့တဲ့ နိုင်ငံဖြစ်တာမို့ နိုင်ငံကို တိုးတက် ကောင်းစားစေချင်စိတ်လည်း ရှိပါတယ်။ လက်ရှိနေနေတဲ့ နိုင်ငံနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ နေနေတဲ့ နိုင်ငံရဲ့ဆိုးတဲ့အပိုင်းတွေကို အဆိုးအဖြစ် မြင်ပြီး အဆိုးပြောမိမှာ ဖြစ်ပေမဲ့ ကိုယ့်မိခင်နိုင်ငံကို ချစ်ကြောင်းပြရုံသက်သက်တော့ လက်ရှိနေနေတဲ့ နိုင်ငံကို ကျေးဇူးကန်းပြီး အရာရာတိုင်းမှာ လိုက်ပြီး အပုပ်ချမှာ မဟုတ်ပါ။ 

ကိုယ့်မိခင်နိုင်ငံရဲ့ စာပေကို တတ်နိုင်သမျှ မြတ်နိုးတယ်။ (အဲဒါက ကျနော့်အတွက် တကူးတက လုပ်နေစရာ မလိုပါ) ကိုယ့်ဇာတိစွဲလေးနဲ့ ကိုယ့်နိုင်ငံကို ကောင်းစေချင်တယ်။ ကိုယ်နေခဲ့တဲ့နေရာ၊ နောက်နေရမယ့် နေရာ၊ ကိုယ့်ဆွေမျိုးတွေ ရှိနေတဲ့ ပတ်ဝန်းကျင်လေးမို့ တိုးတက်စေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် မှိုင်းတွေ ကင်းစင်စေချင်တယ်။ ကိုယ်မွေးဖွားတဲ့ နိုင်ငံမှာ စစ်ပွဲတွေ၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်းတွေ မတွေ့ချင်ပါ။ တိုင်းပြည်ချစ်စိတ် ဆိုတာမျိုးထက် ကျနော့်မှာ အဲ့လိုစိတ်မျိုးပဲ ရှိပါတယ်။ တချို့က ကိုယ့်တိုင်းပြည်ထဲ ပြန်လာပြီး အလုပ်လုပ်ဖို့ ပြောကြတဲ့ အခါ….ကျနော့်ကိုယ် ကျနော်တော့ ဘယ်နိုင်ငံ ဘယ်လူမျိုးအတွက်ပဲ အလုပ်လုပ်ရမယ်လို့ စိတ်ကူးထားတာမျိုး မရှိပါ။ အဆင်ပြေတဲ့ နေရာမှာပဲ နေဖြစ်မှာပါ။ ကိုယ်မွေးဖွားခဲ့တဲ့ နိုင်ငံကို ကောင်းစေချင်သလို ကိုယ်လက်ရှိ နေထိုင်နေတဲ့ ပတ်ဝန်းကျင်က လူတွေအတွက် တတ်နိုင်သမျှ အဆင်ပြေအောင် ကောင်းအောင် လုပ်ပေးရမယ်လို့ ခံယူထားပါတယ်။ မင်္ဂလာတရားထဲက လိုပါပဲ။ ကိုယ်နဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာမှာပဲ နေထိုင်ချင်ပါတယ်။ အဲလိုနေထိုင်ရင်း ကိုယ်လက်ရှိနေနေတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်နေခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှလေး အဆင်ပြေအောင် လုပ်ပေးနိုင်ရင်ပဲ ကျေနပ်ပါပြီ။ တကမ္ဘာလုံး အကျိုးပြုဖို့ ၊ တနိုင်ငံလုံး အကျိုးပြုဖို့ ဆိုတာကတော့ အခုလက်ရှိ ကျနော့်စွမ်းအားတွေ၊ စေတနာ အတိုင်းအတာတွေနဲ့ မဖြစ်နိုင်သေးပါ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ ဘယ်တိုင်းပြည်၊ဘယ်လူမျိုးကိုမှ မုန်းတီးနေတဲ့ စိတ်မရှိခြင်း၊ အကျိုးယုတ်လိုစေတဲ့ စိတ်မရှိခြင်းကိုက ကျေနပ်စရာလို့ပဲ ထင်ပါတယ်။ 

(ကောင်းကင်ကို)

Thursday, October 3, 2013

ဒီမိုကရေစီ လက်ထပ်ပွဲ

ဘယ်လို ငြင်းမလဲကွယ်…

မီဒီယာတချို့က အောင်သွယ်
ခရိုနီတွေက ဥစ္စာငွေကြေး
ပွဲငတ်သူတွေက…အခါတော်ပေးလိုက်တဲ့အခါ
ဒီအစိုးရကပဲ သတို့သားလောင်း
ပြည်သူက သတို့သမီးလောင်း
ရွေးကောက်ပွဲကတော့ တရားရုံးပေါ့

ဒီလိုနဲ့…
တရားဝင် လက်မှတ်ထိုးလိုက်အပြီး
ဒုက္ခတရားတွေ ကြွလာတဲ့အခါ
သွေးတွေကို ကော်ဇောနီအဖြစ် ခင်းပြီး ကြိုဆိုလိုက်ရတယ်။

ကောင်းကင်ကို ((((
(အောက်တိုဘာ ၃၊ ၂၀၁၃)


Friday, September 27, 2013

ငိုချင်ပေမဲ့ ရယ်ရတယ်

တိုင်းပြည်ဆိုတဲ့ မြေကွက်ကြီး
"တလက်မလေးတောင် အပါမခံနိုင်ဘူး" ဆိုသူတွေက
ကိုယ့်လယ်ကွက် ကိုယ်ပြန်တောင်းသူတွေကို
"မှားနေတယ်" လို့ ပြောကြသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။ 

ဒီမြေမှာမွေးခဲ့တဲ့ ဘာသာခြား ကျောင်းဆရာကို
မနေ့တနေ့ကမှ ဒီမြေကြီးပေါ် လူဖြစ်လာတဲ့ ကလေးပေါက်စက
"ဧည့်သည်" လို့ ခေါ်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မိတ္ထီလာမှာ ကလေးတွေသေလို့ ငိုတဲ့မူစလင်တစ်ယောက်က
ဆက်ဒမ်နဲ့ ဘင်လာဒင်ကိုကျတော့ ကိုးကွယ်ပြန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မန္တလေးကောလိပ် ဖြစ်လာအောင် လုပ်ခဲ့တဲ့
ဦးရာဇတ်ရဲ့ ရုပ်တု
မန္တလေးတက္ကသိုလ်မှာ ထားရေး ဆိုင်းငံ့ခံရသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ကုလား"လို့ ခေါ်တာ မကြိုက်တဲ့ အိန္ဒိယနွယ်ဖွားတယောက်က
“တရုတ်”ကို “တယုတ်”လို့ ရေးလိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"တမလွန်ဆိုတာ ပုံပြင်တွေ" လို့ ပြောလိုက်တဲ့ စတီဖင်ဟောကင်းထက်
ရွာဦးကျောင်းက ဆရာတော်က
စကြဝဠာ အကြောင်း ပိုသိသတဲ့
ငိုချင်ပေမဲ့ ရယ်ရတယ်။

မြန်မာပြည် အလယ်ပိုင်းမှာ မွေးတဲ့ကုလားက
သူ့ကိုယ်သူကျ "ပသီ" လို့ပြောပြီး
ပြည်နယ်တစ်ခုမှာ မွေးခဲ့တဲ့ကုလားကို
"ကျူးကျော်သူတွေ ထွက်သွား"တဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

“ပါဏာတိပါတာ လုပ်သင့်သောအခါ” ကို
ရေးခဲ့တဲ့ ဆရာတော်ရဲ့ မေတ္တာဓါတ်ကြောင့်
ပရိတ်ရေတွေတောင် ဆူကုန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ဒီကောင်တွေကို ဗုံးကြဲပစ်သင့်တယ်"လို့ ဆိုခဲ့သူက
လူ့အခွင့်အရေး စာအုပ်ထုတ်လိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

အင်စတီကျူးရှင်း တွေ မှိုလိုပေါက်လာပေမဲ့
စားလို့မရတဲ့ မှိုတွေဖြစ်နေသေးတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမဲ့
ချောက်ထဲကို ဖြစ်နေတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ကောင်းကင်ကို (စက်တင်ဘာ ၂၇၊ ၂၀၁၃)

Tuesday, September 17, 2013

ကော်ပီသီချင်းများနှင့် ပတ်သတ်၍ လျှပ်တပြက် အတွေး

music ပိုင်း ဖန်တီးမှု မပါဘဲ အကုန် ကူးချထားတာ ဆိုရင် (melody နဲ့ arrangement အပိုင်းက) အနုပညာ သဘောဘယ်သက်ရောက်တော့မလဲ။ အတုပညာ ဖြစ်သွားမှာပေါ့။ creation သိပ်မပါတော့လေ။ (လုံးဝ မပါကြတာတော့ မဟုတ်ပါဘူး)

ဒီနေရာမှာ စကားစပ်လို့ ပြောချင်တာက မူရင်း အဓိပ္ပါယ် ကောင်းလွန်းတဲ့ သီချင်းတွေကို၊ အကျိုးပြု သီချင်းတွေ၊ ငြိမ်းချမ်းရေး သီချင်းတွေကို ဖျက်ဆီးမပစ်ဘဲ မူရင်း စာသားနဲ့ နီးစပ်တာတွေ၊ မူရင်း အဓိပ္ပါယ်မျိုးတွေ ပြန်ရအောင် ရေးတာကိုတော့ ကြိုဆိုပါတယ်။ (ခွင့်မတောင်းရကောင်းလား၊ ကော်ပီ လုပ်ရကောင်းလား ဆိုသည်အထိ) ကျနော် အပြစ်လိုက်ပြောနေတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ စီးပွါးရေး အခြေအနေ၊ ခွင့်တောင်းဖို့ ခက်တဲ့ အနေအထား၊ အများစုအတွက် (ဝမ်းရေးကြောင့်) တခုခုကို ဇောက်ချလေ့လာဖို့ ခက်တဲ့အနေအထား ဖြစ်နေလို့ပါ။ အဲဒီ့အထဲကနေ ကော်ပီ မရေးဘဲ ကိုယ်ပိုင် melody တွေ ဖန်တီးခဲ့တဲ့ ဆရာ စိုင်းခမ်းလိတ် ကိုတော့ အများကြီး လေးစားပါတယ်။

ဒါပေမဲ့ အဓိက ဆိုးတာက credit ပေးလေ့ မရှိကြတာ၊ တခါတခါ ကော်ပီမှန်းတောင် ပြောလေ့ မရှိကြတာပဲ။ ဘာသာပြန် စာရေးဆရာတွေ နဲ့ နှိုင်းယှဉ်ကြည့်။ သူတို့ဆို မူရင်းစာရေးသူ နာမည်ရော၊ မူရင်းစာအုပ်နာမည်ရော အမြဲလိုလို ထည့်ကြတယ်။

ကော်ပီ သီချင်းရေးတာက ထားတော့။ နိုင်ငံရဲ့ စီးပွါးရေး အခြေအနေနဲ့လည်း နည်းနည်းဆိုင်တယ်။ (ဒါတောင် တချို့နိုင်ငံတွေ မဖွံ့ဖြိုးပေမဲ့ မြန်မာနိုင်ငံထက် ကိုယ်ပိုင်သံစဉ် ပိုထွက်တယ်) ဒီမှာက သီချင်းတော်တော်များများက ကော်ပီနဲ့ မလွတ်သလောက် ဖြစ်နေပြီး တခါတခါဆို နိုင်ငံခြား သီချင်း တပုဒ်ထဲကို ဒီမှာ ၂ပုဒ် ၃ပုဒ် ဖြစ်နေရော။ ကြော်ငြာတွေဆိုရင်လည်း တခြားအိုင်ဒီယာလေးတွေနဲ့ ရိုက်ရင် ရရဲ့သားနဲ့ (သီချင်း လိုသည် ဖြစ်စေ မလိုသည်ဖြစ်စေ) ဆိုင်ဆိုင်မဆိုင်ဆိုင် ကော်ပီသီချင်းတွေပဲ သုံးကြရော။ ကော်ပီထဲမှာပဲ ပျော်မွေ့သလို ဖြစ်နေကြတယ်။

နောက်ပြီး သူတို့က အနုပညာရှင် အဖြစ် ခံယူထားသူတွေဆိုတော့ credit ပေးဖို့ ကိစ္စမှာ သာမန်လူတွေထက်ကို ပိုသိရမှာ။ မြန်မာနိုင်ငံမှာ အဲဒါမျိုး ဘယ်သူမှ credit ပေးလေ့ မရှိလို့ မပေးကြတာ ဆိုရင် ဂီတလောကကြီး တခုလုံး အဲဒီ့ ကျင့်ဝတ်အပိုင်းမှာ နိမ့်ကျနေတဲ့သဘောပဲ။ အမှတ်တမဲ့နဲ့ ဘာသိဘာသာ ဆက်နေနေကြတာ ဆိုရင်လည်း အဲဒီ့အပိုင်းမှာ အသိတရား နည်းနေကြတဲ့ သဘောပဲ။ တဦးတယောက်ချင်း အသိတရား နည်းတယ် ဆိုတာထက် ဖြစ်သင့်တဲ့ အလေ့အထကို မမွေးကြပဲ တချို့က တာဝန်ပေါ့လျော့ကြတာ။ တချို့က မရိုးသားကြတာပါ။ သာမန်လူတွေ မဟုတ်ဘဲ အနုပညာရှင်လို့ ခံယူထားသူတွေ၊ ပရိသတ်ဆီက မေတ္တာနဲ့ ငွေကြေးကို ရယူထားသူတွေမို့ ပိုပြီး အသိတရား ရှိသင့်တယ်လို့ ကျနော် ထင်မိပါတယ်။

ကိုယ့်မြန်မာအချင်းချင်း သီချင်းဆို အဲလိုလုပ်လို့ မရဘူး မဟုတ်လား။ ကိုယ့် အနုပညာ ပစ္စည်းတစ်ခုကို တခြားသူ တယောက်ယောက်က credit မပေး၊ ဘာမပေးနဲ့ လုပ်ချင်သလို လုပ်သွားရင် ဘယ်လို ခံစားရမလဲ။

အနည်းဆုံးတော့ ဘာသာပြန် စာရေးဆရာတွေလိုမျိုး မူရင်းကို credit ပေးကြတာမျိုးကို အတုယူသင့်တယ်။ ကာဗာလေးမှာ မူရင်း သီချင်း နာမည်လေးတွေ သေးသေးလေး ရိုက်ပေးတာက နေရာလည်း အရမ်းမယူပါဘူး။ ပြီးတော့ ကော်ပီမှန်းသိပေမဲ့လည်း လူတွေက နားထောင်ကြဦးမှာပဲ။ ကော်ပီကို ကိုယ်ပိုင်သံစဉ်လိုလိုနဲ့ လိမ်တာကို သိသွားရင်တောင်မှ လူတွေ စိတ်မကွက်ဘဲ ဆက်နားထောင်ကြသေးတာ။ credit ပေးရုံနဲ့ အထင်သေးသွားပြီး နားမထောင်တော့ဘူးဆိုတာလည်း မရှိနိုင်ဘူး။

အခုတော့ ကော်ပီတွေ လျှော့ပြီး ကိုယ်ပိုင် သံစဉ်တွေ များများ ဖန်တီးရေးဆိုတာကို အသာထား၊ မူရင်းကို credit ပေးရေးကိုတောင် ကိုယ့်ဆီက ကော်ပီသမားတွေ တော်တော် လုပ်ယူရဦးမယ်။

ကောင်းကင်ကို

Monday, September 9, 2013

Reality

Reality
Equality is still considered as a low-key affair,
but incurable optimists are building a castle in the air.

Speaking metaphorically,
what we have to do is to climb the Mount Everest, not to live in an ivory tower.
And the sun will not rise in the witching hour.

by Kaung Kin Ko (September 9, 2013)
(Adaption of my own Burmese poem)

ကျနော့်ရဲ့ ခက်တယ် ဆိုတဲ့ မြန်မာကဗျာ (http://kaungkinko.blogspot.com/2009/10/blog-post_20.html) ထဲက နောက်ဆုံး အပိုဒ်ကို အင်္ဂလိပ်လို “ပြန်ရေး” ထားတာပါ။

ခက်တယ် 
ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့
လေကိုဖမ်းပြီး ဒန်းဆင်ဆင်
 ရှေ့ကတောင်ဟာ ဧဝရက်မှန်းနဲ့
ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း ..
သိနေတော့လည်း ခက်တယ်။
ကောင်းကင်ကို (အောက်တိုဘာ ၂၀၊ ၂၀၀၉)

“ဘာသာပြန်တယ်” လို့ မသုံးဘဲ ပြန်ရေးတယ်လို့ သုံးထားတာက တိုက်ရိုက် ဘာသာပြန်တာ မဟုတ်ဘဲ အဲဒီ့ အပိုဒ်ရဲ့ theme နဲ့ metaphor တချို့ ပြန်ယူထားလို့ပါ။

မူရင်းကဗျာမှာ “ရှေ့ကတောင်ဟာ ဧဝရက်မှန်းနဲ့၊ ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်း” ဆိုတဲ့ အတွဲလိုက် နဘေ ထည့်ရေးထားတာမို့ ၊ အင်္ဂလိပ်လိုမှာလည်း rhyme ပါရင် ကောင်းမယ် ဆိုပြီး ခံစားမိလို့ နောက်ဆုံးစာလုံးတွေကို rhyme ပါအောင် ရေးထားတာပါ။ “affair” နဲ့ “air” ၊ “tower” နဲ့ “hour” ပေါ့။

လေကိုဖမ်းပြီး ဒန်းဆင်တယ် ဆိုတဲ့ အင်္ဂလိပ်စာ မရှိဘူး။ daydreaming လို့လည်း ရိုးရိုးမသုံးချင်ဘူး။ ဒီတော့ လေထဲမှာ ရဲတိုက်ဆောက်နေကြ တယ် “building a castle in the air” လို့ ရေးလိုက်ပါတယ်။ “air” နဲ့ ကာရန်ယူချင်တာရော၊ မြန်မာနိုင်ငံမှာ equality ဆိုတာ မရှိသေးတာရော ထည့်ချင်လို့ အပေါ်မှာ “Equality is still considered as a low-key affair” ဆိုတဲ့ စာကြောင်းကို အပိုထည့်လိုက်ပါတယ်။

ညဥ့်နက်သန်းခေါင်ကို ရိုးရိုး midnight လို့ မသုံးဘဲ witch တွေကျက်စားတဲ့ အချိန် (the witching hour) လို့ သုံးလိုက်ပါတယ်။ ဒီနေရာမှာ witch က female သဘောကိုရည်ညွှန်းချင်တာ မဟုတ်ပါဘူး။ မကောင်းဆိုးဝါးတွေ ကို ရည်ညွှန်းတာပါ။ မြန်မာမှာလည်း မကောင်းဆိုးဝါးတွေ ကျက်စားနေတုန်းပဲ မဟုတ်လား။ ဒီတော့ the witching hour ဆိုပြီးတော့ မကောင်းဆိုးဝါးတွေ ကျက်စားတဲ့ ညဥ့်နက်သန်းခေါင်အချိန်မှာ နေမထွက်ဘူး လို့ ရည်ညွှန်းတဲ့ သဘောမျိုးပါ။

 ပြီးတော့ အဓိပ္ပါယ် အံဝင်ခွင်ကျလည်း ဖြစ်စေမယ့်၊ ရှေ့အပိုဒ်မှာ ပြောထားတဲ့ (incurable optimists) တွေနဲ့ လိုက်ဖက်မယ့်၊ အောက်စာကြောင်း hour နဲ့လည်း rhyme မိမယ့် tower .... “ivory tower” ဆင်စွယ်ဘုံနန်း ဆိုတဲ့ဟာကိုလည်း ကျနော့် မြန်မာကဗျာမှာ မပါပေမဲ့ အပိုထည့်ထားပါတယ်။

ဘာသာစကားတွေရဲ့ သဘောသဘာဝ မတူတော့ ကဗျာတွေကို များသောအားဖြင့် တိုက်ရိုက် ဘာသာမပြန်ချင်ဘူး။ တိုက်ရိုက်ဘာသာပြန်လို့ မရတာလည်း များတယ်။ ပြန်လိုက်ရင်လည်း မူရင်းကနေ အများကြီး ဆုံးရှုံးသွားရော။ ကာရန်တွေ၊ ရစ်သမ်တွေ ပြန်မပါတော့တာတင် မဟုတ်ဘူး။ မူရင်း ဘာသာစကားမှာ ကွက်တိဖြစ်နေပေမဲ့ နောက်ဘာသာစကားနဲ့ အံမကိုက်တော့တာတွေ၊ တင်စားမှုတွေက နောက်ဘာသာစကားနဲ့ အံမဝင်တော့တာတွေ၊ မူရင်းဘာသာစကားရဲ့ အသုံးအနှုန်းမျိုး၊ တင်စားမှုမျိုး နောက်ဘာသာစကားမှာ မရှိတာတွေ စသည်ဖြင့် အခက်အခဲတွေ အများကြီးပဲ။ ကိုယ်ကိုယ်တိုင် ရေးခဲ့တဲ့ ကဗျာဆိုရင် တခုပိုလုပ်လို့ ရတာက တိုက်ရိုက် ဘာသာမပြန်ဘဲ မူရင်း ကိုယ့်ကဗျာကိုယ် အခြေခံပြီး မူရင်း theme တွေ metaphor တွေနဲ့ ကစားလို့ ရတာတော့ ရှိတယ်။ တခြား ကဗျာဆရာ တယောက် ရေးထားတဲ့ဟာကို ဆိုရင်တော့ တိုက်ရိုက် ဘာသာပြန်မှပဲ ဖြစ်မှာပေါ့။ ကိုယ့်အာဘော်တွေ လျှောက်ထည့်လို့၊ အပိုတွေနဲ့ လျှောက်ကွန့်လို့ မဖြစ်ဘူးလေ။

စကားစပ်မိလို့ ပြောရရင်...တခါတခါ တချို့တွေ လွဲနေတာ ရှိတယ်။ မူရင်းကို မဖတ်ဖူးဘဲ မြန်မာ ဘာသာပြန်စာအုပ်တွေ ဖတ်ပြီးတော့ မြန်မာလိုမှာ စာချောရုံနဲ့ ဘာသာပြန်ကောင်းတယ်တဲ့။ တကယ်က မူရင်းကို အကုန်အစင် မဖတ်ဖူးဘဲ ဘာသာပြန် ကောင်းလိုက်တာလို့ ပြောလို့ မရဘူး။ စာချောတာပဲ ရှိတာ။ မူရင်းထဲက ဘာတွေ ချန်ခဲ့လဲ၊ ကျန်သွားလဲ၊ အဓိပ္ပါယ်တွေ လွဲသွားသေးလား စသည်ဖြင့် တိုက်ကြည့်ပြီးမှ၊ ဘာသာစကား နှစ်ခုကြားက မတူညီမှုတွေ၊ အခက်အခဲတွေ၊ ခွကျမှု (ဂွကျမှု) တွေမှာ ဘယ်လိုချိန်ဆထားလဲ၊ ဘယ်လို ပြေပြစ်အောင် အားထုတ်ထားလဲ၊ မူရင်းက ပြောတာတွေ ဘယ်လောက်ထိ ဘာသာပြန်မှာ ပြန်ပြီးပါလာလဲ၊ မြန်မာလိုမှာရော စာချောရဲ့လား စသည်ဖြင့် အဲဒါတွေ အကုန်လေ့လာပြီးမှ အဲဒီ့ဘာသာပြန် ကောင်းမကောင်း ဆုံးဖြတ်လို့ ရမှာ။ ကျနော် အခုလုပ်ထားတာကတော့ ဘာသာပြန်တာ မဟုတ်ပါဘူး။ adaption ပါ။

စကားပြေကို ဘာသာပြန်ရင်တော့ ကဗျာကို ပြန်ရသလောက် ခွမကျဘူး။ ဘာသာစကားတွေရဲ့ သဘာဝချင်း မတူကြပေမဲ့ လိုအပ်ရင် စကားပြေထဲမှာ မှတ်ချက်အနေနဲ့ ထည့်ရှင်းပြလို့ ရတာရယ်၊ ဒုတိယ ဘာသာစကားမှာ မရှိတဲ့ စကားလုံးမျိုးကို အကျယ်ချဲ့ပြီး စကားလုံးအတွဲတွေနဲ့ သုံးလိုက်လို့ ရတာမျိုးတွေ ရှိတော့ တော်သေးတယ်။ ကဗျာမှာကျတော့ အဲလို ရှင်းပြနေရရင် ကဗျာပျက်ပြီပေါ့။ ပွယောင်းယောင်း ဖြစ်ကုန်မယ်။ စကားပြေမှာက အဓိပ္ပါယ် ကိုပဲ အဓိက ပြန်ကြရတာ များတယ်။ ကဗျာကို ဘာသာပြန်တာမှာကျ (များသောအားဖြင့်) အဓိပ္ပါယ်အပြင် မူရင်းကဗျာရဲ့ တခြားအလှအပတွေ၊ ဂုဏ်သတ္တိတွေကိုပါ ပြန်ပါအောင် အားထုတ်ရတာဆိုတော့ မလွယ်လှဘူး။ ဘာသာပြန်လို့ ရသည့်တိုင်အောင် (များသောအားဖြင့်) မူရင်းကနေ အများကြီး ဆုံးရှုံးသွားရော။

ကောင်းကင်ကို (စက်တင်ဘာ ၉၊ ၂၀၁၃)

Thursday, September 5, 2013

မျိုးချစ်ကြီးများ နှစ်ခြမ်းကွဲခြင်း

င်လယ်နီကြီး နှစ်ခြမ်းကွဲခဲ့ မကွဲခဲ့ ဆိုတာတော့ ကျနော်မသိ။ မြန်မာပြည်က မျိုးချစ်ကြီးတွေတော့ နှစ်ခြမ်း ကွဲခဲ့ပါတယ်။

နန်းခင်ဇေယျာ အရေးတွေ၊ ခင်ဝင့်ဝါ အရေးတွေမှာပေါ့။

ဘယ်လိုနှစ်ခြမ်းကွဲကြသလဲ?

***

(၁)  “ဟာ…မြန်မာမ မဟုတ်တဲ့ အတိုင်းပဲ။ လူမျိုး ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ်။ အရှက်မရှိတဲ့ ဟာမတွေ” လို့ လူတိုင်း အလွတ်ရနေတဲ့ စကားလုံးတွေနဲ့ မျိုးချစ်ပြမှာက တစု

(၂) “မြန်မာကို ကမ္ဘာက သိဖို့ “ဗုတ်” ကြပါ။ မြန်မာမယ် နိုင်သွားလို့ နိုင်ငံ့ ဂုဏ်သိက္ခာ တက်လာရင် မြန်မာ passport ကိုင်ရတာ မျက်နှာငယ်စရာ မလိုတော့ဘူးပေါ့။ မြန်မာမယ် သာလျှင် ဆုနဲ့ အထိုက်တန်ဆုံး” ဆိုပြီး ဇွတ်ချစ်ပြမှာက တစ်စု။ (သူတို့ စိတ်ကူးယဉ်သလို ဖြစ်ရင်တော့ အကောင်းသား။ ဒါဆို မလေးတို့ ထိုင်းတို့က မြန်မာတွေ မျက်နှာမငယ်ရတော့ဘူးပေါ့။ ဒါပေမဲ့လည်း ဗုတ် ပွဲတွေမှာ မြန်မာတွေ ဗိုလ်စွဲခဲ့တာ တစ်ကြိမ် မကတော့ပါဘူး)

ဘာပဲဖြစ်ဖြစ်လေ….အဲဒီ့ နှစ်ခုထဲက တစ်ခုကို ရွေးရမယ် ဆိုရင်တော့ ဒုတိယ တစ်ခုကို လက်မထောင် ပေးပါမယ်။ အပြုသဘော ဆောင်သလို ရှိလို့လေ။ အဲ….အာဖရိကန်မယ်တွေကို “မည်းမည်းသည်းသည်း အခွက်တွေနဲ့ မယ်ဝင်ပြိုင်နေသေးတယ်” ဆိုပြီး နင်ပဲငဆ အပုပ်မချကြဘူး ဆိုရင်ပေါ့။


ကောင်းကင်ကို (စက်တင်ဘာ ၅၊ ၂၀၁၃)