Friday, September 11, 2015

ဖြေရဲမှဖြေ


သက်တံ့ရောင် ပရိုဖိုင်းတချို့ကို မေးချင်တယ်။
Gayတစ်ယောက်ဟာ Gayဘဝမှာတင် ဘုရားအဖြစ် ပွင့်ခွင့်ရှိလား?
အမျိုးသမီးဝါဒီတချို့ကို မေးချင်တယ်။

Proud to be a woman ဆိုရင်
နင်ကိုယ်တိုင်က
လိင်ကွဲပြားမှုအပေါ် အခြေခံစဉ်းစားသူ ဖြစ်မနေဘူးလား?
အမျိုးသားတစ်ယောက်က
Proud to be a man လို့ ရေးရင် နင်ဘာပြောမလဲ?

မေတ္တာဝါဒီတချို့ကို မေးချင်တယ်။
အထက်အရပ်၊ အောက်အရပ်တောင်မချန်
ရည်စူးပြီး မေတ္တာပို့ကြတဲ့အခါ
အနောက်တံခါးက လူတွေအတွက်
နှစ်နှစ်ကာကာ ပါ ပါစ?

တံဆိပ်ကောင်း ကိုယ့်ဟာကိုယ် ယူတပ်ထားသူတွေအတွက်
ဒါတွေဟာ Litmus Test ပဲ...
ကဲ... ဖြေရဲမှဖြေ။

ကောင်းကင်ကို (စက်တင်ဘာ ၁၀၊ ၂၀၁၅)

မှတ်ချက်။ ။
ကျွန်တော်က ကဗျာပုံစံဆန်ဆန် ရေးထားတော့ အချက်အလက်တွေ အကုန် ထည့်ရေးးလို့ မရပါဘူး။ ဘယ်ဟာက ဘယ်လိုဖြစ်သင့်တယ်လို့ ဆိုချင်တာထက်၊ ဘယ်ဟာက မှန်တယ်လို့ ဆိုချင်တာထက် အတွေးတွေကို ဆွပေးဖို့ပဲ ပိုရည်ရွယ်တာပါ။ လူတိုင်းလက်ခံပြီးသား အယူအဆမျိုးဆို (အပျင်းပြေသဘောကလွဲရင်) အချိန်ကုန်ခံပြီး ဘာလို့ရေးမှာလဲ။ ကိုယ်ရေးတာ ဖတ်လိုက်လို့ ဘာအတွေးသစ်ပေါ်လာမှာလဲ။

ပြီးတော့ ကဗျာလို သဘောအရ အကုန်ထည့်ရေးလို့ မရတော့ (ပထမပိုဒ်မှာ) ဂေးနဲ့ပဲ ဥပမာပေးလိုက်ရတာပါ။ ချဲ့စဉ်းစားမယ်ဆိုရင် ဂေးတင်မဟုတ်ဘဲ၊ အမျိုးသမီးတွေ၊ disabled person တွေ လက်ရှိဘဝမှာတင် ဘုရားဖြစ်ခွင့် ရှိမရှိကို လူတွေဟာ စကားလုံးအရတောင်မှ လက်ခံနိုင်စွမ်း ရှိမရှိ၊ စကားလုံးအရတောင် သဘောထားကြီးပေးနိုင်လား၊ ခါးခါးသီးသီးပဲလား ဆိုတာမျိုး အပါအဝင် တွေးလို့ရသလောက် ချဲ့တွေးစေချင်တာပါ။

ဘုရားဆိုတာကိုလည်း ဘုရားလောက်ပဲ မမြင်စေချင်ပါဘူး။ ဘုရားနေရာမှာ တမန်တော်တွေ၊ ပုပ်ရဟန်းမင်းကြီးတွေ၊ အထင်ကရ ခေါင်းဆောင်တွေ ဖြစ်နိုင်မဖြစ်နိုင်...ဥပမာ ဂေးတစ်ယောက် ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်ဟာ တမန်တော်တွေ၊ ပုပ်ရဟန်းမင်းကြီးတွေ ဖြစ်နိုင်မဖြစ်နိုင်ကို လူတွေ (စကားလုံးအရတောင်) ဘယ်လောက် လက်ခံနိုင်စွမ်း ရှိသလဲ၊ ကိုယ့်ကိုယ်ကို ဘာဝါဒီ ညာဝါဒီ ခံယူထားသူတွေဟာ ဘယ်လောက်အထိ ပြတ်သားသလဲ ဆိုတာကို အတွေးဆွပေးချင်တာပါ။ သွေးဆူအောင် ဆွပေးချင်တာ မဟုတ်ဘူးနော်။ အတွေးဆူအောင် ဆွပေးချင်တာပါ။

No comments: