မျက်လုံးပိတ်
သံပြိုင်ဆဲလည်း
အုပ်စုဆိုတဲ့စကားအရ အများဆန္ဒတော့ ဖြစ်မယ်။
ဒါပေမဲ့…
ရိုင်းစိုင်းကြတာလား
ကိုင်းရှိုင်းကြတာလား
တို့ နိုင်ငံရေးမှာ
ထိလို့မရတဲ့ ဘုရားတွေရယ်
ညှိလို့မရတဲ့ ငဖားတွေရယ် များတယ်။
(ကောင်းကင်ကို)
Thursday, January 19, 2012
Saturday, January 14, 2012
မရေးချင်သော အရေးအသား
လူ့အခွင့်အရေးလှုပ်ရှားသူများက ဆန္ဒပြပွဲများတွင် ကလေးငယ်များအား အသုံးချခြင်းသည် human shield သဖွယ်ဖြစ်၍ ကလေးအခွင့်အရေးနှင့် ငြိ
“မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်” ဟု ဆိုခဲ့သူ ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း New York မြို့တွင် ကွယ်လွန်
မြန်မာအမျိုးသားများက မြန်မာ အမျိုးသမီးများအား ရိုက်နှက်နေခြင်းအား ကြည့်၍ မြန်မာ ဆိုလျှင် ထိုကဲ့သို့ မလုပ်ကြောင်း မြန်မာတဦးက ပြောဆို
ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် လိုလားသူ ဆိုသူ တဦးက လွတ်လွတ်လပ်လပ် ဝတ်ဆင်လာသူ မော်ဒယ်တဦးအား ဆဲဆို ရှုတ်ချ
မြန်မာ့ယဉ်ကျေးမှု အကြောင်းနှင့် ပတ်သတ်၍ မြန်မာအချို့ ဝိဝါဒ ကွဲပြားကြကာ ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆို
မြန်မာ့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်လိုသူ တဦးက မြန်မာ့ရိုးရာ နတ်ကိုးကွယ်မှုအား အပြင်းအထန် တိုက်ခိုက်
ကျွန်ပညာရေး စနစ် တက္ကသိုလ်မှ သခင်အောင်ဆန်း၊ သခင် သိန်းဖေ တို့အား မွေးထုတ်
မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာဘာညာညာ အသင်း သမ္မဂ္ဂ အား ၃ ဦးသဘောတူ ဖွဲ့စည်း
မယ်တော်မာရီ အပျိုစင် ဘဝမှ နေ၍ ခရစ်တော်အား မွေးဖွားလာသည် ဆိုခြင်းကို အပြင်းအထန် တိုက်ခိုက်ခဲ့သူ တဦးက သုဝဏ္ဏသာမ ဇာတ်တော်တွင် ချက်တော်ကို လက်တော်နှင့် ရစ်ယုံနှင့် ကိုယ်ဝန်ရှိလာသည် ဆိုခြင်းကိုမူ ယုတ္တိနှင့် တိုင်း၍ မရစကောင်းသော Supernatural ကိစ္စရပ်များ ရှိနိုင်သည်ဟု အကြောင်းပြ
မလိမ်ညာရန် ဆုံးမသည့် စကားများတွင် မုသားများ ပါဝင်နေ
သတိ! ဘုရားသခင်မရှိကြောင်း ဘုရားသခင် ကိုယ်တိုင် ရုပ်ဖျက်ပြီး လာပြောခဲ့ရင်တောင်မှ ကိုးကွယ်လိုသူများက လက်ခံကြလိမ့်မည် မဟုတ်။

Wednesday, January 11, 2012
ဒီစာမှာ ပေးချင်တဲ့ သင်ခန်းစာက
(၁)
ဒီစာမှာ ပေးချင်တဲ့ သင်ခန်းစာက… ဂိုက်ပေးရဲ ဖို့နဲ့ မိုက်ကြေးခွဲ ဖို့ပဲ။
လူလိမ္မာဖြစ်ခဲ့တာကို နောင်တရနေတယ်။ ခုလိုမျိုးကျတော့…လူလိမ္မာဆိုတဲ့ နာမည်ကောင်းလေးက လွဲလို့ ဘာများ ကျေနပ်စရာ ကောင်းခဲ့လို့လဲ။ တခြားရနိုင်တဲ့ အခွင့်အရေးတွေ အားလုံးကို နာမည်ကောင်းလေးတလုံးနဲ့ လဲခဲ့လိုက်ရသလို ဖြစ်သွားတယ်။ ဒါကြောင့်လည်း မင်္ဂလာဦး ကာလတွေမှာ ကိုယ့်ဇနီးတွေ ကိုယ့်ခင်ပွန်း တွေကို ရင့်ပြဖို့ ဦးချိုးထားဖို့ အကြံပေးကြတာ ဖြစ်မယ်။
(၂)
ဒါနဲ့ စကားမစပ်…မြေကွက်တို့၊ စီးပွါးရေး လုပ်ကွက်တို့ လိုချင်ပါသလား။ မပူပါနဲ့။ အကျွန်ုပ် နည်းပေးအံ့။
ခင်ဗျား အရင်ဆုံး လုပ်ရမှာက မိုက်ပြလိုက်ဖို့ပဲ။ တောဖြစ်ဖြစ် ခိုလိုက်။ အမျိုးသား တန်းတူရေး အတွက်ပဲ ခိုခို၊ အမျိုးသမီး တန်းတူရေး အတွက်ပဲ ခိုခို… ပြန်ဝင်လာပြီ ဆိုတာနဲ့ ခင်ဗျား ‘ရ’ တော့မယ်။ ခင်ဗျား ကြီးကြီးကျယ်ကျယ် လျှောက်ပြီး ကြွေးကြော်ခဲ့တာတွေ ရတာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျား ကြိတ်ပြီးလိုချင်နေတာလေးတွေ ရရင် မနိပ်ဘူးလား။
(၃)
ခင်ဗျားရဲ့ အပြစ်ကတော့ အရင်တုန်းက ကောင်းကောင်းနေခဲ့ ခြင်းပဲ။ ခင်ဗျားက ကောင်းပြီးသားဆိုတော့ ထပ်ကောင်းစရာ မရှိတော့ဘူးလေ။ တနည်းအားဖြင့် တိုးတက်မှုတွေ သိပ်မရှိနိုင်တော့ဘူး။ အရင်တုန်းက ဘက်စုံဆိုးခဲ့တဲ့သူဆိုရင်တော့ ကောင်းပြစရာ နေရာလွတ်တွေ အများကြီးပဲ။ များများဆိုးထားလေလေ လုပ်ပြစရာတွေ များများရှိလေပဲ။ ခြိုးခြိုးခြံခြံ နဲ့ လိုတဲ့အချိန်မှာ လိုသလို တခုချင်း စိမ်ပြေနပြေ တိုးတက် ပြလို့ ရတယ်။
(၄)
အရင်တုန်းက ငြိမ်ငြိမ်လေး နေခဲ့တဲ့ သူဆိုရင်တော့ ခုမှ အသံလေး နည်းနည်း ထွက်လာပြီး ကလန်ကဆန်လုပ်မိရင် နှစ်မြို့ကြမှာ မဟုတ်တော့ဘူး။ သူ့ဘာသာသူ အဆင်ပြေနေတာကို နှောင့်ယှက်တဲ့သူ ဖြစ်သွားလိမ့်မယ်။ တခြား တဘက်မှာတော့ ဆိုးခဲ့တဲ့သူက နည်းနည်းလောက် ပမာဏ လျှော့ပေးလိုက်ပြီး ဆက်ဆိုးနေဦးမယ် ဆိုရင်တောင် ပြုပြင်ပြောင်းလဲရေး သမားဆိုပြီး နာမည်ကောင်းရစရာ ရှိတယ်။ ကံကောင်းရင် ဆုတွေ ဘာတွေလည်း ရနိုင်တယ်။ Person of the Year တို့ ဘာတို့တောင် ဖြစ်နိုင်တယ်။
(၅)
‘လူလိမ္မာ သမာပတ်’ ဝင်စားနေရင်တော့ ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူး။ ဆိုးပြနိုင်မှ အပေးအယူတွေ အခွင့်အရေးတွေနဲ့ ချော့ကြမှာမို့ သင်ခန်းစာ ယူသင့်တယ်။
(၆)
ဒီစာမှာ ယူရမယ့် သင်ခန်းစာက… ဂိုက်ပေးရဲ ဖို့နဲ့ မိုက်ကြေးခွဲ ဖို့ပဲ။

Sunday, January 8, 2012
ဘာသာစကား၊ ဘာသာတရား၊ ဓလေ့နဲ့ မဟာပုရိသ ဝါဒ (by ကောင်းကင်ကို + ခရေငယ်)
မိန်းမလို မိန်းမရ/ mein: malou mein: maja. / adv ( of men ) in a womanish or effeminate manner; narrow-mindedly
“မိန်းမလို မိန်းမရ” ဆိုတဲ့ စကားလုံးကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်ရဲ့ ဖွင့်ဆိုမှုပါ။ စိတ်သဘောထား ကျဉ်းမြောင်းမှုကို ရည်ညွှန်းတဲ့ နေရာမှာ သုံးလေ့ရှိပါတယ်။
“မိန်းမကျင့် မိန်းမကြံ” ဆိုတဲ့ အသုံးအနှုန်းလည်း ရှိပါသေးတယ်။ မကောင်းတဲ့ အကျင့်တွေ၊ မကောင်းတဲ့ အကြံအစည်တွေကို ရည်ညွှန်းဖို့ သုံးကြတာပါ။
အမျိုးသမီးတွေဟာ စိတ်ထား ပိုယုတ်ညံ့တယ် ဆိုတဲ့ အယူအဆတွေကနေ ဆင်းသက်လာတဲ့ အသုံးအနှုန်းမျိုးတွေပါ။
ရုပ်ပိုင်းဆိုင်ရာတွေ အပါအဝင် တချို့နေရာတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အားနည်းလေ့ ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒါဟာ အမျိုးသမီးတွေကို တဆင့်နှိမ်ဖို့ အတွက် အကြောင်းပြချက်တခုတော့ မဖြစ်သင့်ပါဘူး။ တဘက်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အားသာတတ်တဲ့ နေရာတွေလည်း ရှိတာပါပဲ။
ဘာသာတရားအရ ကြည့်မယ်ဆိုရင်တော့ မြန်မာအများစု ကိုးကွယ်တဲ့ ဘာသာရေး အယူအဆဟာ တချို့ဘာသာရေးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ယောကျာ်းမိန်းမ ခွဲခြားမှု အတော်လေး နည်းတာကို တွေ့ရပါတယ်။ တော်တော်လေး လွတ်လပ်ခွင့် ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို နှိမ်ထားတဲ့ အယူအဆလေးတွေတော့ ရှိနေပါသေးတယ်။ ရှင်အာနန္ဒာ အလောင်းအလျာဟာ ဘဝတခုမှာ ကာမေသု မိစ္ဆာစာရာ ကံကို ကျူးလွန်မိလို့ ငရဲကျ၊ ငရဲက လွတ်လာတဲ့ အခါ အပြစ် ဆက်ခံရတဲ့ အနေနဲ့ မိန်းမဘဝတွေ အလီလီဖြစ်၊ Gay ဘဝတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီ့အချက်ဟာ အမျိုးသမီးတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တဲ့ အချက်ပါပဲ။ ဒီနေရာမှာ တချို့က အမျိုးသမီးတွေလည်း တရားကျင့်ပြီး တရားရခွင့်ရှိတယ် ဥာဏ်အလင်းရခွင့် ရှိတယ်…ဒါကြောင့် နှိမ်ထားတာ မဟုတ်ဘူးလို့ စောဒက တက်နိုင်ပါတယ်။ ဥာဏ်အလင်းရခွင့် ရှိတယ်ဆိုတာကတော့ ကောင်းပါတယ်။ နှိမ်ထားသလို ဖြစ်နေတယ် ဆိုတာကလည်း ခေါင်းမဖော်နိုင်အောင် နှိမ်ထားခြင်းမျိုးတော့ မဟုတ်ပါဘူး။ တဆင့်နှိမ့်ထားခြင်းမျိုးပဲ ဖြစ်ပါတယ်။ အပြစ်လုပ်လို့ တိရစ္ဆာန် ဖြစ်လာရတယ် ဆိုတာမျိုးဆန်ဆန်ပါပဲ၊ အပြစ်လုပ်လို့ အမျိုးသမီး ဖြစ်လာရတယ် ဆိုတော့ အဆင့်နှိမ့်ထားခြင်းဟာ ထင်ရှားနေပါတယ်။ သဘာဝ တရားကြီးက … အပြစ်ကျူးလွန်ခဲ့တဲ့ အပြစ်သားတွေကို နိမ့်ကျတဲ့ နေရာကိုသာ ပို့လေ့ရှိတယ်လို့ ဆိုတယ် မဟုတ်လား။ အမျိုးသမီးဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အတိတ်ဘဝမှာ ကာမေသု မိစ္ဆာစာရာ ကို ကျူးလွန်းခဲ့ခြင်းကလည်း တခုအပါအဝင် ဆိုတော့ အမျိုးသမီးဖြစ်ခြင်းဟာ နိမ့်ကျနေတဲ့ အပြစ်ဘုံ တခုဆန်ဆန် အဓိပ္ပါယ် သက်ရောက်သွားပါတယ်။
ဝေသန္တရာ ဇာတ်တော်မှာဆိုရင်လည်း အလှူခံသူ အပေါ် အယုတ်၊ အလတ်၊ အမြတ် ကြည့်မနေဘဲ ပြတ်ပြတ်သားသား စွန့်လွှတ်လှူဒါန်းတဲ့ ဝေသန္တရာ မင်းကြီးရဲ့ စေတနာ၊ တလောကလုံးအတွက် အလင်းပေးနိုင်သူ ဖြစ်လာဖို့ ကြိုးစားတဲ့ စေတနာကို နားလည်လို့ ရပေမဲ့ တဘက်မှာ ခုခေတ် အမြင်နဲ့ ကြည့်လိုက်ရင် ကလေး အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေ၊ human trafficking တွေ၊ ကျွန်စနစ်တွေနဲ့ ငြိနေတာကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းရေးတဲ့သူက ကလေးတွေနဲ့ မိန်းမကို အရွယ်ရောက်ပြီး ယောကျာ်းတယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလို့ သဘောထားပုံ ရပါတယ်။ ပဒေသရာဇ်ခေတ်အမြင် ဖြစ်ပါလိမ့်မယ်။ အလှူခံသူက ကောင်းတဲ့နေရာမှာ အသုံးချမှာ မဟုတ်ဘဲ ကျွန်သဖွယ် အသုံးချမှာမို့ အဲဒီ့ အလှူဟာ ရက်စက်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ စောဒက တက်နိုင်တာက လောကတခုလုံး အလင်းရမယ့် အကျိုးကို မြင်လို့ ဘုရားပွင့်ရင် အားလုံးအတွက် အကျိုးရှိမှာမို့ ကလေးတွေနဲ့ မိန်းမကို လှူလိုက်ရတာလို့ ပြောနိုင်ပါတယ်။ ဒါဆိုရင် မိန်းမနဲ့ သားသမီးတွေကို လှူမှ ဘုရားဖြစ်မယ် ဆိုတဲ့ ဥပဒေသကြီး၊ သဘောတရားကြီးကို ဘယ်လိုရက်စက်တဲ့ တန်ခိုးရှင်ကြီး(သို့မဟုတ်) သဘာဝတရားကြီးက ပြဌာန်းပေးလိုက်သလဲ။ ဥာဏ်အလင်းရရေးအတွက် ကိုယ်ကိုယ်တိုင်နဲ့တင် မလုံလောက်ဘဲ အမျိုးသမီးနဲ့ ကလေးကို ဥပဒေသကြီးအရ သဘာဝတရားထံ ယဇ်ပူဇော်နေရသလိုဆန်ဆန် ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အပြင်မှာ လက်တွေ့ ရှိမနေတော့တဲ့အတွက် Stoning ကို ကျင့်သုံးနေဆဲဖြစ်တဲ့ ဘာသာရေးဓလေ့တွေနဲ့ စာရင် အများကြီး တော်ပါသေးတယ်။
ဓလေ့ထုံးတမ်းအရ ကြည့်မယ်ဆိုရင်လည်း မိန်းမတွေ မတက်ရဘူး၊ မသွားရဘူး ဆိုတဲ့ နေရာတွေ ရှိနေသလို ထဘီဟာ ဘုန်းနိမ့်စေတယ် ဆိုတဲ့ အယူအဆတွေကိုလည်း တချို့တွေ လက်ခံထားတုန်း ရှိပါသေးတယ်။
ဒီနေရာမှာ တခုရှိတာက အမျိုးသမီးတွေကို နှိမ်ထားတဲ့ အယူအဆတွေကို အမျိုးသမီးတချို့ ကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံကြခြင်းပါပဲ။ “ယောကျာ်းကြီး ဖြစ်ပြီးတော့” ဆိုတဲ့ စကားကို အမျိုးသမီးတချို့ ကိုယ်တိုင် မြိန်ရည်ယှက်ရည် သုံးစွဲနေကြသလို “မိန်းမလို မိန်းမရ” ဆိုတဲ့ စကားလုံးတွေကိုလည်း အမျိုးသမီးတွေ ကိုယ်တိုင် သုံးစွဲ နေကြတာပါပဲ။ ဘာသာရေး အစဉ်အလာ ထဲက နှိမ်ထားတဲ့ အယူအဆ မျိုးကို ဆိုရင်တော့ ပိုပြီး လက်ခံထားတတ်ကြပါတယ်။ အရိုးစွဲနေကြပြီလေ။ ဒါကြောင့် အမျိုးသမီးတွေကိုယ်တိုင်က မဟာပုရိသ ဝါဒကို တဘက်တလမ်းက အားပေးနေသလိုလည်း ဖြစ်နေတတ်ပါသေးတယ်။
(by ကောင်းကင်ကို + ခရေငယ်)

Friday, January 6, 2012
Thursday, December 22, 2011
ကော်ပီ + ကြော်ငြာ
(၁)
“ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီ… ငြိမ်အောင် တင်းထားလို့မရ၊ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်…ဒါ အချစ်လို့ခေါ်မလား…ကိုယ်မသိလိုက်မီ…”
(၂)
ဒီ အမေရိကန် တော်တော် တုံးတာပဲ။ ကျနော် ကြိတ်တွေးရင်း စိတ်ထဲကနေ ရယ်လိုက်တယ်။ ဒီ အမေရိကန် တော်တော် တုံးတာပဲ။
(၃)
“မင်းတို့ မြန်မာတွေ melody တခုကိုတောင် ကိုယ့်ဘာသာကိုယ် မဖန်တီးချင်ဘဲ သူများတွေဆီက အလွယ်တကူ ခိုးချနေကြတယ်” ဆိုတဲ့ အဓိပ္ပါယ်တွေကို အဲဒီ့ အမေရိကန်ရဲ့ မျက်လုံးတွေမှာ ထင်ထင်ရှားရှားတွေ့လိုက်ရလို့ ကျနော် ရယ်ချင်သွားတယ်။ ဒီလူဟာ အစဉ်အလာ သမားပဲ။
(၄)
ကျနော်သာ အားမနာတတ်လို့ ကတော့ သူ့ကို တခွန်းတည်း ပြောလိုက်မယ်။ “Reinventing the wheel” ဆိုတာ မကြားဖူးဘူးလားလို့။ အချိန်ကုန်ခံပြီး ဘီးကို ဘာလို့ အစကနေ ပြန်တီထွင်နေမလဲ။
ထမင်းစားဖို့ စပါးကို ကိုယ်တိုင် စိုက်နေစရာ မလိုပါဘူး။ ဆန်ကောင်းကောင်း သန့်သန့်လေးတွေ ဝယ်ပြီး ချက်လိုက်ရင် နူးညံ့တဲ့ ထမင်းတပွဲတော့ ဖြစ်လာနိုင်တာပဲ။
ဆောရီးပါ မစ္စတာ အမေရိကန်။ ကျနော်တို့ ဘာမဟုတ်တဲ့ emotion လေးတွေ ကို ဖော်ကျူးဖို့ အချိန် အများကြီး မပေးနိုင်ဘူး။ ခင်ဗျားတို့ဆီက လူတွေ လုပ်ပြီးသား ဟာလေးတွေကို အသာလေး အညွန့် ခူးစားလိုက်ရုံပဲ။ မြန်မာဆိုပြီး အထင်သေးမယ်တော့ မကြံနဲ့။ မြန်မာတွေ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။ မြန်မာဆိုတာ ခင်ဗျားတို့ အဖြူတွေ၊ Black အမေရိကန်တွေ ရဲ့ ဦးနှောက်ကိုတင် မကဘူး၊ Chinese တွေ Indian တွေ၊ ကိုရီးယားတွေ၊ ထိုင်းတွေရဲ့ ဦးနှောက်ကိုပါ အလွယ်တကူ ဖောက်စားနေတာ။
အထောက်အထားနဲ့ ပြောတတ်တဲ့သူဆို မြန်မာတွေဆိုတာ ဦးနှောက်ဖောက်စားခြင်း အတတ်ကို မြဝတီမင်းကြီး ဦးစ လက်ထက်ကတည်းက တတ်မြောက်နေတဲ့ အကြောင်း ဂုဏ်ယူဝံ့ကြွားစွာတောင် ရှင်းပြလိမ့်ဦးမယ်။
(၅)
ရှိပြီးသား Melody တွေမှာ စာသားလေးတွေ ကောက်ထည့်လိုက်တော့ရော ဘာဖြစ်လဲ?
Efficient ဖြစ်တာပေါ့။ Productive ဖြစ်တာပေါ့။ အလဟဿ အချိန်တွေ မကုန်တော့ဘူးပေါ့။
စာသား၊ အဆို နဲ့ လိုက်ပြီးတီးခတ်ထားပုံကလွဲရင် နဲ့ အားလုံး ကောင်းဖို့ ရာနှုန်းပြည့် သေချာသွားတာပေါ့။
ဝမ်းနည်ပါတယ် မစ္စတာ အမေရိကန်။ ကျနော်တို့က ငအတွေ မဟုတ်ဘူး။ စေ့စပ်တယ်။ ရာနှုန်းပြည့် သေချာမယ့် အလုပ်မျိုးကိုပဲ စိတ်ဝင်စားပါတယ်။
(၆)
“ကမ္ဘာမကြေဘူး…ငါတို့ သွေးနဲ့ရေးခဲ့ရတဲ့ မော်ကွန်းတွေ….တော်လှန်ရေး….ဒီမိုကရေစီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော”
ဗဟုသုတ နည်းတဲ့ ထိုင်းတယောက်က လာမေးတော့ ခံစားချက်လေးတွေ ပျောက်သွားတယ်။ ထပြီးသား ကြက်သီးလေးတွေလည်း ပြန်ဝင်သွားတယ်။
သူမေးတာကိုလည်း ကြည့်ဦး။ “မမြဲခြင်း တရားကို ဖွဲ့ထားတဲ့ သီချင်းကို မင်းတို့က ဘာလို့ လက်သီး လက်မောင်းတွေ တန်းပြီး၊ အံတွေ ကြိတ်ပြီး ဆိုနေကြတာလဲ” တဲ့။ မူရင်း အင်္ဂလိပ် သီချင်းက အနိစ္စတရားကို ဖွဲ့ထားတာကိုး။
စိတ်လေတယ်။ စဉ်းစဉ်းစားစား မမေးဘူး။ အနိစ္စတရားကိုတော့ ဘယ်သူက သွားပြီး လက်သီးလက်မောင်း တန်းနေမှာလဲ။ ဒီသံစဉ်ကို ကော်ပီလုပ်ရင် ဒီအဓိပ္ပါယ်ပဲ ဖြစ်ရမယ်လို့ သူ့ဖြုတ်ဦးနှောက်လေးက တရားသေ တွေးထားလား မသိပါဘူး။
အနိစ္စ သီချင်းက ကမ္ဘာမကြေတဲ့ သီချင်း ဖြစ်သွားတော့ရော ဘာဖြစ်သေးလဲ။ လူတွေ တက်ကြွလာအောင် လှုံဆော်နိုင်ရင် ပြီးတာပဲ။
ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်းက ဇီးထုပ်ကြော်ငြာ သီချင်း ဖြစ်သွားတော့ရော ဘာအရေးလဲ။ အဲဒါဟာ ကျနော်တို့ မြန်မာတွေ ကျင့်သုံးနေတဲ့ “Win-Win Strategy” ပဲ။ ကြည့်တဲ့သူတွေလည်းကြိုက်၊ ကြော်ငြာတဲ့သူလည်း စီးပွါးဖြစ်တယ်လေ။
အမယ်… ငြိမ်းချမ်းရေး သီချင်းကို ကြော်ငြာ သီချင်းလုပ်လိုက်လို့ တနပ်စားဥာဏ်လို့တော့ လာမပြောနဲ့။ Mr. Bean ဇာတ်ကား ကြည့်ရသလို ရယ်ပစ်လိုက်မယ်။
မသိရင် မှတ်ထား။ ကိုစန်းအောင် ဆိုတဲ့လူဆိုရင် ၁၉၉၄- ၉၅ ခုလောက်တုန်းက ကြော်ငြာသီချင်း အတိုလေးတွေကို စုပြီး သီချင်းခွေ အဖြစ် ထုတ်လိုက်တာ ရောင်းရသဗျာ။ အိမ်နားက သီချင်းခွေ အငှားဆိုင်မှာတောင် တင်လိုက်သေးတယ်။ ဘယ်လောက်ဟန်ကျလဲ။ ကြော်ငြာ ရိုက်တုန်းကလည်း ပိုက်ဆံရ၊ ခွေထုတ်တော့လည်း ကြော်ငြာရှင်တွေ ဆီက ပိုက်ဆံရ၊ ခွေရောင်းရတာကလည်း ပိုက်ဆံရသေးတယ်။ ဒီတော့ တနပ်စားဥာဏ်လို့ လာမပြောနဲ့။ အမြင်ကျယ်ကျယ် ထားစမ်းပါ။ မျက်တောင်မွှေး တထောက်စာလေးတင် ကြည့်ချင်တဲ့ အကျင့်ကို ဖျောက်ကြပါ။
(၇)
ကြော်ငြာအကြောင်းစဉ်းစားမိတော့ မြန်မာပြည်က တီဗွီ အစီအစဉ်မှာ ၁၉၈၈ နောက်ပိုင်းကမှ စပြီး ကြော်ငြာတွေ ထိုးခွင့်ရတာကို သတိရမိတယ်။ အဲဒီ့အချိန်ကျမှ တီဗွီကြော်ငြာတွေ စလုံးရေစ ခဲ့ရလို့ မြန်မာတွေ ကြော်ငြာရဲ့ အရေးပါပုံကို အသိနောက်ကျ လှချည်လားလို့တော့ အထင်မသေးလိုက်ပါနဲ့။ ငါတို့ မြန်မာတွေဟာ ဟိုးရှေးရှေးတုန်းကတည်းက ကြော်ငြာရဲ့ အရေးပါပုံကို သိပြီးသား ဖြစ်သလို ပြောင်ပြောင်မြောက်မြောက်လည်း ကြော်ငြာ တတ်ပြီးသား။
(၈)
ဖတ်ပြီး ပီတိတွေ ဖြစ်ပြီး မျက်ရည်တောင် ဝဲချင်သတဲ့။ စိတ်ဝင်စားသွားတယ်။
ဖတ်ကြည့်လိုက်တော့ “ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ကိုပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအံ့” တဲ့။ ကျန်စစ်သားမင်းကြီးရဲ့ ကြော်ငြာ။
အဲ့လို အလုံးမျိုးတွေ၊ အဲဒီ့ထက် ကောင်းတဲ့ အလုံးတွေ ကတော့ ခုခေတ် သတင်းစာတွေ မှာလည်း တွေ့နိုင်တာပဲ။ မျက်ရည်မဝဲခင်မှာ... ကျန်စစ်သားမင်းကြီးက သူပြောခဲ့တဲ့ အတိုင်း တကယ်ရော လုပ်ခဲ့လား ဆိုတာတော့ စဉ်းစားကြည့်မယ် မရှိဘူး။ အပြောကောင်းတိုင်း မျက်ရည်ဝဲနေရလို့ ရှားရှားပါးပါး မျက်ရည်တွေ ခန်းကုန်မှဖြင့် နှမြောစရာ။
မင်းတုန်းမင်းကြီးကလည်း သတင်းစာ လွတ်လပ်ခွင့် ပေးသလိုလိုနဲ့ သူ့ကိုယ်သူ အဝေဖန် ခံနိုင်ကြောင်း ဒီလို ကြော်ငြာဖူးတယ်။
“ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့ မိဖုရားမကောင်းလျှင် ငါ့မိဖုရားကိုရေး၊ မင်းတို့မှာအပြစ်မရှိစေရ” ကြည့်ရတာ “မင်း” တို့မှာ အပြစ်မရှိစေရ ဆိုတဲ့ စာကြောင်းထဲက “မင်း” ဆိုတာက ရှင်ဘုရင် ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုလိုတာ ထင်ပါတယ်။
(၉)
အရွယ်အစားတောင် တတောင့်နဲ့ တတောင့် တူအောင် မလုပ်နိုင်သေးတဲ့ တိုင်းရင်းဆေးတွေမှာလည်း တန်ခိုးတော် အနန္တ…..ကြော်ငြာတွေအရ
အေအိုင်ဒီအက်စ် ပျောက်ကင်းနိုင်တဲ့ဆေးကို သုတေသနတောင် မလုပ်ပဲ လက်တန်းဖော်စပ် နိုင်တာ၊ အရင်ဆုံး ဖော်စပ်နိုင်တာ မြန်မာတွေ…..ကြော်ငြာတွေအရ
“သင်တန်းသားဦးရေ ကန့်သတ်ထားသည်။ လာအပ်သလောက်သာ လက်ခံမည်” ဒါကတော့ သင်တန်းကြော်ငြာမှာ ဆီလျော်အောင် ကိုယ့်ဘာသာကိုယ် ထပ်ဖြည့်လိုက်တာ။
ကြော်ငြာတွေက ညာကြတာများတော့ လူတွေက မကောင်းဘူးလို့ မြင်လာကြရော။ တကယ်က ကြော်ငြာဆိုတာ လိမ်ချင်သူနဲ့ အလိမ်ခံချင်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သလို ပေးချင်သူနဲ့ လိုအပ်သူကြားမှာ ပေါင်းကူးပေးတဲ့ အရာလည်း ဖြစ်နိုင်သေးတာပဲ။
တောက်တွေးမြောက်တွေး လုပ်နေတာကို အသံနေ အသံထား တခုက လှုပ်နှိုးလိုက်တယ်။
“စားကြည့်။ အရသာခံကြည့်။ မကြိုက်ရင် ပိုက်ဆံမပေးနဲ့” အဲဒါက ဈေးသည်တယောက်ရဲ့ ကြော်ငြာ။
“လာလော့၊ ရှုလော့။ လုပ်ကြည့်ပြီး ကြိုက်မှ လက်ခံ့” အဲဒါကိုတော့ ကြော်ငြာခံရသူကို အကျိုးရှိစေမယ့် ကြော်ငြာလို့ မိတ်ဆွေ တယောက်က သုံးသပ်ဖူးတယ်။
ကဲ…ရေးတာလည်း တော်တော် ရှည်သွားပြီ။ သူငယ်ချင်း ... စာဖတ်လိုက်ရလို့ မျက်လုံးတွေ ညောင်းသွားပြီလား။ ဒါဆိုရင် အပြင်ကို ထွက်လိုက်။ ပြီးတော့ မိုးပေါ်ကို မော့ကြည့်လိုက်စမ်း။ ကောင်းကင်ဘုံကို တွေ့ရဲ့လား? ဘုရားသခင်ရဲ့ ကြော်ငြာကို?

Tuesday, December 20, 2011
"သူ" ဘယ်သူလဲ သိချင်ရင်တော့ ကောင်းကင်ရဲ့ အရောင်ကိုသာ ကြည့်လိုက်
(၁)
ဒေါက်ဒေါက်ဒေါက်
မေးခွန်းတွေ ဦးနှောက်ကို တံခါးလာခေါက်နေတယ်။
ဒေါက်ဒေါက်ဒေါက်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ စာရင်းထဲမှာ သူ့ကို ဘာကြောင့် ထည့်မထားကြတာလဲ?
(၂)
သူ့အတွေးအခေါ်တွေထဲမှာ ကြိုက်တာလေးတွေလည်း ရှိတယ်။ မကြိုက်တာလေးတွေလည်း ရှိတယ်။
လူတွေက သူ့ကို အစဉ်အလာကို ဖျက်ဆီးရက်သူလို့ မြင်ကြတယ်။ ဒါပေမဲ့ လူတွေရဲ့ အမြင် ဆိုတာကို ခေါက်ထားလိုက်ပါ။ လူအုပ်ကြီးဆိုတာက လူအုပ်ကြီး နောက်ကို လိုက်ရင်း လမ်းပျောက်နေတတ်ကြပေမဲ့ အရေအတွက်ကို ကြည့်ပြီး လမ်းမှန်ရောက်နေပြီလို့ ထင်နေကြတဲ အခါမျိုးတွေလည်း ရှိတတ်တယ်။
ကျနော်ကတော့ သူ့ကို အစဉ်အလာတွေထဲကနေ စစ်ထုတ်ပြီး အမှန်တရားကို ကြိုးစား ရှာဖွေနေသူလို့ မြင်တယ်။ ဒါပေမဲ့ ကျနော့်အမြင်ကိုလည်း ခေါက်ထားလိုက်ပါ။ ကျနော်ဆိုတာကလည်း စည်းပြင်ကလူ
“သူ” ကတော့ သူ့ကိုယ်သူ ပစ္စုပ္ပန် သမားတဲ့။ ထားတော့။
(၃)
လက်သည်းကြားမှာ အပ်စိုက်၊ တူနဲ့ရိုက်ပြီး လက်“မတွန့်” တဲ့သူကို သူရဲကောင်း ရွေးခဲ့တယ် ဆိုတာတွေ ဟုတ်ခဲ့သည် ဖြစ်စေ၊ မဟုတ်ခဲ့သည် ဖြစ်စေ ထားလိုက်တော့။ အခုခေတ်မှာ အဲဒါကို အတုယူနေဦးမယ် ဆိုရင် ဟာသတပုဒ်လို ဖြစ်သွားပြီ။ Originality တွေ ပျောက်ဆုံးနေတဲ့ ခေတ်မှာ တကယ်လိုနေတာက ဘယ်ကိစ္စမှာမဆို လိုအပ်တယ်ထင်ရင် ခွဲထွက်ရဲတဲ့ သတ္တိပဲ။
“အကြောင်းကြောင်းကြောင့် အုပ်စုကိုခွာ၊
ဘယ်သူမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ ရပ်မိရင်
မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်တယ်” လေ။
(၄)
အများဆန္ဒတဲ့။ ဆွဲဆောင်အား ကောင်းလွန်းတဲ့ စကားလုံးမှာ အပြုသဘော ဆောင်တဲ့ သဘောတရားတွေ ရှိနေတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အမှောင်ခြမ်းကိုလည်း စဉ်းစားခန်း ဝင်ကြည့်ဖူးတယ်။
ဂျော်ဒါးနိုး ဘရူနိုဟာ ကိုပါးနီးကပ်စ်ရဲ့ အယူအဆတွေကို ဖြန့်လို့ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတယ်။ (အများဆန္ဒအရ)
ဆိုကရေးတီးဟာ အဆိပ်သောက်ခဲ့ရတယ်။ (မဲခွဲဆုံးဖြတ် အပြီး)
ဟစ်တလာရဲ့ ပါတီဟာ အနိုင်ရသွားခဲ့ပြီးတော့ ဟစ်တလာဟာ အာဏာရှင် ဖြစ်လာခဲ့တယ်။ (ရွေးကောက်ပွဲရဲ့ ရလဒ်)
ဒါဆိုရင် အများဆန္ဒအတိုင်း ဆုံးဖြတ်ခြင်း ဆိုတာကလည်း သူ့အားနည်းချက်နဲ့သူ။ ဒီမိုကရေစီ ဆိုတာမှာတောင် သူ့အားနည်းချက်နဲ့သူ။
(၅)
စွန့်လွှတ်ရခြင်း အတူတူမှာ ကွာခြားမှုတွေ အများကြီးတော့ ရှိလိမ့်မယ်။ စွန့်လွှတ်သူတွေ ကိုယ်တိုင်မှာလည်း ကွားခြားမှုတွေ ရှိနေလိမ့်မယ်။ အကျိုးဆက်မှာလည်း ကွာခြားမှုတွေ ရှိနေလိမ့်မယ်။
ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။
“သူ”ကတော့ မြန်မာပြည်ရဲ့ အကောင်းဆုံး တက္ကသိုလ်လို့ ခေါ်ရမလား၊ အဲဒီ့ “ဘဝတက္ကသိုလ်” မှာ ဘယ်နှစ်ကြိမ်မြောက် ရောက်ရှိသွားခြင်းပါလဲ?
“သူ” က ချေပဖူးတယ်။ ကိုယ်အသေ သတ်မှတ်ထားတဲ့ ရှုထောင့်တခုကနေပဲ ကြည့်ရင်တော့ တခြား ယုံကြည်ချက်တွေလည်း တွေဟာလည်း စံနှုန်းနဲ့ လွဲနေကြမှာပဲ။ အဲဒီ့ထဲမှာမှ သူ့ကို ဘာလို့ ကွက်ပြီး အရေးယူရသလဲလို့။
ဟိုဘက်မှာကလည်း အဖြေက အဆင်သင့်။ Enlightened man တပါးရဲ့ နာမည်ကို အလွဲသုံးစားလုပ်ခြင်း။
(၆)
ဒါဆိုရင် Enlightened man ဖြစ်တဲ့ အရှင်မြတ်ဟာ ဘာတွေ ဟောကြားခဲ့ပါသလဲ။
ကိုယ့်မှတ်စုလေး ကိုယ်ပြန်ပြီး ထုတ်ဖတ်ကြည့်တယ်။
[[[ ကျနော့်မှာ အပြောအဆို ကြမ်းတဲ့ ဘာသာမဲ့ သူငယ်ချင်းတယောက် ရှိတယ်။ သူက ရိုးသားပြီး ကူညီတတ်ပေမယ့် ပိဿလေးနဲ့ ပစ်သလို ပြောတတ်တယ်။
တရက် စကားဝိုင်းမှာ တခြားသူငယ်ချင်းတယောက်က သူ့ကို
“ဘာမှ လာငြင်းမနေနဲ့။ အဲဒါ ဘုရားသခင်ရဲ့ နှုတ်ကမြွက်တော်”
“ဘုရားသခင်ရဲ့ နှုတ်ကမြွက်တော်လို့ ပြောရအောင် မင်းက ဘုရားသခင်နဲ့ လက်ဘက်ရည်ဆိုင် အတူတူ ထိုင်ဖူးလို့လား”
အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ သူငယ်ချင်းတယောက်က သူ့ကို ခွေးခြေခုံနဲ့ ရိုက်မယ်လုပ်တယ်။ နောက်တော့ သူ လက်ဘက်ရည်ဆိုင်က ထွက်သွားတယ်။
သူ့ဥပမာက ကြမ်းလွန်းတယ်။ ဒါပေမယ့် သူ ပေးချင်တဲ့ မက်ဆေ့ကတော့ ဒီနေ့အထိ ကျနော့်ရင်ဘတ်ထဲမှာ မိုးခြိမ်းနေတုန်း။ ]]]
[[[ အဲလို မက်ဆေ့မျိုး ကို ရှေးခေတ်က မှတ်တမ်းတင်ခဲ့တဲ့ စာအုပ်တွေကို နှိုင်းယှဉ်ဖတ်ကြည့်တဲ့ အခါမျိုးမှာလည်း ရနိုင်တယ်။
ဥပမာ…
ရာဇဓိရာဇ် အကြောင်း…
မွန်ဘာသာမူမှာ မွန်ဘုရင် ရာဇဓိရာဇ်သေလို့ မြန်မာဘုရင်မင်းခေါင်က သံဝေဂ ရပြီးငိုတယ်တဲ့။ မြန်မာဘာသာမူမှာကျတော့ မြန်မာ ဘုရင်မင်းခေါင်သေလို့ ရာဇဓိရာဇ်က သံဝေဂရပြီးငိုတယ်ဆိုပဲ။ သေတဲ့လူတွေက ပြောင်းပြန်ဖြစ်နေကြတယ်။ တခြားအချက်အလက်တွေမှာလည်း ကွဲလွဲမှုတွေ အများကြီး။
ကမ္ဘာအရပ်ရပ်က ရှေးရာဇဝင်ဇာတ်လမ်းတွေ အတိုင်းပါပဲ…. သမိန်ပရမ်း သရဲကိုက်လို့ သေတယ်ဆိုတဲ့ ကိစ္စတွေလို ဒဏ္ဍာရီဆန်တာတွေ အများကြီးပါနေရတော့တယ်။
ဒါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ နီးပါးလောက်ကပဲ ရှိသေးတယ်။ ဘာသာရေးသမိုင်းတွေလို နှစ်ပေါင်းထောင်နဲ့ချီလာရင် ?
တလွဲသုံးနေရင်တော့ ဘာသာရေးတွေဟာ အမုန်းကမ်ပိန်း တခု ပဲဖြစ်လာလိမ့်မယ်။
တကယ်တမ်းကျတော့ ဘယ်သူမဆို ကိုယ့်မျက်လုံးကို စည်းထားတဲ့ အဝတ်ကိုတောင် မြင်ရတာမှ မဟုတ်တာ။]]]
[[[နှစ်တွေ ခြားခြားလာတယ်။
ဘုရားတွေရဲ့ပုံရိပ် ဝါးဝါး လာတယ်။
ဒဏ္ဍာရီတွေ များများလာတယ်။
“တမန်တော်ကတော့ ဒီလိုအဓိပ္ပါယ်နဲ့ ပြောခဲ့တာ မဟုတ်လောက်ဘူး”
“ဒါတွေက ဘုရားဟောတာ မဖြစ်နိုင်ဘူး။ ရှေးလူတွေက သွတ်သွင်းခဲ့တာ”
“ဒါကမှ ဘုရားဟော အစစ်”
နောက်ဆုံးတော့ လူတွေဟာ ဘုရားတွေကို ကိုယ့်ထင်ကြေးအတိုင်း ပြန်ပြီး ဖန်ဆင်းနေရတာပါပဲ။ ယန်းပေါဆတ် (Jean Paul Sartre) ပြောသလိုပေါ့။ ကျနော်တို့ အားလုံး လွတ်လပ်မှုဒဏ်ကို အဲလောက်ထိ ကျခံနေရပါတယ်။]]]
(၇)
စဉ်းစားကြည့်လိုက်ရင် ဒီလိုမျိုးလည်း ဖြစ်နေပြန်သေးတယ်။ နိုင်ငံရေးပညာရှင် တယောက် ရှိခဲ့တယ် ဆိုပါစို့။ အဲဒီ့ ပညာရှင် ပြောခဲ့တယ် ဆိုတာတွေကို တဆင့် ပြန်ပြောပြတဲ့ သူတွေဆီက သိရတဲ့ စကားတွေဟာ တမျိုးစီ ဖြစ်နေတယ် ဆိုပါစို့။
ကျနော်က အဲဒီ့ နိုင်ငံရေး ပညာရှင် အကြောင်း ပြောမယ်။ “အဲဒီ့ ပညာရှင်ဟာ အရမ်းတော်တယ်လို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ သူဘာတွေ ပြောခဲ့မှန်းတော့ ငါလည်း သိပ်သိတာ မဟုတ်ဘူး။ ဒါပေမဲ့ ဟို A ဆိုတဲ့ တယောက်ကတော့ အဲဒီ့ နိုင်ငံရေး ပညာရှင် ဟာ ဒီလို ပြောသွားခဲ့တယ်လို့ ကျိန်းသေကြီးကို ပြောတယ်။ အဲဒါကိုပဲ ငါယုံတယ်။ A ပြန်ပြောပြတာကမှ ဟိုနိုင်ငံရေးပညာရှင် ရဲ့ တကယ့် စကားအစစ်။ အဲဒါက လွဲရင် အမှားတွေ။ ဘာလို့တုန်းဆိုတော့ A ပြောတာကိုပဲ ကျနော်က ငယ်ငယ်ကတည်းက သိလာလို့။
(ဒါပေမဲ့ တကမ်တမ်းကျ တဆင့် ပြန်ပြောတဲ့ A ကလည်း သေချာသိတာ မဟုတ်ဘူး။ ကျနော်ကလည်း သေချာသိတာ မဟုတ်ဘူး။ A ပြောတာကမှ အမှန်ဆိုရင်လည်း တကမ္ဘာလုံးက ဟာတွေက အမှားလို ဖြစ်သွားမယ်။)
နောက်တယောက်ကလည်း ကျနော့်လိုပဲ ပြောမယ်။ ဒါပေမဲ့ အယူအဆချင်းကတော့ မတူဘူး ဖြစ်နေပြီ။ ဒါဆိုရင် ဘယ်ဟာက အမှန်လဲ? ထားပါတော့။ ခေါင်းရှုပ်တယ်။ ဆုံးဖြတ်ရ ခက်တာချင်း အတူတူ ဒီနေရာ ဒီဒေသမှာ ရေများရင် ရေကို အနိုင်ပေးလိုက်တာက ငြိမ်းချမ်းပါတယ်။ ဒါ အထူးအဆန်းမှ မဟုတ်တာ။ ဟိုဒေသမှာလည်း မီးများရင် မီးကို အနိုင်ပေးနေတာပဲလေ။
ဒါဆိုရင် ကျနော့်ရဲ့ ဇာတ်လိုက် “သူ” ဟာ မှားသွားပြီပေါ့။ ရှိစေတော့။
(၈)
“သူ” ပြောခဲ့တာတွေ မှားတယ် ဆိုရုံနဲ့ သူ့ကို အကျဉ်းချသင့် ပြီလား။ "သူ" က အသက်လည်း တော်တော်ကြီးလှပြီ။ "သူ" နဲ့ စကားပြောဖူးတဲ့ ညီမလေး တယောက်ကတော့ "သူ"ဟာ စိတ်ရှည်လက်ရှည် ရှင်းပြတတ်တဲ့ စည်းရုံးတတ်တဲ့ အဘိုးတယောက်နဲ့ တူတယ်လို့ တင်စားဖူးတယ်။
သူအကျဉ်းကျနေရခြင်း အကြောင်း၊ ဟိုတစ ဒီတစ အသိလေးတွေနဲ့ ကျနော် စာလုံးပေါင်းကြည့်တယ်။
1. တဘက်မှာ သူ့ကို ချေပခွင့် ရှိသလား။ သူမှားကြောင်း ထောက်ပြခွင့် ရှိသလား။ [မီဒီယာ ပေါင်းစုံသုံးပြီး ချေပခွင့် ရှိတယ်။ သူ့မှာသာ ပုံနှိပ်မီဒီယာတွေကနေ အပြန်အလှန် ချေပခွင့် မရှိတာ။ သူ့အယူအဆ တွေကိုလည်း ပုံနှိပ် ဖြန့်ဝေခွင့် ပိတ်ပင်ထားတယ်] အဲဒီ့လောက် လုပ်တာဟာ မလုံလောက် သေးဘူးလား။
2. စာဖတ်တဲ့ သူတွေကို အထင်သေးတာလား။ စာဖတ်တဲ့ သူတွေမှာ စဉ်းစားနိုင်တဲ့ ဦးနှောက် မရှိတော့ဘူးလား။ [ဦးနှောက်တွေ ရှိပါတယ်။ “သူ” ပြောသမျှကို အားလုံးကတော့ လက်ခံကြမှာ မဟုတ်ပါဘူး။ အားလုံး လက်ခံလိုက်မှတော့ ခုလို ပြဿနာတောင် ဖြစ်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ သေနတ်နဲ့ ထောက်ပြီး သူ့ဝါဒတွေကို အတင်း ယုံခိုင်းနေတာမှ မဟုတ်တာ။]
3. ကိုယ့်ဟာက ရာနှုန်းပြည့် မှန်နေပြီလို့ ထားလိုက်ပါတော့။ ဒါဆိုရင် မသိနားမလည်သေးတဲ့ သူတွေ သူ့အမှားတွေကို နားဝေတိမ်တောင် ဖြစ်သွားရင်ကော ဘယ်လိုလုပ်မလဲ။ [သူ့လိုဆန်ဆန် အတွေးမျိုးက… ဥပမာ တောင်တတောင်ဟာ ကမ္ဘာ့ပထဝီမှာ မရှိဘူးလို့ ပြောတာမျိုးက “သူ” မှ တွေးမိတာ မဟုတ်ပါဘူး။ အဲလိုအတွေးတွေကို တခြားလူတွေလည်း တွေးမိနိုင်ပါတယ်။ ဒီလိုဆိုတော့ သူ့ဟာကို ကိုယ့်ဘက်က ယုတ္တိခိုင်ခိုင်နဲ့သာ ဖြေရှင်းနိုင်မယ်ဆိုရင် အများ အတွေးမှားနေကြတဲ့ ကိစ္စတွေကို တခါတည်း ဖြေရှင်းပြီးသားတောင် ဖြစ်သွားပါဦးမယ်]
4. ဟိုး နှစ်ပေါင်းထောင်ချီခဲ့တဲ့ ပဒေသရာဇ် ခေတ်တုန်းကတောင် အယူအဆတွေ ရောင်စုံ ဖူးပွင့်ခဲ့သေးတယ်လို့ ဆိုတယ်။ ဥာဏ်တော်ရှင် ဖူးပွင့်ခဲ့တယ်ဆိုတဲ့ခေတ်က ပဒေသရာဇ် ဘုရင်တွေ အခုလို ဆန်ဆန် ဖမ်းဆီးတာမျိုး ရှိခဲ့ဖူးပါသလား?
5. သူ့အနေနဲ့ နာမည်က အစ ခွဲထွက်ပြီး လုပ်ရင်ရော [ဒါဆိုရင်လည်း Holy man တပါး ရဲ့ အယူအဆတွေကို နှစ်သက်လို့ “သူ” ယူပြီး ကိုးကားတဲ့ အခါမှာ credit မပေးဘဲ ယူသုံးတယ်လို့များ စွပ်စွဲကြလေမလား။ လောကအတွက် ဖူးပွင့်လာတဲ့ ဥာဏ်ကြီးရှင် တယောက်ရဲ့ ဝါဒတွေကို လူတိုင်းက ကိုးကားခွင့် မရှိတော့ဘူးလား။]
ရနိုင်သမျှ အချက်အလက်လေးတွေကို အခြေခံပြီး တွေးကြည့်ခြင်းဟာ ခေါင်းမူးစေတတ်တယ်ဆိုရင် အဲဒါကို မူးယစ်စေတတ်သော အရာလို့များ ပြောကြမလား။ ရှိစေတော့။ ကျနော်တွေးကြည့်ချင်သေးတယ်။

(၁၀)
"သူ" ဘယ်သူလဲ သိချင်ရင်တော့ ကောင်းကင်ရဲ့ အရောင်ကိုသာ ကြည့်လိုက်။
ကောင်းကင်ကို
(ပို့စ်တင်ထားတဲ့ တကယ့်ရက်က ဒီဇင်ဘာ ၃၁ ရက်နေ့ပါ။ ကော်ပီ + ကြော်ညာပို့စ်ကို ဒါရဲ့ အပေါ်ကို ရောက်စေချင်လို့ ဒီဟာတင်တဲ့ ရက်ကို ဒီဇင်ဘာ ၂၀ လို့ ပြောင်းထားလိုက်ပါတယ်။)

Sunday, December 11, 2011
တွဲဖက်သရုပ်ဆောင်
စွက်စွက်ဖက်ဖက် ပါးစပ်ဖျားတွေ ဆိုတာ
ရက်ရက်စက်စက် သေနတ်၊ဓါး တွေ လိုပဲ။
ဒါပေမဲ့ … အသက်ကို ရန်ရှာမယ့်အစား
အရှက်ကို ရန်ရှာလိမ့်မယ်။
တခါတခါ
ဝေဖန် ပါးစပ်မျိုးဆိုတာ
စေတန် နတ်ဆိုးလိုပဲ။
ကောင်းခန်းဆို
သောင်းကျန်းတတ်တယ်။
အသစ်အဆန်းစကား ထိုးကွက်တွေနဲ့လည်း
အချစ်လမ်းတံတား ကျိုးပျက်သွားအောင် ဖျက်ဆီးတတ်တယ်။
သူတို့က မြွေဖမ်းသမားတွေကွယ့်
ကလေး… ခြေလှမ်းမမှားစေနဲ့။
ကလေးရေ…
လူမှု စက်ဝိုင်းဇုန်ကြီး တခုလုံး
ဝဲဂယက် အရှုပ်တထောင်နဲ့
ကွဲအက်ပုပ်ရောင် နေတာကို မြင်ရဲ့လား။
ဒါပေမဲ့လည်း ဖြတ်သန်းရမှာမို့
တွဲဖက်သရုပ်ဆောင်လေးရေ
တွဲလက်မပြုတ်အောင် ကိုင်ထား။

Saturday, December 10, 2011
ကျနော့် ရှပ်အင်္ကျီအပြာက ဘာအရောင်လဲ?
ကျနော်ဟာ အဝတ်အစားကို ကျကျနန မဝတ်တတ်တဲ့ သူတယောက်ပါ။ ဒါပေမဲ့ အဲဒါဟာ ကျနော့် အပြစ်ချည်းတော့ မဟုတ်ပါဘူး။
ကျနော့် အခန်းထဲမှာ အဝတ်လဲတုန်းကတော့ ကျနော့် ရှပ်အင်္ကျီနဲ့ ဆွယ်တာက အရောင်ချင်း လိုက်ဖက်လှပါတယ်။ ဒါပေမဲ့ ကျနော့် ကျောင်းသူလေးတွေရှေ့ရောက်တော့ အရောင်နှစ်ခုက လုံးဝ မလိုက်ဖက်တော့ သလိုပဲ။ အဲဒါကို ဘယ်လို ဖြေရှင်းရမလဲ?
လက်တွေ့ကျကျ ဖြေရှင်းနည်းကတော့ ကျောင်းသူလေးတွေကို ကျနော့် အခန်းထဲမှာပဲ စာခေါ်သင်ပေးလိုက်ရင်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ အဝတ်အစား ပြဿနာကို ဖြေရှင်းနိုင်လိုက် ခြင်းသာ ဖြစ်ပြီးတော့ ရင်ထဲမှာတော့ အတွေးအခေါ် ပုစ္ဆာတပုဒ် ကျန်နေခဲ့ပါတယ်။
ကျနော့် အခန်းထဲမှာ ရှပ်အင်္ကျီ အပြာရဲ့ အရောင်ဟာ ဘာအရောင်လဲ?
နယူးယောက် မြို့ရဲ့ နေသာတဲ့ နွေဦး နေ့လည်ခင်း တခုမှာ ကျနော် အဲဒီ့အင်္ကျီလေးနဲ့ အပြင်ထွက်တဲ့ အခါ ကျနော့် အခန်းထဲတုန်းက အရောင်နဲ့ အနည်းငယ် ကွဲပြားသွားမှာ ဖြစ်ပေမဲ့ အပြာရောင် လို့ ကျနော် ခေါ်နေဦးမှာပဲ။
ကျနော့် စာသင်ခန်းထဲက မီးရောင်အောက်မှာတော့ ကျနော့် ရှပ်အင်္ကျီလေးဟာ အပြာရောင် ပေမဲ့ ကျနော့် အခန်းထဲတုန်းက အပြာရောင်လို ကျနော့်ဆွယ်တာနဲ့ လိုက်ဖက်မှု မရှိတော့ပါဘူး။ အပြာရောင် ဆိုတဲ့ စကားလုံး တူညီနေ ပေမဲ့ နဂိုတုန်းက ဆွယ်တာနဲ့ လိုက်ဖက်ခဲ့တဲ့ အင်္ကျီဟာ စာသင်ခန်းထဲမှာ လိုက်ဖက်မှု မရှိတော့ပါဘူး။ ရှပ်အင်္ကျီရဲ့ ဟာ ဘာတွေ ပြောင်းလဲ သွားခဲ့ပါသလဲ။ တကယ်တော့ ဘာမှ ပြောင်းလဲစရာ မရှိပါဘူး။
တကယ်ကျတော့ ရှပ်အင်္ကျီရဲ့ အရောင်က ပြောင်းလဲ သွားခြင်းမျိုး မဟုတ်ဘဲ ကျနော်တို့ရဲ့ မျက်လုံးထဲမှာသာ အရောင် ပြောင်းလဲ သွားတယ်လို့ ထင်ရခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မျက်စေ့က အရောင်မှားကို မြင်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် အရောင်နှစ်ခုမှာ ဘယ်အရောင်က အရောင်အမှား ဖြစ်ပါသလဲ?
အလင်းရောင်နည်းတဲ့ ကျနော့်ရဲ့ အခန်းလေးက အင်္ကျီရဲ့ အရောင်ကို မှန်မှန်ကန်ကန် မြင်နိုင်ဖို့ အနေအထား မရှိတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သဘာဝ နေရောင်အောက်မှာမှ အမှန်ဆုံး အရောင်ကို သိနိုင်မှာလား။ နယူးရောက်မြို့ရဲ့ နွေဦး နေ့လည်ခင်း နေရောင်အောက်မှာ ပေါ်တဲ့ အရောင်နဲ့ လန်ဒန်မြို့ ဆောင်းတွင်း မွန်းလွဲပိုင်းမှာ ပေါ်တဲ့ အရောင်ကလည်း ခြားနားနေပါလိမ့်မယ်။ ဒါဆိုရင် ဘယ်နေရောင်က ရှပ်အင်္ကျီရဲ့ အရောင်မှန်ကို သိဖို့ အသင့်တော်ဆုံး အခြေအနေ တရပ်ဖြစ်ပါသလဲ။ ရှပ်အင်္ကျီရဲ့ အရောင်မှန်ကို သိဖို့ သဘာဝ နေရောင်ထက် မီးချောင်းရဲ့ အလင်းက ပိုပြီး သင့်တော်တယ်လို့ရော ဘာလို့ မပြောနိုင်ရမှာလဲ။
ဒါမှ မဟုတ် ရုပ်ဝတ္ထု ပစ္စည်းတခုမှာ အရောင်မှန် ဆိုတာ မရှိဘူး လို့ပဲ ယူဆလိုက်ရ မလား? အဲဒါဆိုရင်တော့ ကျနော်တို့ အနေနဲ့ ဘယ်အလင်းရောင်က ရုပ်ဝတ္တု တခုခုရဲ့ အရောင်မှန်ကို သိစေသလဲ ဆိုတာကို စဉ်းစားဖို့ လိုတော့မှာ မဟုတ်ပါဘူး။ ဘာလို့တုန်းဆိုတာ အရောင်မှန် ဆိုတာကို မရှိလို့ပါပဲ။ ဒါမှမဟုတ်လည်း ရုပ်ဝတ္ထု ပစ္စည်းတခုမှာ ကြည့်မြင်ရတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အရောင်တခုထက် ပိုပြီး ပါတယ်လို့ ပြောရမလား။ ဒါဆိုရင်တော့ ကျနော့် ရှပ်အင်္ကျီမှာ အရောင်မှန်တွေ အများကြီး ရှိနိုင်သလို ဖြစ်သွားပါလိမ့်မယ်။
အခုတော့ ကျောင်းသူလေးတွေ အခန်းထဲက ထွက်သွားကြပါပြီ။ ကျနော့် ရှပ်အင်္ကျီအပြာက ဘာအရောင်လဲ?
(Free translation of Andrew Pessin’s essay, “True Colors”)
ဘာသာပြန်သူ…ကောင်းကင်ကို

Tuesday, December 6, 2011
Leading question
သူငယ်ချင်းတွေနဲ့ ဆွေးနွေးတဲ့အခါ ခဏခဏ ကြုံရတဲ့ မေးခွန်းတခုရှိတယ်။ ဘာကြောင့် တယောက်က ချမ်းသာတဲ့ မိဘက မွေးလာပြီး တခြား တယောက်က ဆင်းရဲတဲ့ မိဘကနေ မွေးလာလဲတဲ့။ တယောက်က ဉာဏ်ကောင်းပြီး တယောက်က ဘာလို့ ဉာဏ်ထိုင်းရတာလဲတဲ့။ (အဲဒါကိုတော့ genetics နည်းပညာနဲ့လည်း ရှင်းပြလို့ ရမှာပါ)
ဘုရားသခင် (သို့မဟုတ်) အလ္လာကို ကို ယုံကြည်သူတွေကတော့ အရာရာကို ဘုရားသခင်ရဲ့ အလိုတော်လို့ ပြောကြမှာပါပဲ။ ဒါဆိုရင် ပြန်မေးစရာမေးခွန်းတွေ အများကြီး ရှိလိမ့်မယ်။ ဘုရားသခင်ဟာ မွေးရာပါ ဒုက္ခိတတွေကို လူ့ငရဲ ခံစားရရုံသက်သက် ဖန်ဆင်းထားတာလား?
လူတွေ တယောက်နဲ့ တယောက် မွေးကတည်းက ကွဲပြားနေမှုကို ဘာကြောင့်လဲ ဆိုပြီးတော့ မေးခွန်းမကြာခဏ ထုတ်လေ့ရှိသူတွေကတော့ အရှေ့တိုင်းဘာသာရေး တချို့ကို ယုံကြည်သူတွေ ပါပဲ။ ပြီးတော့ သူတို့မှာ အဖြေကလည်း အဆင်သင့် ရှိနေတတ်တယ်။ အတိတ်ဘဝ ကံကြောင့်တဲ့။ အဲဒါ တရားမျှတမှု ရှိတဲ့ စနစ်တရပ် ဖြစ်ပေမယ့် တကယ်ဟုတ်မဟုတ် မသိနိုင်တဲ့ အတွက် သိမှုပြင်ပက ကိစ္စလို့ပဲ ဒီနေရာမှာ ထားလိုက်ရအောင်ပါ။
တကယ်စဉ်းစားကြည့်ရင်တော့ “ဘာကြောင့် တယောက်က ချမ်းသာတဲ့ မိဘက မွေးလာပြီး တယောက်က ဆင်းရဲတဲ့ မိဘကနေ မွေးလာလဲ” ဆိုတဲ့ မေးခွန်းကိုက မလိုအပ်တဲ့ မေးခွန်းကြီးပါ။ တခါတလေကျ မေးသူဆီမှာ အဖြေကြိုရှိပြီးသား leading question ကြီး ဖြစ်နေတတ်ပါတယ်။
သဘာဝအရ အမျိုးသားနဲ့ အမျိုးသမီး မေထုန်မှုပြုရင် ကလေးမွေးလာတတ်တယ် မို့လား။ ဆင်းရဲတဲ့ မိဘက မွေးရင် ကလေးက မွေးမွေးချင်းမှာ ဆင်းရဲတဲ့သူလေး ဖြစ်မှာပေါ့။ ချမ်းသာတဲ့ မိဘက မွေးရင် ကလေးက မွေးမွေးချင်းမှာ ချမ်းသာတဲ့သူလေး ဖြစ်မှာပေါ့။ ဗီဇတွေကိုလည်း မိဘတွေဆီက အမွေရမှာပေါ့။
ကွဲပြားနေတယ် ဆိုတာက အတိတ်ဘဝကံဆိုတာ ကို လက်ခံမှ၊ သံသရာ ဆိုတာကို လက်ခံမှ မဟုတ်ပါဘူး။ အံစာတုံးတွေ အများကြီးကို လှိမ့်လိုက်ရင် အံစာတုံးတွေ အကုန်လုံး ၁ ကနေ ၆ အတွင်း ကျချင်ရာ ကျနေကြမှာပဲ။ တခုနဲ့ တခု တူမှာ မဟုတ်ပါဘူး။ အံစာတုံးမှာ အတိတ်ဘဝ မရှိခဲ့တာတော့ သေချာပါတယ်။
သစ်ပင်တွေကို ကြည့်လိုက်ပါ။ သစ်ပင်တွေ တပင်နဲ့ တပင် တူရဲ့လား။ သစ်ပင်တွေမှာ အတိတ်ဘဝကံ ဆိုတာ မရှိနိုင်ပေမဲ့ သဘာဝ အလျောက် တပင်နဲ့ တပင် မတူဘဲ ကွဲပြားနေကြပါတယ်။ သစ်ပင်တွေ သဘာဝ အလျောက် ကွဲပြားနေမှုကို ဘယ်သူမှ မေးခွန်းပုစ္ဆာ မလုပ်ကြပေမဲ့ လူတွေရဲ့ ကွဲပြားမှုကျမှ စဉ်းစားနေကြတာပါ။
သရက်စေ့ကနေ သရက်ပင် ဖြစ်လာတာနဲ့ တခြားမျိုးစေတွေကနေ တခြားအပင်တွေ ဖြစ်လာပြီး တပင်နဲ့တပင်ကွဲပြားနေတာကို ကို ရှင်းပြဖို့ သဘာဝ တရားပဲ လိုပါတယ်။ အဲလိုပဲ ချမ်းသာတဲ့ မိဘ နှစ်ပါးကနေ ချမ်းသာတဲ့ ကလေးလေး ဖြစ်လာတာ၊ ဆင်းရဲတဲ့ မိဘကနေ ဆင်းရဲတဲ့ ကလေးလေး ဖြစ်လာတာကို ရှင်းပြဖို့ သဘာဝတရားနဲ့တင် လုံလောက်နေပါပြီ။ အသစ်ဖြစ်လာတဲ့ နှင်းဆီပင်မှာ သဘာဝ အလျောက် နိုက်ထရိုဂျင်ဓာတ်တွေ ချို့တဲ့ နေနိုင်သလို အသစ်ဖြစ်လာတဲ့ လူသားလေးမှာလည်း သဘာဝ အလျောက် တခုခု ချို့တဲ့နေနိုင်ပါတယ်။
အတိတ်ဘဝကံကို ယုံကြည်သူ ဖြစ်စေ၊ ဘုရားသခင်ရဲ့ အလိုတော်ကို ယုံကြည်သူ ဖြစ်စေ ကိုယ့်စိတ်ထဲမှာ လွတ်လွတ်လပ်လပ် ယုံကြည်နိုင်ပါတယ်။ မယုံကြည်သူကလည်း လွတ်လွတ်လပ်လပ် မယုံကြည်ဘဲ နေနိုင်ပါတယ်။
ဒါပေမဲ့ … ယုံကြည်တာ မယုံကြည်တာက ပြဿနာ မရှိလှပေမဲ့ နှုတ်က ထုတ်ပြောလိုက်ရင် [တခြားနိုင်ငံတွေမှာ ဆိုရင်တော့] ပြဿနာ တက်တတ်ပါတယ်။ မွေးကတည်းက နိမ့်ပါးတဲ့သူကို၊ မွေးကတည်းက ကံမကောင်းတဲ့သူကို ဒီကောင် အရင်ဘဝက မကောင်းတာ လုပ်ခဲ့လို့ ဖြစ်တာ ဆိုတာက သူတို့ စံအရတော့ prejudice လုပ်ခြင်းပါ။ blaming the victim လို့လည်း သူတို့စံနဲ့ ပြောမှာပါပဲ။
ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေဟာ အရင်ဘဝက မကောင်းမှု လုပ်ခဲ့သူတွေလို့ ပြောခဲ့တဲ့ အတွက် ၁၉၉၉ ခုနှစ်လောက်တုန်းက အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း နည်းပြ Glenn Hoddle ဟာ နည်းပြ ရာထူးကနေ အထုတ်ခံခဲ့ရဖူးတာက အထင်ရှားဆုံး သာဓက တခု ဖြစ်ပါတယ်။
(by ကောင်းကင်ကို)

Friday, December 2, 2011
လူကြီးသူငယ်နာ (ဦးသန့်)
ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင် ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။
ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။
သို့သော် အဆိုပါရောဂါ ဆိုသည်ထက်၊ အသိပညာအရာတွင် ကလေက၀နိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါက ကျွန်ုပ်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…။
ကလေးတစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းများကို ပြောလေ့ပြောထရှိသည်များကို ကျွန်ုပ်တို့တတွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။
‘ငါ့အိမ်က မင်းအိမ်ထက် ပိုကြီးသကွ’
‘ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်’ စသဖြင့်။
ဤသို့သော ကလေးအကြွားမျိုးကို မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ်သဘောကျနေကြသည်က များသည်။ ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘ၀အထိ ပါလာတော့သည်။
ဦးရွှေက သူ့ဇနီးအတွက် ရွှေဘီးတစ်ချောင်း လုပ်ပေးသောအခါ၊ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။ ထို့ထက် တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။
‘ဟေ့ ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ…’ စသဖြင့်။
မိမိအောင်မြင်မှုအပေါ် သွေးနားထင်ရောက်နေသော၊ အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘ၀င်စိတ်ပင် ဖြစ်ပါသည်။
‘ဟိတ် အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါအလိမ္မာဆုံးကွ’ ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။
လူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ကျွန်ုပ်တို့ နိုင်ငံတွင် ၀တ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြားမည်သည့် တိုင်းပြည်ထက်မဆို ပိုများသည်။ သို့နှင့်တိုင် ကျွန်ုပ်တို့တတွေ၏ ဘာသာရေး အဆုံးအမများ အပေါ် စောင့်ထိန်းလိုက်နာမှုမှာ အားနည်းလှသည်ဟု ဆိုချင်သည်။
ကျွန်ုပ်တို့ ဘာသာတရားက ဘုန်းတော်ကြီးများကို လောကီရေးတွင် ၀င်မစွက်ရန် တားမြစ်ထားသေးသည်။ သို့သော် အငြိမ့်ပွဲ ဇာတ်ပွဲတွေ သွားကြည့်ပါက ၀ါဝါ၀င်းဝင်းတွေ မမြင်ချင့်အဆုံး ဖြစ်တော့သည်။
ကျွန်ုပ်တို့နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။ သို့သော် ကျွန်ုပ်တို့တတွေကား ‘ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ’ ဟုဆိုကာ ဖြုန်းတီးမှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် ဤသို့ ဖြစ်နေပါသနည်း။ စိတ်ဓာတ်ရေးရာအရ နို့စို့ကလေးဘ၀မှ မတက်နိုင်သောကြောင့် ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာတွေမှာ ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး) များနှင့် ပတ်သက်လျှင်မူ၊ အောက်တန်းစား ဖက်ခွက်စားဟု သဘောထားကြသည်က များသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု ထင်ကြသည်။
နို်င်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူ နည်းယူစရာ ရှာမကြည့်တတ်။ အထင်သေး ရှုတ်ချကြသည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွန်ုပ်တို့တတွေမှာ အရွယ်မရောက်သေးသော ကလေးစိတ်နှင့် လူကြီးကိုယ်တွေ ဖြစ်နေတော့သည်။
ကျွန်ုပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြားဧည့်သည်များက ကျွန်ုပ်တို့ကို သဘောကျကြပါသည်။ ‘နက်ဖြန်ခါ အတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေသေခဲ လူမျိုး’ ဟုလည်း မကြာခဏဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွန်ုပ်တို့က ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးလေးတစ်ယောက်နှင့်ပင် တူသေးတော့သည်။
ကျွန်ုပ်တို့ဟာသက ရိုးတာသည်။ ကျွန်ုပ်တို့စကားက ပေါ့ပြက်သည်။ ကျွန်ုပ်တို့ အတွေးက တိမ်သည်။ သင့်,မသင့် မှန်,မမှန် ကိုယ်တိုင် မစဉ်းစား။ စဉ်းစားဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း။
ကျွန်ုပ်တို့လူမျိုးမှာ စံသတ်မှတ်ချက်များကိုလည်း အလွန်ကိုးကွယ်လေ့ ရှိပါသည်။ သို့သော် ‘စံ’ အတိုင်းကား မကျင့်။ ကျင့်သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျှင်းမရှိ။ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။
ဤအကျင့်က ကျွန်ုပ်တို့စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်(ချ)ဂျီဝဲ(လ) တို့၊ ဒီအိပ်(ချ) လောရင့် တို့၊ ဂိုဂို(လ) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်ဖို့များသည်။
မြန်မာ့နိုင်ငံရေးမှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်မကြိုက်ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင်သာ ချိန်ဘာလိန်လို အရည်အချင်းမျိုး ရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ မြန်မာတွေက အရည်အချင်းထက် သူ့တို့ဟာဒယကို ထိ,မထိသာ ကြည့်တတ်သည်။
ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံမျှထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲကောင်း အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရကို နာနာဆဲနိုင်ပါက ပိုလူကြိုက်များလိမ့်မည်။ မြန်မာဓလေ့တွင် အစိုးရ(မင်း)ကို ရန်သူမျိုးငါးပါးထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။
မြန်မာ့ရေခံမြေခံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ လူတန်းစား ကွာဟမှု ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။ သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့တတွေမှာ ကိုယ့်သားသမီးများကို ယခုလို ဆုံးမလေ့ရှိကြသည်။
‘သားရေ- သမီးရေ ဟိုကလေးနဲ့ မကားစားကြနဲ့နော်၊ ဒင်းတို့တတွေက အဆင့်အတန်း မရှိဘူးကွဲ့’
ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုလို ပြောလေ့ရှိကြသည်။
‘ဦးချမ်းသာနဲ့ ဒေါ်ပို်က်ဆံကို သိသမို့လား။ ဒီလိုမြို့လေးမှာ သူတို့ဘယ်နေနိုင်မလဲ။ သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ။ သူတို့အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်…’ စသည်ဖြင့်။
ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုးများအပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။ သိမှတ်လက်ခံပြီးသကာလ ဘာ့ကြောင့် ဤသို့ဖြစ်ရသည်ကို၊ အကြောင်းရှာစိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။
ဦးသန့် (Facebook group တခုတည်းကနေ ပြန်ဝေမျှတာပါ။)

Wednesday, November 30, 2011
မြန်မာဝီကီထဲက paradox
"ဘာသာမဲ့ ဘာသာ" တဲ့။ မြန်မာ ဝီကီမှာ ဖတ်လိုက်ရတဲ့ paradox....
အောက်ကစာကတော့ မြန်မာဝီကီကဟာကို မူရင်းအတိုင်း ကော်ပီလုပ်ထားတာပါ။
[[[ဘာသာမဲ့ဘာသာ၏ အယူဝါဒမှာ ဘုရားမဲ့၊ တရားမဲ့၊ သံဃာမဲ့၊ ဘာသာမဲ့၊ ရုပ်ဝါဒီ သိပံသုတေသီတို့၏ အဆိုအမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ ထိုရုပ်ဝါဒီ သိပံသုတေသီဆိုသူများကိုပင် အမှန်တရား ဖော်ထုတ်နိုင်စွမ်းရှိသော အာဇာနည် သူရဲကောင်းများ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ ဘာသာမဲ့ဘာသာ၏ အဓိကအားနည်းချက်မှာ တစ်ခေတ်တစ်ချိန်က အမှန်တရားအဖြစ် အတိအလင်း ထုတ်ဖော်ထားသော “သီအိုရီ” တစ်ခုသည် နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏။ (3) ]]]
.....................................................
ရည်ညွှန်းထားတဲ့ အဆိုတွေက တဘက်သတ် အဆိုတွေ ချည်းပါပဲ။
“နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏” တဲ့။
တကယ်တော့ အဲလို ဝန်ခံမှု ဆိုတာ သိပ္ပံရဲ့ အလှတရားနဲ့ ရိုးသားမှု ဆိုတာကို မသိကြတာ။ ကိုပါးနီးကပ်စ်ရဲ့ သီအိုရီ ကိုသာ ဘုရားဟောတခုလို ပုံအပ်ပြီး ကိုးကွယ်လိုက်ကြရင် Newton ရဲ့ သီအိုရီတွေ Einstein ရဲ့ သီအိုရီတွေ ပေါ်လာနိုင်စရာ အကြောင်းမရှိပါဘူး။
မပြည့်စုံသေးတာကို မပြည့်စုံသေးဘူးလို့ ဝန်ခံတဲ့ စနစ်နဲ့ အားလုံးမှန်ပြီ၊ ပြင်စရာ မလိုတော့ဘူး ဆိုတဲ့ စနစ်တွေမှာ ဘယ်ဟာက ပိုရိုးသားပါသလဲ? မသိသေးတာတွေကို မသိကိန်းတွေ အဖြစ် ထားလိုက်တာကိုက သိပ္ပံရဲ့ အလှပါ။ အတိတ်က အယူအဆတွေက မပြင်ရကြေး ဆိုရင် အခုချိန်ထိ.... နေလုံးကြီးခမျာ... ကမ္ဘာကို လှည့်ပတ်နေရတုန်းပဲ ရှိမှာ။ အဲလိုဆိုရင်တော့ …..ကျနော့်မျက်လုံးထဲမှာ မြင်မိတာက ကျနော်တို့ (အားလုံးနီးပါး) မီးကို ကိုးကွယ်ပူဇော်နေတဲ့ ပုံရိပ်တွေ။
ကောင်းကင်ကို

Friday, November 25, 2011
လက်နက်မဲ့ စစ်ဆင်ရေး
လိမ်နေတာ မဟုတ်ရပါဘူး။
နင်စိတ်ချမ်းသာအောင် မေတ္တာနဲ့ ဝန်ဆောင်မှုပေးလိုက်တာပါ။
နင့်အလိုဆန္ဒတွေ ရှေ့နောက် မညီသရွေ့
ငါ့ကတိတွေလည်း ရှေ့နောက် ညီမှာ မဟုတ်ဘူး။
နင် စံပယ်လိုရင် စံပယ်၊ နင် နှင်းဆီလိုရင် နှင်းဆီ
ငါ့နှုတ်ခမ်းတွေက ချက်ချင်းပွင့်ပေးမှာ။
ငါ့ရဲ့မိရိုးဖလာ စကား...
သကြားအုပ်ထားတာ ဆိုပေမဲ့
ချစ်ခြင်းမေတ္တာမှာ
အနှစ်ရော အကာပါ ပါတယ်။
အထီးကျန်သီချင်းကို ဆိုနေကျ
ခေါက်ရိုးကျိုးနေတဲ့ နှုတ်ခမ်းတွေတောင်
ကြည့်စမ်း…
အတွေ့အကြုံ အသစ်အဆန်းနဲ့ လန်းလို့။
တကယ်တော့ ဒါက
မတရား တံဆိပ်ကပ်ခံနေရတဲ့ သဘာဝ၊
ပြီးတော့ ဒုက္ခတောထဲက အာဟာရပေါ့။
အဲဒီ့နေ့က
ချစ်သောမျက်လုံးတွေနဲ့
တယောက် အတွင်းသားကို တယောက် ကြည့်ခဲ့ကြတယ်။
အဲဒီ့နေ့က
မေတ္တာလက်နက်နဲ့
တယောက်ခါးကို တယောက် လက်ထိပ်ခတ်ခဲ့တယ်။

Monday, November 21, 2011
နာရီပေါ်က မြစ်တစင်း (Philosophy…ဘာသာပြန်/မှီငြမ်း)
အချိန်တွေ ကုန်သွားတယ် ဆိုတာဟာ မဆန်းတော့တဲ့ ကိစ္စပါ။ ဒီနေ့ ကြုံတွေ့ရတာ တွေဟာ မနက်ဖန် ရောက်ရင် ပျောက်ကွယ် သွားမှာမို့ “ဒီနေ့က တို့ရဲ့လက်ထဲမှာ၊ အနာဂတ်အတွက် သော့လေးတချောင်းဆို” စတဲ့ … ဒီနေ့ကို အပြည့်အဝ အသုံးချဖို့ တိုက်တွန်းထားတဲ့ သီချင်းတွေကိုတောင် စပ်ဆိုကြလေ့ ရှိကြပါတယ်။
ဒါပေမယ့် စဉ်းစားကြည့်ရအောင်။ အချိန်က ရွေ့လျားစီးဆင်း နေတယ်လို့ ကျနော်တို့ ဘာကြောင့် ထင်ကြတာပါလဲ။ တကယ်တော့ အချိန် ရွေ့လျားနေကြောင်း ကျနော်တို့ ဘယ်လိုမှ သက်သေပြလို့ မရနိုင်ပါဘူး။ အချိန်ဟာ physical object လည်းမဟုတ၊် အရာဝတ္ထု လည်း မဟုတ်တဲ့ အတွက် ပထမနေရာ တခုမှာ ရှိမနေခဲ့သလို ဒုတိယ နေရာကို ရွေ့လျားသွားမှာ မဟုတ်တဲ့ အတွက် တကယ်တော့ အချိန်ကို စီးဆင်းရွေ့လျားနေတယ်လို့ ကျနော်တို့ မဆိုနိုင်ပါဘူး။
ဒါဆိုရင် ဘယ်လိုအနေအထားကြောင့် အချိန်ကို ရွေ့လျားနေတယ်လို့ ထင်ရတာပါလဲ။
တကယ်လို့ အချိန်ဟာ ရွေ့လျားနေတယ်ဆိုရင် ကျနော်တို့ အနေနဲ့ အမြန်နှုန်းကို ပြောနိုင်သင့်ပါတယ်။ စာဖတ်သူအနေနဲ့ နာရီတွေက အချိန်ရဲ့ အမြန်နှုန်းကို တိုင်းတာနိုင်တယ်လို့ ပြောကောင်း ပြောပါလိမ့်မယ်။ အဲဒါ တကယ်ဟုတ်မဟုတ် ကျနော်တို့ စဉ်းစားကြည့်ရအောင်။
နာရီတွေက တကယ်တော့ အချိန်ကို တိုင်းတာ တာ မဟုတ်ပဲ physical things တွေ တခုနဲ့ တခု [နှိုင်းရ သဘောအရ] ဘယ်လို အပြန်အလှန် ဆက်စပ်နေသလဲ ဆိုတာကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ပထမအကြိမ် နာရီကို အကြည့်မှာ ၁း၁၃ မိနစ်လို့ နာရီက ပြနေတာကို တွေ့ပြီး ဒုတိယ အကြိမ်မှာ ၁း၁၅ မိနစ်လို့ နာရီက ပြတယ် ဆိုပါစို့။ တကယ်တော့ အဲဒီ့ နာရီကိုကြည့်ခြင်း နှစ်ခုက တခုနဲ့ တခု အပြန်အလှန် ဆက်စပ်နေရုံပဲ ဖြစ်ပေမယ့် ၂မိနစ် ဆိုတဲ့ အချိန်ကွာခြားမှုကို တိုင်းတာနိုင်တယ်လို့ ထင်ရပါတယ်။
ဒါဆိုရင် စဉ်းစားကြည့်ရအောင်။ ဒီနေရာမှာ ပိုပြီးရှင်းလင်းအောင်လို့ နဂို ဆောင်းပါးထဲမှာ ပါတဲ့ ဥပမာကို အကျယ်ချဲ့ပြီး ရှင်းလင်းချင်ပါတယ်။ ကျနော်တို့ အနေနဲ့ A ကနေ B ကို ခရီးသွားမယ် ဆိုပါစို့။ A မှာ နာရီ ကြည့်လိုက်တော့ ၁း၁၃ မိနစ် ဖြစ်ပြီး B ကိုရောက်လို့ နာရီ ကြည့်လိုက်တဲ့ အခါ ၁း၁၅ မိနစ် ဆိုပါစို့။ နှစ်မိနစ် တိတိ ကြာပါတယ်။
ဒါဆိုရင် ဒီလိုစိတ်ကူးကြည့်လိုက်ရအောင်။ စကြဝဠာ ကြီး တခုလုံးထဲက အရာအားလုံးမှန်သမျှ အကုန် အမြန်နှုန်း မြင့်သွားမယ်၊ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်ပုံတွေ၊ ရွေ့လျားမှုတွေ အပါအဝင် အကုန်လုံး နှစ်ဆ မြန်သွားတယ် ဆိုပါစို့။ ဒါပေမယ့် နာရီတွေရဲ့ ရွေ့လျားမှုနှုန်းကတော့ ပိုမြန်မလာပဲ မူလ အတိုင်းဆိုပါစို့။ အဲဒါဆိုရင် ကျနော်တို့ ရွေ့လျားပြီး ခရီးသွားတဲ့ အချိန်မှာ Aမှာ နာရီကြည့်လိုက်တဲ့ အခါ ၁း၁၃ မိနစ် ဖြစ်နေပေမယ့် B ရောက်လို့ နာရီကြည့်လိုက်တဲ့ အခါ ၁း၁၄ မိနစ်ပဲ ရှိနေပါလိမ့်မယ်။ ဒါဆိုရင် စကြဝဠာ ကြီး တခုလုံးထဲက အရာအားလုံးနည်းတူ နာရီတွေရဲ့ ရွေ့လျားမှုကပါ နှစ်ဆ ပိုမြန်လာခဲ့တယ် ဆိုရင်ကော။ A ကနေ B ရောက်လို့ နာရီကြည့်လိုက်တဲ့ အခါ [နာရီတွေကလည်း ကျန်တာတွေ နည်းတူ နှစ်ဆ ပိုမြန်လာတဲ့အတွက်] ၁း၁၅ မိနစ်ပဲ ဖြစ်နေပါလိမ့်မယ်။ အချိန်ကွာခြားမှုက ၂ မိနစ်ပဲ ပြနေပါလိမ့်မယ်။ ဒါဆိုရင် ပထမဆုံး အကြိမ် [အရာရာ အားလုံး နှစ်ဆ မမြန်သေးခင်] က အချိန်ကွာခြားမှုကလည်း ၂ မိနစ် [နာရီလက်တံတွေ အပါအဝင် အကုန်လုံး လိုက်မြန်သွားတဲ့ အခါမှာ အချိန်ကွာခြားမှုကလည်း ၂မိနစ်] ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ မတူတော့ပါဘူး။ အကုန်မြန်လာတဲ့နောက်ပိုင်းမှာ ၂ မိနစ် ပဲကွာခြားပေမယ့် [အချိန်ကွာခြားမှုခြင်း တူနေသေးပေမယ့်] တကယ်က အရာရာက ပိုမြန်နေပါပြီ။ ဒါကြောင့် နာရီတွေဟာ အချိန်ကို တကယ်တမ်း တိုင်းတာ နေတာ မဟုတ်ပါဘူး။
တကယ်လို့ အချိန်ဟာ physical things အားလုံးနဲ့ ကင်းလွတ်ပြီး သူ့ဘာသာသူ ဖြစ်တည် ရွေ့လျားတယ်လို့ ယူဆထားရင် ဒီလိုတွေးကြည့်လိုက်ပါ။ စကြဝဠာကြီး တခုလုံးမှာ ရုပ်ဝတ္ထုတွေ [ဂြိုလ်တွေ ဘာတွေ အပါအဝင်] ဘာဆိုဘာမှ မရှိပဲ လုံးဝ ဟင်းလင်းကြီးလို့။ ဒါဆိုရင် ဘာအဖြစ်အပျက်၊ ဘာရွေ့လျားမှုမှ မရှိနိုင်တဲ့ အတွက် အချိန်ဆိုတာကော ရှိနိုင်ပါဦးမလား။
ကျနော်တို့ ကိုယ့်ဘာသာ အတွေးပွါး ကြည့်ရအောင်။
ဘာဆိုဘာမှ မရှိတဲ့ ဟင်းလင်း အခြေအနေကနေ တခုခု ပေါ်ပေါက်လာရင်၊ တခုခု ရွေ့လျားလာရင် ?
Big Bang မတိုင်ခင်က အချိန် ဆိုတာ ရှိနိုင်သလား?
God က စကြဝဠာ ကို ၇ရက်နဲ့ ဖန်ဆင်းတယ် ဆိုတာ အဓိပ္ပါယ် ရှိပါ့မလား။ ရက်ဆိုတာကို ဘာနဲ့ အဲ့ဒီ့တုန်းက သတ်မှတ်လိုက်တာလဲ?
“Time flies, when you’re having fun” လို့ လူတွေ ပြောလေ့ရှိကြတယ်။ ပျော်ရရွှင်ရ တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အချိန်ဆိုတာ ကုန်လွန်ရွေ့လျားတဲ့ သဘော မရှိဘူးဆိုရင် ပျော်ရွှင်နေတဲ့အခါမှာ အချိန်တွေ ပိုမြန်မြန် ကုန်လွန်ရွေ့လျားသွားတယ် ဆိုတာကလည်း အဓိပ္ပါယ် ရှိမှာ မဟုတ်တော့ပါဘူး။
“Andrew Pessin” ရဲ့ The 60-Second Philosopher စာအုပ်မှ Passing Time ကို ဘာသာပြန်/ကိုးကား ပါသည်။

Saturday, November 12, 2011
Interracial Marriage
ဘုရင်တွေလုပ်တော့ ချစ်ကြည်ရေးတဲ့
အဖေနဲ့အမေလုပ်တော့ သစ္စာဖောက်။
ခလေးကတော့…မွေးရာပါ
ရောဂါမဟုတ်တဲ့ ရောဂါနဲ့
ဥပါဒါန်တချို့ရဲ့ ပါးစပ်ဖျားမှာ
သစ်ကိုင်းလွတ်နေမယ့်မျောက်။
ကောင်းကင်ကို
အဖေနဲ့အမေလုပ်တော့ သစ္စာဖောက်။
ခလေးကတော့…မွေးရာပါ
ရောဂါမဟုတ်တဲ့ ရောဂါနဲ့
ဥပါဒါန်တချို့ရဲ့ ပါးစပ်ဖျားမှာ
သစ်ကိုင်းလွတ်နေမယ့်မျောက်။
ကောင်းကင်ကို
Tuesday, November 8, 2011
မဟာ ပုရိသ ဝါဒီ
အနာရှိတာကို လက်ခံမှ ဆေးကုပေးလို့ ရမယ့် သဘောလား။ အမျိုးသမီးတွေဘက်က ရှေ့နေလိုက်ပြီး ပြောပေးတာကို အမျိုးသမီးတွေက လက်မခံကြတော့ ကျော်စွာလင်း စကားအတိုင်းပဲ ပြောရတော့မယ်။ တချို့..."မဟာ ပုရိသဝါဒီ အမျိုးသမီး" တွေကို အံ့သြပါ့။
Jame Lwin: ကိုယ်က အလကား ရှေ့နေလိုက်ပေးပေမယ့် အစွပ်စွဲခံရသူက သူလုပ်ပါတယ်လို့ ပြောပြီး ၀န်ခံလိုက်တော့ ရှေ့နေ နာမည်ပျက်တာပေါ့။

Sunday, November 6, 2011
တဟီတီ သွားရအောင် (ဒဂုန်တာရာ)
သရက်ပွင့်တို့
နီကြင့်ဝါ၀ါ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အို... ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အဲသည့်ကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ့်။
လူ့ဘ၀၏
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး။
အဘွားလုပ်သူ
ငြူစူစောင်းမြောင်း၊ ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ၊ မကြားရဘူး
သိုက်မြုံဦးမှ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမယ်။
ရေညှိအောက်မှ
မြွေဟောက်ဝါကြား၊ တို့ ကစားပြီး
စွန့်စားခန်းလည်း တွေ့နိုင်သေး။
ရှန်ပိန်အရက်
မချက်လိုဘူး၊ အုန်းရည်ကိုသောက်
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး
သဲငွေသောင်မှာ အိပ်နိုင်သေး။
ဆာရင်လည်းလေ
တွဲလွဲငုံ့ဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွက်ကာ၊ အခွံနွှာပြီး
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ
ပလုပ်ပလောင်း စားနိုင်သေး။
ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း၊ လွတ်လပ်ခြင်းနဲ့
ရှိုက်မျှဉ်းတေးကို၊ အော်ဆိုချင်ဆို
ပျက်ပြိုအက်ကွဲကြောင်သွားပါစေ။
ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ ရူးနိုင်သေး။
ဘယ့်နှယ်လဲမေ
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မလဲ ပြောစမ်းပါ။
ဒဂုန်တာရာ
နီကြင့်ဝါ၀ါ၊ ကြွေရင့်ဖွာကြ
လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့
ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အို... ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်ထွန်း၍
ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့
ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။
အဲသည့်ကျွန်းမှာ
မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ့်။
လူ့ဘ၀၏
အပေါ်ယံလွှာ၊ ၀ဲကာကြည်နူး
လုပ်ဇာတ်မြူး၏၊ စိတ်ကူးဝတ္ထု
အတုရုပ်ရှင်လည်း မရှိဘူး။
အဘွားလုပ်သူ
ငြူစူစောင်းမြောင်း၊ ကြိမ်းမောင်းမာန်မဲ
ဆဲရေးသံများ၊ မကြားရဘူး
သိုက်မြုံဦးမှ၊ ကျူးရင့်ဆိုဟန်
ငှက်သံကိုသာ ကြားရမယ်။
ရေညှိအောက်မှ
မြွေဟောက်ဝါကြား၊ တို့ ကစားပြီး
စွန့်စားခန်းလည်း တွေ့နိုင်သေး။
ရှန်ပိန်အရက်
မချက်လိုဘူး၊ အုန်းရည်ကိုသောက်
တမော့လောက်နှင့်၊ မူးနောက်ဝေပြီး
သဲငွေသောင်မှာ အိပ်နိုင်သေး။
ဆာရင်လည်းလေ
တွဲလွဲငုံ့ဆိုင်၊ ငှက်ပျောခိုင်မှ
ခူးကိုင်ဆွက်ကာ၊ အခွံနွှာပြီး
ဗီတာမင်များ၊ ဓာတ်အားကြွယ်လှ
ပလုပ်ပလောင်း စားနိုင်သေး။
ဘာလိုသေးလဲ
အေးအေးမေ့ပျောက်၊ သစ်ပင်အောက်မှ
နှစ်ယောက်တည်းပဲ၊ လက်တွဲချင်တွဲ
မေလည်းသီချင်း၊ လွတ်လပ်ခြင်းနဲ့
ရှိုက်မျှဉ်းတေးကို၊ အော်ဆိုချင်ဆို
ပျက်ပြိုအက်ကွဲကြောင်သွားပါစေ။
ဘာလိုသေးလဲ
ငြိမ့်အေးတိတ်ဆိတ်၊ သစ်ပင်ရိပ်မှာ
မမှိတ်ရေးရေး၊ မျက်လုံးမှေး၍
တွေးတောကြံဖန်၊ ကာရန်ကိုရှာ
ကဗျာစပ်ကာ ရူးနိုင်သေး။
ဘယ့်နှယ်လဲမေ
လူထဲသူထဲ၊ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ၊ ထိုကျွန်းသာသို့
ဘယ်ခါလိုက်မလဲ ပြောစမ်းပါ။
ဒဂုန်တာရာ
Thursday, November 3, 2011
တိုက်ပွဲ နဲ့ Business
Business ဆိုတာက သေနတ်တွေ မပါတဲ့ တိုက်ပွဲ
တိုက်ပွဲဆိုတာကတော့ သေနတ်တွေပါတဲ့ business ပေါ့။
ရေး...ကိုရီးယား ကဗျာဆရာ ပက်နိုဟယ် (Park No Hae) (박노해)
ဘာသာပြန်သူ ...Sunwu Kang

Thursday, October 27, 2011
ထွက်ခွာ နံနက်ခင်း (by ခရေငယ်)
မင်းသားက မင်းသမီးနဖူးကိုအနမ်းမှာ
ဇာတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမဲ့ . .
အခုတော့ . .
ဗလာဖြစ်လုရင်ထဲက စကားလုံးအပိုင်းတွေ
အလွမ်းရောင် ပိတ်ကားပေါ်မှာ
တစစီ ဆက်နေခွင့်သာရှိတယ် . . ။
အိမ်နားက ပိတောက်ပင်လည်း နဂိုထက် အရွက်ပိုကြွေ
ပြတင်းတံခါးနား လာနေကျငှက်တွေလည်း စကားနည်း
မှန်ထဲက အရိပ်မှာလည်း တက်ကြွခြင်း“ ကွယ်” လို့ . . ။
“ ငိုထားသလား” အမေးတွေကို
မကြားယောင်ဆောင် . .
အနွေးဓါတ်မပြယ်သေးတဲ့ လက်တဘက်ကို
ယောင်နနအကြည့်နဲ့ ငေး . . ။
လွမ်းဖို့ကလွဲလို့ ဘာမှမသိဘဲ
ရင်ထဲ ၀ုန်းဒိုင်းကြဲရွတ်နေမိတာက
တစ်ကြောင်းတည်း . .
“ ဘယ်တော့ ထပ်လာကြိုရဦးမှာလဲ ”
ခရေငယ်
Monday, October 17, 2011
အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်
ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသား ဥယျာဉ်မှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။
ညပေါင်း တသောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာဘူး။
ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို့ 
မဝံ့မရဲ စောင့်နေရတဲ့ သူပါ။
ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်း
အထီးကျန်မှုတွေက
ငါ့နောက်က တကောက်ကောက် လိုက်တယ်။
ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်၊
ဝေဒနာနဲ့ နှစ်ရက်တွေမှာငါ
ငိုစရာရင်ခွင် မရှိဘူး။
ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာ
လောကဓံရဲ့  လက်သီးချက်တွေနဲ့ 
ဘဝက ခဏခဏ ကွဲတယ်။
ဒဏ်ရာဒဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့သွေးတွေကို
အကြင်နာလက်တွေနဲ့ 
ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။
သြော်...
ငါ့ပါးနှစ်ဘက်ကမ်းခြေမှာ
အားတက်စေမဲ့ “အနမ်းလှေ” ဟာ
ဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။
ကောင်းကင်ကို
လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေးခဲ့တဲ့ ကဗျာဟောင်းပါ။ blog တွေ ပြန်ပွင့်လာပြီမို့ အသစ်မရေးဖြစ်တဲ့ အချိန်မှာ အဟောင်းကို ပြန်တင်လိုက်တာပါ။

Monday, October 10, 2011
ဆာဟာရ အမှတ် 1373
ဆရာ သစ္စာနီ အပါအဝင် ကဗျာဆရာတွေ ပါဝင်ရေးသားထားတဲ့ "ဆာဟာရ အမှတ် 1373" ဆိုတဲ့ ကဗျာစာအုပ်ပါ။
download link http://www.mediafire.com/?bgdcry0b2ahzir6
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က
အနာဂတ် မရှိတော့ဘူးလို့ ထင်နေလည်း
မွေးရာပါ ရှင်သန်လိုစိတ်နဲ့ ဆက်ပြီး အလျှောက်
ရှေ့ နားကိုနည်းနည်းလေး အရောက်မှာ
အနာဂတ်က သူ့ လက်သီးနဲ့ ထိုးနှက်ထုထောင်း
သူရှိနေကြောင်းကို ခပ်ကြမ်းကြမ်းသက်သေပြတယ်။
ဒီလိုနဲ့ ရှင်သန်နေချင်စိတ်ကို နေရာတကျ ပြန်ထား၊
ပြီးတော့…ယာဉ်ကြော ကျပ်ကျပ်ထဲက ကားတွေလို
ခြေထောက်တွေကို စလိုးမိုးရှင်းနဲ့ ရွေ့ လျား
တနေ့ တလံတော့ သွားပါတယ်။
ပုဂံရယ်… ငါမရောက်ခင် မပျောက်ပါနဲ့ ။
ချွေးနဲ့ ရင်းပြီး ရလာခဲ့တဲ့ box မှာ
အာမခံချက်လေး တွေ့ မလားလို့ ဖောက်ကြည့်တယ်။
ကျေးဇူးတင်ပါသည်ဆိုတဲ့ စာကြောင်းနဲ့ 
ကံကောင်းပါစေဆိုတဲ့ စာသား
ရပါများလွန်းတော့ ခါးတယ်။
သွားရင်းလာရင်းနဲ့ တွေ့ ပါလိမ့်မယ်။
ပွင့်မလာခဲ့တဲ့ တံခါးတွေပေါ်က “ကြက်ခြေခြစ်”
အဲဒါ ကျနော့် လက်ဗွေဖြစ်တယ်။

Tuesday, October 4, 2011
ဝင်္ကပါထဲကလူ
ငါယုံတယ်
ဒါ့ကြောင့် ဒါမှန်တယ် ဆိုတာ
လူတွေရဲ့ အဘိဓမ္မာပါပဲ။
Surreal မျက်လုံးနဲ့
ဘုရားသခင်ရဲ့ ပုခုံးပေါ်ကို ကျော်ပြီး ကြည့်လိုက်တယ်။
သဒ္ဓါတရား ဆိုတာ
ဆူးပေါင်းများစွာ ဝန်းရံထားတဲ့
မျိုးကွဲအများဆုံး ပလတ်စတစ် ပန်းပါပဲ။
ဘာသာရေးဆိုတဲ့ အလင်းရောင်တွေမှာ
အမှောင် ဘယ်နှစ်မှောင် ပါနိုင်သလဲ။
အမှောင်ကို မီးထွန်းပြီး ရှာသူတွေကတော့
အမှောင်မရှိဘူးလို့ ပြောကြတယ်။
ကျနော်လား?
ဗုဒ္ဓ နဲ့ ဗုဒ္ဓ ခြားနားမှုတွေကို စဉ်းစားရင်း
နိဗ္ဗာန် နဲ့ နိဗ္ဗာန် ကွာခြားမှုတွေကို စဉ်းစားရင်း
မိုးလင်းမိုးချုပ်ဖူးတယ်။

Friday, September 30, 2011
Probability
Program တစ်ခုရေးပြီး 1 ကနေ တစ်သန်း အထိ ကဏန်း တခုကို random ခေါက်လိုက်မယ်။ ဘယ်ကဏန်းပဲကျကျ တော်ရုံတန်ရုံ အံ့သြကြမှာ မဟုတ်ပါဘူး။ 111111 လိုမျိုး 123456 လိုမျိုး ကဏန်းကျရင်တော့ နည်းနည်း အံသြချင် အံ့သြမယ်။ ထားတော့။
အိပ်မက်တခု မက်တယ်။ “ဟေ့ကောင်၊ မင်းအိပ်မက်ထဲက အတိုင်းဖြစ်လား” လို့ မေးရင် မဖြစ်ဘူး။ နောက်တယောက်ကို မေးရင်လည်း မဖြစ်ဘူး။ နောက်တယောက်လည်း မဖြစ်ဘူး။ ထူးထူးဆန်းဆန်း တယောက်က အိပ်မက်ထဲက အတိုင်း အပြင်မှာပါ လိုက်ဖြစ်တယ်ဆိုပါဆို့။ ဖြစ်နိုင်ချေကို သချာင်္နည်းနဲ့ ဥပမာပေးပြီး တွက်ပြရလွယ်အောင် အိပ်မက်အတိုင်း ဖြစ်လာစရာ အဖြစ်အပျက်က ၁ ခု ရှိနေပြီး အိပ်မက်အတိုင်း မဟုတ်တဲ့ အဖြစ်အပျက်က ၉၉ ခု ရှိတယ်ဆိုပါစို့။ ဒါဆိုရင် လူအယောက်တရာမှာ တယောက်က အိပ်မက် အတိုင်းဖြစ်တော့မယ်။ လူတသန်းရှိရင် အယောက် တသောင်းက အိပ်မက် အတိုင်းဖြစ်တော့မယ်။ အဲဒီ့လူတသောင်းစုမိသွားရင်၊ သူတို့ရဲ့ အသံတွေ စုမိသွားရင် အိပ်မက်အတိုင်း ဖြစ်တယ်ဆိုတဲ့ အယူအဆတွေ ထွက်လာတော့မယ်။ ဟို လူပေါင်း ကိုးသိန်းကိုးသောင်းက အိပ်မက်အတိုင်း မဖြစ်တာကိုကျတော့ မမြင်ကြတော့ဘူး။ ထူးဆန်းတာ ထူးခြားတာက လူ့စိတ်ကို ထိခိုက်လွယ်တယ်လေ။
လူဆိုတာ ဖြစ်လာရင် ကားတိုက်သေမယ်၊ မိုးကြိုးပစ်သေမယ်၊ ရောဂါနဲ့သေမယ် အဲလိုဖြစ်နိုင်ချေတွေ ရှိနေမှာပဲ။ percentage အရ ဥပမာ လူဆယ်သန်းမှာ တယောက် မိုးကြိုး ပစ်ခံရလို့ သေမယ်ဆိုပါစို့။ လူပေါင်းသန်းခြောက်ထောင် ပြီးတော့ သမိုင်းနဲ့ချီပြီး ကြည့်လိုက်ရင် မိုးကြိုးပစ်ခံရလို့ သေတဲ့လူလည်း နည်းမှာ မဟုတ်ပါဘူး။ မိုးကြိုးပစ်ခံရပြီး သေတဲ့ လူကလည်း လူဆိုတော့ လူပီပီ ကောင်းတာရော မကောင်းတာရော လုပ်ခဲ့လိမ့်မယ်။ အဲဒီ့တော့ အဲဒီ့လူ မကောင်းတာလုပ်ခဲ့တာ တခုခုနဲ့ ချိတ်ပြီးတွေးလိုက်ကြရော။ အဲဒါနဲ့ ဒါလုပ်ရင် မိုးကြိုးပစ်ခံရတယ် ဆိုတဲ့ အယူအဆတွေ ပေါ်လာတော့တာပဲ။ တကယ်က သူ့လိုပဲ နည်းတူ လုပ်ပြီး ဘာမှမဖြစ်တဲ့သူတွေ အများကြီး ရှိတာကိုတော့ လျစ်လျူ ရှုထားကြတယ်လေ။
အိပ်မက်ကိစ္စတွေ အကြားအမြင် ကိစ္စတွေကို ပြန်တွေးကြည့်ရင် အိပ်မက်အတိုင်း မဖြစ်တာ၊ အကြားအမြင်တွေ မှားတာ တွေက များပေမယ့် တခုလေး မှန်ရင်ပဲ လူတွေက တန်းတန်းစွဲ လုပ်ကြ၊ တအံ့တသြ လုပ်ကြတာကိုး။ မှားတဲ့ အရာတွေကိုတော့ မေ့နေကြတယ်။ ဒီလိုပဲ ပရိတ်ရွတ်လို့ ဘေးကင်းတယ်၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ အလိုပြည့်သွားတယ်၊ ဂါထာရွတ်လို့မီးကွင်းသွားတယ်ဆိုတာက သူ့ဘာသာသူ random နံပါတ် ထဲက ကဏန်းတခု ကျသလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာမျိုးပါ။ အခေါက်တိုင်း ရာနှုန်းပြည့် ပရိတ်ရွတ်လို့ ဘေးကင်း၊ ဘုရားသခင် ဆီမှာ ဆုတောင်းလို့ ဆုတောင်းပြည့်၊ ဂါထာရွတ်လို့ မီးကွင်းသွားမှသာ အမှန်တရားလို့ ပြောလို့ ရမှာပေါ့။ မှားတဲ့ ၉၉ ၇ာခိုင်နှုန်းကို လျစ်လျူရှုပြီး မှန်တဲ့ တစ်ရာခိုင်နှုန်းကိုပဲ စိတ်ဝင်စားပြီး အမှတ်ပြည့်ပေးရင်တော့ အမြဲတမ်း အမှတ်တရာ အပြည့် ပေးနေရတော့မှာပေါ့။
ကမ္ဘာ့ဖလားမှာ ရေဘဝဲက ဆက်တိုက်မှန်သွားတယ်ဆိုတာ၊ တချို့လူတွေ ရှေ့ဖြစ်ဟောတာ မှန်သွားတယ်ဆိုတာကလည်း ကဏန်းတွေ random ခေါက်တာ 1111111 ကဏန်းကို တိုက်တိုက်ဆိုင်ဆိုင် ကျသလိုပဲ သူတို့လည်း probability တခုအရ မှန်သွားနိုင်တာပဲလေ။ မှန်တိုင်း ကိုးကွယ်ရတော့မှာလား။
တကယ်ဆို အဲလို တဖွဖွ အထူးအဆန်းလုပ်ပြောနေကတည်းက အဲဒါက အမှန်တရား မဟုတ်ဘူးဆိုတာကို ပြနေတာ။ ဘာဖြစ်လို့တုန်းဆိုတော့ စဉ်းစားကြည့်။ နက်ဖန်စာမေးပွဲစစ်မယ်လို့ ဆရာမက ပြောပြီး နောက်နေ့တကယ်စစ်ရင် အဲဒါက reality ဆိုတော့ ဘယ်သူမှ အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ ဖြစ်နိုင်ချေနည်းလွန်းသွားတဲ့ အခါမှာသာ တဖွဖွနဲ့ အထူးအဆန်းအဖြစ် ပြောနေကြတာပါ။ အိပ်မက်တိုင်းသာ တကယ်ဖြစ်တယ်၊ လူတိုင်းရဲ့ အိပ်မက်တွေကသာ မှန်နေကျဆို ဘယ်သူမှ အဲဒါကို အထူးအဆန်းလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး။ တခါတခါမှ ကွက်မှန်သွားမှသာ “မှန်တယ်ဟဲ့” ဘာညာနဲ့ အထူးအဆန်း လုပ်ပြောနေရတာကိုက တကယ့်အမှန်တရား မဟုတ်မှန်း၊ ဖြစ်နိုင်ချေအရမ်းနည်းနည်းလေးထဲက တိုက်တိုက်ဆိုင်ဆိုင် တခုဖြစ်သွားမှန်းကို ဝန်ခံရာတောင် ကျပါသေးတယ်။
ဒါကြောင့် ရေဘဝဲ သူ့ဘာသာသူ ဘယ်လောက်မှန်မှန်၊ ဘယ်သူတွေ အကြားအမြင် ဘယ်လောက်မှန်မှန် တကယ်တော့ မှန်နိုင်ချေလေး probability လေး ရှိနေတာမို့ အံ့သြစရာ မလိုပါဘူး။ probability အရ ရာနှုန်းပြည့်လည်း တခါတခါ ဖြစ်နိုင်တယ်လေ။ ရေဘဝဲ မှန်သွားတယ်ဆိုတာကလည်း ဖြစ်နိုင်တာပဲ။ အံစာတုံးခေါက်မယ် ဆိုပါစို့။ ခေါက်တဲ့လူတွေထဲမှာ အားလုံးက တစ်ကနေ ခြောက် ကျချင်တာ ကျနေပြီးတော့ တယောက်တည်းက ကွက်ပြီး သူခေါက်သမျှ အခေါက်တိုင်းမှာ ၁ တွေချည်း ကျတာလည်း ဖြစ်နိုင်ချေ ရှိနေတာပဲ။ ရေဘဝဲကလည်း အဲဒီ့လူနဲ့ တူတာပေါ့။
ဒါကြောင့် တချို့ကိစ္စတွေဟာ ဘယ်လောက်ပဲ ထူးဆန်းနေနေ ဖြစ်နိုင်ချေများစွာထဲက တခုဖြစ်သွားတာမို့ အံ့သြ စရာတော့ မရှိပါဘူး။ ဖြစ်နိုင်ချေ အရမ်းနည်းလွန်းလို့သာ ကျနော်တို့ အရေးတယူ ပြောနေရတာဖြစ်ပြီး အဲလိုအရာမျိုးက Universal Truth အဖြစ် လက်ခံဖို့ ပိုပြီး အလှမ်းဝေးလှကြောင်းပါ။
[[ကမ္ဘာ့ဖလားမှာ မှန်အောင်ဟောခဲ့တဲ့ ရေဘဝဲ နဲ့ ပတ်သတ်တဲ့ အကြောင်းက သချာင်္နဲ့ ရှင်းပြလို့ ရပါတယ်။ 0 ကနေ 127 အထိ ကဏန်းတွေ Random ခေါက်တာ “127” ကျတာကို လူတွေ အံ့သြနေကြတဲ့ သဘောပါပဲ။ စုစုပေါင်း ရေဘဝဲ ဟောတာက ခုနစ်ပွဲမို့လား။ တစ်ပွဲချင်းစီ ကြည့်ရင်တော့ မှန်ဖို့က ၅၀ ရာခိုင်းနှုန်း အထိ ရှိတယ်။ ခုနစ်ပွဲဆက်တိုက်ကျတော့ ၅၀ ရာခိုင်နှုန်း မဟုတ်တော့ဘူး။ “မှားမှားမှားမှားမှားမှားမှား” (၇ပွဲမို့လို့ ၇ခု) “မှားမှားမှားမှားမှားမှားမှန်” ကနေ “မှန်မှန်မှန်မှန်မှန်မှန်မှန်” အထိ ဖြစ်နိုင်ချေတွေကို တွဲလိုက်ရင်….ကွန်ပျူတာသမားဆို မှားကို 0 ထား မှန်ကို 1 ထားရင် “0000000” “0000001” စသည်ဖြင့် တွဲလိုက်ရင် Two to the power 7 ကို ရလိမ့်မယ်။ အဲဒါက ၁၂၈။ ဖြစ်နိုင်ချေက ၁၂၈ ခုမှာ တခုဆိုတော့ သိပ်မဆန်းပါဘူး။ လူ ၁၂၈ ယောက်မဲနှိုက်တာ တယောက် ပေါက်သွားသလောက်ပါပဲ။ ထီပေါက်တာလောက်တောင် မထူးဆန်းဘူး။ အဲဒါကို လူတွေ အံ့သြနေတာ။ ၁၂၇လို့ ပြောရတာက 0 ကနေ စထားလို့။]]
[[မရှင်းရင်တော့ သုံးပွဲကို စဉ်းစားကြည့်။ 0 က မှားတာ။ 1 က မှန်တာ။ 000 001 010 011 100 101 110 111 .....111 က အကုန်မှန်တာ။ သုံးပွဲတည်းဆိုတော့ Two to the Power 3= 8]]

Saturday, September 24, 2011
အမြိုက်
လောက နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့
ဓမ္မရေစီးကြောင်းထဲက
ဘဝနေနည်းကောင်းတွေတောင် မလိုတော့ဘူး။
ချစ်သူ့မျက်နှာ ချောကဗျာအလှက
ကျနော့်အတွက် အိုအေစစ် ကောဌာသပေါ့
သူ့သဏ္ဍန်ကို အထပ်ထပ်ရှု
အေးမြတဲ့ မီးတောက်လေးကိုပဲ အဖော်ပြုမယ်။
(ကောင်းကင်ကို)
ဓမ္မရေစီးကြောင်းထဲက
ဘဝနေနည်းကောင်းတွေတောင် မလိုတော့ဘူး။
ချစ်သူ့မျက်နှာ ချောကဗျာအလှက
ကျနော့်အတွက် အိုအေစစ် ကောဌာသပေါ့
သူ့သဏ္ဍန်ကို အထပ်ထပ်ရှု
အေးမြတဲ့ မီးတောက်လေးကိုပဲ အဖော်ပြုမယ်။
(ကောင်းကင်ကို)
Thursday, September 22, 2011
လျှာနဲ့သွားရဲ့ ကကြိုး (by ကောင်းကင်ကို + ခရေငယ်)
နံနက်တိုင်း ကျနော် ဖတ်ချင်တဲ့ သတင်းက
အကြင်နာတွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတခွက်
အရန်သင့် ဖြစ်နေတဲ့ အကြောင်း။
နေ့လယ်တိုင်း ကျမ ဖန်တီးချင်တဲ့ လက်ရာက
ချစ်မေတ္တာအပူပေးလို့ အမြဲနွေးမယ့်
ယုယမှုနိုင်းချင်းနဲ့ မိသားစု ထမင်းဝိုင်းလေး။
ညနေတိုင်း ကျနော် နားထောင်ချင်တဲ့ သီချင်းက
စကားတွေစွတ် ဇွတ်တရွတ် ပြောနေတဲ့
ကရားရေလွှတ် တတွတ်တွတ် လေး။
ညတိုင်း ကျမ မက်ချင်တဲ့ အိပ်မက်က
ကလေးဆန် နွဲ့ဆိုးကို ချစ်ခြင်းနဲ့ထွေးဖက်မယ့်
အားကိုးယုံကြည်ရတဲ့ သူ့လက်တွေ . . . ။
(By ကောင်းကင်ကို + ခရေငယ်)
Monday, September 19, 2011
မျက်ကန်း မျိုးချစ်စိတ်
Racism က “ကောင်းသလိုလို” ယူဆပြီး လက်ခံထားတဲ့သူတွေ တော်တော်များများ တွေ့နေရပါတယ်။ ဒီနေ့ ကျနော် Facebook မှာ မြစ်ဆုံဆည်ကို ကန့်ကွက်ရေးနဲ့ ပတ်သတ်တဲ့ group တခုကို ဝင်ကြည့်မိတော့ မြစ်ဆုံဆည်က တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး လုပ်တာမို့ တရုတ်ကို ကန့်ကွက်တဲ့ အနေနဲ့ “တယုတ်” လို့ အားလုံး တညီတညွတ်တည်း ပြောင်းရေးကြရအောင် ဆိုပြီး နှိုးဆော်တဲ့ သူတောင် ရှိပါသေးတယ်။ မြစ်ဆုံဆည်ကို သဘာဝ ပတ်ဝန်းကျင် ရှုထောင့်နဲ့ မကြိုက်မယ့် တရုတ်တွေ၊ ကန့်ကွက်မယ့် တရုတ်တွေလည်း အများကြီး ရှိမှာပဲ။ လူမျိုးစွဲ တယူသန်မှုက အချင်းချင်း မျက်နှာပျက်စရာ ကောင်းပါတယ်။
တရုတ်နိုင်ငံ အစိုးရ မကောင်းတိုင်း တရုတ်အားလုံးကို မုန်းကြေး တိုက်ခိုက်ကြေး ဆိုရင်…..မြန်မာအစိုးရက တိုင်းရင်းသားတွေ အပေါ် နှိပ်စက်နေတာတွေ၊ ပေါ်တာဆွဲတာတွေ၊ မုဒိမ်းကျင့်တာတွေကို ကြည့်ပြီး မြန်မာအားလုံး မုဒိမ်းကောင်တွေ၊ ကြီးနိုင်ငယ်ညှဉ်းကောင်တွေလို့ ပြောလာကြရင်ကော ကျနော်တို့ ဘယ်လို ခံစားရမလဲ။ ခက်တာက ကျနော်တို့ နိုင်ငံက အစိုးရဘက်ကရော၊ အတိုက်အခံဘက်က တချို့ကပါ လူမျိုးရေးနဲ့ ခုချိန်ထိ မှိုင်းတိုက်လို့ ကောင်းနေတုန်း။
လူမျိုးပျောက် မပျောက် ဆိုတာကတော့ ကျနော်လက်ခံထားတဲ့ အနိစ္စ ရှုထောင့်က ကြည့်ရင် ဘယ်ဟာကမှမှ မမြဲတာ။ တနေ့ ပျောက်မှာပဲ။ လူမျိုးတင်မဟုတ်ဘူး၊ ကမ္ဘာကြီးပျက်ပြီး လူအားလုံးလည်း ပျောက်ချင် ပျောက်သွားမှာပဲ။ လူမျိုးပျောက်တာနဲ့ ပတ်သတ်ပြီး ကျနော် တခါတော့ ပြောဖူးတယ်။ ပျူလူမျိုးတွေ ပျောက်သွားတော့ ဘယ်သူကများ ဝမ်းနည်းနေလို့လဲ။ အခုခေတ်ရှိနေတဲ့ လူမျိုးတွေက ဘယ်သူက ပျူလူမျိုး တွေပျောက်ဆုံးမှု အတွက် ဝမ်းနည်းနေလို့လဲ။ လူမျိုးတမျိုး ဆက်လက် တည်မြဲရေးအတွက် အခုရှိနေတဲ့ လူမျိုးတွေကသာ ပူပန်နေကြတာ၊ ပျောက်မပျောက် ဘယ်သူမှ သေချာ မပြောနိုင်သလို ပျောက်သွားခဲ့ရင်လည်း နောက်ခေတ်ရဲ့ လူမျိုးအသစ်တွေက အထူးတလည် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ အဆင်ပြေနေရင် ဝမ်းသာနေမှာပါပဲ။
အခုခေတ် ကျနော်တို့ကိုယ်တိုင်ကို ကျနော်တို့ ပြန်မေးကြည့်ရအောင်။ ဆုနှစ်ခုထဲက ကြိုက်တဲ့ ဆုတခုကို တောင်းလို့ ရတယ် ဆိုပါစို့။ ရှေးတုန်းက ပျူလူမျိုးတွေ မပျောက်ရေး (ဒါမှမဟုတ်) ခုခေတ်ရှိနေတဲ့ မြန်မာတွေ ချမ်းသာရေးဆို ကျနော်တို့ ဘာကို ရွေးမတုန်း? ခုခေတ်လူတွေ ချမ်းသာရေးကိုပဲ ရွေးမှာမို့လား။
ဘာသာရေးတွေ အားလုံးနီးပါးမှာ ကောင်းတဲ့ အချက်တခုက လူမျိုးစွဲ မရှိတာပါ။ ဒါပေမယ့် အဲဒီ့ကောင်းတဲ့ အချက်ကျတော့ တော်တော်များများက လျစ်လျူရှုထားကြတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေး အော်နေတဲ့သူတွေလည်း သေချာစဉ်းစားဖို့တော့လိုတယ်။ ကိုယ်က ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေကို တဘက်မှာ အော်နေပြီးတော့ တဘက်မှာ တခြားသူတယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို လိုက်ချုပ်ချယ်နေပြီဆိုရင်တော့ ကိုယ်တောင်းတဲ့ အယူအဆကို ကိုယ်ကိုယ်တိုင် လက်မခံနိုင်သလို ဖြစ်နေပြီ။
လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေ အော်နေတဲ့ ခေတ်မှာ racism အတွက် နေရာ မရှိတော့ပါဘူး။ လူမျိုးခြားကို မယူချင်တဲ့သူကတော့ မယူနဲ့ပေါ့။ ကိုယ့်အယူအဆ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ယူမယ့်သူကို ကန့်ကွက်တာတွေ ဝေဖန်တာတွေ နှိမ့်ချတာတွေကတော့ ဒီခေတ်ကြီးမှာ လုံးဝ မရှိသင့်တော့ပါဘူး။
အောက်ကစာကတော့ စာရေးဆရာမ ကြည်အေးရဲ့ ဟောင်းနေပေမယ့် ခေတ်မီနေဆဲ စာပါ။
“ရာဇဝင်အဆက်ဆက်မှာ လူမျိုးအချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံစရာပါ”
ကောင်းကင်ကို
(မှတ်ချက်။ ။ စာကိုသေချာဖတ်စေချင်ပါတယ်။ မြစ်ဆုံဆည်နဲ့ တရုတ်အစိုးရကို ထောက်ခံနေခြင်း မဟုတ်ပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ့် စီမံကိန်းမှန်သမျှ၊ အာဏာရှင်ဆန်တဲ့ အစိုးရ မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ တရုတ်အစိုးရ မကောင်းတာနဲ့ တရုတ်လူမျိုးတိုင်းကို မုန်းတီးရမယ် ဆိုတာကို လက်မခံခြင်းပါ။ လူမျိုးရေး ခွဲခြားဆက်ဆံမှုကို မကြိုက်ကြောင်း ဦးတည်ရေးထားတဲ့ ပို့စ်ဖြစ်ပါတယ်)

Thursday, September 15, 2011
နှင်း (မိုဃ်းဇော်)
ဟမ္ဘာဂါ စားသလို
မင်းလည်း ခံစားချင်တဲ့ အရာ
ဝီစကီသောက်သလို
ငါလည်း မှောက်မှားချင်တဲ့ အရာ။
သကြားဓာတ်လိုသလို
မင်းလည်း လိုအပ်နေတဲ့အရာ
ရေငတ်သလို
ငါလည်း လိုအပ်နေတဲ့အရာ။
ချည်မျှင်နဲ့ အဝတ်အထည်တွေ ခြားထားလို့
ငါတို့ တယောက်ကို တယောက် မမြင်ရဘူး။
ဆိတ်ကွယ်ရာဟာ ဝေးလံခေါင်းပါးလွန်းနေလို့
ငါတို့ တယောက်နဲ့ တယောက် မနီးရဘူး။
ဒီဘဝကိုတော့
မင်းလမ်းကိုပဲ မင်းလျှောက်သွားပါလေ
နောင်ဘဝကျ
ငါတို့ ချစ်ခွင့်ရချင်ရမှာပေါ့။
အမှန်တရားဟာ
သုခဘုံနဲ့ လွဲခဲ့တယ်။ ။
(မိုဃ်းဇော်)
မင်းလည်း ခံစားချင်တဲ့ အရာ
ဝီစကီသောက်သလို
ငါလည်း မှောက်မှားချင်တဲ့ အရာ။
သကြားဓာတ်လိုသလို
မင်းလည်း လိုအပ်နေတဲ့အရာ
ရေငတ်သလို
ငါလည်း လိုအပ်နေတဲ့အရာ။
ချည်မျှင်နဲ့ အဝတ်အထည်တွေ ခြားထားလို့
ငါတို့ တယောက်ကို တယောက် မမြင်ရဘူး။
ဆိတ်ကွယ်ရာဟာ ဝေးလံခေါင်းပါးလွန်းနေလို့
ငါတို့ တယောက်နဲ့ တယောက် မနီးရဘူး။
ဒီဘဝကိုတော့
မင်းလမ်းကိုပဲ မင်းလျှောက်သွားပါလေ
နောင်ဘဝကျ
ငါတို့ ချစ်ခွင့်ရချင်ရမှာပေါ့။
အမှန်တရားဟာ
သုခဘုံနဲ့ လွဲခဲ့တယ်။ ။
(မိုဃ်းဇော်)
Monday, September 5, 2011
Atheist တယောက်ရဲ့ (ရောက်တတ်ရာရာ) ခံစားချက်
ဘာသာရေးတွေကို ကိုယ့်အမြင်နဲ့ ဝေဖန်တဲ့ အခါ လူတွေ ဘာသာမဲ့ ဖြစ်လာဖို့ မရည်ရွယ် မမျှော်မှန်း ထားပါဘူး။ ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်နေနေတာကို သူတို့ရဲ့ ဟိုပေတံနဲ့ လာတိုင်း၊ ဒီပေတံနဲ့ လာတိုင်း မတိုင်းတော့ပဲ သူတို့ ယုံကြည်မှုဟာ သူတို့အတွက်လောက်ပဲ အမှန်တရား ဖြစ်နိုင်တယ် ဆိုတာလောက်ကို သဘောပေါက်လာကြရင်ပဲ ကျေနပ်ပါပြီ။ “ဒါက ငါ့အတွက်ပဲ အမှန်တရား၊ ဒါက အဓိပ္ပါယ် မရှိပေမယ့် ဒါကို ငါလုပ်ရင် ငါစိတ်ချမ်းသာတယ်။ ဒါကြောင့် ငါလုပ်တာ” လို့ နှလုံးသွင်းထားတဲ့ သူဆိုရင် ကျနော့်တယောက်တည်း အနေနဲ့တော့ ဘာမှ ပြောမှာ မဟုတ်ပါဘူး။ ဘာသာမဲ့ခြင်း ကိုလည်း absolute truth အနေနဲ့ သတ်မှတ်ထားတာ မဟုတ်တဲ့ ကျနော်က (ဘာလို့တုန်းဆိုတော့ ဘာသာမဲ့တာက ကိုးကွယ်တာ မရှိတာပဲ ရှိတာ။ ကျန်တဲ့ဟာတွေ မှားတယ်ထင်တယ်လို့ပဲ ပြောနိုင်တာ။ အမှန်တရားကို တွေ့ရှိခြင်းမှ မဟုတ်တာ) ဘာသာရေး သမားတွေလည်း သူတို့ဟာလည်း သူတို့အတွက်ပဲ အမှန်တရားလို့ သဘောထားကြီးပေးရင် အကုန်လုံးငြိမ်းချမ်းသွားမယ် ထင်တယ်။ တဘက်မှာ ကိုယ်မှန်တယ် ထင်တာကို သူများက မှားတယ်လို့ ထင်လည်း စိတ်ဆိုးစရာ မဟုတ်တော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အဲဒါက ကိုယ် တယောက်တည်း အတွက် အမှန်တရား ဖြစ်နေလို့။
ဘာသာရေးမှ မဟုတ်ပါဘူးလေ။ အနုပညာ၊ ကဗျာ၊ စာပေ အဲဒါတွေ အားလုံးလည်း ဓမ္မဓိဌာန်ကျကျ သုံးသပ်ကြည့်ရင် universal truth မှ မဟုတ်တာ။ ဒီတော့ ကိုယ့်ဘာသာစိတ်ချမ်းသာရင် တန်ဖိုးထား၊ ဒါကို ဝေဖန်လာတဲ့သူလည်း ရှိမယ်။ ပြန်ပြီးချေပနိုင်တယ်။ စိတ်ဆိုးစရာတော့ မဟုတ်။
မြန်မာပြည်ရဲ့ စာပေလောက ဖြစ်ဖြစ် ဘာသာရေး လောကဖြစ်ဖြစ် များနေတာက ကိုယ့်ဟာမှ ကိုယ့်ဟာ ဆိုတဲ့အစွဲတွေပဲ။ နာမည်ကြီး စာရေးဆရာ ကဗျာဆရာတွေက ပြောကြတယ်။ အနုပညာကို မခံစားတတ်သူသည် လူပင်မဖြစ်ထိုက်တဲ့။ အဲဒါလည်း တဘက်စွန်းပါ။ ကျနော်က အနုပညာကို အရမ်းမြတ်နိုးပေမယ့် မင်းတို့ဟာတွေ ဘာမှ မဟုတ်ဘူးလို့ ပြောရင်လည်း လက်ခံကျေနပ် နိုင်တဲ့သူပါ။ ကိုယ့် မြတ်နိုးမှုကို စွန့်လွှတ်လိုက်တာ မျိုးတော့မဟုတ်ဘူး။ သူပြောတာလည်း သူ့ရှုထောင့်က ဟုတ်နေတာပဲလေ။ အဲဒီ့တော့တချို့ အနုပညာရှင်တွေ ပြောပြောနေတဲ့ ကဗျာဆရာဆိုတာ ကမ္ဘာကြီးကိုပဲ ကယ်တင်သလိုလို၊ ကဗျာကို နားမလည်တဲ့လူကပဲ အသုံးမကျတော့သလိုလို၊ ဘာသာရေးမှာလည်း အဲလိုပါပဲ။ တဘက်သတ် ဆန်တာ တွေ လျှော့ကြရင် ကောင်းမယ်။ ကဗျာကို နားမလည်ပဲနဲ့ စိတ်ကောင်းရှိတဲ့သူတွေလည်း အများကြီး။ ဘာသာရေးကို နားမလည်ပဲနဲ့ စိတ်ကောင်း ရှိတဲ့သူတွေလည်း အများကြီး။
ဒါပေမယ့် ဘာလို့ ဝေဖန်တဲ့ အခါ ဝေဖန်သလဲဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ကို လာဝေဖန်ရင် နှစ်သက်သလို ကိုယ်ကလည်း ဝေဖန်ချင်လို့ပါ။ ဝေဖန်ချင်းက စဉ်းစားစရာတွေကို ဆွပေးတယ်လို့ ကျနော်ယူဆပြီး လူတွေရဲ့ အတွေးကို မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့ ယူဆလို့ တခုမှ မချွင်းမချန် ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အခါလည်းရှိမယ်။ ဒါပေမယ့် ပဋိပက္ခကို မျှော်လင့်ရုံသက်သက် ဝေဖန်တာ မဟုတ်ပါဘူး။
တကယ်တော့ ဘာသာရေးကို tool တခုလိုပဲ အသုံးချ၊ ကောင်းတဲ့နေရာမှာ သုံး။ မကောင်းတဲ့နေရာမှာ မသိချင်ယောင် ဆောင်နေ…အဲလိုလူမျိုးတွေကိုလည်း လေးစားပါတယ်။ တဘက်မှာ လောဂျစ်ရဲ့ အခန်း၊ လောဂျစ်ရဲ့ role ကိုလည်း မြှင့်တင်ချင်သူမို့၊ အဲလိုလုပ်ရတာ ဝါသနာထုံလို့ လုပ်နေတာလည်း ပါပါတယ်။
ဒါပေမယ့် ကျနော် ဒေးကား အယူအဆတခုခုဖြစ်ဖြစ်၊ နစ်ရှေးရဲ့ အယူအဆ တခုခုဖြစ်ဖြစ် တင်လိုက်တဲ့အခါ သူတို့က သာမန် ပုထုဇဉ်တွေလေ၊ လမ်းလွဲနေပြီ ဘာညာ ပြောတာမျိုး၊ ကိုယ်စီ ဘာသာရေး ပေတဲ့နဲ့ လာလာတိုင်းကြတာမျိုးကို မနှစ်သက်တဲ့အတွက် အမှန်တရားလို့ထင်ဆမှု အမျိုးမျိုး ရှိနိုင်တာကို သိသာစေဖို့လောက်သာ ဘာသာရေးကို ဝေဖန်ခြင်းပါ။ ဘာသာရေးကို ကိုးကွယ်တဲ့သူတွေကို မုန်းမယ်ဆိုရင်တော့ အဖိုးအဖွား အဖေအမေ က စပြီး မုန်းနေရမှာပေါ့။ ဒါကြောင့်မို့ ဘာသာမဲ့ကို ဘာသာရေး သမားတွေက မုန်းမယ်ဆိုရင်လည်း တချိန်ချိန်မှာ ခင်ဗျားတို့ရဲ့ သားမြေးတွေကို မုန်းရတာမျိုး မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ အယူအဆ မတူရင်တောင် လူကိုမမုန်းပဲ အယူအဆအကြောင်း သက်သက်သာ ပြောကြရင် လောကကြီး ဘယ်လောက်ငြိမ်းချမ်းလိမ့်မလဲ။

Friday, September 2, 2011
ငါတို့ မိတ်ဆွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း (မိုဃ်းဇော်)
မင်းသဘာဝကို မြင်ရတိုင်း
ငါ့ရင်မှာ မုန်တိုင်းထန်ခဲ့ရ
ဒီညကျမှ
လရောင်ဟာ
မင်းကမ္ဘာပေါ် ဖြာကျနေရဲ့။
စစ်မဲ့ဇုံ
မင်းရင်အစုံက
စိမ့်ကျလာတဲ့ စမ်းရေအိုင်တအိုင်
နို့နှစ်ရောင် ချိုင့်ဝှမ်းတခု
လျှို့ဝှက်တဲ့ တောအုပ်အစပ်နား
ငါရောက်သွားတော့
လေတိုးသံလို မင်းညည်းညူ
ရေတံခွန်လို တို့သွန်ချ
ငါတို့ မိတ်ဆွေဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း။ ။

Tuesday, August 23, 2011
ခေတ်မျက်မှန်
ကမ်းကုန်အောင် ရက်စက်မယ့် ပုဏ္ဏားရယ်
ကြိုသိပြီးသား ဖခင်ရယ်
ထိပ်တိုက် တွေ့ကြတယ်။
စိုက်သောသူ ပိုင်သင့်တယ် ဆိုတဲ့ အတွေးနဲ့
ဖခင်ကို ထောက်ခံသင့်သလား?
“သားသမီးကို လှူမှ
ရွှေဥာဏ်တော်ကို ရစေ” ဆိုတဲ့
သဘာဝတရား ဆိုတာကို
အပြစ်ဆိုရမလား?
သိချင်သေးတာ တခုက
ပါးကွက်သားဆန်ဆန် ဥပဒေသ ကို
ဘယ်သူ ပြဌာန်းခဲ့ပါသလဲ?
သားသမီးလှူလိုက်တယ်ဆိုတဲ့ ရေစက်ကို
အခုခေတ်ထဲမှာ ချကြည့်တော့
ခေတ်ကြီးကိုက child rights တွေ ဘာ rights တွေနဲ့
အနှိုင်းမဲ့ဆိုသော ပါရမီ တချို့တွေ
သူ့ခေတ်နဲ့သူပဲ ရှိပါစေ။

Subscribe to:
Posts (Atom)