Sunday, March 20, 2011

Utilitarianism

ဒီလိုမှမဟုတ်ရင်
ငါ့ဝတ်ရည်တွေလည်း နှမြောစရာ
နင့် proboscis လည်း သံချေးတက်မှာ
ကဲပါ
ရင်ခွင်ထဲလာ။

ကောင်းကင်ကို

Wednesday, March 9, 2011

ဘုရားသခင်.blogspot.com

လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က ဟာပါ။

ဘုရားသခင်.blogspot.com

ဗုဒ္ဓ၏ တရားတော်များအား ဌာပနာထားသော ရင်ဘတ်တို့  ကျည်အဖောက်ခံလိုက်ရသော နယ်မြေ …
မေတ္တာ သုတ်များ ရွတ်ဆိုခြင်းသည် တကယ့် မကောင်းဆိုးဝါး များနှင့် တွေ့ ပါက အစွမ်းမထက်တော့ကြောင်း သက်သေပြခဲ့သော နယ်မြေ…
ပရဟိတ လုပ်ငန်းအချို့ ၊ ဘာသာရေးလုပ်ငန်းအချို့  မြေအောက် လုပ်ငန်း သဖွယ် ဖြစ်နေရသော နယ်မြေ…
သောက်စရာ မိုးခါးရေများပင် မလောက်မင ဖြစ်လာရသော နယ်မြေ…
နိုင်ငံတကာမှ ကျောင်းသားများ Laptop ကိုယ်စီဖြင့် အလုပ်ရှုပ် နေချိန်တွင် ဤဒေသမှ ကျောင်းသားများ ဖတ်စာအုပ်တစ်အုပ် ရရန်အတွက် မဲနှိုက်နေရသော နယ်မြေ…
သချာင်္သင်ခွင့်မရခဲ့သော ကလေးငယ်တို့ လ္ဘက်ရည်ဆိုင်တွင် ဂဏန်းတွက်နေရသော နယ်မြေ…
အရာရာ အားလုံးတို့ ဆိတ်သုဉ်း၍…ဘုရားသခင်တောင်မှ ဝင်ခွင့် မရခဲ့သော နယ်မြေ…
**********
လူတွေ သိန်းနဲ့ ချီပြီး သေကုန်ကြပြီ။ အစုလိုက်အပြုံလိုက် ငတ်ကုန်ကြပြီ။ ဒါ ဘုရားသခင် အလိုတော်တဲ့လား။ ဘိန်းစိုက်သူတွေ၊ ဒုစရိုက်သမားတွေ ကျတော့ ကြီးပွါး ချမ်းသာတယ်။ စပါးစိုက်သူတွေကို ကျတော့ မုန်တိုင်းလွှတ်ပြီး သတ်ပစ်လိုက်တယ်။ ဒါ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်း ရတာလား။ အိုင်းစတိုင်းရေ….ခင်ဗျားတော့ မှားသွားပြီ။ ဘုရားသခင်တော့ မြန်မာပြည်ကိုလာပြီး ကြွေအံ ကစားနေပြီ။ တွေးရင်းတွေးရင်းနဲ့ ဘဝင်မကျ ဖြစ်လာတယ်။ ဘုရားသခင်ကို မေးကြည့်ချင်စိတ်တွေ ပေါ်လာတယ်။
**********
အခုခေတ်မှာ ဘုရားသခင်က အစ blog ရှိတယ်။ www.phayarthakhin.blogspot.com လို့ ကျွန်တော် ရိုက်လိုက်တယ်။ Access denied တဲ့။ သြော…ငါအင်တာနက် သုံးနေတာ ဘုရားသခင်ကိုတောင် ဘန်း(ban) ထားတဲ့ နယ်မြေမှာပါလား။ ဒါနဲ့ ဘုရားသခင်ဆီကို နောက်ဖေးပေါက်ကနေ ဝင်ဖို့ ဆုံးဖြတ် လိုက်ရတယ်။ http://kproxy.com ဒါလည်း Access denied။ http://vtunnel.com ... Access denied ပဲ။ နောက်ဖေးပေါက်တွေကော ဘေးပေါက်တွေကော ရှိသမျှ အပေါက်တွေ အားလုံးကို တစ်ခုမကျန် ပိတ်ထားလိုက်ကြပြီ။ ငါတို့ အားလုံး အပြင်လောကမှာ ကော၊ Virtual World မှာပါ ထွက်ပေါက်လုံးဝ မရှိအောင် ချောင်အပိတ် ခံလိုက်ရပြီ။
**********
ဒါပေမယ့် ကျွန်တော် အင်တာနက် သုံးနေတာ freedom ရှိတဲ့ နယ်မြေမှာ။ freedom ဆိုတာ ဆိုဒ်တွေ အကုန်လုံးကို ကျော်ပြီး ဝင်လို့ ရတဲ့ ဆော့ဖ်ဝဲ။ ကျွန်တော်အင်တာနက်သုံးနေတဲ့ ဆိုက်ဘာ ကဖေးမှာ အဲဒီ့ ဆော့ဖ်ဝဲ ကို တင်ထားတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း freedom software ကနေတစ်ဆင့် ဘုရားသခင်ရဲ့ blog ထဲကို ဝင်ကြည့်လိုက်တယ်။ ဘုရားသခင်က သူ့  Profile မှာ “ကျွန်ုပ်သည် ဘုရားသခင် တစ်ပါးတည်း ကိုသာ ကိုယ်စားပြုသည်မဟုတ်။ ကမ္ဘာပေါ်တွင် ရှိသမျှသော ဘုရားများအားလုံး၊ ဘာသာတရားများအားလုံးကို ကိုယ်စားပြု၏” တဲ့။ ကျွန်တော်လည်း ဘုရားသခင် ရဲ့  blog ကို နည်းနည်း လျှောက်လေ့လာကြည့်လိုက်တယ်။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းရမယ့် အကြောင်းတွေ၊ ကံကံ ရဲ့ အကျိုးတွေ၊ ပညာရဲ့  အစွမ်းတွေ… အဲဒါတွေကို ပုံတို ပတ်စတွေ သုံးပြီး ပုံစံ အမျိုးမျိုးနဲ့ ရေးထားတာ တွေ့ရတယ်။
ကျွန်တော် ဘုရားသခင်ကို ဝေဖန်ချင်လို့ cbox လိုက်ရှာတယ်။ မရှိတော့ဘူး။ ကွန်မန့် လည်း ပေးလို့ မရတော့ဘူး။ သြော်..ကိုယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင် ဘုရားသခင်က အစ မခံနိုင်တော့ပါလား။ ဒီမိုကရေစီ မရှိတော့ ပါလား။ ကွန်မန့်  လည်းပေးလို့ မရ၊ cbox လဲ ပိတ်ထားတာနဲ့ ကျွန်တော်လည်း အကြံအိုက်သွားတယ်။ ဒါပေမယ့် blog တစ်နေရာမှာ ဘုရားသခင်ရဲ့  email address ကို သွားတွေ့ တယ်။ phayarthakhin@gmail.com တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဘုရားသခင်ကို ကျွန်တော့် Gtalk မှာ add လိုက်တယ်။
**********
ဘုရားသခင် cbox ဖြုတ်ထားတာ၊ ကွန်မန့် ပိတ်ထားတာတွေကို အကြောင်းပြုပြီး ဘုရားသခင်ကို ဒီမိုကရေစီ မရှိဘူးလို့ ကျွန်တော် စွပ်စွဲလိုက်တယ်။ ဘုရားသခင်က ဘာမှ ပြန်မပြောဘူး။ ဒါပေမယ့် ခဏနေတော့ ဘုရားသခင်ရဲ့  Custom Message ပြောင်းသွားတယ်။ “ပွဲတစ်ပွဲကို မကြိုက်ရင် ထပြန်သွားခွင့် ရှိတယ်။ မကြိုက်တဲ့ အကြောင်းကိုလည်း ဝေဖန်ခွင့်ရှိတယ်။ ဒါပေမယ့် ခဲနဲ့ပေါက်ခွင့်တော့ မရှိဘူး။”
**********
ကျွန်တော် ဘုရားသခင်ကို မေးခွန်း တစ်ခု မေးလိုက်တယ်။ ကျွန်တော်တို့  ခုထိ ဘာလို့  မလွတ်မြောက်နိုင် သေးတာလဲလို့ ။ ဘုရားသခင်က ပြန်ဖြေတယ်။
ခေါင်မိုးကို မပြင်နိုင် သေးသရွေ့ တော့ မိုးက ယိုနေဦးမှာပဲ။ သာမန်မဟုတ်တဲ့ နွံထဲကနေ လွတ်မြောက်ဖို့  သာမန်မဟုတ်တဲ့ အားထုတ်မှုတွေ လိုတယ်ကွ။
**********
သာမန် မဟုတ်တဲ့ အားထုတ်မှုတွေလိုတယ်တဲ့။ ဟုတ်တယ်ဗျာ။ ကွမ်တမ် leap နဲ့ ထခုန်ရမယ့် အချိန်။ ဆွဲအားတွေက လွတ်မြောက်နိုင်မယ့် အရှိန်မျိုးနဲ့ ကောင်းကင် ကို ရုတ်တရက် ပျံတက်ရမယ့် အချိန်။ ဒါပေမယ့် မဆီမဆိုင်ဗျာ။ ကျွန်တော့်စိတ်ထဲမှာ ဘာတွေ မြင်ယောင်လာသလဲ ဆိုတော့ ပရောဂျက် နိုင်ငံရေးသမားတွေ၊ နေရာရဖို့ ပဲအဓိကထားနေကြတဲ့ ကိုယ့်ကိုယ်ကို မျိုးချစ်ပုဂ္ဂိုလ်ဆိုပြီး ကြေငြာနေကြတဲ့သူတွေ၊ လူနာကို အချိန်ဆွဲပြီးကုနေတဲ့ ဆရာဝန်တွေ၊ ပိုက်ဆံပေးမှ မီးသတ်ပေးတဲ့ မီးသတ်သမားတွေ၊ နှစ်လုံးထီ ဒိုင်ကိုင် နေတဲ့ ရဲတွေ၊ အလုပ်မလုပ်လေလေ လုပ်ငန်းကြန့်ကြာလေလေ ဝင်ငွေဖြောင့်လေလေ ဖြစ်နေတဲ့ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားတွေ ဆန္ဒပြလို့  ကျောင်းတွေ ပိတ်ရတာပါဆိုပြီး မကျေမချမ်းဖြစ်နေတဲ့ သူငယ်ချင်း တစ်ချို့ တွေ၊ အကြံအဖန် ဓာတ်ပုံ တွေလုပ်ပြီး Refugee Camp ထဲ သွားဖို့ ကြိုးစားနေကြ သူတွေ အဲလိုလူတွေကိုပဲ အလုံးအရင်းနဲ့ မြင်ယောင်လာတယ်။ မီးလာတုန်း ရေလုတင်ရင်း ရန်ဖြစ်နေကြတဲ့ အသံတွေ၊ ညညဆိုရင် နောက်ဖေးလမ်းကြားမှာ အမှိုက်ထုပ်တွေ တဘုတ်ဘုတ်နဲ့ ပစ်ချသံတွေကို ပြန်ပြီးကြားယောင်လာတယ်။
**********
ဘုရားသခင်က ဆက်ပြောတယ်။ ခုဆိုရင် ကျောင်းတွေဟာ ပညာသင်ပေးတဲ့ နေရာ မဟုတ်တော့ဘူး။ မှားမှား မှန်မှန် ပြန်မပြောရဲ အောင်၊ အချောင်လိုက်တတ်အောင၊် ခိုးတတ်အောင်၊ဖားတတ်အောင် လေ့ကျင့်ပေးတဲ့ နေရာတွေ ဖြစ်လာပြီ။
ပြောပြောဆိုဆိုနဲ့ ဘုရားသခင်က သူ့  Custom Message ကိုပြောင်းလိုက်ပြန်တယ်။ "တိုင်းပြည်ရဲ့  အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်တဲ့။ လူငယ်တွေရဲ့  လက်ထဲမှာတော့ ဘောလုံးဂျာနယ်တွေ၊ အပေါစား မဂ္ဂဇင်းတွေနဲ့ ခပ်ချောင်ချောင်ရခဲ့တဲ့ ဘွဲ့ လက်မှတ် တစ်ခုစီပဲရှိတယ်။"
**********
ဒါပေမယ့် ကျွန်တော် တစ်ခု သွားသတိရတယ်။ ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် ကျွန်တော်တို့ ဆီမှာ သာမန်မဟုတ်တဲ့ ပေးဆပ်သူတွေ ရှိတယ်။ အသက်အသေခံရဲ သူတွေ၊ ဘဝကို ထောင်ထဲမှာ စတေးပစ်ဝံ့သူတွေ ရှိတယ်။ အဲဒီ့လူတွေ ဘဝပျက်သွားတာ ကျတော့ ကော ဘာဖြစ်လို့ လဲ။ ကိုယ်စိုက်ပျိုးလိုက်တဲ့ အတိုင်း ရိတ်သိမ်းလိုက်ရတာလား ဆိုပြီး ဘုရားသခင်ကို မေးလိုက်တယ်။ ဘုရားသခင်က ပြန်ဖြေတယ်။ “အခုခေတ်က ဆွမ်းဆန်စိမ်းတွေ ကြားထဲမှာ ကြက်ချေးရောတဲ့ခေတ်မဟုတ်တော့ဘူး။ ကြက်ချေးတွေကြားထဲမှာ ဆွမ်းဆန်စိမ်းတွေရောပြီး နစ်နာရတဲ့ခေတ်။ နာမည် ပျက်ရတဲ့ခေတ်။ ကိုယ့်ရပ်ကွက်မှာ မီးလောင်ရင် ကိုယ့်အိမ်လည်း မီးထဲပါနိုင်တာပဲ။ လူအားလုံးရဲ့  ပျမ်းမျှ အရည်အချင်းနဲ့  တန်သလောက်ပဲ ရမှာပဲ။”

တန်သလောက်ပဲ ရမှာပဲ ဆိုတဲ့ စကားကြောင့် ကျွန်တော် တော်တော်လေး အစာမကြေ ဖြစ်သွားတယ်။ ဘုရားသခင်ကတော့ ဆက်ပြောနေတယ်။ မြန်မာနိုင်ငံက ဘာနဲ့ တူနေသလဲဆိုတော့ တစ်အိမ်လုံး အလုပ်မလုပ်ပဲ ဘိုးဘွား အမွေတွေကို ထိုင်စားနေတဲ့ မိသားစု နဲ့  တူနေတယ်။ သစ်တောတွေလည်း ပြောင်ပြီ။ သယံဇာတ တွေလည်း တဖြည်းဖြည်းနဲ့ ကုန်တော့မယ်။ အဆိုးဆုံးကတော့ စိတ်ဓာတ်တွေ ပျက်စီးကုန်တာပဲကွ။

ဘိုးဘွားအမွေတွေကို ထိုင်စားနေတယ်တဲ့။ ကျွန်တော်တို့ ဘာမှ မစားလိုက်ရပါဘူးဗျာ။ ထမင်းပွဲ ပြင်ပေးပြီး အဝေးကနေ ငေးနေရတဲ့ ဘဝပါ။ ဆီဦးထောပတ် စားနေကြတဲ့ ပါးစပ်တွေအတွက် တစ်ပြည်လုံးပေးဆပ်နေကြရတဲ့ အဖြစ်ပါ။
********
ဘုရားသခင်က ဆက်ပြီး ပြောပြန်တယ်။ ဒီလို အခြေအနေ ဖြစ်အောင် ဇွတ်အတင်း လုပ်နေကြတာက လူတစ်စုတည်းပါကွာ။ လူတွေသာ ညီညွတ်ရင် ဒီလောက် ကြောက်ဖို့လိုမယ် မထင်ဘူး။ ကျွန်တော် ဘာမှ ပြန်ပြော မနေတော့ဘူး။ ကျွန်တော့်ရဲ့  Custom Message ကိုပဲ ပြောင်းလိုက်တယ်။ “လူအုပ်တစ်အုပ်ထဲကို သေနတ်နဲ့  ပစ်ထည့်လိုက်တဲ့အခါ ဘယ်သူက လောဂျစ်တွေ စဉ်းစား နေနိုင်မှာလဲ။ ကိုယ့်ကို လည်း သေနတ်မှန် နိုင်တဲ့ဆိုတဲ့ အတွေးနဲ့  ရုန်းရင်းဆန်ခတ် ပြေးကြတော့မှာပေါ့။
ဘုရားသခင်က ပြန်ပြောတယ်။ “အင်း၊ အဲဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့်ကွာ ကိုယ့်ကိုယ်ကို သားကောင်လို့ သဘောထားနေသရွေ့ မုဆိုးတွေကတော့ ပစ်မှာပဲ။ ကြောက်လို့ ပြေးနေသေး သရွေ့  ဒုက္ခပေးဖို့ လိုက်မှာပဲ။ ပြန်ပြီး ရင်ဆိုင်ဖို့ပဲ ရှိတယ်။ ပြောင်းလဲလာမှာ မဟုတ်တဲ့သူတွေကို စကားထဲ ထည့်ပြောနေလို့လည်း အပိုပဲ။ သူတို့ကို ပြောင်းလဲဖို့ အလားအလာနည်းတဲ့ ကိန်းသေတွေလို့ ပဲ မှတ်လိုက်။ လိုချင်တဲ့ အဖြေထွက်ဖို့ ကိုယ့်ဘက်ကိုယ်ကို ပြောင်းလဲဖို့ ပဲရှိတယ်။
သူတို့ ကို ခေတ်အဆက်ဆက် ဒုက္ခပေးနေဦးမယ့် နာဂစ်တစ်မျိုးလို့ပဲ သဘောထားလိုက်။ နှစ်ခြင်းခံကြတယ် ဆိုတဲ့ နိမိတ်ပုံဟာ ဒီသဘောမျိုးပဲ။ အဖြေဆိုတဲ့ ဘုရားသခင်ကို မမြင်မချင်း၊ စိတ်မျက်လုံးတွေကို မဖွင့်မချင်း အဲဒီ့နာဂစ်က ငါတို့ ကို ရေနှစ်နေ ဦးမှာ။
ကျွန်တော် Cherie Carter-Scott ရဲ့  စကားကို သွားသတိရမိတယ်။ “သင်ခန်းစာ တစ်ခုကို မကျေညက် မချင်း အဲဒီ့ သင်ခန်းစာကိုပဲ ပုံစံအမျိုးမျိုးနဲ့ ထပ်ပြီးကြုံတွေ့  ရလိမ့်မယ်”
ကျွန်တော် တွေးနေတုန်းမှာပဲ ဘုရားသခင်က သူ့ Custom Message ကိုပြောင်းလိုက်ပြန်တယ်။ “လုံလောက်တဲ့ အမြင့်တစ်နေရာကို ရောက်ရင် တိမ်တိုက်တွေ မရှိနိုင်တော့ဘူး။ သင်တို့ရဲ့  ဘဝမှာ တိမ်တိုက်တွေ ရှိနေသေးတယ်ဆိုရင် သင်တို့ရဲ့  စိတ်ဝိညာဉ်ဟာ အနိမ့်ပိုင်းမှာပဲ ရှိနေသေးလို့ ဆိုတာကို သဘောပေါက်လိုက်ပါ။ (Mark Fisher)”
**********
ဘုရားသခင်က ဆက်ပြောပြန်တယ်။
ခေါင်းဆောင်ကောင်း မရှိလို့ ၊ နောက်က လူတွေက ပါမလာကြလို့  ဆိုပြီး အပြန်အလှန် အပြစ်မြင် နေကြတာလည်း မှားတယ်။
တကယ်က ခေါင်းဆောင်တွေက လည်း ငါတို့ ခေါင်းဆောင်မှု လိုသေးလို့  လူတွေ ပါမလာတာလို့  ခံယူထားရမှာ။ လူတွေကလည်း ခေါင်းဆောင်တွေ လျှောက်တဲ့ နောက်ကို ငါတို့ မလိုက်နိုင်ကြသေးလို့ မအောင်မြင်ရတာလို့  ခံယူကြရမှာ။ ဘုရားသခင်က သူ့ Custom Message ကို ပြောင်းလိုက်ပြန်တယ်။ “လူတွေအားလုံးရဲ့ လက်ညှိုးတွေ ကိုယ့်ကိုယ်ကို ပြန်ထိုးကြတဲ့ တနေ့ မှာ ကျိန်စာသင့်နေရတဲ့ ဘဝကနေ လွတ်လိမ့်မယ်”။ ကျွန်တော့် လက်ညှိုးတွေ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မထိုးနိုင်အောင်လို့ ကွန်ပျူတာ ကီးဘုတ်ပေါ်က စာလုံးတွေကိုပဲ အတင်းဖိရိုက်နေလိုက်ရတယ်။
**********
လူတိုင်းက ကြီးနိုင်ငယ်ညှဉ်း စနစ်ကြီးထဲမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်နေကြတယ်။ ဆရာမ တစ်ယောက်က ကျောင်းသားတစ်ယောက်ကို အာဏာပြလိုက်တာဟာ စစ်အစိုးရကို ထောက်ခံမဲတစ်မဲ ပေးလိုက်တာပဲ။ ဆရာတစ်ယောက် အနေနဲ့  ဆရာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ပေးခဲ့တဲ့ ထောက်ခံမဲတွေ ဘယ်လောက်တောင် များနေပြီလဲ။ ကိုယ့်ခွင်ထဲ ဝင်လာတဲ့ သူတစ်ယောက်ကို မညှာမတာ တွယ်လိုက်တာဟာလည်း အစိုးရကို ထောက်ခံမဲ ပေးလိုက်တာပါပဲ။
**********
တစ်ချို့ ကလည်း အနုနည်းဖြစ်တဲ့ အာဏာဖီဆန်ရေး လမ်းစဉ်ဟာ အလုပ်မဖြစ်တော့ဘူးလို့ ပြောနေကြတယ်။ ။ ဒါပေမယ့် လူတွေအားလုံး တကယ်ကော ညီညီညွတ်ညွတ်နဲ့ အာဏာဖီဆန် ပြီးကြပြီလား။ သပိတ်မှောက်ပြီးကြပြီလား။ ရုပ်သေးရုပ်တွေလို ကြိုးဆွဲရာ ကနေကြတာပဲမို့လား။ အဲဒါတွေကို မြင်ဖို့ လိုတယ်။ ဘယ်ဟာကို လုပ်လုပ် ပီပီပြင်ပြင် လုပ်ဖို့လိုတယ်။။ လက်နက်ကိုင်တော်လှန်ရေး လုပ်တာလည်း ပီပီပြင်ပြင် စနစ်တကျ လုပ်ရင် ကောင်းတာပဲ။ အနည်းဆုံးတော့ တိုင်းပြည်ကို တကယ်ချစ်တဲ့ လူငယ်တွေ စစ်ပညာ ကိုနားလည်သွားတာပေါ့။ ဘုရားသခင်က ဘာကိုပဲ ပြောပြော ပညာရှုထောင့်ကနေပြီး ပြောနေတော့တာပဲ။
**********

ဘုရား သခင်ရဲ့ စကားတွေကို အနှစ်ချုပ်လိုက်ရင် ကျွန်တော်တို့ ကိုယ်တိုင် က ပျက်စီးနေလို့ ဒီလို ဒုက္ခတွေ တွေ့ နေရတာပါဆိုတဲ့ သဘောသက်ရောက်တယ်။ ပညာဗဟုသုတ ခေါင်းပါးလို့ ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ တန်ရာတန်ရာ ပဲ ရနေတာ ဆိုတဲ့ concept ။
ဒါပေမယ့် ကျွန်တော် သတင်း တစ်ခုကို သွား သတိရမိတယ်။ ကာလီဖိုးနီးယားမှာ ဘာသာရေး အစွန်းရောက် ဂိုဏ်းတဂိုဏ်းကလူ သုံးဆယ့်ကိုးယောက် ဂြိုလ်တွေ နက္ခတ်တွေကို ကြည့်ပြီး အထက်က ဘုရားရဲ့ အမိန့် အရဆိုပြီး အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ သတင်း။ သူတို့ ကော အသိပညာ ခေါင်းပါးတာပဲ မဟုတ်လား။ သူတို့ နိုင်ငံတွေကျတော့…....

သူတို့ ဆီမှာ အဲဒီ့လို အတွေးအခေါ် အားနည်းတဲ့ လူတွေ က လူနည်းစုမို့ လို့ ပဲ အခြေအနေတွေ ကောင်းနေတာလား။ ဘာပဲ ဖြစ်ဖြစ် လူတွေရဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်က ပိုက်ဆံပေးမှ မီးသတ်ပေးမယ် ဆိုတဲ့ အဆင့် အထိတော့ နိမ့်ကျ လိမ့်မယ်မထင်ဘူး။
ဒါမှမဟုတ် စနစ်ကြောင့်လို့ပဲ ပြောရမလား။ လူတွေ ပညာမရှိပေမယ့် သူတို့ စနစ်ကြီးက ပညာရှိနေတာလား။ ပညာရှိတဲ့လူတွေက ချမှတ်ထားတဲ့ စနစ်မို့ လို့ ပဲလား။
ကျွန်တော် ထင်တယ်။ လူတိုင်းမှာတော့ လူ့သဘာဝ အရ အလွယ်လိုက်ချင်တဲ့ စိတ်ရှိမှာပဲ။ ဥပမာ…သူတို့ ဆီကလူတွေလည်း အစကတော့ လမ်းပေါ် အမှိုက်ချချင်တဲ့စိတ် ရှိမှာပဲ။ ဒါပေမယ့် စနစ်က သူတို့ ကို ချုပ်ထားတယ်။ ကြာလာတော့ အမှိုက်ကို စနစ်တကျ ပစ်တာကိုက အလေ့အကျင့် တစ်ခု ဖြစ်လာတယ်။ သူတို့ရဲ့  ဘာသာရေး ဖြစ်လာတယ်။ စည်းမဲ့ ကမ်းမဲ့ အမှိုက်ပစ်တာဟာ မကောင်းမှု တစ်ခု လို့  သူတို့စိတ်ထဲမှာ စွဲသွားလိမ့်မယ်။ အဲဒီ့အစွဲမျိုးရင်ထဲ ရောက်သွားတဲ့ အချိန်ကျတော့ စနစ်နဲ့ ထိန်းစရာ မလိုတော့ဘူး။

ဒါပေမယ့် စနစ်ဆိုတာက သက်မဲ့။ လူတွေက သက်ရှိ။ အဲဒီ့ သက်မဲ့ စနစ်ကြီးကို အပြစ်တင်တင်နေတာ ဟာ အဖြေမဟုတ်ဘူး။ အဲဒါကြီးကို တိုက်ဖျက်ဖို့ သက်ရှိလူတွေက ရုန်းကန်ဖို့ လိုတယ်။ အသိတရား ရှိဖို့ လိုတယ်။

အဲဒီ့မှာတင် မေးခွန်းတစ်ခုက ကျွန်တော့် ရင်ထဲကနေ ပျို့ တက်လာတယ်။ လူတွေ လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ ပညာဗဟုသုတ မြင့်မားဖို့ လိုတယ်။ ဒါပေမယ့် အစိုးရက ပညာရေးကို နှိပ်ကွပ်ထားတယ်။ ပညာရေးနဲ့ ပတ်သတ်ပြီး လုပ်နေတဲ့ သူတွေကိုလည်း အနှောင့်အယှက် အမျိုးမျိုးပေးနေတယ်။
အဲဒီ့တော့ ပညာဗဟုသုတ နိမ့်လို့ ညံ့တဲ့ အစိုးရ နဲ့ စနစ်ကိုရ၊ ညံ့တဲ့ စနစ်ကိုရလို့  ပညာဗဟုသုတနိမ့် ဒီလိုနဲ့ပဲ သံသရာလည်ရ တော့မှာလား။ ဆိုးသထက် ဆိုးသွားတော့မှာလား။ ပျို့ တက်လာတဲ့ မေးခွန်းကို ကျွန်တော် အန်ထုတ်လိုက်တယ်။

ဘုရားသခင်က ဘာမှ ပြန်မဖြေဘူး။ သူ့ Custom Message များပြောင်းသွားသေးသလားလို့ ကျွန်တော်ကြည့်လိုက်တယ်။ ဘာ Message မှ ရေးမထားတော့ဘူး။

ခဏနေမှ ဘုရားသခင်က ပြောတယ်။ “အဲဒါက ဒီလိုရှိတယ်ကွ”

ဆိုက်ဘာကဖေး တစ်ခန်းလုံး မှောင်မဲသွားတယ်။ မီးပျက်သွားပြီ။

ကောင်းကင်ကို

Thursday, March 3, 2011

ကြိုသိနေတဲ့ ဇာတ်သိမ်း

လင်းတော့လုပ်…မှောင်တော့အိပ်နဲ့
ငါတို့ဟာ
ကိုယ့်ကိုယ်ကို လူလို့ခေါ်နေတဲ့
လောကရဲ့ ခွေးသွားစိပ်တွေပါကွယ်။

ဘဝကို
နာရီတလုံးလို ငုံ့ကြည့်လိုက်တယ်။
ဒီစက်ဝိုင်းထဲမှာ ဒီခရီးကိုပဲ
အကြိမ်ကြိမ် အထပ်ထပ် လှည့်ပတ်နေရတော့
ဘဝက
သက်ရှိ နာရီလက်တံ ဆန်တယ်။

အသက်ဝဝ ရှူနိုင်ဖို့ အရေး
လှေကားတွေအတိုင်း တထစ်ပြီး တထစ်လျှောက်
သြော်…အမြင့်ရောက်ပြန်တော့လည်း
သင်္ချိုင်းတခုပေါ် ပြန်ခုန်ချဖို့ပါပဲ။

သေခြင်းတရားဆီ
ကိုယ့်ကိုယ်ကို လိုက်ပို့နေရတဲ့ ယာဉ်ကြီးထဲမှာ
ငါနဲ့ငါ ကပ်လွဲသွားတာ
ဘယ်လောက်ရင်နာစရာ ကောင်းလိုက်သလဲ။
အိပ်မက်နဲ့ ဘဝ ထပ်တူမကျတဲ့အဖြစ်
ငါ အဆစ်ရလိုက်သေးတယ်။

ဒီလိုနဲ့ တတောင်ပြီး တတောင် အကျော်
ခရစ်တော်က အိပ်မွေ့ချပြီးခေါ်တော့မှ
ကိုယ့်ကိုယ်ကို မြေသားတွေဆီအပ်
အားလုံးတခန်းရပ်လိမ့်မယ်
သြော်…လူ့ဘဝရဲ့ဇာတ်တဲ့။
(ကောင်းကင်ကို)

ကိုဟန်သစ်ငြိမ်နဲ့ မခိုင်စိုးလင်းတို့ စီစဉ်တဲ့ "သေဆုံးတတ်သည်" ဆိုတဲ့ စာအုပ်ထဲကပါ။

Saturday, February 26, 2011

ရွှေ့ပြောင်းလုပ်သား

ဧည့်ခန်းဆောင်ကို အလှဆင်ဖို့ 
မိခင်အပင်ပေါ်မှာ အလှမဆင်နိုင်တော့တဲ့ပန်း
သဘာဝနဲ့ လည်း လမ်းခွဲလိုက်ရတယ်။

Wednesday, February 23, 2011

Reportedly

စိတ်ထားကောင်းမကောင်းတော့ မသိဘူး
စိတ်ကောင်းတော့ ထားခဲ့ပါတယ်။
ဒါပေမယ့်
ငါကဗျာစပ်တိုင်း
အဇာတသတ်ရိုင်းတွေ
ဘာလို့ထွက်လာတာလဲ?

ကောင်းကင်ကို

Monday, February 14, 2011

သေချင်နေတဲ့ လူလိမ္မာ (ဝတ္ထုတို) ("သေဆုံးတတ်သည်" စာအုပ်မှ)

ကျော်ညိုသွေး၊ ခိုင်စိုးလင်း၊ ညီဇံလှ၊ တူးတူးသာ၊ တေဇာ (လရောင်လမ်း)၊ နေဦး၊ နန်းညီ၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ မယ်ကိုး၊ မောင်တေလေ၊ လင်းဒီပ၊ သက်ထွေး၊ ဟန်သစ်ငြိမ်၊ သြမြိုင် နဲ့ ကျနော်တို့ ပါဝင် ရေးသားထားတဲ့ “သေဆုံးတတ်သည်” ဆိုတဲ့ စာအုပ်ထဲကဟာ ကို နည်းနည်းလေး ပြန်ပြင်ထားတာပါ။

download link http://www.mediafire.com/view/?gjela5a85gkqzm2

သေချင်နေတဲ့ လူလိမ္မာ

(၁)
စာရေးဆရာ တယောက်က လူ့ဘဝကို ဘတ်စ်ကားနဲ့ ခိုင်းနှိုင်းပြီး ဥပမာ ပေးဖူးတယ်။ တယောက်နဲ့ တယောက် ဆုံစည်းမှုဆိုတာ ဘတ်စ်ကားကြပ်ကြပ်ထဲက ခဏလေး ဆုံစည်းမှုလိုပဲတဲ့။ ဘတ်စ်ကားက ကြပ်လွန်းတော့ တယောက်နဲ့ တယောက် နင်းမိတာတို့ ထိခိုက်မိတာတို့ ရှိမယ်။ ခဏတာ လေးမို့ ခွင့်လွှတ်လိုက်ပါတဲ့။

ဒါပေမယ့် သူအခု ဆုံနေရတဲ့လူ၊ သူ့ကိုလိုက်နှောင့်ယှက်နေတဲ့ လူက ခဏလေး မဟုတ်ဘူး။ သူလူမှန်းသိစ အရွယ်ကနေ ခုချိန်ထိ ထာဝရ လိုက်နှောင့်ယှက်နေတာ။ သူဆက်ပြီး သည်းမခံနိုင်တော့ဘူး။

ဒါနဲ့ သူ ကြံဖန်ပြီး ခွင့်လွှတ်တဲ့နည်းတွေ လိုက်စဉ်းစားကြည့်တော့ နည်းတခုကို သတိရသွားတယ်။ အဲဒီ့နည်းအရ ဆိုရင်တော့ ကိုယ်နဲ့ သံသရာမှာ အမျိုးမတော်ဖူးတဲ့သူ မရှိဘူးတဲ့။ ကိုယ် ခွင့်မလွှတ်နိုင်တဲ့သူ နဲ့ ကိုယ်နဲ့ သံသရာမှာ ဆွေမျိုး တနည်းတဖုံ တော်စပ်ခဲ့ဖူးမှာပဲလို့ တွေးပြီး ခွင့်လွှတ်လိုက်ပါတဲ့။ အဲဒီ့မှာ သူဦးနှောက် ပိုခြောက်သွားပြီးတော့ စိတ်ထဲက ရေရွတ်လိုက်တယ်။
“ငါနဲ့ငါ သံသရာမှာ ဘာတော်ခဲ့ပါသလဲ”

(၂)
သူ့ကို သူကိုယ်တိုင်က လိုက်နှောင့်ယှက်နေတာ ကြာလှပြီ။ သူစာအုပ် တအုပ်ဖတ်ပြီဆို စာရေးသူရဲ့ ညံ့ဖျင်းမှုတွေကို လာပြောပြီ။ တရားနာပြီဆိုရင်လည်း အဲဒီ့တရားရဲ့ ဟာကွက်တွေကို လာပြောပြီ။ သြော်…သူ့စိတ်ထဲကနေ ‘နေခြည်’ကို ထုတ်ပစ်ဖို့ ကြိုးစားခဲ့တုန်းကလည်း…

(၃)
ဖယောင်းတိုင်လေး မကုန်ခင် ဒီ ခြောက်ခြားစရာ တစ္ဆေဇာတ်ကို သူ ဆက်ဖတ်ရမလား။ ဒါမှမဟုတ် ဖယောင်းတိုင်လေးကို မှုတ်ပြီး စောစော အိပ်လိုက်ရမလား။ သေချာတာ တခုကတော့ သူဆုံးဖြတ်ချက် မချနိုင်ပဲ တွေးနေရင် တစ္ဆေဇာတ်လမ်းလည်း မဖတ်လိုက်ရ၊ စောစောလည်း မအိပ်လိုက်ရပဲ ဖယောင်းတိုင်လေး ကုန်သွားတာပဲ အဖတ်တင်မယ်။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချဖို့ သူဆုံးဖြတ်လိုက်တယ်။ ရှုံးရင်တောင်မှ စိတ်ပဋိပက္ခကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ရှုံးရတာထက်စာရင် ဆုံးဖြတ်ချက်နဲ့ ရှုံးတာက တော်သေးတယ်လို့ သူထင်တယ်။

အရှုံးဆိုတာ ချိုမြိန်တဲ့ ဝိုင်အရက်မှ မဟုတ်တာ။ သူ ဘာလို့ အချိန်ဆွဲပြီး သောက်နေရမှာလဲ။

(၄)
ဆုံးဖြတ်ဖို့အတွက် ခေါင်းပန်းလှန်တဲ့ နည်းကိုတော့ သူမသုံးချင်ဘူး။ အဲဒါက ကိုယ့်ကိုယ်ကို အကြွေစေ့တစေ့လောက်မှ တန်ဖိုးမထားတဲ့လူတွေရဲ့ လုပ်ရပ်လို့ သူယူဆတယ်။

ဒီတော့ ပြဿနာကို အဖြူအမည်း မဆုံးဖြတ်ခင်မှာ သူ့အနေနဲ့ တွေးခေါ်သယောင်ယောင် လုပ်ဖို့တော့ လိုလာပြီ။ စဉ်းစားခြင်းဆိုတဲ့ နာမည်နဲ့ ကိုယ်သန်ရာသန်ရာကို လိုသလို ဆွဲတွေးတာတွေ ဘာတွေ လုပ်ဖို့လိုလာပြီ။ ဒါမှလည်း လိုအပ်လာရင် အကောင်းဆုံးစဉ်းစားခဲ့သားပဲလို့ တွေးပြီး စိတ်ဖြေလို့ ရမယ် မဟုတ်လား။

သူ့ဘဝ ဟိုးအောက်ဆုံးအမြစ်နားအထိ လက်တံရှည်ရှည်နဲ့ ဒုက္ခလှမ်းပေးနေတဲ့ မေးခွန်းကို Yes or No တခုခု ဖြေဖို့ လုပ်မှ ဖြစ်တော့မယ်။

တွေးရင်းတွေးရင်းနဲ့ Albert Camus ရဲ့ စကားတခုကို သူ သတိရလို့ ပြုံးလိုက်မိသေးတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ တကယ်နက်နဲတဲ့ ပြဿနာဆိုလို့ တခုပဲ ရှိတယ်တဲ့။ အဲဒီ့အကြောင်းအရာကတော့ ‘suicide’ တဲ့။ အခု သူအဲဒီ့အကြောင်းအရာကို ကိုင်တော့မှာဆိုတော့ အနက်နဲဆုံး အတွေးအခေါ် ပြဿနာတခုကို စဉ်းစားခြင်းလို့ ကြီးကြီးကျယ်ကျယ် နာမည် လျှောက်တပ်လို့တောင် ရသေးတယ်။

“ဗွန်းးးး” “ဗွန်းးးးးး”
ရုတ်တရက် ကြားလိုက်ရတဲ့ စက်နှိုးသံကို သူမခံနိုင်လို့ နားတွေကို အတင်းပိတ်လိုက်ရတယ်။

(၅)
ဟင်!
သူအသံကြားလို့ ဖျတ်ခနဲ ကြည့်လိုက်တော့ တီဗွီဖန်သားပြင်မှာ နေခြည်ရဲ့ ရုပ်ပုံလွှာ။ သူ အံ့သြသွားတယ်။ နေခြည်ရဲ့ ရုပ်ပုံက မှောင်ရိပ်သန်းပြီး ဝါးနေတယ်။ သူ ဖန်သားပြင်ရဲ့ အလင်းရောင်ကို တင်ဖို့ အလင်းအမှောင်ချိန်တဲ့ ခလုတ်ကို လိုက်ရှာလိုက်တယ်။ မတွေ့ဘူး။ နေခြည့်ပုံကလည်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း ဝါးပြီး ပျောက်သွားတယ်။
သူ့ပါးပေါ်ကို မျက်ရည်တွေ စီးကျလာတယ်။
သူ့ရှေ့က အရာဝတ္ထုကလည်း သူစိုက်ကြည့်ရင်းကနေ တီဗွီဖန်သားပြင် တခု မဟုတ်တော့ပဲ ကြည့်မှန်တချပ်ဖြစ်သွားပြန်တယ်။ အဲဒီ့ကြည့်မှန်ချပ်ထဲမှာတော့ ချောင်ကျနေတဲ့ သူ့မျက်နှာစစ်တလင်းမှာ သောကနှစ်သွယ် စီးဆင်းလို့။

(၆)
မှန်ထဲက သောကကောင်ရဲ့ ရှင်သန်နေမှုဟာ ဘာအကျိုးရှိပါသလဲ။
သေဆုံးခြင်းနဲ့ ပတ်သတ်ပြီး ကောင်းကျိုး၊ ဆိုးကျိုး စာရင်းတခု လုပ်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ကောင်းကျိုး နံပါတ် (၁) အဖြစ် သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၁)
နေခြည်နဲ့ ပြန်တွေ့ရနိုင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ လိုမှာမဟုတ်တော့ဘူး။
ကောင်းကျိုး နံပါတ်(၁) မှာတင် အချက် ၂ချက်ပါနေတာကို သူသတိထားမိတယ်။ ကိစ္စမရှိဘူး။ ဒါက သူတယောက်တည်း သိရုံ၊ ဆုံးဖြတ်ချက်ချဖို့ အထောက်အကူပြုရုံ ရည်ရွယ်ထားတဲ့ စာရင်း။

(၇)
သေခြင်းတရားဆိုတာ ဘာလဲ။ တချို့ကလည်း သေတတ်အောင် ပြင်ဆင်ထားကြတဲ့။ သေတာတောင်မှ နည်းနာတွေ လိုသေးသလားကွယ်။
ရှင်သန်ခြင်းမှာသာ ပြင်ဆင်မှု မရှိပဲ ရှင်သန်လို့ မရတာ။ သေခြင်းကတော့ ပြင်ဆင်မထားလည်း အမှတ်တမဲ့ ရောက်လာပြီး ဒီအတိုင်းပြီးသွားတာပဲ။ သူ့အထင်မှာတော့ သေတာထက်စာရင် ရှင်ရတာက အဆပေါင်းများစွာ ပိုခက်တယ်လို့ ထင်တယ်။ ရှင်နေတုန်းမှာပဲ ရှာဖွေရ၊ ရုန်းကန်ရ၊ အလုပ်လုပ်ရ၊ ကျောင်းတက်ရ၊ ငိုရ ယိုရ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရ၊ ပတ်ဝန်းကျင်က လက်ခံထားတဲ့ အပေါ်ယံ ဓလေ့ထုံးတမ်းတွေကို လိုက်နာရနဲ့။
ဒီကြားထဲ ကံကောင်းထောက်မစွာနဲ့ တခါတလေ ပျော်ရ၊ ပြုံးရရင်တောင် အဲဒါတွေက အကုသိုလ် ဘာညာနဲ့ အပြစ်ကင်းတဲ့ အပျော်မျက်လုံးလေးတွေကို သဲနဲ့လာပက်ကြသေးတယ်။ အသက်ရှင်နေတုန်းမှာ သဘာဝအလျောက် ပျော်ပါစေ တော့လား။
တချို့လူတွေ ရှိသေးတယ်။ သေခါနီးလူကို ဘဝကူးကောင်းအောင် ဆိုပြီး သေခါနီးမှာ ဟိုဟာတွေရွတ်ပေး၊ ဒီဟာတွေ ရွတ်ပေးနဲ့။ သူတွေးရင်း ရယ်ချင်လာတယ်။ အဲဒါက ဘာနဲ့ တူတုန်းဆိုတော့ တနှစ်လုံး ပေပေတေတေနဲ့ စာမလုပ်ခဲ့တဲ့ ကျောင်းသားတယောက်ကို စာမေးပွဲဖြေဖို့ နာရီပိုင်းအလိုမှ ဖုတ်ပူမီးတိုက် သင်ပေးနေတာနဲ့ တူတယ်လို့ သူတွေးမိတယ်။
သူစာရင်းထဲမှာ ဒီလို ချရေးလိုက်ပြန်တယ်။
သေဆုံးခြင်း
ကောင်းကျိုး(၂)
ရုန်းကန်စရာ မလိုတော့၊ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။

(၈)
ဒုက္ခဆိုတာ တကယ်တော့ ဒုက္ခမဟုတ်သေးဘူး။ ဒုက္ခမှန်းသိသွားမှသာ ဒုက္ခက ‘ဒုက္ခ’ဆိုပြီး တရားဝင် ဖြစ်သွားတာ။

လူတွေများ ကံဆိုးလိုက်ပုံက မွေးလာလို့ အရွယ်လေး နည်းနည်းရောက်လာတာနဲ့  လူတိုင်းသေရမယ်ဆိုတာကို သိလာကြတယ်။ ဒါပေမယ့် လူတွေရဲ့ အသိဥာဏ်က ရောဂါကိုသာ သိနိုင်စွမ်းရှိပြီး ဆေးကို မသိနိုင်တဲ့ အသိဥာဏ်မျိုး။ တနည်းအားဖြင့်တော့ ကိုယ့်ကိုယ်ကို သွေးပျက်အောင် နှိပ်စက်ရုံလောက် အသုံးတည့်တဲ့ အသိဥာဏ်မျိုး။ သူချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၃)
စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့။ ပြီးတော့ လူ့ဘဝက ရခဲတယ်တဲ့။ ဟုတ်ခဲ့ရင်တော့ ကော်တာပဲ။ လူသာပြန်မဖြစ်ခဲ့ရင် ဒုက္ခကို ဒုက္ခမှန်းမသိလို့၊ ခံစားနိုင်စွမ်းနိမ့်လို့ ဒုက္ခတချို့ဟာ ဒုက္ခမဟုတ်တော့။ ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့။

(၉)
တကယ်ဆို လူတိုင်းနီးပါးက အလုပ်လက်မဲ့ ဖြစ်နေသင့်တယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာလည်း သူတို့နိုင်ငံတွေမှာ အလုပ်လက်မဲ့ဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လာပြီ၊ ရာနှုန်းပြည့်နီးပါးဖြစ်အောင် ဆက်လက်ကြိုးစားမယ် ဘာညာနဲ့ အပြိုင်အဆိုင် ဂုဏ်ယူဝံ့ကြွားစွာ ကြေညာ နေသင့်တယ်။
အပြည့်အစုံ ပြောရရင်တော့ လူတွေဟာ အလုပ်လက်မဲ့ ဖြစ်နေတာနဲ့ တပြိုင်တည်းမှာပဲ စားစရာ သောက်စရာတွေ ဖူလုံနေပြီး လုပ်ချင်တာကိုပဲ စိတ်ကြိုက် လုပ်နေခွင့် ရသင့်တယ်လေ။

အဝတ်လျှော်စက်တွေ၊ အကြွေစေ့နဲ့ အအေးဗူးတွေ ဘာတွေ ရောင်းတဲ့ စက်တွေ၊ ခိုင်းစားစရာ စက်ရုပ်တွေကို ဘာလို့ တီထွင်ထားကြသလဲ။ ကြိုးစားပမ်းစားလည်း တီထွင်ရသေးတယ်။ စက်တွေကပဲ အလုပ်လုပ်ပြီး လူတွေက အေးအေးဆေးဆေး ကြိုက်ရာလုပ်နေနိုင်တဲ့ ဘဝမျိုးကို ရသင့်တယ်မဟုတ်လား။

ခုတော့ သတ္တဝါတွေအားလုံးထဲမှာ တပတ်ကိုခြောက်ရက်လောက် အချိန်တွေထဲမှာ အကျဉ်းကျနေတာဆိုလို့ လူဆိုတဲ့ ဥာဏ်ကြီးရှင်တွေပဲ ရှိတယ်။ အချိန်ဇယားနဲ့ အလုပ်လုပ်ရ၊ အချိန်ဇယားနဲ့ စားရ၊အိပ်ရ၊ အချိန်ဇယားနဲ့ ချစ်တင်းနှောရနဲ့။
အချိန်ဆိုတာကို လူတွေပဲ ပညတ်။ ပြီးတော့ အချိန်ထဲမှာ လူတွေပဲ အကျဉ်းကျ။ ဘာသာစကားတွေ၊ ပညာရပ်တွေ တီထွင်။ ပြီးတော့ အဲဒါတွေကို လေ့လာရ၊ သင်ရနဲ့ အကျဉ်းကျ။
ဒါနဲ့များ ခပ်တုံးတုံးငနဲတွေက သူ language ဘယ်နှစ်မျိုးတတ်သလေး ဘာလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ နှိပ်စက်ထားသလဲဆိုတာကို ဘုမသိ ဘမသိ လာကြွားကြသေးတယ်။

ပြီးတော့ လူတွေလေ့လာတယ် သိလာတယ်ဆိုတာကလည်း အဖြေတခုရတိုင်း မေးခွန်းတွေ ဆယ်ခုမက ထပ်ပေါ်လာတာမျိုး။ ဆက်ပြီး လိုက်ပေတော့ပဲ။
ဥပမာ ရှေးကလူတွေရဲ့ စိတ်ကူးယဉ်မှုကြောင့် မဆီမဆိုင် စာတွေကဗျာတွေထဲမှာ အချောင်နာမည်ရနေတဲ့ ‘လ’ ဆိုတဲ့ မစွမ်းမသန် အရန်ဂြိုလ်စဂြိုလ်န ကိုပဲကြည့်။
အစကတော့ ‘လ’ကို နတ်သားလိုလို၊ လင်းနေတဲ့ နတ်ဘုရားတပါးလိုလို လူတွေ ထင်နေကြတုန်းကတော့ အဟုတ်။နတ်သားတို့ နတ်ဘုရားတို့ဆိုတာကို သွားလေ့လာရင် ကျိန်စာသင့်သွားမယ် မဟုတ်လား။ ကြည့်ပါလား။ ‘လ’ က နတ်သားဖြစ်တယ် ဆိုတာကို မယုံသလို ဘာလိုလိုပြောမိခဲ့ကြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကိုးရာ က ကောင်တွေ အခုဆို အကုန်သေပြီလေ။ သေမှာပေါ့။ နှစ်ပေါင်း ရှစ်ရာကိုးရာ တောင် ရှိ…အဲလေ သွားစော်ကားတာကိုး။

အဲလိုယုံကြည်နေတုန်းကတော့ ယုံကြည်မှုဆိုတော့ ဘာမှ ဆန်းစစ်နေစရာ မလိုဘူးလေ။ အလုပ်မရှုပ်တော့ဘူး။ ဒါကြောင့်လည်း စာပေတွေ၊သီချင်းတွေ၊ကဗျာတွေက “ယုံကြည်ချက်နဲ့ အသက်ရှင်ကြဖို့” အာပေါက်အောင် တိုက်တွန်းနေကြတာ ဖြစ်မယ်။ တွေးရတောရ လေ့လာရတာတွေနဲ့ အလုပ်မရှုပ်စေချင်တဲ့ စေတနာတွေ ဖြစ်မှာပါ။

ခုတော့ နေရဲ့အရောင်နဲ့ တကိုယ်လုံးပြောင်နေတဲ့ အဲဒီ့ ‘လ’ စုတ် ‘လ’ ပဲ့က နတ်ဘုရား မဟုတ်ပဲ ဂြိုလ်ရံလဆိုတာလည်း သိသွားရော သူ့ရဲ့ structure တွေ geology တွေ လေ့လာရ၊ အပူချိန်တွေ လေ့လာရနဲ့ အလုပ်ကို ရှုပ်သွားတော့တာပဲ မဟုတ်လား။

သူ သေခြင်းရဲ့ ကောင်းကျိုးကို စဉ်းစားရင်းနဲ့ အတွေးနည်းနည်းချော်သွားတယ်။ သေခြင်းရဲ့ ကောင်းကျိုးနံပါတ် (၄) ကို သူဒီလို ချရေးလိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၄)
အချိန်ရဲ့ အကျဉ်းသားအဖြစ်က လွတ်မြောက်လာမယ်။ လိုက်လေ ဝေးလေဆိုတဲ့ အဖြစ်က လွတ်မယ်။ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၀)
“ဆရာ၊ ကျနော့်ရောဂါက ဘာရောဂါလဲ”

အဲလိုမေးသံတွေကို ကြားရင် သူအော်ရယ်လိုက်ချင်တယ်။ “ကိုယ့်လူရေ…ဆရာဝန်ကို သွားမေးမနေနဲ့။ ကျနော်ပြောပြမယ်။ ခင်ဗျားရဲ့ ရောဂါက မွေးဖွားခြင်း လို့ ခေါ်တယ်”

ဟုတ်တယ်လေ။ သတ္တဝါတိုင်းဟာ မွေးလာပြီးကတည်းက သေဖို့သေချာပြီးသား။ ရောဂါနာမည်ကို ဘယ်လိုတပ်တပ် သေမှာက သေမှာပဲ။

ဒါကြောင့် တချို့အူတူတူ လူတွေက သူ့ကို ထမင်းစားဖို့ အသက်ရှင်နေတာလား၊ အသက်ရှင်ဖို့ ထမင်းစားနေတာလား၊ ဘာအတွက် အသက်ရှင်နေတာလဲလို့ မေးလာတိုင်း သူကခပ်သွက်သွက် ပြန်ဖြေလေ့ရှိတယ်။

“ကျနော် သေဆုံးဖို့အတွက် အသက်ရှင်နေတာ”

သူအဲလိုဖြေလိုက်ရင် မေးခွန်းရှင်တွေ မျက်နှာပျက်သွားကြတာ များတယ်။ ထားပါတော့။ မမှုပါဘူး။ သူတို့ ဘယ်လိုပဲ မျက်နှာပျက်ပျက် သူ့ကို ထောက်ခံမယ့်သူတွေက ရှိနေတယ်လေ။

“ကိုမာ” ရပြီး ပိုက်တန်းလန်းတွေက ပေးတဲ့အသက်လေးနဲ့ ဆက်ရှင်နေရတဲ့သူတွေ၊ ရောဂါကျွမ်းမှု အရသာကို တငုံချင်း စိမ်ပြေနပြေ ခံစားနေရတဲ့သူတွေရဲ့ လိပ်ပြာကောင်ကြီးတွေက တောင်ပံတဝုန်းဝုန်းခတ်ပြီး သူ့ အဆိုကို ထောက်ခံကြလိမ့်မယ်။ သူတို့ ခန္ဓာကောင်ကြီးတွေဟာ သေဆုံးဖို့ တမျှော်မျှော်နဲ့ အသက်ရှင်နေကြရတယ်ဆိုတာ။

သူ့အတွေးတွေကို စာရင်းထဲ ထည့်ဖို့ ဘောင်ဝင်မဝင် သူစဉ်းစားလိုက်တယ်။ သိပ်တော့ ဘောင် မဝင်လှဘူး။ ဒါပေမယ့် လုပ်တတ်ကိုင်တတ်ရင် ဖြစ်ပါတယ်။

စာရင်းပုံစံခွက်ထဲမှာ သူလှည့်ပတ်ပြီး ထည့်လိုက်တယ်။
သေဆုံးခြင်း
ကောင်းကျိုး (၅)
ဘယ်လိုကြွေးကြော်ပြီး ရှင်သန်ရှင်သန် နောက်ဆုံးမှာ တူညီတာ တခုကတော့ မသေဆုံးခင်လေး ရှင်သန် နေကြရတာပါပဲ။ ဒီတော့ လူ့မသိစိတ်ထဲမှာ သေဆုံးခြင်းက နောက်ဆုံးပန်းတိုင်လို ဖြစ်နေတော့တာပေါ့။ ဒါကြောင့်လည်း သေမှာ (တနည်းအားဖြင့်) ကိုယ့်အတ္တလေး မရှိတော့မှာကို အရမ်း ကြောက်နေကြတာ။ တကယ်ဆိုရင်တော့ ပန်းတိုင်ကို မရောက်မှာသာ စိတ်ပူရရိုး ထုံးစံ ရှိတယ်လေ။ ပန်းတိုင်ကို မြန်မြန်ရောက်မယ့်ကိစ္စမျိုးဆိုရင် လက်ခမောင်း ထခတ်သင့်တာပေါ့။
သြော်…နောက်အားသာချက်တခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၁)
တကယ်ဆိုတော့ သေတယ်ဆိုတာ အရေးကြီးတဲ့ တာဝန် တခုကို ထမ်းဆောင်တာလို့လည်း ပြောလို့ရသေးတယ်။

ဥပမာ ကမ္ဘာပေါ်မှာ မသေဆေးတမျိုး ပေါ်လာတယ် ဆိုပါစို့။ သွားပြီ။ ကမ္ဘာကြီးတော့ ကမ္ဘာဖြစ်ရှုံးပြီ။ အကြီးအကျယ် ဒုက္ခရောက်ပြီ။ လူတွေ အကုန်လုံး မသေဖို့ ဆိုတာက မွေးဖွားခြင်း မရှိမှ ဖြစ်နိုင်မယ်မဟုတ်လား။ နို့မို့ဆို ကမ္ဘာကြီးမှာ လူတွေအကုန်လုံး ပြည့်ညပ် နေမှာပေါ့။ အခြေချစရာနေရာတွေ၊ အရင်းအမြစ်တွေ မလုံမလောက်ဖြစ်လိမ့်မယ်။

သေဆုံးခြင်း မရှိဘူးဆိုပါတော့။ ကုလို့မပျောက်နိုင်တဲ့ ရောဂါတခုခု အပြင်းအထန်ခံစားနေရတဲ့လူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ ထောင်နှစ်၁၀၀ မက ကျနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ စိတ်ဓာတ်တွေ ငရဲပြည်ရဲ့ ဟိုးမြေအောက်ခန်းထဲအထိ ကျဆင်းနေတဲ့သူတွေ အတွက်လည်း တခုတည်းသော လွတ်လမ်းလေး မရှိတော့။ မွေးဖွားခြင်း မရှိတော့ တနေ့လာလည်း ဒီမျက်နှာ….တနေ့လာလည်း ဒီမျက်နှာ! မေးလိုက်ရင် အသက်က ၁၆၀၀၊ အသက်က ၂၇၀၀! လူအိုတွေချည်း။ ဟား! တော်တော် စိတ်ပျက်စရာ ကောင်းမှာပဲ။

ပြီးတော့ နှစ် ၁၀၀၀ နေလည်း ဒီလူတွေ၊ နှစ် ၂၀၀၀ နေလည်း ဒီလူတွေချည်းဆို ဒီလူ ဒီအိုင်ဒီယာ ဒီအတွေးအခေါ်တွေနဲ့ပဲ ကမ္ဘာကြီး ရပ်တန့်သွားလိမ့်မယ်။

ဒီတော့ ကိုယ့်ကိုယ်ကို ခြွေချခြင်းနဲ့ စောစော တာဝန်ထမ်းဆောင်သင့်တယ်လို့ သူတွေးလိုက်မိတယ်။

ဒါနဲ့ပဲ…ဆရာသမား တယောက် website မှာ ရေးထားတဲ့ လေသံကို သူအတုခိုးလိုက်ပြီး သူ့စာရင်းထဲမှာ ဒီလို ချရေးလိုက်တယ်။

သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၆)
မျိုးဆက်သစ်များအားလုံး ဝမ်းသာတော့။
လူတယောက် လူ့လောကမှ စောစောစီးစီး နေရာဖယ်ပေးခြင်းအားဖြင့် လောက တာဝန်ထမ်းဆောင်ရန် စဉ်းစားနေပြီ။ ထိုသူကား အခြားမဟုတ်။ မိမိကိုယ်တိုင်ပင် ဖြစ်တော့သည်။

သြော်… နောက်ထပ်ကောင်းကျိုးတခုကတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၂)
စဉ်းစားရင်း စဉ်းစားရင်းနဲ့ စီမံကိန်း တသီတတန်းနဲ့ အသားတုံးကြီး တခုအကြောင်း သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ အဲဒီ့အသားတုံးကြီးက အရာရာကို အချိန်အတိအကျနဲ့ စီမံအကွက်ချပြီးမှ လုပ်တတ်တဲ့သူ။ အိမ်သာတက်ရင်က အစ အချိန်အလကား မကုန်ရအောင် ဖတ်စရာ စာအုပ်တွေ တအုပ်ပြီး တအုပ် အမြဲပြင်ထားတတ်တယ်။ လုပ်ငန်းတခု လုပ်တော့မယ်ဆိုရင်လည်း အာကာသဒုံးပျံ တစင်း လွှတ်တော့မယ့် အတိုင်း အချိန်ကို သေချာ တွက်ချက် ပြင်ဆင်ပြီး ကွက်တိဖြစ်အောင် လုပ်လေ့ရှိတယ်။ သေခြင်းတရားဆိုတာ နီးနီးလေး ဆိုတာကိုလည်း အဲဒီ့လူက သတိရှိလိုက်သေးတယ်။ နောက်တော့ အဲဒီ့လူ လုပ်ရမယ့် အလုပ်သစ်တခုက တနှစ်ကျော်လောက်ကြာမှာ။ အဲဒါနဲ့ အဲဒီ့လူက သေချာချင်တဲ့သူဆိုတော့ လုံလောက်တဲ့ ကျန်းမာရေး ရှိမရှိ သိအောင်လို့ ဆေးသွားစစ်တယ်။ ဆေးစစ်ချက် အရ ဘာရောဂါမှ မရှိဘူးတဲ့။ လုပ်ငန်းစလုပ်လို့ ရပြီပေါ့။ ဒါပေမယ့် ဆေးစစ်ချက်ယူပြီး ပြန်အလာ လမ်းဖြတ်အကူးမှာ ကားတိုက်ခံလိုက်ရပြီး ပွဲချင်းပြီး သေသွားတော့တယ်။

လက်ရှိ သူစဉ်းစားနေတဲ့အကြောင်းအရာအရ… အဲဒီ့လူရုတ်တရက်သေတာကို သံဝေဂ ရရမယ့်အစား အဲဒီ့လူ ကိုယ့်plan လေးနဲ့ကိုယ် မသေနိုင်တာကိုပဲ သူက သံဝေဂရနေတယ်။ မဖြစ်ဘူး။ အချိန်ရှိတုန်း မြန်မြန်ဆုံးဖြတ်ပြီး လုပ်မှ!

ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင်ဟာ ကိုယ်တိုင် ဖြစ်သင့်တယ်လို့ လူတွေ ပြောပြောနေကြတယ် မို့လား။ ခရစ်တော်က အိပ်ဖို့ ခေါ်တဲ့အထိ၊ အလ္လာက အမိန့်ပေးတဲ့ အထိ၊ ကံကြမ္မာဆိုတဲ့ ရှုပ်ထွေးထွေး အစုအဝေးကြီးက ‘ဟေ့ယောင်..မင်းသေတော့’လို့ အလိုက်သိတဲ့ အထိ ဘာလို့ စောင့်နေရမှာလဲ။

“ငါသာလျှင် ငါ့ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်ရမယ်ဟေ့” …သူယောင်ပြီး ကြွေးကြော်လိုက်တယ်။

ကိုယ်ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ အဆင်ပြေမယ့်နည်းနဲ့ ကြွေကျပစ်ရမယ်။ တခြားလူတွေကတော့ မေးချင်ကြပါလိမ့်မယ်။ သေခြင်းနဲ့ ပတ်သတ်ပြီး ကိုယ့်ကြမ္မာကိုယ် မပြဌာန်းရတော့ကော ဘာဖြစ်မှာ မို့လို့တုန်းလို့။

အဲလို သူ့ကိုမေးလာရင်တော့ မေးလာတဲ့သူတွေကို ဒုံးဝေးရန်ကော ဆိုတဲ့ အကြည့်နဲ့ သူကြည့်မိမှာ အသေအချာပါပဲ။ ဟုတ်တယ်လေ။ ပျမ်းမျှခြင်း ဥပဒေသနဲ့ တွက်ကြည့်ရင် လူတွေဟာ ဘောလုံးပွဲ ကြည့်နေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ စုံတွဲ ချစ်တင်းနှောနေတုန်း နှလုံးခုန် ရပ်ပြီး သေနိုင်ချေ၊ သူများမင်္ဂလာဆောင် (ဒါမှမဟုတ်) မွေးနေ့ တခုခုထဲမှာ အမင်္ဂလာကောင် ဆန်ဆန် ဂွတီးဂွကျ သွားသေနိုင်ချေ၊ ဒါမှမဟုတ်လည်း တယောက်တည်း အခန်းထဲမှာ သော့ခတ်ပြီးနေနေတုန်း သေသွားတာ ရက်ကြာသွားမှ ဘေးခန်းတွေက အပုပ်နံ့ရပြီး သိသွားတာမျိုးဖြစ်နိုင်ချေ…အဲဒါတွေက လူတသောင်းမှာ တယောက်လောက်တော့ ကြုံရနိုင်ချေ ရှိတာပဲ။ ထီပေါက်နိုင်ချေထက်တောင် ပိုများသေးတယ်။ အဲလိုသာ သေသွားရင် ခပ်နနကောင်တွေရဲ့ ပါးစပ်ဖျားမှာ ခင်ဗျား အထူးအဆန်း မသာကောင်ဖြစ်ပြီး ခင်ဗျားတော့သွားပြီ။

သူချရေးလိုက်ပြန်တယ်။

သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ကောင်းကျိုး (၇)
ငါသာလျှင် ငါ့ကြမ္မာ၏ အရှင်သခင် ဖြစ်သင့်သည်။ တော်ကြာ ဘုရားသခင်က ကိုယ့်နောက်ဆုံးအချိန်မှာ ပေါက်ပေါက်ရှာရှာ ကျီစားနေမှဖြင့်….
နောက်ထပ်ကောင်းကျိုးတခုက ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကို ဂရုစိုက်စရာ မလိုတော့။

(၁၃)
သူ့နာမည်ကပဲ စီးနေလို့လား။ သူ့စာရင်းကို ပြန်ကြည့်လိုက်တော့ ကောင်းကျိုးတွေချည်း ခုနစ်ခု ဖြစ်နေတယ်။ ဆိုးကျိုးက တချက်မှ မရှိသေးဘူး။

သူ့စာရင်းကိုသူ တချက် ပြန်ဖတ်ကြည့်ရင်းနဲ့ “ကောင်းကျိုး (၃)… စောက်သုံးမကျတဲ့ တဝက်တပျက် အသိဥာဏ်တွေ မရှိတော့” ဆိုတာ အရောက် မှာ သူတခုတွေးမိလိုက်ပြန်တယ်။ အဲဒီ့ တဝက်တပျက် အသိဥာဏ် ဆိုတာကြီးကလည်း လူနဲ့ အမြဲကပ်နေတာမျိုး မဟုတ်ဘူးဗျ။ စိတ်လှုပ်ရှားတဲ့ အခိုက်အတန့်တခုခုမှာ ကိုယ့်ဆီကနေ ကိုယ့်ဦးနှောက်ကြီးက ထွက်ပြေးသွားတတ်တယ်။ ဥပမာ ပရိသတ်ရှေ့ထပြော ခါနီးမှာ အကုန်မေ့သွားတာမျိုး။ ဒါမှမဟုတ် ဒေါသထွက်နေတဲ့ အချိန်မှာ အသိဥာဏ်လွတ်ပြီး လုပ်မိသွားတာမျိုး။ အဲဒါနဲ့ ဆက်စပ်ပြီး တလောက သူဖတ်ဖူးလိုက်တဲ့ ဆောင်းပါး တပုဒ်ကို ဝိုးတဝါး အမှတ်ရလိုက်တယ်။ စုံတွဲတွေ ချစ်တင်းနှောနေတဲ့ အချိန်မှာ အမျိုးသမီးတွေရဲ့ လက်တွေ မြောက်တက်သွားတာ၊ အော်တာတွေဟာ အဲဒီ့အချိန်မှာ အဲဒီ့အမျိုးသမီးရဲ့ ဦးနှောက်က စဉ်းစားတွေးခေါ်တဲ့ တချို့အစိတ်အပိုင်းတွေ အလုပ်မလုပ်တော့လို့တဲ့။ အမျိုးသားတွေလည်း အတူတူပဲ။ အထူးအဆန်းတော့လည်း မဟုတ်ပါဘူးလေ။ အဲလိုအချိန်မှာ အတွေးနက်နေဖို့လည်း လိုမှ မလိုတာ။

ဘယ်လောက်ကြီးကျယ် မြင့်မြတ်တဲ့ ပညာရှင်ကြီးတွေ၊ ပုဂ္ဂိုလ်ကြီးတွေ၊ က္ကုနြေ္ဒရှင်ကြီးတွေပဲ ဖြစ်ပါစေ ဘဝမှာ ကိုယ့်ဦးနှောက် ကိုယ့်ဆီက ထွက်ပြေးသွားတာမျိုး ကြုံခဲ့ဖူးမှာပဲ။ အဲဒါမျိုးက အဆိုးလို့သတ်မှတ်ထားတဲ့ စိတ်လှုပ်ရှားချိန်မျိုးမှ ဖြစ်တာတော့ မဟုတ်ဘူး၊ ကုသိုလ်လို့ထင်ရတဲ့ စိတ်ခံစားမှု အခိုက်အတန့်တွေမှာလည်း ဖြစ်နိုင်တယ်။ ဥပမာ တခုခုမှာ ယုံကြည်မှု လွန်ကဲတာမျိုး ပေါ့ဗျာ။ အလွယ်ဆုံး ဥပမာ ပေးရရင်တော့ဗျာ တိရစ္ဆာန်တွေနဲ့ လူတွေ စကားပြောတယ်ဆိုတာကို သာမန်အခြေအနေ ဆိုရင် တယောက်မှ ယုံကြမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက် ရောက်သွားတော့ အဲဒါကို ဒဲ့ယုံတဲ့သူတွေလည်း လောကမှာ မနည်းဘူး။

ဘာသာရေးဆိုမှ သူ့သေခြင်းနဲ့ ပတ်သတ်တဲ့ ကောင်းကျိုးဆိုးကျိုး စာရင်းထဲမှာ ဘာသာရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာ မပါသေးတာကို သူသတိရသွားတယ်။ ဒါက ချန်ခဲ့လို့ မဖြစ်တဲ့ အရာပဲ။ တကယ်တော့ ဘာသာရေးတွေ ပေါ်လာတဲ့အကြောင်းတရားထဲမှာ သေခြင်းကလည်း မင်းသားတယောက်ပါပဲ။

(၁၄)
သူ့အတွေးအခေါ်တွေက တိတ္ထိဆန်မှုတွေနဲ့ ဖူးပွင့်ဝေဆာတယ်။ တကယ်တော့ အကြောင်းအကျိုးမပြနိုင်သေးတဲ့ ပဟေဠိ အကောက်အကွေ့တွေကို လူတွေက ဘာသာရေးဆိုတဲ့ စင်တခုခုပေါ် တင်ပြီး ပသ နေကြတာပဲလို့ သူက ယူဆထားတယ်။ ဘန်ကောက်သွားတုန်းကလို စတိုးဆိုင် တဆိုင်ရှေ့ အရောက်မှာ ဆိုင်တံခါး အလိုအလျောက် ပွင့်သွားတာကိုသာ ကျောက်ခေတ်လူသား တယောက် ရုတ်တရက် မြင်သွားမယ်ဆိုရင် အီလက်ထရွန်းနစ် စနစ်မှန်း သိမှာ မဟုတ်ဘူး။ သူ့ကို နတ်ဘုရား တပါးလို့ထင်သွားပြီး ကိုးကွယ်မှာ သေချာတယ်။

သူက ဘုရားသခင်တွေကို မယုံကြည်တဲ့သူဆိုတော့ သူထာဝရငရဲမှာများ ကျနေမလား။ သူ စဉ်းစားကြည့်လိုက်တယ်။
“ထားပါတော့။ ခင်ဗျားကို ကျနော်က မသိဘူး၊ မသိလို့ မယုံဘူးဆိုပါတော့။ အဲလို ခင်ဗျားကို မသိရုံ၊ မယုံရုံလေးနဲ့ ခင်ဗျားက ကျနော့်ကို နှိပ်စက်ညှဉ်းပန်းမယ် ဆိုရင် ခင်ဗျားတအား ကလေးဆန်တာပေါ့။ ဘုရားသခင်က အဲလို ကလေးဆန်ဆန် လူဆိုးကြီး ဟုတ်ပါ့မလား” လို့သူ အတွေးဝင်လာတယ်။
ပြီးတော့ မီးတွေ ရေတွေနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်မယ် ဆိုတာကရော။ အာဏာရှင်တွေ လူတသိန်းလောက်ကို အစုလိုက် အပြုံလိုက် သတ်ရင်တောင် holocaust ဆိုတဲ့ ရာဇဝတ်မှု မြောက်သေးတာ။ ဘုရားသခင်က အဲလို ရာဇဝတ်ကောင် ဆန်ပါ့မလား။ တွေးရင်းနဲ့ သူ့စိတ်သက်သာသလိုလို ရှိသွားတယ်။

တကယ်လို့ ဘုရားသခင်ရှိနေရင်တောင် စာအုပ်ထဲက ဘုရားသခင်တွေနဲ့ တူမှာမဟုတ်ဘူး။ ဘုရားသခင် အစစ်ကြီး လူ့ပြည်ကိုဆင်းလာရင် လူတွေက သူတို့ထင်တာနဲ့ မတူလို့ ဘုရားသခင်အဖြစ် လက်မခံပဲ လိမ်လည်မှုနဲ့ ဖမ်းတောင်ဖမ်းနိုင်တယ်လို့ သူက တွေးလိုက်သေးတယ်။

ငရဲနဲ့ နတ်ပြည် ဆိုတာကိုတော့ သူက စံပယ်နံ့နဲ့ ညှော်နံ့ တပြိုင်တည်းသင်းနေတဲ့ ဝတ္ထုလို့ပဲ ယူဆတယ်။ ဝတ္ထုဆိုတဲ့သဘောက လက်တွေ့သိထားတာတွေကို စိတ်ကူးတွေရွှဲနေအောင် ထပ်လောင်းပြီး ရေးလေ့ရှိကြတယ် မဟုတ်လား။ ငရဲပြည်ရဲ့ နည်းပညာအဆင့်အတန်းကို ကြည့်လိုက်။ မစင်ဘင်ပုပ်တွင်းကြီးတွေ၊ မီးခဲတွေ၊ ပြာပူတွေ၊ အားလုံး လူ့ပြည်မှာ ရှိပြီးသား ဟာတွေချည်းပဲ။ လျှပ်စစ်ဓာတ်တို့ပြီး နှိပ်စက်နည်းတို့ ဘာတို့ကျ မပါတော့ဘူး။ ဘယ်ပါမတုန်း။ ကျမ်းတွေရေးတဲ့ ခေတ်က လျှပ်စစ်ဓာတ်မှ မပေါ်သေးတာ။ ခုခေတ်လူ့ပြည်က ထောင်တွေကတော့ ငရဲပြည်ထက် အဆင့်မြင့်တဲ့ နည်းပညာတွေကို သုံးနိုင်လို့ ကြံဖန် ဂုဏ်ယူနေကြမလား မသိ။

သူ့စိတ်ထဲက တိတ္ထိကောင်ရေ ကုဋေကုဋာ အားနဲ့ အတွေးအင်ဂျင်က ဒီတင် မရပ်သေးဘူး။ ကမ္ဘာမပျက်ခင်မှာ ပွင့်မယ့် ဘုရားရှင်အကြောင်း ရှေးက ကျမ်းပြုသူတွေ ရေးထားတာ ကိုလည်းတွေးကြည့်တယ်။ ယာဉ်ရထားတွေက ဆင်မင်း ၇,၀၀၀ မြင်း ၁,၀၀၀ နဲ့မောင်းနှင်မယ့် ရထားယာဉ်တော် ခုနစ်ရာတဲ့။ ပဒေသရာဇ်ခေတ်ရဲ့ အကောင်းဆုံးယာဉ်တွေကို ကြည့်ပြီး ရေးလိုက်တာ ဖြစ်ရမယ်။ တကယ်ဆို ကမ္ဘာမပျက်ခင်မို့လို့ ယာဉ်တွေက ခေတ်မီယာဉ်တွေပဲ ဖြစ်သင့်တာပေါ့။ ကမ္ဘာမပျက်ခင်မှာကိုပဲ လူတွေ ဟိုးကျောက်ခေတ်ကနေ evolution နဲ့ ပြန်စရမယ်ဆိုရင်တော့လည်း မသိဘူးပေါ့။

မြေကြီးအောက်မှာ ငရဲ၊ မိုးပေါ်မှာ ကောင်းကင်ဘုံဆိုတဲ့ အယူအဆတွေကလည်း ကမ္ဘာကြီးကို အုပ်စောင်းအောက်က နံပြားလိုလို ဘာလိုလို ယူဆထားတဲ့ ခေတ်က အတွေးအခေါ် တွေပဲလို့ သူက တွေးသေးတယ်။ အုပ်စောင်းဆိုတဲ့ မိုးကုပ်စက်ဝိုင်းထဲက အမြင့်တနေရာရာမှာ ကောင်းကင်ဘုံကြီး ရှိမယ်။ နံပြားအောက်မှာ မဟာမြေထုကြီး ရှိပြီး မြေထုကြီးအောက်မှာ ငရဲတွေရှိမယ် ဆိုတဲ့ အတွေးမျိုးပေါ့။

သူ့ အနေနဲ့ အံ့သြမိတာကတော့ ရှေးတုန်းက ကျမ်းပြုဆရာတွေက ငရဲတွေ၊ ကောင်းကင်ဘုံတွေရဲ့ ပထဝီဝင်ကိုကျတော့ ရေးပြီးတော့ ကမ္ဘာပေါ်ကတခြားဒေသတွေရဲ့ ပထဝီဝင်တွေ၊ တခြားဒေသက လူတွေရဲ့ အကြောင်းကိုကျတော့ ဘာလို့ မပြောကြတာတုန်းလို့ စဉ်းစားဖူးတယ်။ သူ့အဖေ ကိုလည်း မေးကြည့်ဖူးတယ်။ ကမ္ဘာ့ပထဝီဝင်က တရားရကြောင်း ငြိမ်းချမ်းကြောင်းတွေ မဟုတ်လို့ မဟောခဲ့တာ နေမှာပေါ့တဲ့။ ဒါဆို ဖွဲ့စည်းပုံမှားနေတဲ့ စကြဝဠာ အကြောင်းတွေ၊ တောင်မဟုတ်တဲ့တောင် တွေရဲ့ ပထဝီဝင်တွေကို ကျတော့ တရားရကြောင်းလည်း မဟုတ်ပဲနဲ့ ဘာလို့ ဘာသာရေးဆရာ တွေက ရေးခဲ့ကြသလဲလို့ သူကထပ်မေးလိုက်တော့ သူ့အဖေက သိပ်မတွေးနဲ့တဲ့။ တွေးနေလို့ ဘာမှဖြစ်မလာဘူးတဲ့။ သူကတော့ အဲလို မထင်ဘူး။ နမူနာ ယူစရာ စံ ဖြစ်တဲ့ ဘုရားတောင် ဘုရားဖြစ်အောင် တောထွက်ဖို့ အတွေးတွေကနေ စခဲ့ရတာမဟုတ်လား။

သူ့အတွက်တော့ ဘာသာရေးတွေဟာ ကရုဏာနံ့နဲ့ထုံတဲ့ နိမိတ်ပုံတွေထက် ဘာမှ မပိုဘူး။ အဲဒါကို ဘယ်သူ့ကိုမှလည်း သူပြောမပြဖြစ်ဘူး။ လူတချို့ကလည်း မလွယ်ဘူးမို့လား။ ဘုရားရှင်ကိုယ်တိုင် ပြန်ကြွလာပြီး သူ မဟောခဲ့တာ တချို့တွေကို မဟောခဲ့ကြောင်း လာထောက်ပြရင်တောင် လူတွေက သူတို့ လှေနံဓားထစ် လက်ခံထားတာတွေနဲ့ မတူလို့ ဓမ္မန္တရယ်လို့ သတ်မှတ်ချင် သတ်မှတ်နေကြမှာ။

“ပဒေသရာဇ်ခေတ်ရဲ့ အနုပညာတွေကပဲ ပြောင်မြောက်လွန်းခဲ့သလား။ မလိမ်ဖို့ ဆုံးမနေကြတဲ့ အရာတွေ ကိုယ်၌မှာ ဘာလို့မုသားဖြူတွေ ပါနေရတာလဲ။ နိမိတ်ပုံတွေနဲ့ ပညာပေးတာကို ဒဲ့ယူလိုက်သည်အထိ ငါတို့တွေကပဲ တုံးနေကြပြီလား။ အိုင်တီခေတ်က လူတွေတော့ ပဒေသရာဇ်ခေတ်က မှော်အောင်သူတွေရဲ့ ပညာပြမှုကို ရေရေလည်လည် ခံနေရပြီ။ လူ့ဦးနှောက်တွေဟာ ဘာလို့ ထင်ယောင်ထင်မှားဘက်မှာ ပိုသန်နေကြတာလဲ။ ဘီလူးအရိုးစုတွေကို လိုက်မရှာကြတာကပဲ တော်သေးတယ်။”

“အတင်းအကြပ် ယုံကြည်ခိုင်းမှု ဆိုတာကတော့ ကြောက်စရာအကောင်းဆုံး အာဏာရှင် စနစ်ပါပဲ။ လူတွေဟာ သူတို့မလုပ်ချင်တဲ့ ဟမ္မူရာဘီ ကိုဓဥပဒေကိုတော့ သဘာဝတရားကြီးအား အတင်းအကြပ် တာဝန်လွှဲအပ်ခဲ့ပြီ။ ငါ့စိတ်ထဲမှာ သဘာဝအလျောက် ပေါ်လာတဲ့ လောဂျစ်ဆန်ဆန် ဂျစ်ကန်ကန် အတွေးတွေက စော်ကားလိုစိတ် မပါလည်းပဲ ငရဲဝင်ခွင့်တွေလား။ ပဒေသရာဇ်ခေတ်က မိုင်းဗုံးတွေကို ငါတို့ ဘယ်လိုရှင်းကြမလဲ။”

“မိရိုးဖလာအဆင့်နဲ့ ကျေနပ်မနေနဲ့လို့ ဆုံးမခဲ့သူတွေကို ငါမုန်းချင်တယ်။ ပိုဖတ်ဖြစ်လို့ ပိုသိလာမှ သံသယတွေ ပိုကြံ့ခိုင်လာခဲ့တာလေ။ ခုတော့ ကိုယ့်ကိုယ်ကို လှည့်ဖျားမှုအတတ်ကို ငါလုံးလုံးဆုံးရှုံးခဲ့ပြီ” သူ့အတွေးတွေကို ကြောက်စိတ်က ဘရိတ်လာအုပ်လို့ တပိုင်းတစနဲ့ ရပ်သွားတယ်။

သူ့အတွေးတွေကို သူတောင် ပြန်လန့်နေတာမို့ လူက ထိုင်နေပေမယ့် စိတ်က နပန်းသမားတယောက်လို ရုန်းကန်နေရတယ်။ ကိုယ့်ငယ်ငယ်က အစွဲကို ကိုယ်ပြန်ဖျောက်ဖျက်ပစ်ဖို့ ဆိုတာက ကိုယ့်ဂိုးကိုယ် ပြန်သွင်းရမယ့် ပယ်နယ်တီ တလုံးလိုပဲ။ ခုတော့ ကောင်းကင်ပေါ်က လက်တံတချောင်း ထွက်လာပြီး သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးနေသယောင် ခံစားနေရတယ်။ အရပ်ရှစ်မျက်နှာ မှာလည်း လက်ညှိုးတွေ..လက်ညှိုးတွေ၊ နောက်ဆုံး လမ်းလျှောက်ရင်တောင် မြေကြီးပေါ်ကနေ သူ့ကို ထိုးတဲ့ လက်ညှိုးတွေ ထွက်ထွက်လာတာမို့ မနင်းမိအောင် မနည်းရှောင်နေရတယ်။ အင်္ဂုလိမာလရေ…မြန်မြန်လာကယ်ပါတော့။

ဇောချွေးတွေကိုသုတ်ပြီး သူချရေးလိုက်ပြန်တယ်။

သေဆုံးခြင်း
ကောင်းကျိုး (၈)
သူများယုံကြည်တိုင်း လိုက်ယုံကြည်ရန် မလိုတော့။ လူအုပ်ကြီးထဲမှာနေရင်းနဲ့ အထီးမကျန်တော့။ အမြင်မတူယုံနဲ့ ထိုးလာမယ့် လက်ညှိုးတွေ မရှိတော့။
ပြီးတော့ ပတ်ဝန်းကျင်တွေ ဓလေ့ထုံးတမ်းတွေကိုလည်း ဂရုစိုက်စရာ မလိုတော့၊

(၁၅)
အခုဆိုရင် သူ့ဘက်မှာ ဆွဲချ ရှစ်ဖော်တောင် ရှိလာပြီမို့ သူ့ရင်ခုန်သံတွေ နည်းနည်းမြန်လာတယ်။ ထွက်ပေါက်ကနေ သူရင်ကော့ပြီး ထွက်သွားဖို့ ပြင်လိုက်ပြီးမှ တစုံတရာကိုတွေးမိပြီး သူခေါင်းငိုက်စိုက် ကျသွားပြန်တယ်။

“တကယ်လို့ ခင်ဗျားဟာ မိုးကြိုးပစ်ခံရပြီး သေမယ်ဆိုပါတော့။ တချို့က ခင်ဗျားကို မိဘကို စော်ကားထားလို့လို့ သမုတ်ကြလိမ့်မယ်။ တကယ်တော့ မိုးကြိုးပစ်ခံရပြီး သေတဲ့လူနဲ့ ကားတိုက်ပြီး သေတဲ့လူက အတူတူပါပဲ။ ထီ ဆုကြီးပေါက်တဲ့လူနဲ့ ဆုသေးပေါက်တဲ့လူလောက်ပဲ ကွာတယ်။”

“ခင်ဗျား ဝရဇိန်လက်နက် မှန်ပြီး သေသွားလို့ အဲလို သမုတ်ခံရရင်လည်း ကိစ္စမရှိပါဘူး။ ခင်ဗျားအနေနဲ့ သေရာကနေ ကုန်းရုန်းထပြီးတော့ သမုတ်တဲ့သူရဲ့ အိပ်မက်ထဲ ဝင်ပြီး ဒီလိုဆို သစ်ပင်တွေလည်း မိဘကို စော်ကားလို့ပေါ့နော်..ဘာညာနဲ့ ခင်ဗျားရဲ့ မသာရုပ်ကြီးအားကိုးနဲ့ ဖြဲချောက်ပစ်လိုက် လို့ရတယ်။ အဲဒီ့လူကို
နားရွက်ဆွဲပြီး မိုးကြိုးလွှဲတွေအကြောင်း ပြောပြလိုက်လို့လည်း ရသေးတယ်။ ဒါမှ လက်မခံသေးလည်း အဲဒီ့အကောင်ကို ဂုတ်သာ ချိုးပစ်လိုက်ပေတော့။”

“ကိုယ့်ကိုယ်ကို အဆုံးစီရင်ရတာ ကျတော့ အဲလိုမဟုတ်ဘူးဗျ။ ဘဝကို အရှုံးပေးသွားမှန်း ထင်ရှားတယ်။ suicide လုပ်တာကို do လို့တောင် မသုံးကြဘူး။ commit တဲ့။”

ကျန်ရစ်သူတွေက အခွင့်ကြုံတိုင်း သူ့ကို အရှုံးသမားတယောက်လို ပြော ပြော နေကြမှာကိုတော့ သူမလိုလားဘူး။ သူစိတ်ကူးယဉ်ထားတာက ဒီလို။ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ရင်တောင် ဘယ်သူကမှ သူအဆုံးစီရင်သွားမှန်း မရိပ်မိစေရဘူး။ သွေးရိုးသားရိုး accident တခုခုနဲ့ သေသွားတာ လို့ပဲ ထင်ခဲ့စေချင်တယ်။ ဖြစ်နိုင်ရင် စာရေးဆရာ မင်းဆွေ လိုမျိုး ရုတ်တရက်ပျောက်သွားတာမျိုးဆို ပိုသဘောကျတယ်။ မင်းဆွေက ဆေးလိပ်ဝယ်ဖို့ အိမ်ကနေ ထွက်သွားရင်း ပျောက်သွားတာလေ။

သူ ခဏခဏ မက်တဲ့ အိပ်မက်တခုရှိတယ်။ အိမ်ကို…အဘိုးတို့ဆီ အလည် သွားမယ်လို့ ညာပြော။ ပြီးတော့ ကိုယ့်ကို ဘယ်သူမှ မသိတဲ့ ကမ်းခြေမြို့တမြို့ကို တိတ်တိတ်ကလေး သွားပြီး လှေတစီး ငှားမယ်။ အင်း..ငှားတာက မဖြစ်နိုင်လောက်ဘူးထင်တယ်။ စပေါ်ပေးရတာက ကိစ္စမရှိဘူး။ မှတ်ပုံတင်တွေ ဘာတွေ ပြခိုင်းနေရင် ဒုက္ခ။ လှေကို အပိုင်ဝယ်လိုက်တာ အေးတယ်။ ပြီးတော့ ပင်လယ်ထဲကို လှေလေးနဲ့သွား။ ပင်လယ်ထဲရောက်တော့မှ ရေအောက်ကမ္ဘာထဲကို ခုန်ချ။ လှေကလေးကတော့ ဆက်မျောသွားမယ်။

သူ့အမေနဲ့ အဖေကတော့ သတင်းစာမှာ လူပျောက်ကြော်ညာ ထည့်ချင် ထည့်ကြလိမ့်မယ်။ “မောင်မရဏမင်း သည် အဘိုးအဘွားများရှိရာ မကွေးမြို့သို့ အလည်အပတ် သွားရောက်မည်ဟုပြောသွားကာ ပျောက်ဆုံး သွားပါသဖြင့်” …ဘာညာပေါ့။ သြော်… “မရဏမင်း” ဆိုတော့ ဘယ်သူမှ လိုက်ရှာရဲမယ်လို့လည်း မထင်ဘူး။ သူပြုံးရင်းနဲ့ ချရေးလိုက်တယ်။
သေဆုံးခြင်း (ကိုယ့်ကိုယ်ကို သတ်သေခြင်း)
ဆိုးကျိုး (၁)
ကိုယ့်ကိုယ်ကို သတ်သေမှန်းသိသွားရင် အရှုံးသမားလို့ သတ်မှတ်ကြလိမ့်မယ်။

(၁၆)
“ကိုကို”
နေခြည့်ပါးစပ်ဖျားမှာ သူ့နာမည် ပန်းလိုပွင့်ခဲ့တယ်။
“ပြော…နေခြည်”
နေခြည်နဲ့တွေ့တဲ့အချိန်ဆို သူ့ရင်တွေက ညိမ့်ညိမ့်လေး ခုန်လေ့ရှိတယ်။သူ့ရင်ခုန်သံ ညိမ့်ညိမ့်လေးကိုသာ ဂီတအဖြစ် ပြောင်းလဲပေးနိုင်မယ့် converter တခုရှိရင် ခေါင်းလောင်းသံ ချိုချိုလေးတွေ ထွက်မှာပဲ။
“မြတ်နိုးမှု” ဆိုတဲ့ ကျယ်ပြန့်တဲ့ လျှို့ဝှက်ခက်ဆစ်လေးကို ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း စကားပြောနေတဲ့ သူ့ကို နေခြည် ကြည့်တတ်ရင်တော့ မျက်လုံးတွေထဲမှာ လေးနက်တဲ့ အချစ်တွေ တူတူပုန်း နေတာကို တွေ့လိမ့်မယ်။ သူ့ဦးနှောက်ဟာ နေခြည်ဆိုတဲ့ ဖိုင်တွေနဲ့ ပြည့်နေတဲ့ ဖိုဒါပေါ့။
ဖြစ်နိုင်ရင် သူ့ရင်ထဲမှာ နေခြည်အေးအေးလေးနဲ့ ၂၄ နာရီလုံး လင်းချင်တယ်။

နေခြည်ဆိုတဲ့ သတ္တဝါမလေးဟာ သူ့စိတ်ကို နူးညံ့မှုတွေ အသာခြုံလွှမ်းပေးတဲ့ ကဗျာကုန်ကြမ်းလေးပါပဲ။ သူ့ရင်ထဲက အချစ်တွေကို ကဗျာယူနစ်နဲ့သာ တိုင်းမယ်ဆိုရင် အခုဆို ယူနစ် ၂၀ ကျော်နေလောက်ပြီ။

“ကိုကို…နေခြည် သွားတော့မယ်”
နေခြည့်ရဲ့ နှုတ်ဆက်သံလေးက သူ့အတွက် ‘ကဗျာတိုတပိုဒ်ရဲ့အပိတ်’ ဆိုရင် သူ့ကို စိတ်အာဟာရ ပေးလေ့ရှိတဲ့ မျက်နှာလေးကတော့ သူ့အတွက် ‘ကာဗိုဟိုက်ဒရိတ်’ ပေါ့။
ဒါပေမယ့် ကံဆိုးတယ်…သူရော နေခြည်ရော အရမ်း ကံဆိုးတယ်။

အကြောင်းကတော့ နေခြည်ဟာ သူ့မွေးစားညီမလေး ဖြစ်တဲ့အပြင် တဝမ်းကွဲ ညီမလေးမို့လို့ ပါပဲ။ နေခြည့်မိဘတွေက ဟိုးငယ်ငယ်လေးကတည်းက ဆုံးသွားလို့ သူ့အဖေနဲ့ အမေက မွေးစားထားတာ။

ဒါပေမယ့် သူ နေခြည်အပေါ် ထားတဲ့ အချစ်က ၅၂၈ မကပေမယ့် ၁၅၀၀ မီးတောက် အစစ်ကြီး မဟုတ်တာတော့ သေချာ ပါတယ်။ သူ့ရဲ့အချစ်ဟာ မြတ်နိုးခြင်းသက်သက်၊ အတူရှိနေလိုခြင်း သက်သက်၊ မေတ္တာနဲ့ မိုးပေးလိုခြင်း သက်သက်၊ တဘဝလုံး မျှဝေခံစားလိုခြင်း သက်သက် ၊ စောင့်ရှောက်ပေးလိုခြင်း သက်သက်တွေ ဆိုတာကို သူ အာမ ခံရဲပါတယ်။ ဒါပေမယ့် နေခြည် တခြားယောကျာ်းလေးတွေနဲ့ စကားပြောနေတာတွေ၊ ပြုံးပြ နှုတ်ဆက် တာမျိုးတွေကို သူမြင်သွားတဲ့အခါမျိုးတွေမှာ ဆိုရင်တော့ သူ့သောကတွေဟာ အနီရောင်ရင့်ပြီးတော့ မီးတောက်တွေလို ပွင့်ဖွာတတ်တယ်။

သူ့စိတ်ထဲမှာ အဲလိုစောက်သုံးမကျတဲ့ မိစ္ဆာသရဲသဘက်ကလေး ငယ်စဉ်ကတည်းက တဖြည်းဖြည်း ကြီးပြင်းလာတာကို သူသတိထားမိလိုက်တဲ့ အချိန်မှာတော့ နောက်ကျသွားပြီ။ အဲဒီ့ သရဲသဘက်လေးကို သူကြိုးစားသတ်ကြည့်ပေမယ့်လည်း သတ်လေလေ မကောင်းဆိုးဝါးကောင် လေးက ကြီးထွားလေလေ။ သူရည်းစားတွေ တယောက်ပြီး တယောက်ထားကြည့်တယ်။ မရဘူး။ နောက်ဆုံးတော့ အဲဒီ့ မင်စာ သရဲသဘက် လေးကို သူသတ်ဖို့ မကြိုးစားတော့ပဲ လက်ပိုက်ကြည့်နေလိုက်ရတော့တယ်။

ဘာပဲဖြစ်ဖြစ် အစပိုင်းမှာတော့ သူ့စိတ်သူ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အင်း…အဲဒါဆိုရင် သိပ်တော့မတိကျဘူး။ တကယ်က သူ့ အချစ်စိတ်တွေကို သူ မထိန်းချုပ်နိုင်ဘူး။ သူထိန်းချုပ်နိုင်တာက ကာယကံရယ်၊ ဝစီကံရယ်ပဲ။ နောက်တော့ နေခြည်က ကျော်ကျော်ဆိုတဲ့ ကောင်လေးနဲ့ ရည်းစားဖြစ်သွားတယ်။ သူအိမ်ကို တိုင်ဖို့ စဉ်းစားလိုက်သေးပေမယ့် နေခြည်ရည်းစားရသွားတာလည်း တမျိုးကောင်းတာပဲလို့ စဉ်းစားမိလို့ မတိုင်ဖြစ်တော့ဘူး။

ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေက နေခြည့်ကို လိမ်တတ်ပုံမရပါဘူး။ သူ့မျက်နှာပေါ်မှာ မကြာခဏ ကြေညာသွားမိတတ်တဲ့ မနာလိုမှု အထောက်အထား တွေရယ်၊ သူ့ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ မြတ်နိုးမှု အထောက်အထား ဓာတ်ပုံတွေရယ်၊ အကြောင်းမရှိ အကြောင်းရှာပြီး နေခြည့်အခန်းထဲ စကားသွားသွားပြီး ပြောသလိုမျိုး သံယောဇဉ်အထောက်အထားတွေရယ်၊ ဂရုစိုက်လွန်မှုတွေရယ်ကြောင့် နေခြည်လည်း တဖြည်းဖြည်းနဲ့ ရိပ်မိလာပြီလို့ သူထင်နေတယ်။

တရက်တော့ နေခြည့်အခန်းထဲကို စကားသွားပြောရင်းနဲ့ နေခြည့်စားပွဲပေါ်မှာ သော့ခတ်ထားနေကျ နေခြည့် ဒိုင်ယာရီစာအုပ်ကလေးကို သော့မခတ်ပဲနဲ့ တွေ့လိုက်ရတယ်။ ညကျတော့ သူ ဘယ်လို စိတ်ရူးပေါက်လာမှန်းမသိဘူး။ အဲဒီ့ ဒိုင်ယာရီစာအုပ်ကို ဖတ်ချင်စိတ် အရမ်းပြင်းပြလာတာနဲ့ နေခြည့်အခန်းဆီ သွားပြီး တံခါးကို အသာလေးဖွင့်ကြည့်လိုက်တယ်။ ဟင်! နေခြည်က ဂျက်ထိုးမထားဘူး။ အခန်းက မှောင်မဲနေတယ်။ သူ အခန်းဝက နေခြည့် စာကြည့်စားပွဲကို ဖြည်းဖြည်းချင်း စမ်းလိုက်တယ်။

“အမလေး။ ကိုကိုရေ…လူ…လူ”
ဟိုက်၊ နေခြည်နိုးသွားပြီ။ နေခြည်က တခုခုဆို သူ့ကိုပဲ တတတ်တယ်။ “ဟ။ နေခြည်…ငါပါဟ။ နင်ကလည်း ဒီအိမ်ထဲကို တခြား ဘယ်သူဝင်လို့ ရမှာတုန်း။ ငါ့စာအုပ် တအုပ်မတွေ့လို့ နင့်စားပွဲပေါ်မှာများ ကျန်ခဲ့သလားလို့ ငါလာရှာတာ”

တအိမ်လုံးနိုးလာပြီး နေခြည့်အခန်းဆီ ရောက်လာကြတယ်။ သူကတော့ စာအုပ်ရှာချင်ယောင် ခဏဆောင်လိုက်ပြီး မေးခွန်းထုတ်သလို မျက်လုံးတွေကို အပြင်ပန်းတည်ငြိမ်မှုနဲ့ ရင်ဆိုင်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေ ပြန်အိပ်ပျော် မပျော်တော့ မသိဘူး။ သူ့မျက်လုံးတွေကတော့ နောက်နေ့မနက်လင်းသည် အထိ တညလုံး နိုက်ဂျူတီ ဆင်းလိုက်ရတယ်။ သူ့အခန်းကျဉ်းလေးထဲမှာတော့ အတွေးပျက်အကောင်ပေါက်များ သွေးပျက်ကယောင်ခြောက်ခြားနဲ့ လမ်းသလားလို့။

ညနေက နေခြည့်အခန်းထဲကို သူ ဘာစာအုပ်မှ ယူမသွားခဲ့တာကိုတော့ သူနဲ့နေခြည် နှစ်ယောက်တည်းပဲ သိလိမ့်မယ်။

(၁၇)
ခုဆို သူ့စိတ်ဟာ သော့ခတ်ထားတုန်းပေမယ့်လည်း မလုံခြုံတော့ဘူး။ နေခြည်ကိုလည်း ရင်မဆိုင်ရဲတော့ဘူး ဖြစ်နေတယ်။ သူ့ဖောက်ပြန်နေတဲ့ စိတ်တွေကို အဖေနဲ့ အမေပါ တစွန်းတစ သိများ သိသွားပြီလား။

နောက်ဆုံးတော့…စိတ်အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား ရန်ကုန်မှာ သင်တန်းတွေ သွားတက်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် ရန်ကုန်မှာ သူသိပ်မကြာလိုက်ပါဘူး။ အမေဘက်က အဘိုး တောင်ကြီးမှာ ဆေးရုံလာတက်ရင်း ဆုံးသွားတာနဲ့ တောင်ကြီးကို သူခဏဆိုပြီး ပြန်လာခဲ့ရတယ်။ သူကတော့ ကြိုတင် မျှော်လင့်ပြီးသားဖြစ်တာရယ်၊ အဘိုးနောက်ဆုံးအချိန်တွေမှာ မတွေ့လိုက်ရတာရယ်ကြောင့် သိပ်မခံစားရပါဘူး။ နေခြည်ကတော့ တော်တော်နွမ်းနေပုံ ရတယ်။

(၁၈)
“ကိုကို…နေခြည်တို့ ရှုခင်းသာဘက် သွားရအောင်လေ။ ပြီးတော့ ဆိုင်ကယ်လျှောက်စီးရအောင်”

“အင်း၊ ကောင်းသားပဲ”

ရှုခင်းသာထဲက လေထုက သန့်ရှင်းလတ်ဆတ်နေပေမယ့် သူ့ရင်ထဲမှာတော့ ဘာလို့မှန်းမသိ နွမ်းဖတ်နေတယ်။
“နေခြည် …ကျော်ကျော်နဲ့ အခြေအနေရော”
“နေခြည်တို့ ပြတ်သွားကြပြီ ကိုကို”
“သြော်…သူကဖြတ်သွားတာလား”
“မဟုတ်ဘူး။ နေခြည်က ဖြတ်လိုက်တာ”
“ဟင်! ဘာဖြစ်လို့တုန်း”
“နေခြည် အစကတည်းက သူ့ကို တကယ် မချစ်ဘူးကိုကို”
“ဟာ! ဒါဆို အစကတည်းက မတွဲနဲ့ပေါ့။ ဘာလို့ တွဲနေသေးတုန်း”
“အဲဒီ့တုန်းကတော့ ကိုကိုရှိနေတာကိုး”
“ဘာ!!!” နေခြည့်စကားကြောင့် သူ ရှက်လည်းရှက် ဒေါသလည်း အရမ်းထွက်သွားတယ်။
“အဲဒါ ငါနဲ့ ဘာဆိုင်လို့တုန်း။ ငါက အဲလောက်တောင် ကြောက်စရာ ကောင်းနေပြီလား။ ငါ….ငါ….” သူဘာဆက်ပြောရမှန်း မသိတော့ဘူး။ “တောက်!” သူ့ကိုယ်သူ မုန်းတီးမှုနဲ့ သူ တောက်တချက် ခေါက်လိုက်တယ်။
“မဟုတ်ဘူးကိုကို…အဲလို မဟုတ်ဘူး” နေခြည့်မျက်နှာမှာ မျက်ရည်တွေ ရွှဲနေတယ်။ “နေခြည်ပြောချင်တာက နေခြည်” နေခြည့်စကားက ရပ်သွားတယ်။
“နေခြည်… ကိုကိုရေးလက်စ ကဗျာနှစ်ပုဒ်ကို ကိုကို့ ကွန်ပျူတာထဲကနေ ဖတ်ဖူးတယ် ကိုကို။ တပုဒ်က ကိုကို့ စိတ်ပဋိပက္ခတွေ အကြောင်း” နေခြည့်စကားက ရပ်သွားပြန်တယ်။ သူကတော့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းရှည် တချက် ချလိုက်တယ်။
“ကိုကို နေခြည့်ကို ချစ်နေတာကို သိလိုက်ရတယ်။ နေခြည်လည်း ကိုကို့ကို ချစ်မိနေပြီ ကိုကို။ ပြီးတော့ ကိုကို့လိုပဲ အပြစ်မကင်းတဲ့ စိတ်တွေ ခံစားနေရတယ်။ ဒါနဲ့ နေခြည်လည်း စိတ်များပြောင်းသွားမလားဆိုပြီး ကိုကျော့်အချစ်ကို လက်ခံလိုက်တာ” နေခြည်က ပြောရင်းနဲ့ ဆက်ငိုနေတုန်းပဲ။
“နေခြည်…မငိုနဲ့တော့လေ”
သူ နေခြည့် ဘယ်လက်လေးကို လှမ်းယူပြီးတော့ တယုတယ ဆုပ်ကိုင်ထားလိုက်တယ်။ ခဏနေတော့ နေခြည်က သူ့နားတိုးလာပြီးတော့ ခေါင်းလေးကို သူ့ပုခုံးပေါ် မီလိုက်တယ်။

(၁၉)
ဟား! သွားပြီ။
သူအမှတ်တမဲ့နဲ့ ခေါင်းကို ဘယ်ဘက်ကို လှည့်ပြီး ကြည့်လိုက်မိတော့ ဒေါက်တာ ဦးစံလွင်တို့။ နေခြည်ကတော့ မမြင်ဘူး။ သူကြည့်လိုက်တဲ့ အခါမှာ ဒေါက်တာ ဦးစံလွင်တို့က မျက်နှာလွှဲသွားကြတယ်။ သြော်…မြင်ပြီးမှတော့လည်း မထူးတော့ပါဘူး။
“နေခြည်…ကိုကိုတို့ သွားရအောင်လေ”
“ကိုကို…နေခြည် စုဠာမုဏိ ဘုရားသွားချင်တယ်။ ဘုရား သွားပြီး ဆုတောင်း ရအောင်နော်”
“အင်း…ကောင်းသားပဲ” သူကတော့ လောလောဆယ် ဒေါက်တာ ဦးစံလွင်တို့ သူနဲ့ နေခြည့်ကို မြင်သွားလို့ စိတ်ရှုပ်နေတယ်။ ပန်းခြံထဲကနေ အမြန်ခွာရရင် ပြီးရော။

(၂၀)
ဆိုင်ကယ်က ဘုရားဆီ ဦးတည်သွားနေပေမယ့် သူ့စိတ်ကတော့ အကုသိုလ်တွေ ပေါ်မှာ ကျက်စားနေတယ်။

“ဒီနေ့ အဖြစ်အပျက်တွေက မြန်လွန်းတယ်။ နေခြည်ကလည်း ငါ့ကို ချစ်သတဲ့။ ငါအကြီးအကျယ် မှားခဲ့ပြီထင်တယ်။ နေခြည့်ကို သွေးဆောင် ဖျားယောင်းခဲ့သလိုများ ဖြစ်ခဲ့ပြီလား။ တကယ်ဆို ငါက အကြီးပဲ။ အစစ အရာရာ ဆင်ခြင်သင့်တာပေါ့။ နေခြည်လေးလည်း စိတ်ပဋိပက္ခ ခံစားနေရ ရှာမှာပဲ။ ငါတို့ မောင်နှမ နှစ်ယောက်ရဲ့ မေတ္တာကို… လူမဆန်စွာ စိတ်ဖောက်ပြန်မှုလို့ ခေါ်သင့်သလား။ ရှေးတုန်းကတော့ လူတွေတင် မကဘူး၊ ဂရိ ဒဏ္ဍာရီထဲက နတ်ဘုရားတွေ၊ နတ်ဘုရားမ တွေတောင် မောင်နှမ အချင်းချင်း လက်ထပ်ခဲ့ကြ သတဲ့။ သိဒ္ဓတ္ထမင်းသားရဲ့ အဖေတူ အမေကွဲ ညီတော် နန္ဒမင်းသားလေးနဲ့ သူ့ရဲ့ ကြင်ယာတော် ဇနပဒ ကလျာဏီဆိုလည်း မောင်နှမတွေ ပါပဲ။ အဲဒါတွေက ရှေးတုန်းက မို့လို့ဆိုရင် ဓမ္မတို့ အဓမ္မတို့ ဆိုတာတွေဟာ ခေတ်တွေ၊ ကာလဒေသတွေရဲ့ ပြဌာန်းသတ်မှတ်ချက် သက်သက်ပဲလား။ အမှန်အမှား ဆုံးဖြတ်တာမှာ ဘာလို့ ပေတံတွေအမျိုးမျိုး ရှိနေကြတာလဲ။ တကယ်တော့ လောကကြီးမှာ ဘောင်ဝင်ခြင်း မဝင်ခြင်းကသာ အဓိက ကျနေတယ် ထင်တယ်။ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ ဒုတိယဇနီးဟာ အမေဘက်ကကြည့်ရင် အိုင်းစတိုင်းနဲ့ တဝမ်းကွဲ မောင်နှမ တော်စပ်တဲ့အပြင် အဖေဘက်က ကြည့်ရင်ပါ နှစ်ဝမ်းကွဲ ထပ်ပြီး တော်စပ်လိုက်သေး သတဲ့။ ဒီဘက်ခေတ်မှာလည်း တချို့ နိုင်ငံ တချို့ဒေသတွေမှာ မောင်နှမ ဝမ်းကွဲချင်း လက်ထပ်နေကြတုန်းပဲ မို့လား။ ခု…သူနဲ့ နေခြည်က လက်ထပ်ဖို့လည်း ရည်ရွယ်တာ မဟုတ်ပါဘူး။ တယောက်နဲ့ တယောက် ပြင်းထန်တဲ့ သံယောဇဉ်နဲ့ ချည်နှောင်သွားမိရုံလေးပါ။ မျိုးရိုးဗီဇ ပညာရှင်တွေကတော့ ဆွေမျိုးချင်း လက်မထပ်သင့်ဘူးတဲ့။ အင်း။ ဟုတ်မှာပါ။ နောက်ဆုံးတော့ ကာလဒေသနဲ့ အံဝင်အောင် မနေနိုင်တဲ့ ငါ့ရဲ့ ဖောက်ပြန်နေတဲ့ စိတ်ကိုပဲ အပြစ်တင်ရတော့မှာပဲ။ ဒေါက်တာဦးစံလွင်တို့ကတော့ မြင်သွားပြီ။ အဖေနဲ့ အမေကို သူတို့ သွားများပြောနေမလား”

“ကိုကို…ဖြည်းဖြည်းမောင်းပါ။ နေခြည်…”
နေခြည့်စကားတောင် မဆုံးသေးဘူး။
“ဝုန်း”
လမ်းကြားထဲက အရှိန်နဲ့ ထွက်လာတဲ့ ဆိုင်ကယ်က သူတို့ဆိုင်ကယ်ကို ဝင်တိုက်လို့ ဆိုင်ကယ်ရော နေခြည်ရော သူပါ လွင့်စင်သွားတော့တယ်။

(၂၁)
နေခြည်သေသွားရတာ သူ့ကြောင့်လည်း ပါတယ် ဆိုတဲ့ အစွဲက သူ့စိတ်ကို ဖိစီးနေတယ်။ တကယ်ဆို
သူ ခုလို အဓိပ္ပါယ်မရှိ တဲ့ ကောင်းကျိုးဆိုးကျိုး တွက်ချက်မှုတွေ လုပ်နေစရာတောင် မလိုပါဘူး။ နေခြည် သေသွားတာ တချက်တည်းနဲ့ တင် သူ့ကိုယ်သူ ခွင့်မလွှတ်သင့်ဘူးလို့လည်း တွေးနေမိတယ်။ အခု သူ့ရင်ထဲမှာ ဝေဒနာမျိုးစုံနဲ့ ပူလောင်နေတယ်။ အရပ်ရှစ်မျက်နှာမှာလည်း ဝေဒနာ မီးတောက်တွေ…သောက မီးတောက်တွေ။ သူ့ကိုယ်ခန္ဓာပါ ပူလောင်သလို ရှိလာတာမို့ သူမျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။
“ဟင်! ငါဘယ်ရောက် နေတာပါလိမ့်။” သူမျက်လုံးတွေကို ထပ်ကစား ကြည့်လိုက်တယ်။ ဟာ! ဟိုမှာ…မီး..မီးတွေ!… သေချင်နေတဲ့ လူမိုက်တယောက်အတွက် ဘုရားသခင်က ရေကန်အသင့် ကြာအသင့် ဖန်တီးပေးလိုက်တာလား။ သူ့အကုသိုလ်တွေကို မျက်စေ့ဒေါက်ထောက်ကြည့်နေပုံရတဲ့ ကံကြမ္မာကပဲ ပထမပွဲမှာ အလဲမထိုးလိုက်နိုင်လို့ အညှိုးအတေးနဲ့ အကွက်ဆင် ဖန်တီးပေးလိုက်တာလား။ တကယ်ဆို သူအလိုရှိနေတဲ့ ဘုရားသခင်က မီးတောက်တွေအသွင်နဲ့ သူ့ကို ကူညီဖို့လာပြီလေ။ သူမီးတောက်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေ ဖွဲ့လိုက်သင့်တာပေါ့။

ဒါပေမယ့် မီးလောင်ပြီး သေရတာဟာ ဆိုးတယ်လို့ သူထင်လို့လား။ ဒါမှမဟုတ် မီးလောင်ပြီးပဲ အသားကင် တကောင်လို သေသေ၊ ဆိုင်ကယ်မှောက်ပြီးပဲ သွေးသံရဲရဲနဲ့ အသားတစ် တခုလို သေသေ၊ ရေနစ်လို့ ဖောယောင် ပုပ်ပွပြီးပဲ သေသေ၊ သတ္တဝါတွေဟာ သူခံနိုင်တဲ့ နာခြင်းအဆင့်တခုကို လွန်သွားရင် သတိလွတ်မေ့မျောသွားမှာမို့ တခုနဲ့ တခု ဝေဒနာ ခံစားရမှုချင်း သိပ်မကွာဘူးဆိုတာကို သူမယုံကြည်လို့လား။ ဒါမှမဟုတ် မွေးရာပါ ရှင်သန်လိုစိတ် ကြောင့်ပဲလား။
သူအခန်းထဲကနေ ပြေးထွက်ဖို့ ပြင်လိုက်တယ်။ အိုး…သူ့ ခြေထောက်တွေက လှုပ်လို့ မရတော့ဘူး။ ဒါနဲ့ သူကျုံးအော်လိုက်တယ်။ “မီးဗျို့…မီး…မီး” “ကယ်ကြပါဦးဗျို့”
“မီး” လို့ အော်သံကြားတာနဲ့ ဒေါ်မြတ်မြတ်မင်းက အခန်းဆီကို အပြေးအလွှား ရောက်လာတယ်။
“သား…မာနမင်း…မီးက…မီးက ဘယ်မှာတုန်း” အခန်းထဲမှာတော့ မီးဆိုလို့ ဖယောင်းတိုင် မီးတခုပဲ ရှိတယ်။
“မီး…မီး…အမေ…မီး” မာနမင်းကတော့ ထိတ်လန့်တကြား ရေရွတ်နေတုန်း။

မာနမင်းရဲ့ အော်သံကြောင့် ဘေးအိမ်က လူတချို့ပါ ရောက်လာကြတယ်။
“သားလေး နေမကောင်းလို့ အိပ်မက်ယောင်ပြီး အော်နေတာပါ။ မီးလောင်တာ မဟုတ်ပါဘူးရှင်”

ဒေါ်မြတ်မြတ်မင်းက ဒိုင်ယာဇီပင် တလုံးယူပြီး မာနမင်းကို တိုက်လိုက်တယ်။
ဒီလိုနဲ့ မရဏမင်း တဖြစ်လဲ မာနမင်းဟာ အိပ်ပျော်သွားတော့တယ်။

အိပ်မက်ထဲမှာတော့ မာနမင်းဟာ သူမရောက်ဖူးတဲ့ မြို့လေးမှာ လှေတစင်းကိုဝယ်….သြော်..ပင်လယ်ဆီကို သွားဖို့။

ကောင်းကင်ကို
(10 Feb 2011)

download link http://www.mediafire.com/view/?gjela5a85gkqzm2

Monday, January 31, 2011

ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်

တိုင်ထိပ်က…
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။

လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။

လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။

လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။

စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။

စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။
ကောင်းကင်ကို

Monday, January 24, 2011

ခေတ်ကဆွဲဖွင့်လိုက်တဲ့ အလှ

အခု ငါဖတ်နေတဲ့ ကဗျာက
စကတ် တိုတိုလေးနဲ့။

ငါလည်း
သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ
ကိုင်ထားတဲ့ သစ်သားမီးခြစ်က မီးတောက်
ငါ့လက်ကိုလာမဟပ်မီအထိ
ယဉ်ယဉ်ကျေးကျေး ငေးကြည့်မိတယ်။

အဲဒီ့အချိန်မှာ
ငါ့မျက်နှာပေါ်မှာဖုံးထားတဲ့ ငါ့မျက်နှာ
ဖုံးမရဖိမရ ကွာကျသွားလို့
ဝါကျနှစ်ကြောင်းတွေ့လိမ့်မယ်။
‘အပျော်ဖတ်’ ဆိုရင် မကြိုက်ဘူး
‘အပြတ်ဖော်’ ရင်တော့ ကြိုက်တယ်။

ဒီအချိန်မှာ ယဉ်ကျေးမှု အကြောင်း လာမပြောပါနဲ့
ယဉ်ကျေးမှုဆိုတာ ရှုထောင့်တခုပါပဲ
တချို့က အရေပြားတထောက်စာ နီတိနဲ့ ပြောကြတယ်
လုပ်ချင်တာလုပ်…အမြင်မရိုင်းစေနဲ့တဲ့။
တကယ်တော့
အပေါ်ယံယဉ်ကျေးမှုဆိုတာ
အကုသိုလ်ဆန်ပြီးသား လူ့သဘာဝမှာ
ဟန်ဆောင်မှုတခု ထပ်တိုးလိုက်တာပဲ ရှိတယ်။

ရေးသူနဲ့ ဖတ်သူ
ကြည်ဖြူနေသမျှ
လောကီမှာ ဓမ္မ ပါပဲ။

ရေစီးကြောင်းကို ဓားနဲ့ ပိုင်းဖို့ပြောတဲ့
လူကြီးမင်းတို့ကို
တခုတော့ မေးချင်တယ်။
ခေတ်က ဆွဲဖွင့်လိုက်တဲ့အလှကို
မခံစားဖူးတဲ့သူ ဘယ်သူရှိလို့လဲ။
ကောင်းကင်ကို

Thursday, January 20, 2011

မောင်မောင်မေ့

(၁)
“ဟေ့ကောင်ကြီး”
လူတယောက် ခပ်လှမ်းလှမ်းကနေ ကျနော့်ကို လက်ပြပြီး နှုတ်ဆက်လာတယ်။
အဲဒီ့လူကို ကျနော် ရင်းရင်းနှီးနှီးကြီးကို သိနေတယ်။ ဘယ်သူမှန်း တော့ ချက်ခြင်းစဉ်းစားလို့ မရဘူး။ ဒါနဲ့ ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးလိုက်ရတယ်။ သြော...အီလက်ထရွန်းနစ် သင်တန်းတုန်းက သူငယ်ချင်း။ သူက ကျနော့်ထက် အသက်နည်းနည်း ကြီးပေမယ့် ရွယ်တူလို ပေါင်းမှ ကြိုက်တဲ့လူ။ (တကယ်က ကျနော့် အထင်မှားတယ်ဗျ။ အီလက်ထရွန်းနစ် သင်တန်းကလူ မဟုတ်ဘူး။ ဦးလေးရဲ့ သူငယ်ချင်း)
ကျနော်လည်း သင်တန်းတုန်းကသူငယ်ချင်းထင်ပြီး ခေါ်နေကျ အတိုင်း ပြန်နှုတ်ဆက်လိုက်တယ်။
“ဟား...ခေါင်းတုံး”
နည်းနည်း လျှောက်လာပြီးမှ ဦးလေးရဲ့ သူငယ်ချင်းမှန်း စိတ်ထဲမှာ ပေါ်လာတယ်။
ဟား...သွားပြီ။

(၂)
အလကားနေ အလကား ပိုက်ဆံရအောင်ဆိုပြီးတော့ ကျနော်တို့ ကြိုးဖုန်းကို အိမ်ရှေ့ မှာထုတ်ထားတယ်။ မြို့ တွင်း၊ နယ်ဝေး ဖုန်းခေါ်ချင်ရင် ရသလို အနီးအနားတဝိုက်က အိမ်တွေကို ဖုန်းလာရင်လည်း ခေါ်ပေးတယ်။
တရက်တော့ မျက်စောင်းထိုးတိုက်က ခေါင်းရင်းခန်း လေးလွှာကို ဖုန်းလာတယ်။ နယ်က ကျောင်းသားတွေ ငါးယောက် ခြောက်ယောက်လောက် စုပြီး ငှားနေကြတဲ့ အခန်း။ အဲဒါ ကျနော် သွားခေါ်ပေးရတယ်။ ကျနော့် မှတ်ဥာဏ်ကလဲဗျာ...လူခေါ်ခေါင်းလောင်းကြိုးကို ဆွဲပြီးမှ သူတို့ ထဲက ဘယ်သူ့ ဆီလာတဲ့ ဖုန်းမှန်း မမှတ်မိတော့ဘူး။ ဒါနဲ့  သူတို့ ထဲက တယောက်က ရှိသမျှ နာမည်တွေ ကျနော့်ကို ရွတ်ပြတယ်။
“လဒ လား”
“မဟုတ်ဘူးဗျ”
“Goat ကြီး”
“မဟုတ်ဘူး”
“ခွေးနီ”
“မဟုတ်ဘူးထင်တယ်။”
“ကြွက်စုတ်”
“ဟာ..ဟုတ်ပြီ...ဟုတ်ပြီ…ကြွက်စုတ်…ကြွက်စုတ်”… ‘စုတ်’ပါတာကို ကျနော် မှတ်မိတယ်။
ကျနော်လုပ်လိုက်တာနဲ့ သူတို့  နာမည်လှလှလေးတွေ အကုန် ပေါ်ကုန်ပြီ။

(၃)

ကျနော်တို့ အခန်း(မြေညီထပ်) မှာ တံခါး နှစ်ထပ် ရှိတယ်။ အပြင်ဆုံးက တံခါး (အပြာရောင်ရယ်)၊ ဖိနပ်ချွတ်ခန်းနဲ့ ဧည့်ခန်းကြားက တံခါး(အနီရောင်ရယ်)။ ဖိနပ်ချွတ်အခန်း မှာ တိုက်တခြမ်းလုံး (ခြောက်လွှာလုံး) အတွက် ရေမော်တာငါးလုံးကို စုပြီး ထားထားတယ်။ အဲလို တံခါးနှစ်ထပ်ရှိတော့ အပေါ်ထပ်ကလူတွေ မော်တာ ပြင်ရင် ကိုယ်က စောင့်ကြည့်နေစရာ မလိုတော့ဘူး။ အတွင်းတံခါး(အနီ) ကို ပိတ်ပြီး နောက်ဖေးခန်းထဲမှာ အေးအေးဆေးဆေး ဝင်နှပ်နေလို့ ရတယ်။ သူတို့ မော်တာ ပြင်နေတုန်း မြို့ ထဲထွက်ချင်ရင်လည်း အပြင်တံခါး (အပြာ) ကို မော်တာပြင်ဖို့ ဖွင့်ပေးထားပြီး အတွင်းတံခါး (အနီ) ကို သော့ခတ်ပိတ်ခဲ့ပြီး ထွက်လိုက်ရုံပဲ။

သာမန်အချိန်တွေမှာတော့ ကျနော်တို့က တံခါး နှစ်ထပ်လုံးကို သော့ခတ်ပြီးနေလေ့ရှိတယ်။ ဖြစ်ချင်တော့ တရက်...
ငယ်ငယ်တုန်းက ဆရာမ တယောက် အလည်လာတယ်။ တအိမ်လုံး ခရီးထွက်သွားပြီး ကျနော်တယောက်တည်းပဲ အိမ်မှာ ကျန်ခဲ့တဲ့ အချိန်။ ဆရာမပြန်တော့ ကျနော် တံခါးလိုက်ပိတ်ရတာပေါ့။ ဧည့်ခန်းကနေ ဖိနပ်ချွတ်ခန်း အရောက်မှာ အတွင်းတံခါးကို အပြင်ဘက် (ဖိနပ်ချွတ်ခန်းဘက်)ကနေ ကျနော် အမှတ်တမဲ့ သော့ခတ်လိုက်မိတယ်။ဆရာမလည်း ဖိနပ်ချွတ် အခန်းကနေ မြေကြီးပေါ်လည်း ရောက်ရော ခဏလောက် ဟိုငေးဒီငေးလုပ်ပြီးမှ အပြင်တံခါး ကို တံခါးနှစ်ခုကြားကနေ ဖိနပ်ချွတ်ခန်း ဘက်ကနေ(အတွင်းကနေ) သော့ခတ် လိုက်မိပြန်တယ်။ ဟာ...သော့တံ က အိမ်အတွင်း ထဲက ချိတ်ထားတဲ့ နေရာမှာ မေ့ခဲ့ပြီ။ တံခါးနှစ်ခုလုံးကိုလည်း အမှတ်တမဲ့ သော့ခတ်ထားမိပြီ။ ကျနော် တံခါး နှစ်ခု ကြားမှာ ကိုယ့်ကိုယ်ကို ပိတ်မိသွားပြီ။ ဆရာမကလည်း အဝေးကို ရောက်သွားပြီ။
အဲဒါနဲ့ ကျနော် လူဖြတ်အသွားကို စောင့်ရတယ်။ တော်သေးတယ်။ ညကြီး မဟုတ်လို့ ။ ပထမဆုံး ဂျာနယ်ရောင်းတဲ့ လူတယောက်ဖြတ်သွားတယ်။ ကျနော် ပြောတာကို နားထောင်ပေမယ့် ခပ်တည်တည်နဲ့ မသိချင်ယောင် ဆောင်ပြီး ထွက်သွားတယ်ဗျာ။ နောက် မျက်စောင်းထိုး တိုက်က ကျနော် တိတ်တခိုးကြိုက်နေတဲ့ ကောင်မလေး ဖြတ်သွားတော့မှ လှမ်းခေါ်ပြီး အကျိုးအကြောင်းပြောပြပြီးတော့ သံဖြတ်လွှ တောင်းလိုက်ရတယ်။ ရှက်လိုက်တာ။

(၄)
အဆောင်မှာ နေတုန်းကလည်း….

ကျနော့်ကျောင်းနဲ့ အဆောင်က သိပ်မဝေးဘူး။ လမ်းလျှောက်သွားရင်လည်း ငါးမိနစ်လောက်ပဲ ကြာတယ်။ တခါတလေလည်း စက်ဘီးနဲ့ သွားတယ်။ တရက်တော့ …. ကျောင်းကနေ သူငယ်ချင်းတွေနဲ့ စကားတပြောပြောနဲ့ ပြန်လာပြီး အဆောင်ရောက်တော့ ရေတွေဘာတွေချိုးလိုက်သေးတယ်။ ခဏနေလို့ မြို့ ထဲသွားမယ်လုပ်မှ ‘ဟာ…စက်ဘီးကျောင်းမှာ မေ့ကျန်ခဲ့ပြီ။ သူငယ်ချင်းတွေနဲ့ အတူတူ လမ်းလျှောက်ပြီး ပြန်လာမိပြီ။’ အဲဒါနဲ့ ကျနော် ကျောင်းကို စက်ဘီးပြန်သွားယူရပါရော။ ဒါပေမယ့် စက်ဘီးကို ချက်ခြင်းပြန်မရခဲ့ပါဘူး။့ တယောက်ယောက်ကများ ခိုးသွားလို့ လား? ဒါမှ မဟုတ် အစောင့်တယောက်ယောက်ကပဲ သိမ်းပေးထားလို့ လား? တခုမှ မဟုတ်ပါဘူး။ ကျနော် အဆောင်ကနေ ကျောင်းကို စက်ဘီးပြန်သွားအယူမှာ စက်ဘီးသော့ကိုဖွင့်ဖို့ သော့တံက အဆောင်က စားပွဲပေါ်မှာ မေ့ကျန်ရစ်ခဲ့လို့ ပါ။ အဲဒီ့နေ့ က ကျနော် အဆောင်နဲ့ ကျောင်းကို အခေါက်ခေါက် လမ်းလျှောက်လိုက်ရတယ်။

(၅)

တခါကလည်း…
ကျနော့် စက်ဘီး ဘီးပေါက်နေလို့ သူငယ်ချင်း စက်ဘီးကို ငှားပြီး မြို့ ထဲကို ထွက်ခဲ့တယ်။ မြို့ ထဲရောက်တော့ ဝယ်စရာရှိတာတွေ ဝယ်ပြီး အေးအေးဆေးဆေးမို့ လက်ဘက်ရည်ဆိုင်မှာ တနာရီလောက် ဂျာနယ်ဖတ်ရင်းနဲ့ ထိုင်လိုက်တယ်။ ပိုက်ဆံရှင်းပြီးလို့ ပြန်မယ်လည်း လုပ်ရော…
“ဟိုက်၊ ငါစီးလာတာ ဘယ် စက်ဘီးမှန်း မမှတ်မိတော့ဘူး။” ကျနော်က ကျနော့်စက်ဘီးပဲ စီးနေကျ ။ သူ... သူ့ ရွာကနေ စက်ဘီးယူလာတာကလည်း မကြာသေးဘူး။ ကျနော်လည်း တခါမှ သူ့ စက်ဘီးကို သတိထား မကြည့်မိဘူး။ စီးတုန်းကလည်း ဒီအတိုင်း နမော်နမဲ့နဲ့ တက်စီးလာတာ။ လက်ဘက်ရည်ဆိုင်မှာကလည်း စက်ဘီးတွေက အများကြီး။ အခုနေ တဘီးချင်း လိုက်စမ်းပြီး သော့ဖွင့်နေရင်လည်း စက်ဘီးသူခိုး လို့ ထင်ကြဦးမယ်။ ဒါနဲ့ သူငယ်ချင်း စက်ဘီးလို့ ထင်ရတဲ့ ဘီးတွေ သူများစီးသွားလို နည်းသွားတဲ့ အချိန်ကျမှ ဆိုင်ရှင်ကို ပြောပြီး စမ်းကြည့်ရတယ်။ ဒုတိယ ဘီးမှာ ကျနော့်အထင်မှန်သွားတယ်။ ဟူး!!!

(၆)

မေ့တာတွေက အကြောင်းအမျိုးမျိုးရှိတယ်ဗျ။ တခါတခါကျတော့ မေ့တယ်ဆိုတာထက် အစကတည်းကကို နမော်နမဲ့နဲ့ သတိမထားမိတာ။ (သူများစက်ဘီးစီးပြီး ဘယ်စက်ဘီးမှန်း မသိတော့တာ လိုမျိုးပေါ့) တခါတခါကျတော့လည်း အာရုံများပြီး မေ့သွားတာ။ များသောအားဖြင့် ကျနော်မေ့ရတဲ့ အကြောင်းတွေထဲမှာ အတွင်းစိတ်ထဲမှာ နစ်နေလို့ မေ့သွားတာမျိုး၊ သတိမထားမိတာမျိုးတွေက ပိုများတယ်။ ကျနော်က အတွေးသမားလေ။ ထမင်းစားရင်လည်း တွေးတတ်တယ်။ သွားတိုက်ရင်းလည်း တွေးတတ်တယ်။

ကျနော့်သွားပွတ်တံတွေဆို ကျနော် သွားတိုက်တိုင်း တွေးရင်း သွားပွတ်တံက brush အမျှင်တွေကို ဝါးဝါးပစ်လို့ ဝယ်ပြီး နှစ်ပတ်လောက်နေရင် မကောင်းတော့ဘူး။ တခါလည်း ဆောင်းတွင်းကြီး။ တောင်ကြီး ခြံထဲက လူမြင်ကွင်းမှာ ကျနော် သွားတိုက်တုန်း အတွေးလွန်ပြီး တယောက်တည်းပြုံးနေလို့ ခြံရှေ့ ကဖြတ်သွားတဲ့လူတွေက ကျနော့်ကို ပြုံးစေ့စေ့နဲ့  ကြည့်သွားကြတာကို အမက မြင်သွားပြီး အပြစ်ပြောတယ်။ လူတွေကလည်း ခက်တယ်။ တယောက်တည်း ငိုနေတဲ့သူဆိုရင်တော့ သူစိတ်ဆင်းရဲစရာ ရှိလို့ ဆိုပြီး နားလည်ပေးကြတယ်။ ကြောင်တယ်လို့ မထင်ကြဘူး။ တယောက်တည်း ပြုံးပြီဆိုရင်တော့ လွတ်သွားပြီထင်ကြတယ်။ သူများပြုံးနေနိုင်တာကို မနာလိုတဲ့သဘောများလား။ ဒါပေမယ့် ခုနောက်ပိုင်း ကျနော် ဆင်ခြင်ပါတယ်။ အထူးသဖြင့် ရေချိုးနေတုန်းဆို မတွေးမိအောင် မစဉ်းစားမိအောင် သတိထားတယ်။ တော်ကြာ အာခီမီးဒီး(စ်)လို ဖြစ်သွားမှ ဒုက္ခ….

ကျနော်မေ့တာတွေ သတိလက်လွတ် ဖြစ်တာတွေ အရမ်းများနေပြီ။ ထမင်းဘူးဆိုလည်း မေ့ကျန်ခဲ့ပေါင်းများပြီ။ ထီးဆိုလည်း ဝယ်ရပေါင်းများပြီ။ ချိန်းထားပြီး မေ့သွားပေါင်းလည်းများပြီ။ တခါကလည်း ကျောင်းက သမဆိုင်က ဗလာ စာအုပ် တဒါဇင်ကို ဈေးချိုချိုနဲ့ ထုတ်ပြီးမှ အတန်းထဲက အံဆွဲထဲမှာ မေ့ကျန်ခဲ့တယ်။

တခါတခါ မေ့တတ်တဲ့ ဝသီက ဘဝကိုပါ ထိခိုက်လာတယ်။ မဖြစ်ဘူး။ တခုခုတော့ လုပ်မှ ဖြစ်တော့မယ်။

(၇)

အနာသိရင် ဆေးရှိရမှာပေါ့။ တရက် အမေ့အိမ် စာအုပ်ဆိုင်မှာ ကျနော်စာအုပ် တအုပ်တွေ့တယ်။ မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်တဲ့နည်းတွေ ပါတဲ့စာအုပ်။ စာအုပ်နာမည်လား? အခု မေ့သွားပြီ။ ရေးတဲ့သူကိုလည်း မမှတ်မိတော့ဘူး။ အဲဒါ အဲဒီ့စာအုပ်ကိုတွေ့တော့ ကျနော် အရမ်းစိတ်ဝင်စားသွားပြီး လှန်လှော ကြည့်မိတယ်။ မဆိုးဘူးပဲ။ အဲဒီ့ထဲမှာ နည်းတွေတော်တော်စုံတယ်။ တူရာ group လုပ်ပြီး မှတ်နည်းတွေ၊ gist ထုတ်ပြီး မှတ်နည်းတွေ၊ ကာရန်လေးတွေ ချိတ်ပြီး မှတ်နည်းတွေ၊ ကြံကြံဖန်ဖန် စိတ်ကူးပြီး မြင်ယောင်ပြီး မှတ်နည်းတွေ….ကြံကြံဖန်ဖန်စိတ်ကူးပြီး မှတ်တယ်ဆိုတာက ဒီလို…ဥပမာ ရုံးမှာ ထမင်းဘူး မေ့ကျန်တတ်တယ် ဆိုပါတော့။ ရုံးတံခါးပေါက်မှာ ဆန်ကောလောက်ကြီး ရှိတဲ့ ထမင်းဘူးအကြီးကြီး ပိတ်နေလို့ ရုံးအပြင်ကို ထွက်လို့ မရဘူးလို့ လေးငါးခေါက်လောက် မြင်ယောင်ပြီး စိတ်ကူးကြည့်လိုက်။ ရုံးက ပြန်ခါနီးတိုင်း စိတ်ကူးကြည့်လိုက်။ အကျင့်ရသွားတဲ့အခါ ရုံးတံခါးပေါက်ကထွက်မယ်လုပ်တိုင်း ထမင်းဗူးကို သတိရလိမ့်မယ်။ နည်းတွေက ကြောင်တောင်တောင်နိုင်ချင် နိုင်နေလိမ့်မယ်။ ကိစ္စမရှိဘူး။ မှတ်မိဖို့ အဓိက မို့လား။

စာအုပ်က ရေးထားသေးတယ်။ အဲဒီ့ထဲက လေ့ကျင့်နည်းတချို့က ညဘက် လူသံသူသံ တိတ်တဲ့ အချိန်ကျမှ အေးအေးဆေးဆေး သက်တောင့်သက်သာ ကျင့်ရင် ပိုထိရောက်တယ်တဲ့။ ကျနော် လေ့ကျင့်မှ ဖြစ်တော့မယ်။

ကျနော် စာအုပ်ကို လှန်လှောကြည့်ပြီး သဘောကျသွားတယ်။ ငါ့နှယ် စောစောက တွေ့ခဲ့ရင် ပြီးရော။ စာအုပ်ကို မြည်းကြည့်နေတုန်းမှာပဲ ကျနော်မေ့တတ်တဲ့ဖုန်းနံပါတ် တခုကို နည်းတခုသုံးပြီးမှတ်လိုက်တယ်။ နံပါတ်က ၅၄၁၃၅၇။ ကျနော့်စိတ်ကူးထဲမှာ ငါးလေးတကောင် ရေကန်ထဲမှာ ကူးခတ်နေတာကို မြင်ယောင်လိုက်တယ်။ ဒါဆို ရှေ့နှစ်လုံး “၅၄” ကို မှတ်မိပြီ။ နောက်လေးလုံးကလည်း မခက်ဘူး။ မဂဏန်းတွေ အစဉ်လိုက်။

ဒီနေ့ သူငယ်ချင်းတယောက်က လိပ်စာပေးတာကိုလည်း သတိရလိုက်တယ်။ သူနေတဲ့ တိုက်က ရွှေမာလာ အိမ်ယာ။ အခန်းက G3။ အဲဒါကို ကျနော်ဘယ်လို မှတ်ရရင် ကောင်းမတုန်း။ “မာလာ” ကို G3 နဲ့ ချိန်လိုက်တယ် လို့မှတ်လိုက်ရမလား။ သိပ်မကောင်းသေးဘူး။ မာလာကို ကိုယ်တိုင် အမြောက်နဲ့ ချိန်ထားတယ် လို့မှတ်လိုက်တယ်။ အမြောက်ကို သတိရရင် G3 ကို သတိရမယ်။ မာလာကို သတိရရင် ရွှေမာလာ အဆောင်ဆိုတာကို သတိရမယ်။ ကျနော့်သူငယ်ချင်းတွေထဲမှာ မာလာဆိုတဲ့ကောင်မလေးလည်း တကယ်ရှိတယ်လေ။

ရုတ်တရက် ကျနော့်ကောင်မလေးနဲ့ ညနေ ခြောက်နာရီလောက် ချိန်းထားတာကို သတိရမိတယ်။ ခုက တနာရီခွဲပဲ ရှိသေးတယ်။ ခါတိုင်းတော့ သင်တန်းက အပြန် သူနဲ့ချိန်းထားတာကို မေ့မေ့ပြီး အိမ်ကိုတန်းပြန်မိလို့ ပြဿနာ တက်ပေါင်းလည်းများပြီ။ ဒီတခါတော့ မမေ့စေရဘူး။ အရပ်ပုပု ဆံပင်ကောက်ကောက်နဲ့ ဘီလူးမကြီး နာရီတကြည့်ကြည့်နဲ့ ငါ့ကို စောင့်နေတယ်လို့ မြင်ယောင်ပြီး မှတ်လိုက်မယ်။ ပါးစပ်ကလည်း ဘီလူးမ၊ ဘီလူးမ၊ ဘီလူးမ ဆိုပြီး သုံးခါရွတ်လိုက်တယ်။

ဒီလိုနဲ့ ကျနော် စာအုပ်ဆိုင်ကနေ စာအုပ်တွေဝယ်…ပြီးတော့ သင်တန်းကိုသွား။ သင်တန်းမှာလည်း သတိရတိုင်း ဘီလူးမကြီး နာရီကြည့်ပြီး စောင့်နေပြီ လို့ စိတ်ထဲကနေ ခဏခဏ တွေးလိုက်သေးတယ်။ ဒီတော့ သင်တန်းပြီးတော့ ကောင်မလေးနဲ့ ချိန်းထားတာကို မမေ့တော့ဘူးပေါ့။ တယ်ဟုတ်ပါလား။

(၈)

ဒီနေ့ ကျနော် တော်တော်လန်းနေတယ်။ ကောင်မလေးနဲ့ ချိန်းထားတာလည်း မမေ့တော့ဘူး။ သင်တန်းမှာ Resistor ရဲ့ colour code တွေကိုလည်း ကိုယ့်ဘာသာကိုယ် နည်းထွင်ပြီး ကာရန်လေးတွေ ချိတ်ပြီး မှတ်လိုက်တာ လုံးဝ အဆင်ချောသွားတယ်။ တယ်ဟုတ်ပါလား။ ဒါတောင် မှတ်ဥာဏ်ကောင်းအောင် လေ့ကျင့်နည်း စာအုပ်ကို ဖတ်ရသေးတာ မဟုတ်ဘူး။ ဆိုင်မှာ ခဏလောက် လှန်လှောမြည်းစမ်းကြည့်တာပဲ ရှိသေးတာ။ တအုပ်လုံးဖတ်ပြီးလို့ လိုက်ကျင့်ပြီးသွားတဲ့ အခါဆိုရင်တော့…

(၉)

အခု အလုပ်တွေလည်း ပြီးသွားပြီ။ လူသံသူသံ တိတ်ဆိတ်တဲ့ အချိန်လည်းရောက်ပြီ။ စာအုပ်ထဲက မှတ်ဥာဏ်ကောင်းနည်းတွေကို စပြီးလေ့ကျင့်ဖို့ အချိန်ရောက်ပြီ။ ကျနော် ကျောပိုးအိတ်ကို ဖွင့်လိုက်တယ်။
“ဟိုက်…စာအုပ်တွေအကုန်လုံး စာအုပ်ဆိုင်က ငွေရှင်းတဲ့ကောင်တာမှာ ငွေရှင်းပြီးမှ မေ့ကျန်ခဲ့ပြီ”။

(၁၀)

ခြောက်နှစ်ခန့်ကြာသော်

ကျနော် ဘန်ကောက်က ABAC တက္ကသိုလ် မှာ တယောက်တည်း ထိုင်ရင်း wireless နဲ့ အင်တာနက် သုံးနေတုန်း engineering က မြန်မာကျောင်းသား တစု ရောက်လာပြီးတော့
“အကို… ဒီမှာ ကြာဦးမလား မသိဘူး။ ကျနော်တို့ ဆရာနဲ့ ခဏ သွားတွေ့မလို့။ ဒီပစ္စည်းတွေ ခဏ ကြည့်ထားပေးလို့ ရမလားမသိဘူး”

မီိတာတွေ ဘာတွေ၊ အီလက်ထရွန်းနစ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေ၊ laptop တလုံးလည်း ပါသလိုလိုပဲ…

“ရတယ်ညီ။ အကို ညနေအထိ ရှိဦးမှာ”

ကျနော်သုံးရင်းသုံးရင်းနဲ့ ရေဆာလာတယ်။ ထုံးစံအတိုင်း ရေဗူးကလည်း မေ့ခဲ့ပြန်ပြီ။ ဒီကြားထဲ ဗိုက်ကပါ နည်းနည်းဆာလာတာနဲ့ 7-11 စတိုးဆိုင်ကို ထွက်လာခဲ့တယ်။ ဆိုင်ကနေ ပေါင်မုန့်တလုံးဝယ်..ဗိုက်ဖြည့်ပြီးတော့ အိမ်ကို ခဏပြန်လိုက်သေးတယ်။ ခဏနေမှ engineering က ကျောင်းသားတွေ ကိုယ့်ကို ပစ္စည်းအပ်ခဲ့တာကို သတိရလို့ ကျောင်းကို ပြန်ပြေးရတယ်။ ဟိုရောက်တော့ ပစ္စည်းတွေလည်း မရှိတော့ဘူး။ သူတို့ကိုလည်း မတွေ့ဘူး။

နောက်နေ့ သူတို့နဲ့ လမ်းမှာ ပြန်တွေ့တော့ ကျနော့်ကို မမြင်ချင်ယောင် ဆောင်သွားတယ်။ ဘာသံမှ မကြားရဘူးဆိုတော့ ပစ္စည်းတွေ မပျောက်လို့နေမှာပေါ့။ ဒါပေမယ့် သူတို့လာသည်အထိ စောင့်မပေးပဲ တမင်ပြန်သွားတယ်လို့ ထင်လို့လား မသိဘူး။ ကျနော့်ကို မခေါ်တော့ဘူး။
ကောင်းကင်ကို
(၂၀.၁.၂၀၁၁)

Thursday, January 13, 2011

ဖန်ခွက်ထဲက အမြှုပ်များ

တချို့ ချီးကျူးသံတွေကို
လက်ထိပ်တွေအဖြစ် မြင်လာတယ်။

တချို့လက်ခုပ်သံတွေကို
နောက်ဒါမျိုးပဲလုပ်ပါဆိုတဲ့ အမိန့်တွေအဖြစ်
ငါဘာလို့ ကြားခဲ့တာလဲ။

ငါ့အနာ ငါခွဲဖို့
ငါ့ဘာသာငါ ဓားမြှောင်တလက်ဆွဲတာ
ခြိမ်းခြောက်တာ မဟုတ်ရပါဘူး
မမြင်ချင်ယောင်ဆောင်လိုက်ပါ။

လောကမှာ
အလွတ်လပ်ဆုံး အလုပ်ကို လုပ်ရတာ
မလွတ်လပ်ဆုံးပဲ။
ကောင်းကင်ကို

Tuesday, October 26, 2010

တိတ္ထိရဲ့တိတ္ထိ (ဝတ္ထုတို)


download လုပ်ရန် link http://www.mediafire.com/?flqaaxc4hdqbsny ကို click ပါ။

"တိတ္ထိ ဆိုတာ ဘာသာမရှိတဲ့ သူတွေကို ပြောတာမဟုတ်ဘူး။ တိတ္ထိဆိုတာ……”

A Free Thinker

တိတ္ထိရဲ့တိတ္ထိ

တိတ္ထိရဲ့တိတ္ထိ

(အဆိပ်မဟုတ်တဲ့ အဆိပ်)

‘ကျနော်ကဗျာရေးတာဟာ အနာတူ ရှာတာဖြစ်တယ်’ တဲ့။ ကဗျာဆရာ ဇေယျာလင်းက ရေးဖူးတယ်။

ကျနော့်မှာ အများနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်အနာတခု ရှိတယ်။ ဒီစာကတော့ ကျနော့်အနာကို ထည့်ဖို့ ဆေးပေါ့။ အများမြင်သာအောင် ဆေးဗူးရဲ့ မျက်နှာစာမှာ အဆိပ်လို့ တံဆိပ်ကပ်လိုက်တယ်။ အနာချင်းနီးစပ်သူတွေ ယူပြီးတော့ ဆေးထည့်ချင် ထည့်နိုင်တယ်။ သောက်ချင်ရင်လည်း…

(၁)

“အမှောင်ညကို စွန့်သွားခဲ့…မောင့်လပြည့်ဝန်း….အလည်လွန်ခြင်း ကမ္ဘာတဘက်ကို ထွက်သွားသူ….”

နွယ်ရေ…ကိုကို အမျှဝေပေး ရမှာလား။

သြော်…သေသူကိုအမျှဝေကြေးဆိုရင် ရှင်လျက်နဲ့ သေနေတဲ့ ကိုယ့်ကိုယ်ကို ပါ အမျှဝေရမှာ။


(၂)

ရှေ့က ဝေ့ မျက်နှာကို ကျနော် စိတ်ကူးနဲ့ ဖွဖွလေး ဆွဲခွာလိုက်တယ်။ ပြီးတော့…နွယ့်မျက်နှာလေးပေါ်လာ…ဟာ! မဟုတ်သေးပါဘူး။ ငါတော်တော် တကိုယ်ကောင်းဆန်နေပြီပဲ။


(၃)

ကိုယ်တွေ့တဲ့။ သူများ ရဲ့ ကိုယ်တွေ့ ဆိုတာတွေကို တဆင့် ပြောပြနေတယ်။တစ္ဆေ ဝင်အပူးခံရတာ ဆိုပဲ။ အဲလို ကိစ္စတွေ တကယ်ရှိနိုင်သလား။ ကျနော်တော့ ကြုံဖူးတယ်။ ကျနော့်ကိုယ် ကျနော် ဝင်ပူးတုန်းကပေါ့။


(၄)

ကျောက်ရုပ် တရုပ် လေတိုက်ရုံနဲ့ လှုပ်ခဲ့ရပြီ။ ကျောက်ဆောင်ကျောက်သားများ ပန်းပွင့်အားနှင့် ပြိုကျသွား၏။ သံသယ အတွေးများကြောင့် ယုံကြည်မှုတို့ ပြိုကျကုန်၏။

မိုးထဲလေထဲ၌ ဆောက်တည်ရာမဲ့လွတ်လပ်သွားသော အတွေးငှက်သည် ရွှေလှောင်အိမ်လေးဆီ ပြန်ရောက်ရန် ပုံပြောကောင်းသည့် စာအုပ်တအုပ်ကို တောင့်တမိ၏။ ထိုစာအုပ်ကို စိတ်အာရုံနှစ်ပြီး ဖတ်လိုက်မည်။ ကျေးဇူးပြု၍ ကျနော့်မျက်လုံးများကို စာအုပ်ရေးသူ၏ စကားလုံးများဖြင့် ဖုံးပေးကြပါ။


(၅)

မေးရပြီ။ ကိုယ့်ကိုယ်ကို မေးရပြီ။ ငါဘာကောင်လဲ။

တိတ္ထိ။

သူငယ်ချင်း ညီညီကတော့ ပြောဖူးသည်။ “မင်းက တိတ္ထိ မဟုတ်ဘူး။ တိတ္ထိ ဆိုတာ ဘာသာမရှိတဲ့ သူတွေကို ပြောတာမဟုတ်ဘူး။ တိတ္ထိဆိုတာ……”

သူဆက်မပြောဖြစ်သော စကားများအား ကျနော် ပီပီသသ ကြားလိုက်ရသည်။

ထားတော့။ ကျနော် တိတ္ထိ ဟုတ်မဟုတ်က သူတယောက်တည်း သတ်မှတ်ခွင့် ရှိသူမဟုတ်။ အားလုံးက သူတို့စိတ်ထင်သလို သတ်မှတ်ကြလိမ့်မည်။

တိတ္ထိဟူသော အမည်နာမသည် ညစ်နွမ်း၏။ ကျနော့်နာမည်ကို မွှေးစေချင်ပါသည်။ ဖြစ်နိုင်ရင် ကျနော့်နာမည် အမြဲမွှေးဖို့ ပန်းတွေကို ကျနော့် နာမည်ပေးချင်တယ်။


(၆)

အများစုက အနည်းစုကို သူတို့ကြိုက်သလို သမုတ်ခွင့် ရှိသတဲ့။ သြော်…ဒါလည်းကြီးနိုင်ငယ်ညှဉ်း တမျိုးပဲ။ ကြီးနိုင်ငယ်ညှဉ်း ဝါဒဆိုတာ အရေခွံ အမျိုးမျိုးလဲနေတဲ့ မြွေပဲ။ ကာယအင်အားနဲ့ အနိုင်ကျင့်နေရာကနေ ငွေအား၊ ဥာဏ်အား၊ အများစု ဆိုတဲ့ အင်အားတွေနဲ့ ပြောင်းပြီး အနိုင်ကျင့်လာကြတာပဲရှိတယ်။

အခုလည်း ငါ့ကို တိတ္ထိဆိုပြီး ဝိုင်းတွယ်ကြတယ်။

ရှိစေတော့။ မီးကို ကိုးကွယ်တဲ့ ခေတ်ဖြစ်နေရင်တောင် ငါက ရေကိုချစ်ချင် ချစ်မယ်။ လောကအလယ်မှာ ကိုယ့်ကိုယ်ကို ရင်ခွင်မှာပိုက်…ခေါင်းငိုက်စိုက်နဲ့လူဟာ ငါပဲ။


(၇)

“သား၊ ပုတီးရော မှန်မှန်စိပ်ဖြစ်လား”

“ဟုတ်ကဲ့”

အမေက ဖုန်းဆက်တိုင်း အမြဲမေးတယ်။ ကျနော်ကလည်း ဟုတ်ကဲ့လို့ အမြဲဖြေခဲ့တယ်။

အဖေကလည်း ကျနော် ဟိုတစ ဒီတစ ရေးပြီး ပစ်ထားတတ်တဲ့ စာတိုပေစ တွေကို ဖတ်ပြီးတော့ ကျနော့်စိတ်ကို တစွန်းတစလေး သိသွားပုံရတယ်။

“အားလုံးကို လေ့လာနေတာတော့ ဟုတ်ပါပြီ။ မင်းစိတ်ကြိုက် တခုခုကိုတော့ ကိုးကွယ်ပါ။ ဘာသာမဲ့တော့ မဖြစ်စေနဲ့ကွာ”

“ဟုတ်ကဲ့”

သူငယ်ချင်းတွေနဲ့လည်း ကျနော် တခါတခါ ဘုရားကျောင်းကို လိုက်သွားပြီး ဓမ္မတေးတွေ သီဆိုခဲ့ဖူးတယ်။ ဘာသာရေးကို ယုံကြည်မှုထက် ယဉ်ကျေးမှုလို့ သဘောထားပြီး လိုက်လျောခဲ့တာပါ။


(၈)

အဲဒီ့လို ကျနော်ဟာ အရောင်အမျိုးမျိုးပြောင်းတတ်ပေမယ့် ပုတ်သင်တကောင်တော့မဟုတ်ခဲ့ဘူး။


(၉)

“သြော၊ စော်ကားတုန်းကတော့ စော်ကားပြီးတော့…ခုမှ ရမလား”

ကျနော်အရမ်း စိတ်ဆိုးနေတယ်။ နွယ် ကျနော့်နောက်ကနေ အတင်းလိုက်လာမှန်းသိလို့ ကျနော့်ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တယ်။

“ကျွီ”

အနီးအနားတဝိုက်မှာ ရှိတဲ့လူတွေ… ကားရုတ်တရက် ဘရိတ်အုပ်လိုက်တဲ့ အသံရယ်၊ လူတယောက် အော်သံရယ်၊ ကောင်မလေးတယောက်ရဲ့ အော်သံရယ်ကို ကြားရလိမ့်မယ်ထင်တယ်။

နွယ်က ကျနော်ကားတိုက်ခံရတယ်ဆိုတဲ့ သူ့အိမ်မက်အကြောင်းကို ပြောပြတယ်။

“ကိုကို… နွယ်အဲဒီ့ အိပ်မက် မက်တာ နှစ်ရက်ဆက်တိုက် ရှိပြီနော်။ တပတ်လောက် အပြင်မထွက်ပဲနေ”

“ဟာ၊ တပတ်လောက်မထွက်လို့ ဘယ်ဖြစ်မှာတုန်း။ အိပ်မက်ကိုများ ဂရုစိုက်လို့”

“နှစ်ရက်ဆက်တိုက် မက်တာမို့လို့ပြောတာ ကိုကိုရဲ့”

“တခုခုကို စိတ်စွဲလို့ နေမှာပေါ့။ နွယ်က ကိုကို့ကို ဘယ်လောက်များ သေစေချင်နေမှန်းမှ မသိတာ”

အိပ်မက်တွေ၊ ဗေဒင်တွေ တခါတလေ မှန်တတ်တယ်လို့လည်း ကြာဖူးတယ်။ မှန်ချင်လည်း မှန်ပေါ့။ ကျနော်ကတော့ determinism ကို လက်မခံချင်ဘူး။ ဟောကိန်းတွေနဲ့ ဆက်စပ်ပြီး ဘာသာတရားတွေရဲ့ ဗျာဒိတ်တော်တွေ အကြောင်းကိုလည်း စဉ်းစားမိတယ်။ အဲဒါတွေရော ဘယ်လောက်အထိ မှန်နိုင်သလဲ။

အဲဒါတွေကို ဘုရားတွေက မဟောပဲ လူတွေကပဲ နှမ်းဖြူးခဲ့ကြတာလား?

ဒါမှမဟုတ် ဘုရားတွေက ကြိုသိနိုင်လို့လား? ကြိုသိနိုင်တယ် ဆိုရင်တော့ ဘယ်အချိန်ဘာဖြစ် ဆိုပြီး ကြိုတင် program ရေးထားတာမျိုး ရှိနေမှသာ ရှေ့နောက်ညီလိမ့်မယ်။

ဒါမှမဟုတ် မျိုးစေ့လေးကို ကြည့်ပြီး သစ်ပင်ဖြစ်မယ်လို့ ဟောခဲ့ကြတာမျိုးလား?

ဘယ်လိုမျိုးပဲ ဟောဟော ဗျာဒိတ်တော်တွေမှာ နာမည်တွေကအစ ပြဌာန်းပြီးသားတွေဖြစ်နေကြတယ်။ ဂမ္ဘီရလည်း ဆန်လွန်း နေကြတယ်။ အဟောခံရသူတွေရဲ့ စိတ်ထားတွေ ပြောင်းပြီး လုပ်ဆောင်ချက်တွေပြောင်းသွားရင် အကျိုးဆက်တွေ ပြောင်းမသွားနိုင်ဘူးလား?

ထားတော့။ အဲဒါတွေ…မှန်ချင်မှန်၊ မှားချင်မှား…ပြဌာန်းမှုကို မွန်းကြပ်တဲ့ ကျနော့် အတွက်တော့ ဟောကိန်းတွေ မလိုဘူး။

ဒါပေမယ့်…ကျနော်က ဂျူးလိယက်ဆီဇာမှ မဟုတ်တာ။

နွယ့်အိပ်မက်ကြောင့် ကျနော် နောက်နှစ်ရက်တိတိ အပြင်လုံးဝ မထွက်ဖြစ်ဘူး။


(၁၀)

ကျနော့် ဘာသာရေးကတော့ ကာလာမသုတ်ဆိုတဲ့ တရားပါပဲ။

ကာလာမသုတ် အရဆိုရင်…

ဘုရားဟောတယ်လို့ လူတွေကပြောရုံ၊ ကျမ်းစာအုပ်တွေထဲမှာပါရုံနဲ့ လက်ခံလို့ မရတော့ဘူး။


(၁၁)

လူတော်တော်များများဟာ ထင်ကြေးခြေထောက်တွေနဲ့ ဘာသာရေးပြေးလမ်းပေါ်မှာ လျှောက်ပြေး နေကြတယ်။ လမ်းကတခြား မျက်လုံးကတခြား ခြေထောက်ကတခြား နဲ့ လူတွေပြေးနေကြသလိုပဲ။

ဘာသာရေးဆိုတဲ့ စာအုပ်ကြီးတွေထဲမှာ ကိုယ်မသိတဲ့ အရာတွေကို စမ်းတဝါးဝါးနဲ့ လက်ဆင့်ကမ်းပြီး ရေးလာလိုက်ကြတာ စာအုပ်တွေက ထူထူလာပြီး အဓိပ္ပါယ်တွေက ပါးပါးလာတယ်။

ကျနော်က ကာလာမသုတ်နဲ့ ဆန်းစစ်ကြည့်နေတော့ ကျနော့်ကို ကြည့်မရတဲ့ သူတွေ များလာတယ်။

ရှိစေတော့။

ကာလာမသုတ်ဟာ ကျနော့်လက်ကို ရှမယ့် ဓားတချောင်းဆိုရင် လက်ထဲမှာ ကျနော် မထားတော့ဘူး။ နှလုံးသားထဲမှာ ထည့်ထားမယ်။ ရင်ဘတ်တခုလုံး သွေးချင်းချင်း နီချင် နီပလေ့စေ။


(၁၂)

ကျနော်က ကိုယ့်အလင်းရောင်နဲ့ ကိုယ် မှောင်နေတဲ့ကောင်။ ချို့တဲ့နေတဲ့ အမှောင်ကို မှော်ရောင်နဲ့ခွင်းဖို့ လမင်း တစင်းတော့ ရှိတယ်။

လမင်းရဲ့ နာမည်က သော်တာနွယ် တဲ့။ ချစ်သူအတွက် ကျနော် ကဗျာတပိုဒ်ဖွဲ့ခဲ့တယ်။

“လမင်းလေး နွယ်ရယ်

ကိုယ်က ကမ္ဘာမြေပါ

တခြားဂြိုလ်တွေလို မျက်နှာမများဘူး။

ရင်ထဲမှာ…နွယ်ဆိုတဲ့လမင်း

တစင်းပဲရှိတယ်”


(၁၃)

နွယ်က ကျနော့်ကို ပြောဖူးတယ်။

“ကိုကိုက တခုခုဆို အစွန်းရောက်လွန်းတယ်”

“ဒါဆို ကိုကို အစွန်းက ပြုတ်ကျရင် နွယ်က ကယ်ဖို့ ပိုက်ကွန်နဲ့စောင့်ပေါ့”

“တော်ပါ။ လာနောက်မနေနဲ့။ ဒီက အကောင်းပြောနေတာ။ ဘယ်အရာ ဖြစ်ဖြစ် မဇ္ဈိမ ပဋိပဋာပဲ ကောင်းတယ်”

“အင်း လုပ်ပါဦး။ မဇ္ဈိမပဋိပဋာ ဆိုတာ ဘာတုန်း”

“အမလေး၊ ဆရာကြီး။ ဒါလေးတောင် မသိဘူးလား။ အလယ်အလတ်လမ်းစဉ်ကို ပြောတာလေ။”

“အင်းလေ။ အဲလို စကားလုံးဖလှယ်ရုံတော့ ကိုကိုလည်း လုပ်တတ်တာပေါ့။ ဒါပေမယ့် အလယ်အလတ် ဆိုတာကို ဘယ်ပေတံနဲ့ တိုင်းမှာလဲ။ တယောက်ရဲ့ မဇ္ဈိမကရော နောက်တယောက်ရဲ့ မဇ္ဈိမနဲ့ တူနိုင်လို့လား”


(၁၄)

ကျနော့်ရှေ့မှာ အရိုးစု တစုပြုံးနေတယ်။ အရိုးစုဆိုပေမယ့် လှပတဲ့မျက်နှာနဲ့ အချိုးအစားကျနတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အရိုးစုလေး။

ဘာပဲဖြစ်ဖြစ် ဝေဝေ ရဲ့အပျော်မျက်နှာလေးက ကျနော့် ရင်ကိုအေးစေပါတယ်။

ကျနော့်မွေးနေ့နဲ့ ဝေဝေရဲ့ မွေးနေ့က အတူတူပဲ။ အောက်တိုဘာ ၂၄ ရက်။ ဝေဝေက ကျနော့်ထက် သုံးနှစ် ငယ်တယ်။ နွယ့်မွေးနေ့ကတော့ နိုဝင်ဘာ ၂၉ ရက်နေ့။ ကျနော့်ထက် ၂နှစ်ကျော် ငယ်တယ်။

“မွေးနေ့ကျ အကို အားမှာမဟုတ်ဘူး၊ ဘာလိုချင်တုန်းပြော၊ ဒီနေ့သွားဝယ်ရအောင်လေ” ကျနော်ကဝေဝေ့ကိုမေးလိုက်တယ်။

“ဝက်ဝံရုပ်လေးဝယ်ပေးလေ။”

“ဟားဟား၊ ကလေးဆန်လိုက်တာ”

“ဘာမှ ကလေးမဆန်ဘူး။ မိန်းကလေးတိုင်းနီးပါး အရုပ်ကြိုက်တယ်”

ဝေဝေ့အတွက် ကျနော် ဝက်ဝံရုပ် အလတ်စားလေး ဝယ်ပေးလိုက်ပြီးတော့ ဝေဝေက ကျနော့်ကို ကျောပိုးအိတ်တလုံး ဝယ်ပေးတယ်။ သြော်…ဝက်ဝံနဲ့ ဝေဝေ ‘ဝ’နှစ်လုံးချင်းတော့ တူသားပဲ။


(၁၅)

ရုတ်တရက် ကျနော် ခေါင်းနားပန်းကြီးသွားတယ်။ “ဟာ!…နွယ်” အသံထွက်မသွားအောင်တော့ ကျနော်ထိန်းလိုက်နိုင်ပါတယ်။ နွယ်နဲ့ လူတယောက် Moon Bakery ကော်ဖီဆိုင် ထဲကို ဝင်သွားတယ်။ အဲဒီ့လူရဲ့ မျက်နှာကိုတော့ သေချာမမြင်လိုက်ရဘူး။ ကျနော်လည်း အဲဒီ့လူ ဘယ်သူလဲ ဆိုတာကို စိတ်ပူတာက တဘက်၊ ကျနော်ရယ် ဝေဝေရယ် အရုပ်ရယ်ကို နွယ်မြင်သွားမှာ စိုးတာက တဘက်။


(၁၆)

နွယ်တော်တော် ဒေါသထွက်နေပုံရတယ်။

“ပြောစမ်းပါဦး၊ ဘယ်သူ့ကို လိုက်ပြီး အရုပ်ဝယ်ပေးနေရတာတုန်း။ နွယ်ကဖြင့် ကိုကို့ကို ယုံကြည်လိုက်ရတာ။ ကိုကိုက ဖောက်ပြန်နေတယ်”

“ဟာ မဟုတ်ဘူးနွယ်၊ သင်တန်းက သူငယ်ချင်း။ သူ့နာမည်က ဝေဝေတဲ့။ ကိုကိုနဲ့ သူနဲ့က မွေးနေ့ အတူတူပဲ။ မွေးနေ့ကျရင် ကိုကိုက နွယ်နဲ့ တနေကုန် လျှောက်သွားမှာလေ။ အဲဒီ့တော့ သင်တန်းက အပြန် သူက ကိုကို့ကို ကျောပိုးအိတ် တလုံး လက်ဆောင်ဝယ်ပေးတာနဲ့ ကိုကိုကလည်း သူလိုချင်တာမေးပြီး လက်ဆောင်ဝယ်ပေးလိုက်တာ”

“သြော်…နွယ့်ကိုကျတော့ ဝယ်ပေးဖို့ တခါမှ မစဉ်းစားဖူးဘူးနော်”

“ဟာ! နွယ်ကလဲ။ …ဒါနဲ့ နေပါဦး။ နွယ်နဲ့တူတူ Moon Bakeryထဲ ကို ဝင်သွားတဲ့ ငနဲကရော ဘယ်သူတုန်း” ကျနော့်မှာ ဟိုလူ့ကိုတောင် ကြံဖန် ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ ခုလိုအခြေအနေမှာ တန်ပြန်စရာ အချက်သာ မရှိခဲ့ရင် မလွယ်ကြောပဲ။

နွယ့်မျက်နှာလေး ရုတ်တရက် ညှိုးသွားတယ်။ ပြီးတော့မှ

“အဲဒီ့လူနာမည်က ကိုစိုးအောင်တဲ့။ မေမေ့ အသိ။ သူက နွယ့်ကို ကြိုက်နေတာ။ မေမေကလည်း သူ့ကို နွယ်နဲ့ သဘောတူချင် နေတယ်။ နွယ်တော့ အဲဒီ့လူကို သိပ်ကြည့်လို့မရပါဘူး။ ကိုကိုက လွဲရင် နွယ် ဘယ်သူ့ကိုမှ မချစ်နိုင်ဘူး”

အဲဒီ့လူအကြောင်း ကြားလိုက်ရ တော့လည်း ကျနော့်စိတ်တွေ ပူလောင်သွားရပြန်တယ်။

အပူတွေကို ခဏမေ့ထားလိုက်ပြီး ဝေဝေ့ကိုဝယ်ပေးတဲ့ အရုပ်ထက် ပိုကြီးတဲ့ အရုပ်ကို နွယ့်ကို ဝယ်ပေးဖို့ ကျနော် သဘောတူလိုက်တယ်။ “မိန်းကလေးတွေတော်တော် ကလေးဆန်တာပဲ။ အသက်ဘယ်လောက်ကြီးကြီး အရုပ်ကို မက်နေတုန်းပဲ” လို့ ကျနော် နွယ့်ကို ပြောလိုက်တယ်။

“ကိုကိုတို့ ယောကျာ်းလေးတွေရော ဘာထူးလို့တုန်း။ အသက်ဘယ်လောက်ကြီးကြီး ဂိမ်းကို ထမင်းမေ့ ဟင်းမေ့ ဆော့နေတုန်းပဲ မို့လား”

“ဒါက ဒီလိုရှိတယ်နွယ်ရဲ့၊ ဂိမ်းမှာ ကလေးကြိုက်တဲ့ ဂိမ်းရှိသလို လူကြီးကြိုက်တဲ့ ဂိမ်းမျိုးလည်းရှိတယ်”

“ဟုတ်လား၊ ဘာကွာလို့တုန်း”

ကျနော်က ကျနော့်ညီတို့ အဖွဲ့ရဲ့ တကယ့်အဖြစ်အပျက် တခုကို ပြောပြလိုက်တယ်။ “သူတို့ ကိုးတန်းတုန်းက သချာင်္ဆရာက သူတို့အဖွဲ့ဆီက အပြာစာအုပ်တအုပ် မိသွားတယ်။ သူတို့ကို ဆရာက ကောင်းကောင်း ဒဏ်ပေးလိုက်တယ်တဲ့။ တရက် သူတို့ တီဗွီဂိမ်းဆိုင်သွားတော့ အဲဒီ့ဆရာ ဂိမ်းဆော့နေတာကိုတွေ့တယ်တဲ့။ အဲဒီ့ဂိမ်းက ပွဲငယ်လေးတပွဲနိုင်တိုင်း ဂိမ်းထဲက ဇာတ်ကောင် ကောင်မလေးက အဝတ်တွေ တဆင့်ချင်း ချွတ်ပြတယ်တဲ့။ ဆရာက သူတို့ကို မမြင်ဘူး။ အဲဒါ သူတို့ဆရာ သဲသဲမဲမဲ ကစားနေတာ တွေ့တော့ သူတို့ထဲက တယောက်က မသိမသာ အကဲခတ်နေလိုက်တယ်တဲ့။ ဆရာ အဲဒီ့ဂိမ်း ဆော့ရင်းနဲ့ mood အရမ်းဝင်လာပုံ ပေါက်တဲ့ အချိန်ကျမှ မင်္ဂလာပါ ဆရာကြီး ဆိုပြီး ကျယ်ကျယ်လေး နှုတ်ဆက်လိုက်တယ်တဲ့။ ဟိုဆရာ့မျက်နှာကြီး နီရဲသွားတာပေါ့။ လူကြီးကြိုက်တဲ့ဂိမ်း ဆိုတာ အဲလိုဂိမ်းမျိုး။ ဟားဟား။”


(၁၇)

နွယ်က နှုတ်ခမ်းမွှေးရေးရေးလေးနဲ့ချစ်စရာကောင်းတယ်။ ဝေဝေကလည်း ရိုးရိုးအေးအေးလေးနဲ့ ချစ်စရာကောင်းတယ်။ စိတ်ထားကလည်း သူ့ဟာနဲ့သူ နှစ်ယောက်စလုံး လှကြတယ်။ တယောက်ကို ချစ်သူလို ချစ်သလို တယောက်ကိုလည်း ညီမလေးလို ချစ်ရတယ်။ မတူညီတဲ့ ကောင်မလေးနှစ်ယောက်ကို ကျနော် လျှောက်ပြီး ညီမျှခြင်း ချကြည့်နေမိတယ်။


(၁၈)

သူငယ်ချင်းက စကားတခွန်းကို ညီမျှခြင်း တခုလို အစထုတ်လာတယ်။

“သိပ္ပံပညာတွေ ထွန်းကားလာလို့ လူတွေ ပိုပျက်စီးလာတာ”

“မဆိုင်ပါဘူး။ သိပ္ပံပညာက tool တခုပဲလေ။ ဘာသာရေးကိစ္စတွေမှာတောင် လူတွေ တလွဲအသုံးချရင် ဆိုးကျိုးတွေ ရှိသေးတာပဲ။ ဘာသာရေး လုပ်ပြီး ကြောင်တောင်တောင် ဖြစ်သွားတဲ့ သူတွေအများကြီး။ ဘာသာရေး စစ်ပွဲတွေ၊ အဓိကရုဏ်း တွေလည်း ကမ္ဘာ့သမိုင်းမှာ အများကြီးပဲ”

သူငယ်ချင်းက သူ့ကိုပြန်ငြင်းလို့ ရှူးရှူးရှားရှား ဖြစ်သွားတယ်။

ကျနော်ကတော့ စောဘွဲ့မှုးရဲ့ သီချင်းတပုဒ်ကို စိတ်ထဲမှာ ညဉ်းလိုက်တယ်။

“အဆိုးနဲ့အကောင်း… တွဲနေတတ်တာကို… မြင်နိုင်ဖို့လေ့ကျင့်ခဲ့တယ်၊ ဒီအတွက် အကျိုးအမြတ်က…. အများတကာ မေးငေါ့ကာ….အမြင်ကတ်လို့ မုန်းစရာဖြစ်ကာ…. အရိုင်းအစိုင်းအဖြစ် မြင်လာ”


(၁၉)

တကယ်တော့…

သိပ္ပံမှာ ဘာသာရေးရဲ့ မှော်ဆန်ဆန် တာဝန်တွေကို ထမ်းဆောင်ဖို့ အစွမ်းသတ္တိရော တာဝန်ပါ မရှိပါဘူး။

အဲလိုပဲ…

ဘာသာရေးက သိပ္ပံကို နယ်ချဲ့ လာရင်ရော။

ကမ္ဘာက နေကို ပတ်နေတယ်ဆိုတဲ့ အယူအဆအမှန်ကို ထောက်ခံရုံလေးနဲ့ ဂျော်ဒါးနိုးဘရူနို (Giordano Bruno) ဟာ အဲဒီ့ခေတ်အခါက ကျောင်းတော်နဲ့ ကျမ်းစာကို ဆန့်ကျင်မှုနဲ့ အရှင်လတ်လတ် မီးရှို့အသတ်ခံခဲ့ရဖူးတယ်။


(၂၀)

ကျနော့်မှာ အပြောအဆို ကြမ်းတဲ့ ဘာသာမဲ့ သူငယ်ချင်းတယောက် ရှိတယ်။ သူက ရိုးသားပြီး ကူညီတတ်ပေမယ့် ပိဿလေးနဲ့ ပစ်သလို ပြောတတ်တယ်။

တရက် စကားဝိုင်းမှာ တခြားသူငယ်ချင်းတယောက်က သူ့ကို

“ဘာမှ လာငြင်းမနေနဲ့။ အဲဒါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်”

“ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်လို့ ပြောရအောင် မင်းက ဘုရားသခင်နဲ့ လက်ဘက်ရည်ဆိုင် အတူတူ ထိုင်ဖူးလို့လား”

အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ သူငယ်ချင်းတယောက်က သူ့ကို ခွေးခြေခုံနဲ့ ရိုက်မယ်လုပ်တယ်။ နောက်တော့ သူ လက်ဘက်ရည်ဆိုင်က ထွက်သွားတယ်။

သူ့ဥပမာက ကြမ်းလွန်းတယ်။ ဒါပေမယ့် သူ ပေးချင်တဲ့ မက်ဆေ့ကတော့ ဒီနေ့အထိ ကျနော့်ရင်ဘတ်ထဲမှာ မိုးခြိမ်းနေတုန်း။


(၂၁)

အဲလို မက်ဆေ့မျိုး ကို ရှေးခေတ်က မှတ်တမ်းတင်ခဲ့တဲ့ စာအုပ်တွေကို နှိုင်းယှဉ်ဖတ်ကြည့်တဲ့ အခါမျိုးမှာလည်း ရနိုင်တယ်။

ဥပမာ…

ရာဇဓိရာဇ် အကြောင်း…

မွန်ဘာသာမူမှာ မွန်ဘုရင် ရာဇဓိရာဇ်သေလို့ မြန်မာဘုရင်မင်းခေါင်က သံဝေဂ ရပြီးငိုတယ်တဲ့။ မြန်မာဘာသာမူမှာကျတော့ မြန်မာ ဘုရင်မင်းခေါင်သေလို့ ရာဇဓိရာဇ်က သံဝေဂရပြီးငိုတယ်ဆိုပဲ။ သေတဲ့လူတွေက ပြောင်းပြန်ဖြစ်နေကြတယ်။ တခြားအချက်အလက်တွေမှာလည်း ကွဲလွဲမှုတွေ အများကြီး။

ကမ္ဘာအရပ်ရပ်က ရှေးရာဇဝင်ဇာတ်လမ်းတွေ အတိုင်းပါပဲ…. သမိန်ပရမ်း သရဲကိုက်လို့ သေတယ်ဆိုတဲ့ ကိစ္စတွေလို ဒဏ္ဍာရီဆန်တာတွေ အများကြီးပါနေရတော့တယ်။

ဒါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ နီးပါးလောက်ကပဲ ရှိသေးတယ်။ ဘာသာရေးသမိုင်းတွေလို နှစ်ပေါင်းထောင်နဲ့ချီလာရင် ?

တလွဲသုံးနေရင်တော့ ဘာသာရေးတွေဟာ အမုန်းကမ်ပိန်း တခု ပဲဖြစ်လာလိမ့်မယ်။

တကယ်တမ်းကျတော့ ဘယ်သူမဆို ကိုယ့်မျက်လုံးကို စည်းထားတဲ့ အဝတ်ကိုတောင် မြင်ရတာမှ မဟုတ်တာ။


(၂၂)

နှစ်တွေ ခြားခြားလာတယ်။

ဘုရားတွေရဲ့ပုံရိပ် ဝါးဝါး လာတယ်။

ဒဏ္ဍာရီတွေ များများလာတယ်။

“တမန်တော်ကတော့ ဒီလိုအဓိပ္ပါယ်နဲ့ ပြောခဲ့တာ မဟုတ်လောက်ဘူး”

“ဒါတွေက ဘုရားဟောတာ မဖြစ်နိုင်ဘူး။ ရှေးလူတွေက သွတ်သွင်းခဲ့တာ”

“ဒါကမှ ဘုရားဟော အစစ်”

နောက်ဆုံးတော့ လူတွေဟာ ဘုရားတွေကို ကိုယ့်ထင်ကြေးအတိုင်း ပြန်ပြီး ဖန်ဆင်းနေရတာပါပဲ။ ယန်းပေါဆတ် (Jean Paul Sartre) ပြောသလိုပေါ့။ ကျနော်တို့ အားလုံး လွတ်လပ်မှုဒဏ်ကို အဲလောက်ထိ ကျခံနေရပါတယ်။


(၂၃)

“ကိုကိုရယ်၊ အဲလောက်ရိုင်းတဲ့လူနဲ့ မပေါင်းပါနဲ့လား။ သူ့ကို နွယ်မကြိုက်ဘူး” နွယ်က ခွေးခြေခုံနဲ့ ရိုက်ခံရမလိုဖြစ်သွားတဲ့ သူငယ်ချင်းကို ရည်ညွှန်းပြီး ကလေးဆန်ဆန် ပြောလာတယ်။

“ဟင်၊ ဘာလို့လဲ”

“ကိုကိုခုလို မိစ္ဆာဒိဌိ အတွေးတွေ ဝင်လာတာ အပေါင်းအသင်းမှားလို့လေ။ ကျေးညီနောင် ပုံပြင်ကိုပဲ ကြည့်။ တကောင်က သူခိုးဓားပြနားရောက်သွားတော့ ရိုင်းစိုင်းသွားတာ။ ခုလည်း ကိုကို ကြမ်းတမ်းတဲ့ လူနဲ့ ပေါင်းရင် ကြမ်းတမ်းလိမ့်မယ်။ နွယ့်လို လိမ္မာတဲ့ သူနဲ့ပဲပေါင်း” နွယ်က ကလေးဆန်ဆန်တွေ လျှောက်ပြောနေတယ်။ မဖြစ်ဘူး။ လူကြီးဖြစ်ကြောင်း ပြဦးမှ။

“ဟာ၊ နွယ်ကလည်း။ သူနဲ့ပေါင်းလို့ ကြမ်းသွားရင်တောင် နွယ်က ပြုပြင်ပေးပေါ့။ နွယ်နဲ့တွေ့ရင် ကိုကိုက နူးညံ့သိမ်မွေ့သွားမှာပဲဟာ။” ပြောရင်းဆိုရင်းနဲ့ ကျနော့် ရင်ခုန်သံတွေ အရမ်းမြန်လာတယ်။ မွှေးရနံ့သင်းနေတဲ့ နွယ့်ကိုယ်လေးကို ကျနော် တင်းတင်းကြပ်ကြပ် ဆွဲဖက်လိုက်ပြီးတော့ နွယ့်ကိုနမ်းလိုက်တယ်။ လူကြီးဖြစ်ကြောင်း ပြလိုက်တယ်။ နွယ့်မျက်နှာလေးကတော့… ရဲခနဲ။

“နွယ် အနေရ ခက်လိုက်တာ”


(၂၄)

“စွန့်ပစ်ခဲ့တယ်၊သွားကြမယ်လေ၊ ဘုရားဖူးစို့… မောင်မယ်စုံ တောင်ဘက်မုခ်က လှေကားထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့”

ကျနော်က ဘာသာမဲ့တယောက်ဖြစ်ပေမယ့် ကျနော့်နဲ့ နွယ့်မှာ အဲဒီ့သီချင်းလေးထဲကလို ခံစားမှုမျိုးတော့ ဆုံးရှုံးမသွားပါဘူး။

ဒီနေ့ ကျနော့်အမရယ်၊ ကျနော်ရယ်၊ နွယ်ရယ် ရွှေတိဂုံဘုရား သွားကြတယ်။

“ကိုကို့အမ ကျတော့ ချစ်စရာလေး”

“ကိုကိုက ပိုချစ်ဖို့ကောင်းတာ မဟုတ်ဘူးလား”


“ကောင်းပါဘူး။ အမကမှ ချစ်စရာကောင်းတာ။ ဘာသာရေးလည်း ကိုင်းရှိုင်းတယ်။ ကိုကိုသာ အပေါင်းအသင်းမှားလို့ တိတ္ထိဖြစ်သွားတာ”

“အမယ်၊ ကိုကို အဲဒီ့သူငယ်ချင်းနဲ့ တွေ့ရတဲ့အချိန်က ခဏလေး။ သူငယ်ချင်းတွေနဲ့ ပြောင်းမနေခင်တုန်းက အိမ်မှာ အမနဲ့ပဲ အများဆုံးနေရတာ”

နွယ့်စကားနဲ့ ဆက်စပ်ပြီး သက်ဆိုင်ရာ ပညာရှင်တွေတောင် အဖြေရှာလို့မရသေးတဲ့ nature နဲ့ nurture အကြောင်းတွေ ကျနော် လျှောက်တွေးကြည့်မိတယ်။

ကျနော့်မှာ အမ တယောက်နဲ့ ညီတယောက် ရှိတယ်။ ကျနော်နဲ့ ဗီဇချင်းအနီးစပ်ဆုံး၊ ပတ်ဝန်းကျင်ချင်း အနီးစပ်ဆုံးလို့ ပြောလို့ရမယ် ထင်တယ်။ ဒါပေမယ့်…နီးစပ်တယ် ဆိုတာကလည်း မိုင်ပေါင်းများစွာနီးနေတာ ဖြစ်နိုင်ပြီးတော့ ဝေးတယ်ဆိုတာကလည်း လက်မအနည်းငယ် ဝေးနေတာ ဖြစ်နိုင်တယ်လေ။

ကျနော်တို့မောင်နှမတွေရဲ့ တွေးပုံ ခေါ်ပုံတွေ၊ နေပုံထိုင်ပုံတွေ က တောင်နဲ့မြောက်လိုကို နီးစပ်တယ်။ ဘာသာမဲ့ ဖြစ်နေတာကလည်း ကျနော် တယောက်တည်း။


(၂၅)

“သတ္တဝါတွေကို သတ်ပြီး ပူဇော်ရတဲ့ ယဇ်

လူအချင်းချင်း သတ်ပြီး ပူဇော်ရတဲ့ ယဇ်

အဲဒါတွေထဲမှာ

အားလုံးရဲ့အမြစ်

ဦးနှောက်ကို ပူဇော်လိုက်ရတဲ့အဖြစ်က အဆိုးဆုံးပဲ”

နွယ်နဲ့ ကျနော် 9/11 နဲ့ ပတ်သတ်တဲ့ ရုပ်ရှင် United 93 ကို အတူတူသွား ကြည့်ဖြစ်တယ်။

“နွယ်လေ၊ ရုပ်ရှင်ကြည့်တုန်းက ငိုသေးတယ် သိလား၊ သူတို့ကိုယ်သူတို့ အသေခံပြီးတော့တောင် ဘာလို့ အပြစ်မဲ့တဲ့သူတွေကို ရက်စက်ကြလည်း မသိဘူးနော်”

“မှိုင်းပေါ့နွယ်ရဲ့၊ အစွန်းအရောက်ဆုံး ဘာသာရေးမှိုင်း”


(၂၆)

“ကိုကို၊ နွယ်..ဝေဝေနဲ့ တွေ့ပြီး အကဲခတ် ကြည့်ချင်တယ်”

“ဟာ…ဘာလုပ်မှာလဲ၊ မလိုပါဘူး”

“ဘာလို့မလိုရမှာတုန်း။ ကိုကို ရိုးသားရင် ဘာမတွေ့ပေးရဲစရာ ရှိလဲ။ နွယ်လည်း သူငယ်ချင်းတယောက် တိုးတာပေါ့”

“အမယ် ဘာလို့ မတွေ့ပေးရဲ ရမှာလဲ။ ဒီအပတ် ကိုကိုတို့ သင်တန်းက အပြန် တွေ့ရအောင်လေ”

“အင်း။ အဲဒါကောင်းတယ်။ ပြီးတော့ ကိုကို့ကိုလည်း လူတယောက်နဲ့ မိတ်ဆက်ပေးရမယ်။ နွယ့်ကို ကြိုက်နေတဲ့သူ တယောက်နဲ့”

“ဟို…ကိုစိုးအောင် ဆိုတဲ့ ငနဲနဲ့လား”

“မဟုတ်ဘူး။ တခြားတယောက်”

“အမယ်။ စန်းပွင့်နေလိုက်တာ”

“ဟားဟား။ လိပ်ပြာတွေ ဘယ်လိုဝဲပါစေ၊ ကိုကို့တယောက်တည်းပါ အချစ်ဦးရေ။ ဟားဟား” နွယ်က ဂရေဟမ်တို့ သီချင်းကို ဖျက်ဆိုပြီး ရယ်တယ်။ ပြီးတော့ဆက်ပြောတယ်။ “တခါတည်း ပြိုင်တူ ကြေညာ ကြတာပေါ့။ သူတို့နှစ်ယောက်လုံးကို…နွယ်နဲ့ ကိုကို့မှာ ပိုင်ရှင်ရှိကြောင်း၊ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့”

“ကိုကိုက…ကိုစိုးအောင်နဲ့ပဲ ပိုစိုးရိမ်တာ။ သူက နွယ့်အမေ သဘောတူတဲ့လူ ဆိုတော့”

“မစိုးရိမ်ပါနဲ့ ကိုကိုရဲ့။ နွယ်က ကိုကိုမှ ကိုကိုပါ။ သူနဲ့လည်း နောက်တွေ့ပေးမယ်။ ခုတယောက်က ကိုကို့လိုပဲ ဘာသာမဲ့။ သိလား။ နွယ့်မှာလည်း ကံဆိုးလိုက်တာ။ တိတ္ထိတွေကချည်း လာကြိုက်နေတယ်”

“ဟားဟား”

အဲဒီ့လူက ဘာသာမဲ့ဆိုလို့ ကျနော် သူနဲ့ တွေ့ဖို့ စိတ်ဝင်စားသွားတယ်။


(၂၇)

ဟင်! နွယ်.. နိုင်ငံခြားသား တယောက်နဲ့! ဘာတွေပွဲကျနေပါလိမ့်!

“မင်္ဂလာပါ”

နိုင်ငံခြားသားက ကျနော်တို့ကို မြန်မာလို ဘိုသံဝဲဝဲနဲ့ နှုတ်ဆက်တယ်။

“ဝေဝေ…ထိုင်” နွယ်က နိုင်ငံခြားသားရဲ့ ဘေးကခုံကို လက်ညှိုးထိုးပြပြီး ဝေဝေ့ကို နှုတ်ဆက်လိုက်တယ်။ ကျနော်က နွယ့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။

“ကိုမိုးမြင့် က ဗမာစကားကောင်းကောင်းပြောတတ်တယ်။ ဘိုကပြားလေ။ အမေက ဗမာ။ ငယ်ငယ်တုန်းကလည်း မြန်မာပြည်မှာအကြာကြီး နေဖူးတယ်” ကိုမိုးမြင့်ရဲ့ အင်္ဂလိပ်နာမည်ကတော့ Paul ဆိုပဲ။

ထမင်းစားတော့ ဝေဝေက ကျနော့်ကို အရင်ဆုံး ဟင်းထည့်ပေးတယ်။ ပြီးတော့မှ နွယ့်ကို ထည့်ပေးတယ်။ နွယ်က စားပွဲ အောက်ကနေ ကျနော့်ပေါင်ကို လိမ်ဆွဲလိုက်တယ်။

ကိုမိုးမြင့်က အသံဝဲတာကလွဲရင် မြန်မာစကားကို မြန်မာတယောက်လို ပြောနိုင်တယ်။ မြန်မာစာပေကိုလည်း တော်တော်နှံ့စပ်တယ်။ စကားဝိုင်းက ကျနော်ဆွဲခေါ်သွားလို့ ဘာသာရေးအကြောင်းရောက်သွားတယ်။ သူ့လို ဘာသာမဲ့တယောက်ဆီက ဘယ်လိုစကားတွေ ထွက်လာမလဲဆိုတာကို စိတ်ဝင်စားမိတယ်။

“နစ်ရှေး (Nietzsche) ပြောသလိုပဲ ကျနော့်အတွက် God က သေသွားပါပြီ။ God သေသွားပြီ ဆိုတာကို God တင် မကပဲ God နဲ့ အလားသဏ္ဍန်တူတဲ့ စနစ်တွေပါ သေသွားတာလို့ တချို့က အဓိပ္ပါယ်ဖွင့်ကြတယ်။ ကျနော့်အတွက်လည်း အဲလိုပဲဗျာ။ ဥပမာ ဆိုပါတော့… ဒီအရှေ့တိုင်းသားတွေရဲ့ တခုခုဖြစ်တိုင်း ရှေးဘဝကံတို့ ဝဋ်ကြွေးတို့ကြောင့်လို့ ယုံကြည်နေပုံကိုလည်း God လို သဘောမျိုးပဲ ကျနော်မြင်နေတယ်ဗျာ။ ဥပမာ ကျနော်က ငှက်ကလေးတကောင်ကို သတ်လိုက်တယ် ဆိုပါတော့။ အဲဒါဆိုရင် အဲဒီ့ငှက်ကလေးက ဘဝသစ်မှာ ကျနော့်ကို ပြန်သတ်ခွင့်ရအောင်၊ ဒါမှမဟုတ် ကျနော့်ကို ပြန်ဒုက္ခပေးမယ့်သူ တယောက်ယောက်နဲ့ ကျနော်နဲ့ ထိပ်တိုက် မတွေ့တွေ့အောင် ဘယ်အရာက ဇာတ်ညွှန်းရေးပေး နေလဲ။ ဘယ်တစုံတရာက မတွေ့တွေ့အောင် ဇာတ်လမ်းဆင်ပြီး ထိပ်တိုက်တွေ့ပေးနေလဲ။ အဲဒါကို X လို့ပဲ အလွယ်ခေါ်လိုက်မယ်ဗျာ။ အဲဒီ့ X က God လို ဖြစ်နေတယ်။”

“အင်း။ God လိုဖြစ်နေတာမှန်ပေမယ့် God နဲ့ကွာတော့ကွာပါတယ်။ ကိုယ်လုပ်တဲ့အတိုင်း ခံစားရမယ့် သဘောဆိုတော့ မျှတတယ်လို့ ပြောရမယ်။ အဲဒီ့ X ဆိုတာက God လိုဖြစ်နေရင်တောင် fairဖြစ်တယ်လို့ ပြောရမယ်ဗျ။ ဒါကြောင့် ဓမ္မလို့ ခေါ်ကြတာ။ အဲဒီ့ နိယာမကြီး တကယ်ရှိမရှိကတော့ သက်သေပြလို့ မရဘူးပေါ့” ကျနော်က စိတ်ဝင်တစား ပြန်ပြောလိုက်တယ်။

ကိုမိုးမြင့်က ဆက်ပြောတယ်။ “ရှေးဘဝကံတို့ ဝဋ်ကြွေးတို့ကိုချည်း ခဏခဏ လွှဲချနေကြတာကလည်း God ကိုလွှဲချတာနဲ့ သွားတူနေတယ်”

ကိုမိုးမြင့်စကားကိုကြားတော့ ကျနော့်သူငယ်ချင်းတယောက်ကို သတိရမိတယ်။ သူက အများအကျိုး ဆောင်ရွက်မိလို့ အကွက်ဆင်ပြီး ထောင်အချခံရတာ။ အဲဒါ သူ့မိန်းမက ထောင်ဝင်စာ သွားတွေ့တော့ သူ့ကို ရှင့်အရင်ဘဝက ဝဋ်ကြွေးလို့ပဲ သဘောထားလိုက်ပါလို့ ပြောတယ်တဲ့။ သူ့ခမျာ အပြစ်မရှိပဲ ထောင်လည်းအချခံရသေး၊ အရင်ဘဝက မကောင်းတာလုပ်ခဲ့တဲ့သူဆိုပြီး ထပ်အထိုးနှက် ခံလိုက်ရသေးတယ်။

ကိုမိုးမြင့်နဲ့ စကားပြောရတာ အရမ်းကောင်းတယ်။ အဲလို ဆွေးနွေးဖော်မျိုးက ရခဲတယ်မို့လား။ ကျနော် စိတ်လှုပ်ရှားရှားနဲ့ ရေနွေးခွက်ကို တိုက်မိပြီး ရေနွေးတွေ စားပွဲပေါ် ဖိတ်သွားတယ်။ စားပွဲပေါ်က ရေနွေးတွေကို ကျနော် ကမန်းကတမ်း သပ်ချမိတယ်။

“ဟာ၊ ကိုကို ဘယ်လိုလုပ်တာတုန်း။ နွယ့်ပေါ်ကို လာသပ်ချတယ်” ကိုမိုးမြင့်နဲ့ ဝေဝေက ကျနော်တို့ကို ရယ်ကြတယ်။


(၂၈)

နွယ်က ကျနော့်ရဲ့ ကဗျာဖတ် ပရိသတ်။

“မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။

ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။”

ကျနော်ရေးခဲ့ဘူးတဲ့ ကဗျာကို ဖတ်ပြီး နွယ်ကမေးတယ်။

“ကိုကိုက အဲလိုရေးရအောင် ကောင်းကင်ဘုံတွေ ငရဲတွေ နတ်ပြည်တွေ ဆိုတာတွေကို လက်ခံထားလို့လား”

“အဲဒါက နိမိတ်ပုံအဖြစ် ရေးတာလေ”

“ကိုကိုကလည်း။ လောကကြီးမှာ ကိုယ့်မျက်စေ့နဲ့ မမြင်ရပေမယ့် လက်ခံရမယ့် အရာတွေ အများကြီး ရှိတယ်လေ။ ဥပမာ လျှပ်စစ်ဓာတ်ကို မျက်စေ့နဲ့ မမြင်နိုင်ပေမယ့် လက်ခံလိုက်ရသလို မျိုးပေါ့”

“နွယ်ပြောပုံက မူရင်းကိစ္စကို သက်သေပြပြီး လက်ခံခိုင်းတာမျိုးမှ မဟုတ်ပဲ။ ခိုင်းနှိုင်းစရာဥပမာ တခု မရမက ရှာပြီး အတင်း လက်ခံခိုင်းတာမျိုး။ လျှပ်စစ်ဓာတ်ကို မမြင်ရပဲနဲ့ လက်ခံရလို့ အကုန် လက်ခံရကြေး ဆိုရင်တော့ ဘာသာတိုင်းကဟာတွေကို အကုန်လုံးရောနှောပြီး လက်ခံနေရတော့မှာပေါ့။ အားလုံးကို ပူဇော်နေရလို့ အခန်းတခုလုံး ဘုရားတွေ နတ်တွေနဲ့ ပြည့်သွားနိုင်တယ်။” ကျနော်က နွယ့်ကို အရွဲ့တိုက်ပြီး ပြောလိုက်တယ်။ “

“နတ်ပြည် တကယ်လို့ ရှိရင်ကော မရောက်ချင်ဘူးလား”

“ဒါတော့ ရောက်ချင်တာပေါ့။ နတ်သမီးလေးတွေနဲ့ တွေ့ရတာပေါ့။”

နွယ်က ကျနော့်ကို လှမ်းပြီး မျက်စောင်းထိုးတယ်။

“ဗြဟ္မာ့ပြည်ဆိုရင်ရော”

“အဲဒါတော့ ရှိလည်း မရောက်ချင်ဘူး။ ရုပ်ချည်းပဲသက်သက် ရှိတယ်လို့ ပြောကြတဲ့ ‘အသညသတ်’လို ဗြဟ္မာ့ဘုံကိုများ ရောက်သွားလို့ကတော့ သွားပြီ။ အဲဒီ့ဘုံမှာ ဗြဟ္မာကြီးတွေက တချို့ကလည်းထိုင်၊ တချို့ကလည်းအိပ်၊ တချို့ကလည်းရပ်ပြီးတော့ ရုပ်ချည်းသက်သက် ရှိနေကြတာတဲ့။ ခုမြင်နေရတဲ့ စားပွဲတွေ၊ ကုလားထိုင်တွေနဲ့ သူတို့ဘဝက ဘာထူးဦးမှာလဲ”

ပြောရင်းပြောရင်းနဲ့ နွယ်ဟာ ကျနော့်မျက်စေ့ရှေ့မှာတင်ပဲ ပန်းလေးတပွင့် ဖြစ်သွားတယ်။ ကျနော်ကတော့ အဲဒီ့ပန်းလေးကို ရစ်ပတ်ခြုံလွှမ်းမယ့် အငွေ့လေးပေါ့။ နွယ့်အပါးမှာ လှည့်ပတ်လှုပ်ရှားရင်း မထိတထိလေးလည်း နမ်းလိုက်မယ်။ ဟင်! ဒါပေမယ့် နွယ့်မှာ စိတ်မရှိတော့ ကျနော်နမ်းတာကို နွယ်က ဘယ်သိမှာလဲ။ ဘယ်လိုခံစားနိုင်မှာလဲ။ ကျနော်ကရော နွယ်မှန်း၊ လှပတဲ့ ပန်းလေးမှန်း ဘယ်လိုလုပ် သိမှာလဲ။ ဒေးကား (Descartes) ကတော့ ‘ငါတွေးတယ်၊ ဒါကြောင့် ငါရှိတယ်’ တဲ့။ ကျနော်ရော နွယ်ရော တွေးမှမတွေးနိုင်တဲ့ဟာ။ ဒါဆို နှစ်ယောက်စလုံး မရှိဘူးပေါ့။

ခဏနေတော့ နွယ်က ရယ်ပြီးပြောတယ်။ “ဟားဟား။ တခြားဟာတွေ မယုံရင်နေ။ ကိုကို့ကို ငရဲပြည်ကို ယုံအောင်လုပ်ရမယ့်နည်းတော့ သိတယ်”

“ဟုတ်လား။ ပြောပါဦး”

သူက Reader’s Digest မဂ္ဂဇင်းထဲမှာပါတာဆိုတဲ့ ဟာသ တခုကို ပြောပြတယ်။ “ကောင်မလေးက သူ့အဖေ ပေးစားတဲ့ ကောင်လေးကို မယူချင်ဘူးတဲ့။ ကောင်လေးက ငရဲကို မယုံဘူးဆိုလို့ မယူချင်တာ။ ဒါနဲ့ ကောင်မလေး အမေက ကောင်မလေးကို နားချတယ်။ လက်ထပ်မှာသာ လက်ထပ်လိုက်ပါ သမီးရာ၊ ငရဲကို အဲဒီ့ကောင်လေးယုံအောင်လုပ်ဖို့က မေမေ့တာဝန် ထားစမ်းပါ၊ မေမေသူ့ကို အမျိုးမျိုး နှိပ်စက်ပြီး ငရဲနဲ့တူအောင် ဖန်တီးပေးလိုက်မယ်တဲ့။ ဟီးဟီး။ ကိုကို ငရဲကို ယုံအောင်လုပ်ဖို့ မေမေ့ကို အကူအညီ တောင်းရမယ်”

“ဟားဟား”

တကယ်တော့ နွယ်သာ ကျနော့် ဘေးမှာ ရှိနေမယ်ဆိုရင် နွယ့်မေမေ မပြောနဲ့၊ ဘယ်လို တန်ခိုးရှင်ကမှ ကျနော့်အတွက် ငရဲကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ နွယ်နဲ့ဆို ဒုက္ခတွေကအစ ကျနော့်အတွက် ကောင်းကင်ဘုံ ဆန်နေလိမ့်မယ်။

လူတိုင်းမှာ မစဉ်းစား မဆင်ခြင်ပဲ အလွယ်တကူ လက်ခံလိုက်ကြတဲ့ နယ်ပယ် တခုမဟုတ်တခု ရှိတတ်ကြတယ်ဆိုရင် ကျနော့်အဖို့ကတော့ နွယ်နဲ့ ပတ်သတ်သမျှပဲ ဖြစ်လိမ့်မယ်။ နွယ်ရေ…နင့်မျက်နှာဟာ ငါ့အတွက် လောဂျစ်နဲ့ကင်းတဲ့ တခုသော ဘာသာရပ်။ နင်နဲ့ ဘယ်လိုမှ မခွဲနိုင်ဘူးနွယ်။

ကျနော် ကောက်ရိုးလေးတနွယ်ကို ဒီလို အားကိုးခဲ့ဖူးတယ်။


(၂၉)

နွယ်နဲ့ ကျနော့် ရှေ့ရေးကို စဉ်းစားလိုက်တိုင်း အိပ်မက်က ရုတ်တရက် လန့်နိုးပြီး ပြန်အိပ်မပျော်သူလို ခံစားရတယ်။

“ကိုကို ဘာလဲ၊ဘယ်လဲ”

နွယ်နောက်လိုက်တဲ့ စကားကြောင့် ကျနော် အတွေးတွေ ပြတ်သွားတယ်။

“ကိုကို ဘာလဲဆိုတော့ နွယ့်ရည်းစား၊ နွယ့်ခင်ပွန်းလောင်း၊ ဘယ်လဲ ဆိုတော့ ကိုကို့ နာမည် အတိုင်းလေ။ ကောင်းကင်ကို ပေါ့။ ကောင်းကင်ဆီကို ပျံမယ်လေ”

“ဟားဟား။ ကိုကိုက ရယ်ရတယ်။ ကောင်းကင်ဘုံကိုသာ မယုံတာ။ နာမည်ကတော့ ကောင်းကင်ကကို မချဘူး။ ‘မြေကြီးကို’ တို့၊ ‘ငရဲကို’ တို့ ဆိုပြီး မှည့်ပါလား။ အဲဒါမှ ကိုကိုရောက်မယ့် နေရာတွေ”

“ဟားဟား”

“နွယ်မေးချင်တာက ဒီလိုပါ။ ကိုကိုက သေခြင်းတရားအတွက် ဘယ်လိုပြင်ဆင်ထားမှာတုန်း”

“ကိုကိုကတော့ သေခြင်းတရားအတွက် မပူဘူး။ နေခြင်းတရားအတွက်ပဲ ပူတယ်” ကျနော်က သေခြင်းတရားကို စာမေးပွဲ တခုလို မခံစားမိဘူးလေ။ နေနေတုန်းသာ စက္ကန့်နဲ့အမျှ ဘဝ စာမေးပွဲ ဖြေနေရတာ။

“နောက်ဘဝမှာ မကောင်းတဲ့ သတ္တဝါတွေ ဖြစ်မှာ မကြောက်ဘူးလား”

ကျနော်က ကျနော့်ရဲ့ ပေကပ်ကပ် အတွေးတွေကို နွယ့်ကို ပြောပြလိုက်တယ်။ “ဖြစ်ပါစေပေါ့။ အဲလိုဖြစ်တယ် ဆိုရင်လည်း အခုက အရင်ဘဝက ရုပ်လည်း မဟုတ်ဘူး၊ အရင်ဘဝက စိတ်လည်း မဟုတ်ဘူး။ ရုပ်ကော စိတ်ပါ အသစ် ဆိုတော့ အရင်ဘဝကငနဲလို့ ပြောနိုင်တာ ဘာတခုမှ မကျန်ခဲ့တော့ဘူး။ အဲဒီ့တော့ ဘာမှ ပတ်သတ်မှု မရှိတော့သလိုပဲ ခံစားနေရတယ်။ အရင်ဘဝက ကောင်းမှု မကောင်းမှုတွေ ဒီဘဝမှာ လာခံရတာမျိုး ရှိတယ်ပဲ ထားပါဦး။ အဲဒါဆိုလည်း အရင်ဘဝက ငနဲက သူ့စိတ်သူ့ရုပ်နဲ့ လုပ်ခဲ့တာ မှန်သမျှ ဒီဘဝမှာ တခြားရုပ် တခြားစိတ်နဲ့ ကိုကိုက အသားလွတ်လာခံနေရသလိုပဲ။ အဲဒီ့တော့ အခုကိုကိုလုပ်တာ တွေကိုလည်း နောက်ဘဝက ငနဲ ခံပါစေပေါ့။ ဟားဟား” ကျနော့်ကိုယ် ကျနော် ပြန်လှောင်လိုက်တဲ့ ရယ်သံက ကျနော့် အတွေးတွေထက်တောင် မိစ္ဆာဆန်နေသေးတယ်။

“ဟယ်၊ အံ့သြတယ်၊ ပေတေတေနဲ့၊ ပေါက်ပေါက်ရှာရှာတွေ ပြောတယ်တော့။ အဲလိုသာဆို လူတွေ လုပ်ချင်ရာ လုပ်ကုန်ကြမှာပေါ့”

“အဲလိုတော့ မဟုတ်ပါဘူး။ ဥပဒေဆိုတာလည်း ရှိနေတာပဲ။ ပြီးတော့ ဘာသာရေးတွေ၊ ငရဲတွေ ရှိနေလို့သာ မကောင်းမှုကို ရှောင်ရတာဆိုတဲ့ အပေးအယူဆန်တဲ့ စိတ်ကမှ ကြောက်ဖို့ကောင်းတာ”

“ဘာပဲဖြစ်ဖြစ် သံသရာအတွက်တော့ တွေးသင့်တာပေါ့။”

“ဒီဘဝမှာတောင် ‘ငါ ဆိုတာ မရှိဘူး၊ သူဆိုတာ မရှိဘူး၊ မစွဲလမ်းရဘူး’ ဆို။ ဘာဖြစ်လို့ နောက်ဘဝ ‘ငါ’ အထိတောင်လှမ်းပြီး စွဲလမ်းနေချင်ရတာလဲ။”

“ထားပါတော့။ ကိုကို့ဘဝ အဓိပ္ပါယ်က ဘာတုန်း။ အသက်ရှင်နေတာကရော ဘာအတွက်တုန်း”

နွယ်က အဖြေမရှိတဲ့ပုစ္ဆာကို မေးခွန်းထုတ်လာတယ်။ နွယ့်အတွက်လို့ ဖြေလိုက်ရင် ကောင်းမလား။

“ကောင်းသော်တာ အတွက်ပေါ့”

“ဟင်။ ဘယ်က ကောင်းသော်တာတုန်း”

“ဟားဟား။ သားလေးနာမည်ပေါ့။ နွယ့်နာမည်ရော ကိုကို့နာမည်ရော ပါတယ်လေ။ မကောင်းဘူးလား” စကားဝိုင်းပေါ့သွားအောင် ကျနော် အရွှန်းဖောက်လိုက်တယ်။

“အမယ်။ အဆင့်တွေ ကျော်ကုန်ပြီ။ ဘယ်သူက သူ့ကိုယူမယ်ပြောလို့လည်း။ ဟွန်း”

ခဏနေတော့ နွယ်ကမေးတယ်။ “ကလေးတွေ ရလာရင် ကိုကိုက သူတို့ကို ဘာဘာသာ ကိုးကွယ်ခိုင်းမှာလဲ၊ ဘာသာမဲ့ခိုင်းဦးမှာလား”

“ဟင့်အင်း။ ဇွတ်အတင်းမမဲ့ခိုင်းပါဘူး။ အတင်းလုပ်ယူလို့ ရတာမျိုးလည်း မဟုတ်ဘူးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဝေဝေက မေးဖူးတယ်။”

“ဒီ ဝေဝေက ပါလာပြန်ပြီ”

“ပါတော့ဘာဖြစ်တုန်း။ သူကမေးတယ်။ ကိုယ်ချစ်တဲ့လူ တယောက်ယောက်က အယူမှားနေရင် ဘယ်လိုလုပ်မှာလဲတဲ့။ ကိုကိုပြန်ဖြေတာက အဲဒါကြောင့် သူ့ကိုယ်သူနဲ့ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်နိုင်၊ မဖြစ်နိုင်ကြည့်မယ်။ ဖြစ်နိုင်တယ်ဆိုရင် တားမယ်။ မဖြစ်နိုင်ဘူးဆိုရင်တော့ သူ့ဘာသာ နတ်ပဲကိုးကွယ်နေနေ”။

“အဲဒါ တာဝန်မဲ့ရာ မကျဘူးလား”

“စိတ်ဝင်စားပုံပြရင်တော့ ဆွေးနွေးကြည့်မှာပေါ့။ အတင်းအဓမ္မ လုပ်လို့ကတော့ မထူးဘူးလေ”

“ကလေးတွေကိုရော”

“အင်း၊ ကလေးတွေကို ကိုယ့် ကိုယ်ပိုင်ပစ္စည်းလိုမျိုး ဘယ်တော့မှ သဘောမထားဘူး။ စာရေးဆရာဆိုတဲ့ တယောက်က ရေးဖူးတယ်။ သူ့ကလေးတွေကို စလုံးမှာ ကျောင်းသွားထားရင် မြင့်မိုရ်တောင်ကို မယုံတာမျိုးတွေ ဖြစ်လာမှာ စိုးလို့ စလုံးမှာ ကျောင်းမထားချင်ဘူးတဲ့။ ကိုကိုကတော့ ကလေးတွေ မြင့်မိုရ်တောင်တွေ၊ ဘုရားသခင်တွေကို ယုံတာမယုံတာထက် လူတော်လေးတွေ လူကောင်းလေးတွေ ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ထင်တာပဲ”


(၃၀)

“ကိုကို၊ နွယ်အခုနေသေရင် အသစ်တယောက် ရှာမှာလား……..ရှာမယ့်ပုံပါ ။”

“ဟာ၊ ဘာတွေမေးနေမှန်းမသိဘူး။ မရှာပါဘူး။”

နွယ်ဘာတွေ ဖြစ်နေပါလိမ့်။ အဆက်အစပ်မရှိတဲ့ စကားတွေလာပြောနေတယ်။

ခဏနေတော့ နွယ်က သူအခုတလော ခဏခဏ မက်တယ်ဆိုတဲ့ သူ့အိပ်မက် အကြောင်းကို ပြောပြတယ်။

“နွယ်က မွေးနေ့ကိတ်လေးနဲ့ စောင့်နေတာ။ ဘယ်သူမှ ပေါ်မလာကြဘူး။ ကိုကိုရော၊ အမေနဲ့ ဖေကြီးရော၊ သူငယ်ချင်းတွေရော တယောက်မှကို ပေါ်မလာဘူး။ တော်တော် ကြာတော့မှ ဆုံးပြီးသား နွယ့်အဘွားက ရောက်လာတယ်။ နွယ်က နွယ့်အဘွားကို ကိုကိုရောလို့ မေးလိုက်တော့ ဝေဝေနဲ့ နေမှာပေါ့တဲ့။ ပြီးတော့ နွယ်နဲ့ အဘွား ဖက်ပြီးငိုကြတယ်”

နွယ့်အိပ်မက်ကို နားထောင်ပြီး ကျနော်စိတ်မကောင်းဖြစ်သွားမိတယ်။

“ဟာ၊ အဓိပ္ပါယ်မရှိလိုက်တာ၊ နွယ့်အဘွားက ကိုကို့ကိုမှ မသိတာ။ နွယ်တခုခုကို စိတ်စွဲလို့ နေမှာပေါ့”

“နွယ့်ကို ဗေဒင်ကလည်း အသက် အစိတ်ကျော်လာရင် မွေးနေ့တွေနားမှာ အသက်အန္တရာယ် ရှိတတ်တယ်၊ ဂရုစိုက်ဆိုပြီး ဟောထားတာ ရှိတယ်”

“ဟာ၊ ဒီ...အိပ်မက်တွေ၊ ဗေဒင်တွေက မှန်တာမှ မဟုတ်တာ။ ဟိုတခါ နွယ့်အိပ်မက်တုန်းကရော မှန်လို့လား။ ကိုကို ကားအတိုက်မခံရဘူးလေ။”

“မသိဘူး။ နွယ်စိတ်လေးနေတယ်။ အဘွားတုန်းကလည်း သူ့မွေးနေ့လေး မတိုင်ခင်မှာတင် နေမကောင်းဖြစ်ပြီး ဆုံးသွားတာ။”

“ဟာ! နွယ်ကလည်း၊ နွယ့်မှာ ရောဂါကြီးကြီးမားမားလည်း ရှိနေတာမှ မဟုတ်တာ။ ဘာတွေ လျှောက်ပြော နေမှန်းမသိဘူး။ ပြီးတော့ သချာင်္နည်းနဲ့ စဉ်းစားကြည့်ရင် လူ ၁၂ ယောက်မှာ ၁ ယောက်က မွေးတဲ့လမှာ သေနိုင်တယ်။ ၃၆၅ ယောက်မှာ ၁ယောက်က မွေးတဲ့ရက်မှာ သေနိုင်တယ်။ ကမ္ဘာပေါ်မှာ လူတွေက သန်းပေါင်းထောင်နဲ့ ချီပြီးရှိနေတာဆိုတော့ မွေးတဲ့ရက်မှာ သေတဲ့လူက သန်းပေါင်းများစွာ ရှိနေမှာပေါ့။ အဲဒီ့လို မွေးတဲ့နေ့မှာ သေတဲ့လူတွေကိုပဲ ကွက်ကြည့်ပြီး အစွဲအလမ်း ဝင်သွားကြတာ၊ မဟုတ်တာတွေကို သွားပြီး စွဲလမ်းမနေနဲ့လေ။ ကိုကိုကတော့ အဲဒါတွေ မယုံပါဘူး။ ဒါပေမယ့် နွယ်အားရှိအောင် ယတြာ ချေချင်လည်း ချေပေါ့။ အသက်ရှည်နိုင်တယ် ဆိုတဲ့ ကုသိုလ်တွေလည်း လုပ်လေ”

“အင်း။ ယတြာလည်း ချေမယ်။ အသက်ရှည်အောင်လည်း ဒါနတွေလုပ်ရမယ်”

နွယ်ပြန်သွားတော့ ကျနော် အတွေးတွေနဲ့ ကျန်ခဲ့တယ်။ နွယ့်စိတ်ထဲမှာ ဘယ်လို ဥပါဒါန်တွေ ဝင်နေပါလိမ့်။ ပြီးတော့ တိုက်ဆိုင်မှုတွေအကြောင်းလည်း ကျနော် ဆက်စဉ်းစားမိတယ်။ “လူတွေဘာကြောင့် အစွဲအလမ်းတွေဝင်သွား ကြတာလဲ။ ဗေဒင်တွေ၊ အကြားအမြင်တွေ ဆယ်ခါမှာ ကိုးခါမမှန်ပဲ တခါလေးမှန်သွားရင် မှန်တဲ့အခါကိုပဲ ကွက်မြင်ပြီး ယုံသွားကြတာလား။ ဆုတောင်းဆယ်ခုမှာ တခုလေး တိုက်တိုက်ဆိုင်ဆိုင် ပြည့်သွားရင် ပြည့်သွားတဲ့ ဆုတောင်းကိုပဲ တဖွဖွ ပြောပြီး ဆုတောင်းတဲ့အလုပ်ကို ယုံကြည်သွားကြတာလား။ မကောင်းတာလုပ်တဲ့လူ ဆယ်ယောက်မှာ………” အဲဒီ့ညက ကျနော့်ရဲ့ တေလေအတွေးတွေ တော်တော်လေးရှည်သွားတယ်။


(၃၁)

ဝေဝေက သင်းကွဲ….သူ့ဦးလေး မိသားစုနဲ့ အတူနေပေမယ့် ‘တယောက်တည်း’။ သူ့ဦးလေး မိသားစုမှာက သမီးနှစ်ယောက်နဲ့ သားတယောက်ရှိတယ်။ ပြီးတော့ သူ့ဦးလေး မိန်းမကလည်း သူ့ကိုမကြည်ဘူး။

ဒါကြောင့် ဝေဝေ့ စိတ်က ဘယ်တော့မှ ကြည်လင်နေတယ် ဆိုတာ မရှိဘူး။ အမြဲစိတ်အလိုမကျ ဖြစ်နေတတ်တယ်။ ဒါပေမယ့် တကောက်ကြွက်မို့ သံယောဇဉ်တော့ တော်တော်တွယ်တတ်တယ်။ ကျနော့်ကိုလည်း သံယောဇဉ်တော်တော် ရှိပုံရတယ်။ ဒါကြောင့်မို့လို့ ကျနော့်ကိုလည်း သူနဲ့ ဘာမဆို တူစေချင်တယ် ထင်ပါတယ်။ ကျနော်ကတော့ မရဘူး။ သူနဲ့လည်း ငြင်းတာပဲ။

ကျနော်ငြင်းပြီဆိုရင်တော့ ဝေဝေက စိတ်တိုတိုနဲ့ ပြန်ငြင်းတတ်တယ်။ သူငြင်းတဲ့အခါမှာတော့ သူ့နှုတ်ခမ်းပေါ်မှာ ဘယ်တော့မှ တကယ်ထုတ်သုံးဖြစ်မှာ မဟုတ်တဲ့ ဓားတလက်။

“ဘယ်ဘာသာကိုမှ မကိုးကွယ်တာကိုက ဘာသာတမျိုးပဲ။ ဘာကိုမှ လက်မခံဘူးဆိုတဲ့ ဝါဒကို လက်ခံထားတာ” ဝေဝေက စွဲချက်တင်လာတယ်။

“ဟိုက်!” “မဟုတ်သေးဘူး ဝေဝေ။ ဘာကိုမှ လက်မခံဘူးလို့ စွပ်စွဲတာကြီးက မဟုတ်သေးဘူး။ အားလုံးကို ပယ်တာမှ မဟုတ်တာ။ ဘာသာတိုင်း၊ အယူအဆတိုင်းကနေပြီးတော့ ယူချင်တဲ့ဟာကို ယူပြီး ပယ်ချင်တဲ့ဟာကို ပယ်တာ။ တခုကို လက်ခံတာနဲ့ ကျမ်းတွေထဲပါသမျှ အားလုံးကို လက်ခံရမယ်လို့ တခုနဲ့တခု ချိတ်ထားတာမှမဟုတ်တာ။ ကိုယ်ကြိုက်တာပဲ ကိုယ်ရွေးယူမှာပေါ့၊ free thinker ချင်းလည်း တယောက်နဲ့ တယောက် မတူဘူး။”

ခက်တယ်! ဘာသာမရှိတာကို ဖက်ရှင်ထွင်နေတယ်လို့ ထင်နေတဲ့ ကောင်မလေးတွေကလည်း ရှိသေးတယ်။


(၃၂)

ငါ့ကို အညာဆုံးသူက ငါပဲ။

ငါ့စိတ်ထဲမှာ ဆန့်ကျင်ဘက် တရားတွေ

အတူတူ နေလို့ရတယ်။

ကျနော် ကိုယ့်ကိုယ်ကို ပြောရင်းနဲ့ နွယ့်ကိုလည်း လူ့စိတ်ထဲက ဆန့်ကျင်ဘက်တွေ အကြောင်း ပြောပြဖြစ်တယ်။

“လူတွေရဲ့ စိတ်က ဒီလိုပဲ။ ကြိုးစားမှ ရမယ် ဆိုတာကို သိသိကြီးနဲ့ ဘုရားတွေဆီမှာ ဆုတောင်းချင်ကြတယ်။ လူ့ဘဝရဲ့ လောကဓံဂိမ်းတွေ ကစားရတာကို အရသာတွေ့နေတုန်းမှာပဲ ဘာစိန်ခေါ်မှုမှ မရှိတဲ့ ကောင်းကင်ဘုံကို လိုချင်တယ်လို့ ကိုယ့်ကိုယ်ကို ထင်နေကြတယ်”

“ဟုတ်တယ်နော်”

ဆန့်ကျင်ဘက်တွေ အကြောင်း ပြောလို့ကောင်းနေတုန်းမှာပဲ….ဘေးအိမ်က သီချင်းဆိုနေတဲ့အသံမှာ တီးလုံးသံပျောက်သွားပြီး အသံကြောင်ကြီး တခုပဲ ဟိန်းလာတယ်။ “ကိုယ့်ကြောင့်…မျက်…” အသံကြောင်ကြီးလည်း ဘရိတ်အုပ်လိုက်ရတယ်။

သူသီချင်းလိုက်ဆို နေတုန်းမီးပျက်သွားတာ။

ဒီတခါ မီးအပျက်မှာတော့ ချစ်သူရှိနေတဲ့အတွက် တောက်ခေါက်နေဖို့ မလိုတော့ဘူး။ တခါတခါလည်း အလင်းထက် အမှောင်က ကောင်းပါတယ်။ အခုပိန်းပိတ်နေတဲ့ အမှောင်ဟာ EPC နဲ့ ကျနော့်အတွက်တော့ win-win situation ပါပဲ။

ကျနော် သူ့လက်လေးကို ကိုင်ပြီးတော့ ညင်ညင်သာသာလေး ပြောလိုက်တယ်။ “ဆန့်ကျင်ဘက်နှစ်ခု ပေါင်းစည်းတာကို ကိုကိုလက်တွေ့ပြမယ်။”

နွယ်က အင်း’ လား ‘ဟင့်အင်း’ လား မကွဲတဲ့ နှစ်ကိုယ်ကြား အသံသဲ့သဲ့လေးနဲ့ တုံ့ပြန်တယ်။ “….”

“အဲဒါကိုကိုနဲ့ နွယ်” ကျနော်က ပြောရင်းဆိုရင်း သူ့ကိုယ်လေးကို အလိုက်သင့် သိမ့်ခနဲ ဖက်လိုက်တယ်။ ပြီးတော့ နွယ်နဲ့ ကျနော် အမှောင်ရဲ့ အရသာကို အတူတူ ခံစားခဲ့ကြတယ်။


(၃၃)

“အမက မကျွတ်ဘူးတဲ့။ တခါတခါ ငိုသံ ကြားရသတဲ့။ ခု အဲဒီ့မှာ ဘယ်သူမှ မအိပ်ကြတော့ဘူး။ နွယ်ကြောက်လိုက်တာ။ ဖေကြီးတို့ကလည်း ဘယ်တော့မှ ပြန်လာမတုန်းမသိဘူး”

“ဟာ! မကြောက်ပါနဲ့၊ ငိုသံကြားရတယ် ဆိုတာ ဘယ်သူက ပြောတာလဲ။ အဲဒီ့လူရဲ့စိတ်က သူ့ကိုယ်သူ ပြန်ခြောက်တာ နေမှာပါ”

“ကိုကိုကလည်း… အစိမ်းသေ ဥစ္စာကို”

“အစိမ်းသေ ဆိုလည်း…suicide လုပ်တဲ့သူက သူ့ကိုယ်သူ သေမှာမှန်း ကြိုသိနေတာပဲ။ ကိုယ်ဘယ်အချိန်သေမယ် ဆိုတဲ့ စီရင်ချက်ကို ကိုယ့်ဘာသာ ချလိုက်တာလေ”

“ဘာလို့အဲလို suicide လုပ်ကြတုန်း မသိဘူးနော်။ ကြောက်စရာကြီး။ ဘဝကူးလည်း ကောင်းမှာ မဟုတ်ဘူး။”

“အင်း။ နိုင်ငံတော်တော်များများမှာလည်း suicide ကို ခွင့်မပြုဘူး။ ဥပဒေတွေနဲ့ တားကြတယ်။”

“အင်းပေါ့၊ အဲလိုပဲ တားသင့်ပါတယ်”

“အင်း၊ ဒါပေမယ့် right to suicide ကို တောင်းဆိုနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီ့ထဲမှာ နာမည်ကြီး စာရေးဆရာ တွေလည်းပါတယ်။ အကြောင်းပြချက် တွေကတော့ အမျိုးမျိုးပေါ့။ တချို့လည်း ရောဂါဝေဒနာတွေ အရမ်းခံစားနေရပြီး ပတ်ဝန်းကျင်ကိုလည်း ငွေရေးကြေးရေးအရရော ကရိကထအရရော ဝန်ထုပ်ဝန်ပိုးကြီး ဆက်မဖြစ်စေချင်လို့ suicide လုပ်သွားကြတာ။ အဲလို အခြေအနေ ဆိုရင်တော့ ကိုကိုဆိုလည်း စဉ်းစားမိမှာပဲ”


(၃၄)

ဒီနေ့ ကျနော်တို့ စုံတွဲနဲ့ ဝေဝေ လက်ဘက်ရည်ဆိုင်မှာ တွေ့ဖို့ ချိန်းထားတယ်။ ဝေဝေက ခုထိ မလာသေးဘူး။

ခဏနေတော့ လူတယောက် ရောက်လာပြီး ကျနော်တို့ စားပွဲပေါ်ကို ခပ်တည်တည်နဲ့ သူ့ကားသော့ကို ပစ်ချလာတယ်။ ဟိုက်! ဘယ်လိုအထာကြီးတုန်း။

“ဟော၊ ကိုစိုးအောင်” နွယ်က နှုတ်ဆက်လိုက်တယ်။ သြော…လက်စသတ်တော့ ကိုစိုးအောင်ဆိုတဲ့ ငနဲပဲ။

“အင်းဟုတ်တယ်၊ သော့်ကို တွေ့လို့ ဝင်လာတာ။ ခဏထိုင်မယ်နော်”

“အင်း၊ ထိုင်လေ”

ကျနော်က နွယ်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေရာကနေ နွယ့်ဘေးနားကို ခပ်မြန်မြန်လေး ပြောင်းထိုင်လိုက်တယ်။ အဲဒီ့လူလည်း မျက်နှာချင်းဆိုင် နေရာမှာ ဝင်ထိုင်လိုက်ရတယ်။

အဲဒီ့လူ နွယ့်ကို ခေါ်ပုံကြီးကလည်း သူများနဲ့ မတူဘူး။ “သော်” တဲ့။ နားထဲမှာ တမျိုးကြီးပဲ။


(၃၅)

ကျနော့်ဘာသာ ကျနော်ဆို ဒီိလိုလူနဲ့ ၁မိနစ် ၂မိနစ်ထက် ပိုပြီး စကားပြောဖြစ်မှာ မဟုတ်ဘူး။

သူ့ စကားအသွားအလာကို ဆင်ခြင်လိုက်ကတည်းက သူ့ရင်ထဲက ဘုရားစင်မှာ ပင့်ကူတွေ အိမ်ဖွဲ့နေမှန်း သိလိုက်တယ်။ ဒီလိုလူမျိုးရဲ့ ရင်ဘတ်မှာ ကျနော့်စကားလုံးတွေ ခြေချစရာ နေရာများများမရှိနိုင်ဘူး။ ကဗျာဆရာ မောင်ဖီလာရဲ့ စကားကိုမှီးပြီး ပြောရမယ် ဆိုရင်တော့ ဒီလို ခပ်ညံ့ညံ့ စကားဝိုင်းထဲမှာ ဘာမှဝင်မပြောခြင်းအားဖြင့် ကိုယ့်အရည်အသွေးကို ထိန်းသိမ်းလိုက်တာပဲ။

ကျနော် ဘာမှ မပြောတာကို သူက အိုင်ဒီယာ မရှိတဲ့ အချဉ်လို့ ထင်နေတယ်။ ဒါကြောင့် ဆရာကြီးလုပ်ပြီး ပြောပြောလာတယ်။ ကျနော် အမြင်ကတ်ကတ်နဲ့ တချက်တချက် ဝင်ထောက်လိုက်ရင်တော့ သူ့မျက်နှာ ပျက်ပျက်သွားတယ်။ သြော်! နွယ့်မျက်နှာကလည်း ပျက်နေသလိုပဲ။ ဘာကြောင့် ကိုယ်ဘဝင်မကျတဲ့သူရဲ့ မျက်နှာနဲ့ ကိုယ်ချစ်တဲ့သူရဲ့ မျက်နှာက တိုက်ရိုက် အချိုးကျနေရတာလဲ။

နွယ်က စကားဝိုင်းကို ပုံပျက်ပန်းပျက် မဖြစ်အောင် ဝင်ဝင်ထိန်းနေရလို့လား မသိဘူး။ နွယ့်မျက်နှာက တော်တော်ညှိုးနေတယ်။ မောနေပုံလည်းရတယ်။

တချက်တချက်လည်း ကိုစိုးအောင်က ကျနော့်ကို ဖဲ့တယ်။ “သိလား သော်။ ကိုပြေ နဲ့ တောင် လက်ဘက်ရည် ဆိုင်မှာ တွေ့သေးတယ်။ မှတ်တောင် မမှတ်မိဘူး။ ဒီကောင် ပိန်ချုံးသွားလိုက်တာ ဒီညီလေး အတိုင်းပဲ။”

အဲဒီ့လူက ကျနော့်ကို လက်ညှိုးထိုးပြီး ဥပမာပေးတယ်။

“သူ့မှာ စားစရာမှ ရှိရဲ့လားမသိဘူး။ ဘာလို့လဲတော့ မေးမကြည့်ဖြစ်ဘူး၊ သူ့လောက်ကို ပိန်သွားတာ”

ဟာ! ဥပမာကလည်း တခါပေးရင် တော်ရောပေါ့။

ပြီးတော့ သူတို့စီးပွါးရေး လောက အကြောင်းကို ဆရာကြီး အထာနဲ့ လာပြောပြလိုက်သေးတယ်။ “အဲဒီ့ တရုတ်တွေက လိပ်မျိုးတွေ၊ တရုတ်ဆို တကောင်မှ မကောင်းဘူး”

“ဟာ! အဲလို ဝါးလုံးရှည်နဲ့ ရမ်းလို့တော့ မရဘူးလေ။ ကွန်ဖျူးရှပ်ဆို ဘယ်လိုလုပ်မလည်း။ သူလည်း တရုတ်ပဲ”။ ကျနော်က စကားလုံးကြီးကြီးတွေနဲ့ အဲလိုထောက်လိုက်တော့ သူဘာမှ ပြန်မပြောနိုင်တော့ဘူး။ စကားလွှဲသွားတယ်။ ဒီလူ ကွန်ဖျူးရှပ်တော့ သိသားပဲ။

စကားဝိုင်းနောက်ပိုင်းမှာ ကျနော် တခွန်းနှစ်ခွန်း ဝင်ထောက်တာနဲ့တင် သူနဲ့ ကျနော် ခဏခဏ ငြိငြိလာတယ်။ သူက နေရာတကာ သူသိသူတတ် လုပ်ချင်တဲ့သူ ထင်တယ်။ နောက်ပိုင်းမှာ ဘာသာရေး အကြောင်းတွေပါ ပြောလာတယ်။ သူဘာသာရေး လုပ်တာကလည်း တချို့လူတွေ ငွေမည်းကို ခဝါချသလို သူလည်း သူ့စိတ်မည်းတွေကို ခဝါချရုံသက်သက် ဟန်ပြလုပ်နေတာမှန်း သိသာတယ်။ ကျနော်က အမြင်ကတ်ကတ်နဲ့ ဘုဂလန့်တွေချည်း ပြောတော့ သူက မေးလာတယ်။

“ညီလေးက ကန့်လန့်တွေချည်းပြောနေတယ်။ ဘာ ဘာသာကို ကိုးကွယ်လို့တုန်း။ ဒါမှ ညီလေး အတွေးအခေါ်ကို တန်ဖိုးဖြတ်လို့ရမှာ”

“ဟာ! လူသန်းပေါင်းအများကြီးကို ကိုးကွယ်တဲ့ ဘာသာကိုကြည့်ပြီး လေးငါးစုတည်းခွဲပြီး တန်ဖိုးဖြတ်လို့ ရနိုင်ပါ့မလား။ တကယ်ဆို လူတယောက်မှာ ဘာသာတမျိုးပဲ။”

“အဲ၊ ထူးထူးဆန်းဆန်းပါလား”

“ဟုတ်တယ်ဗျ။ လူတယောက်ကို ဘာသာတမျိုး။ ဥပမာဗျာ…ဘာသာချင်း တူရင်တောင် တယောက်က ကြုံ..….”

“ဟာ၊ သော်… ဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ”

ရုတ်တရက် နွယ်က ကျနော့်ပေါ် ပျော့ခွေကျလာတယ်။ “ကိုကို၊ နွယ်မူးတယ်၊ အရမ်းမူးတယ်” ။

ဟိုလူ့ကားနဲ့ နွယ့်ကို ရွှေဗဟိုရ် ပုဂ္ဂလိက ဆေးရုံကို ပို့ဖို့လုပ်နေတုန်းမှာပဲ ဝေဝေ ရောက်လာတယ်။ ဝေဝေပါ ကျနော်တို့နဲ့ ဆေးရုံကို လိုက်လာတယ်။ ဟိုရောက်တော့ ကျနော်က နွယ်တို့အိမ်ကို ဖုန်းဆက်ခေါ်ပေးရတယ်။ ခဏနေတော့ နွယ့်အဖေနဲ့အမေ ရောက်လာတယ်။ အဲဒီ့အချိန်မှာ နွယ်လည်း ဆေးအထိုးခံပြီးတော့ အိပ်ပျော်သွားပြီ။

တအောင့်ကြာတော့ ဝေဝေက သွားစရာရှိလို့ သွားတော့မလို့ လုပ်တယ်။

“အန်တီတို့လည်း ရောက်လာပြီပဲ။ ညီလေးလည်း ပြန်တော့လေ။ ပင်ပန်းရောပေါ့။ အရမ်းအားနာတယ်ကွာ။” ဟိုလူက ကျနော့်ကို ယဉ်ယဉ်ကျေးကျေးနှင်တယ်။

ကျနော့်ကိုမှ မလိုအပ်တော့ပဲ။ ကျနော့် စိတ်ကနွယ့်နားမှာ ကျန်ခဲ့ပြီး လူက ဝေဝေနဲ့ အတူ ပြန်လာခဲ့ရတယ်။ ပြန်လာရင်းနဲ့ နွယ့်မွေးနေ့ရောက်ဖို့ ရှစ်ရက် ပဲ လိုတော့တာကို ဖျတ်ခနဲ သတိရလိုက်သေးတယ်။


(၃၆)

မိုးကအရမ်း အုံ့နေတယ်။ အမေတို့က ထီးကို အတင်းထည့်ပေးတယ်။ ကျနော် ဇွတ်ငြင်းတာလည်း မရဘူး။ နောက်ဆုံး ယူလာခဲ့ရတယ်။ ပြီးတော့ လိပ်စာပါတဲ့ မြေပုံစာရွက်တရွက် လည်း ပေးသေးတယ်။ ကျနော် စာရွက်ကို လုံးဝမကြည့်ပဲ အိတ်ကပ်ထဲ အသာထည့်ပြီး ထွက်လာခဲ့တယ်။

ကျနော်ခေါ်တဲ့နောက်ကို ကျနော်လိုက်သွားရင်း တဝဲဝဲ တလည်လည် ဖြစ်နေတယ်။ သွားရမယ့် နေရာကိုရှာရင်းနဲ့ ကျနော်ကိုယ်တိုင်ပါ ပျောက်သလိုလို ဖြစ်လာတယ်။ အဲဒီ့မှာ မိုးကရွာလာတယ်။ ကျနော် ထီးကိုကိုင်လာရပေမယ့် ဖွင့်မဆောင်းဖြစ်ဘူး။ ဖွင့်မဆောင်းချင်တဲ့ အကြောင်းပြချက်ကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်အလုံအလောက် ရှိနေတယ်။

လမ်းမှာတချို့လူတွေက မေးတယ်။ “ညီလေး၊ ထီးမဆောင်းဘူးလား”

“ဒါ၊ ထီးမဟုတ်ဘူးဗျ၊ အမေတို့ထည့်ပေးလိုက်တာ”

“ဟာ၊ ခင်ဗျားကလည်း။ ထီးပါဗျာ” သူတို့က ထီးအမျိုးအစားကိုတောင် ကျနော့်ကို ပြောပြလိုက်သေးတယ်။ ရှိစေတော့။

မိုးစက်တွေက လမ်းမတွေပေါ်ကို တဟုန်ထိုး ခုန်ဆင်းလာကြတယ်။ ကျနော် ခြေဦးတည့်ရာ တလှမ်းလှမ်းလိုက်တိုင်း လမ်းမတွေက ခွက်ထိုးခွက်လန် ရယ်နေကြတယ်။ အင်းလေ မင်းတို့ညီတုန်းတော့ ဤကိုကျွဲဖတ် ကြဦးပေါ့။ ကျနော် လိပ်စာ မြေပုံစာရွက်ကို ထုတ်ကြည့်လိုက်တယ်။

ဟာ! ကျနော်နားလည်တဲ့ အက္ခရာတွေနဲ့ ရေးထားပေမယ့် လုံးဝ ဖတ်လို့မရဘူး။ အက္ခရာ တလုံးချင်းစီကိုတော့ သိနေတယ်။ အဲဒီ့မှာ ကျနော့်ကို ကျနော် သတိထားမိတာက ကျနော့်မျက်လုံးတွေကို မျက်တောင်ခတ်ဖို့တောင် မှိတ်တုတ် မှိတ်တုတ် လုပ်လို့ မရတော့တာပဲ။ မျက်လုံးတွေက တောက်လျှောက်ကြီး ကြောင်တောင်တောင်နဲ့ အမြဲပွင့်နေတယ်။ ဒုက္ခပဲ။ မျက်တောင်မခတ်ရင် လူတွေက မကောင်းဆိုးဝါးလို့ ထင်တော့မယ်။

ကျနော် လူတယောက်ကို လိပ်စာ စာရွက်ကို ပြကြည့်တယ်။ အဲဒီ့လူက ကျနော့်ကို ဒါလေးတောင် မဖတ်တတ်ဘူးလားဆိုပြီး အထင်သေးသလိုလိုနဲ့ အရင်ကြည့်လိုက်သေးတယ်။

ဟာ! အံ့သြစရာ။ ဒီလူကို လိပ်စာစာရွက်ကို ဖတ်ပြခါနီးမှာ မျက်လုံးတွေကို အရင်မှိတ်လိုက်တယ်ဗျ။ ပြီးမှ ဖတ်ပြတယ်။ ကျနော် ကိုယ့်မျက်စေ့ ကိုယ်တောင် မယုံဘူး။ အင်းလေ၊ ကိုယ့်မျက်စေ့ကလည်း ယုံစရာမှ မရှိတော့တာ။ ကြောင်တောင်တောင်နဲ့ ပွင့်လျက်ကြီး သေနေပြီလေ။ ဒီလူ သူသိတဲ့ တခုခုကို ရွတ်ပြီး စာရွက်ကို ဖတ်ပြချင်ယောင် ဆောင်နေတာလား။ ဘာပဲ ဖြစ်ဖြစ် ကျနော်မှ မဖတ်တတ်တော့ သူဖတ်ပြတာပဲ ယုံရမလိုဖြစ်နေတယ်။ ကျနော် လိပ်စာ စာရွက်ကို တယောက်ပြီး တယောက် ပြကြည့်တယ်။ အကုန်လုံးအတူတူပဲ။ မျက်လုံးမှိတ်ပြီး ဖတ်ပြကြတယ်။

ကျနော် သူတို့ညွှန်တဲ့ အတိုင်းတော့ သွားပါတယ်။ တခုထူးဆန်းတာက ညွှန်တဲ့ အတိုင်းသွားလိုက်လို့ ရောက်ရောက်သွားတာက တနေရာတည်း။ ရေကန်ကြီးတခုလိုလို၊ တံလျှပ်ကြီးတခုလိုလို ကျနော်မကွဲဘူး။ ဒီလိုနဲ့ ကျနော် တဝဲဝဲ တလည်လည် ဖြစ်နေတယ်။

“ကိုကို…ကိုကို”

ဟော! နွယ်။ ကျနော်အားတက်သွားတယ်။ “လာ၊ ကိုကို” နွယ်က သူနဲ့ ထီးမျှဆောင်းဖို့ ပြောတယ်။ ကျနော်လည်း ခိုက်ခိုက်တုန် နေတာနဲ့ မျှဆောင်းလိုက်တယ်။ အဲဒီ့အချိန်မှာ ကျနော့်လက်ထဲက ထီးကလည်း ဘယ်မှာလွှတ်ချခဲ့မိမှန်း မသိတော့ဘူးလေ။ တအောင့်နေတော့ မိုးတွေလည်း တိတ်သွားတယ်။ ကျနော် နွယ်ခေါ်ရာ နောက်လိုက်သွားတယ်။ လမ်းတလျှောက်မှာလည်း နှင်းဆီတွေ စံပယ်ရုံ တွေကို တရုံပြီး တရုံ တွေ့လာတယ်။ တနေရာ ရောက်တော့ အရမ်းထူးခြားတဲ့ အဆင်း အနံ့နဲ့ ပန်းတရုံကို တွေ့တယ်။ တခြားပန်းတွေနဲ့ ဘာမှ မဆိုင်ဘူး။ ကျနော် တအံ့တသြနဲ့ ပန်းပွင့်ကသိုဏ်း ရှုလိုက်တယ်။ ပြန်လည်းလှည့်ကြည့်ရော….

ဟာ! နွယ်မရှိတော့ဘူး။

“နွယ်ရေ…နွယ်”

ကျနော် သွေးရူးသွေးတမ်းနဲ့ ပြေးပြီးရှာတယ်။ မတွေ့တော့ဘူး။ ကျနော် ခြေဦးတည့်ရာ ပြေးရင်း တကြော်ကြော် အော်ခေါ်မိတယ်။ ခဏနေတော့ မခံနိုင်တော့ဘူး။ မောဟိုက်ပြီး လဲကျသွားတယ်။

“အကို…ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ” ဝေဝေ့ အသံကို ကြားရတယ်။ ပြေးလာတဲ့ ခြေသံကိုလည်း ကြားရတယ်။

“အမေ့” ကျနော့်နား ရောက်မှ ဝေဝေက ခလုတ်တိုက်ပြီး ကျနော့်ပေါ်လဲကျတယ်။ ကျနော် ထဖို့ ကြိုးစားတယ်။ လုံးဝ ကိုယ့်ကိုယ်ကို ထူမတ်လို့ မရဘူး။ ဝေဝေက ကြိုးစားပြီး ဒယီးဒယိုင်နဲ့ ထတယ်။ ပြီးတော့ ကျနော့်ကို ထူဖို့ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဒါနဲ့ ဝေဝေက အတင်းဆောင့်ဆွဲလိုက်တယ်။

“ဟေ့ကောင်၊ ထတော့။ ကိုးနာရီတောင် ထိုးတော့မယ်။ ရေချိုး၊ မျက်နှာသစ်တော့။ လက်ဘက်ရည်ဆိုင်သွားရအောင်”

မျက်လုံးဖွင့်ကြည့်လိုက်လို့ ကျနော်မြင်လိုက်ရတာက ဝေဝေ မဟုတ်ဘူး။ သူငယ်ချင်းရဲ့ ကျက်သရေ မရှိတဲ့ မျက်နှာကြီး။ ဒါပေမယ့် ခေါင်းထဲကို တန်းရောက်လာတဲ့ အတွေးကတော့ ငါ ဒီနေ့လည်း အပြင်လောကမှာ နွယ်နဲ့ ဝေးနေရဦးမယ် ဆိုတာပါပဲ။


(၃၇)

ကျနော့် စကားသံတွေက ဟိုတစ ဒီတစ ဖြစ်နေတယ်။ ကျနော့်ရယ်သံတွေကအစ ကျနော်ကိုယ်တိုင်တောင် မမှတ်မိတော့လောက်အောင်ကို ခြောက်ကပ်သွားတယ်။ နွယ့်ကျန်းမာရေး အခြေအနေကရော ဘယ်လိုလဲ။ ဘာရောဂါတွေများ ရှိနေလဲ။ နေကောင်းတယ်ဆိုတဲ့ ဖုန်းထဲက အဖြေကို နွယ့်မျက်နှာလေး ထပ်မမြင်ရပဲနဲ့ ကျနော်မယုံနိုင်ဘူး။

ဟိုလူကများ နွယ့်အမေကို တခုခုသွားချွန်လိုက်လို့လား။ နွယ်ကလည်း အမေကို မလွန်ဆန်နိုင်တော့ဘူးလား။ တကယ်ဆို အကျိုးအကြောင်းလေးတော့ ပြောပြသင့်တာပေါ့။

ဒါမှမဟုတ် ဆေးခန်းမှာ နွယ်အိပ်ပျော်နေတုန်း ပြန်လာခဲ့မိလို့များ စိတ်နာသွားသလားနွယ်။ နွယ့်အနားမှာ တချိန်လုံး နေပေးချင်တာပေါ့။ နေပေးခွင့်မှ မရခဲ့တဲ့ဟာ။

အလုပ်မဖြစ်တော့တဲ့ တယ်လီဖုန်းတွေကို ကျနော် မုန်းစပြုလာတယ်။ တုံ့ပြန်မှု မရတော့တဲ့ အီးမေးလ်တွေကိုလည်း ကျနော်မစစ်ချင်တော့ဘူး။

နှစ်ပတ်လောက်နေတော့ သူငယ်ချင်းတယောက်က နွယ့်ကို လူတယောက်နဲ့ မြင်လိုက်တယ်လို့ ပြောတယ်။ ဟိုလူပဲ ဖြစ်မယ်ထင်တယ်။

ခုတော့ ဘဝမှာ အဓိပ္ပါယ်မရှိတာကိုက အဓိပ္ပါယ်တခုလို ဖြစ်လာတယ်။ နှင်းဆီဆေးသားလေးတွေ ပြယ်သွားပြီ။

နွယ်စိုးရိမ်နေတဲ့ နွယ့်မွေးနေ့လေးကတော့ ကျနော်တို့ နှစ်ယောက် အတူတူဆင်နွှဲခွင့် မရလိုက်ပဲ ကျော်သွားခဲ့ပါပြီ။


(၃၈)

အရိပ်မရှိတဲ့ ဘဝမို့ ညတွေကိုပဲ မျှော်မိတယ်။ ညတွေထဲမှာ… မူးယစ်ရီဝေ… အနာတွေ ခဏတော့ ပြေပါတယ်။

ပြေပြီးရင်ရော….ပြေပြီးရင်တော့ အိပ်မရတဲ့ငရဲနဲ့ ရင်ဆိုင်ရပြန်တယ်။ ဒီလိုနဲ့ ညရောက်တော့ နေ့ကိုမျှော်၊ နေ့ရောက်တော့ ညကိုမျှော်ရပြန်တယ်။ မျှော်ရတယ်ဆိုပေမယ့်လည်း မနက်ဖြန်မှာ သောကအပူ က လွဲလို့ ဘာမှ ပါမလာနိုင်တာကို ကြိုသိနေတော့ မောရပြန်တယ်။ ဒီလိုနဲ့ ကျနော့်အတွက် အချိန် ၅ လ လောက် ကျပျောက်သွားခဲ့ရတယ်။


(၃၉)

ကျနော့်အဖြစ်အပျက်ကို ဝေဝေ့ ကို ရင်ဖွင့်မိတယ်။ ဝေဝေကလည်း ကျနော် စိတ်လေနေတဲ့ ကာလမှာ အရမ်း ဂရုစိုက်တယ်။ ကြင်နာမှုတွေကို ရက်ရက်ရောရောပေးရှာတယ်။


(၄၀)

“ဟေ့ကောင်။ ဒီမှာဟ”

“ဟားဟား။ ငါက ဟိုဝိုင်းကို မင်းတို့မှတ်ပြီး သွားထိုင်တော့မလို့။”

“ဟာကွာ! ငါတို့ဝိုင်းမှာ ကောင်မလေးတွေမှ မပါတာ။ ဘာလဲ…မင်း မူးချင်ယောင်ဆောင်ပြီး သွားထိုင်မလို့မို့လား။ ငါသာမကယ်ရင် မင်းတော့ ပါးအချခံရတော့မှာပဲ။”

“မဟုတ်ပါဘူးကွာ။ မျက်မှန် မတပ်ထားလို့ပါ။ မူးချင်ယောင်လည်း မဆောင်ဘူး။ မူးလည်း မမူးသေးဘူး”

“အဲလိုလုပ်စမ်းပါ။ ဒီမှာ ဒါ တခွက်လား နှစ်ခွက်လား”

“တခွက်”

“အေး။ ဒါဆို မင်းမမူးသေးဘူး။ တခွက်ကို နှစ်ခွက် မမြင်သေးဘူး။ ချဟေ့ကောင်”


(၄၁)

နောက်နေ့မနက်ထိ ကျနော် အရက်နာကျနေတယ်။

ကျနော် ပဲပလာတာ စားရင်းနဲ့ ပျို့လိုက်တာ ဝေဝေ မြင်သွားတယ်။

“အကို အန်ချင်လို့လား။ ဆက်မစားနဲ့တော့လေ။ သံပုရာရည် တခွက်မှာလိုက်မယ်။”

အဲဒီ့မနက်က ဝေဝေ ကျနော့်ကို ဆူတယ်။ ဆူရင်းနဲ့လည်း မျက်ရည်တွေ ဝဲလာတယ်။ ကျနော် အံသြသွားမိတယ်။ သနားလည်း သနားမိတယ်။

သူဆူတာ ကလေးတယောက်ကို ဆူသလိုဖြစ်နေပေမယ့် ကျနော် ငြိမ်ခံနေလိုက်ပါတယ်။


(၄၂)

ဒီလိုနဲ့ တွယ်ရာမဲ့ နွယ်နှစ်ပင်၊ ဆောက်တည်ရာမဲ့နေတဲ့ နွယ်နှစ်ပင် တပင်နဲ့ တပင် ငြိကြရော ဆိုပါတော့။ တကယ်တော့ ကျနော်စိတ်လေနေတဲ့ အချိန်မှာ ဝေ့ ဂရုစိုက်မှုကို သာယာမိရာကနေ အမှတ်မထင် ဖွင့်ပြောမိသွားတာ။ အစပိုင်းမှာ ဝေ့အပေါ် ထားခဲ့တဲ့ ကျနော့်အချစ်က ပေါ့နေတယ်။ ဝေ့ကို တွေ့တဲ့အခါတိုင်းလည်း နွယ့်မျက်နှာက အတွေးထဲကို ဒိုင်းခနဲ ရောက်လာတုန်းပဲ။ ကျနော် နွယ့်ကို မေ့ဖို့ လပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ရာနှုန်းပြည့် မအောင်မြင်သေးဘူး။ နွယ်ကတော့ ရုတ်တရက်ကြီး အကျိုးအကြောင်း မရှင်းပြပဲ တိခနဲ အဆက်အသွယ် ဖြတ်သွားရက်လိုက်တာ။


(၄၃)

ကျနော့်စိတ်က နွယ့်ကို မပြတ်နိုင်သေးတာကို ဝေ ကတော့ နားလည်ပေးရှာတယ်။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အချိန်က ကုစားလာတယ် ထင်ပါရဲ့။ နွယ့်ကို မမေ့နိုင်သေးပေမယ့် အရင်ကလောက် မခံစားရတော့ဘူး။ ဝေ့ ကိုလည်း တိုးတိုးပြီးချစ်လာနိုင်တယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းကို ကျနော်တိုးတိုးလေး ညဉ်းလိုက်တယ်။

“နေမင်းရဲ့အလင်းရောင်သည်လည်း မနေ့ကနဲ့မတူ၊ မနေ့ကလိုမပူတော့ပြီ။ အားသစ်အင်သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့ငါသည် အချစ်အတွက်တဖန် မွေးဖွားခဲ့ပြီ”


(၄၄)

ဟင်! ကြိုးကြာရုပ်လေးတွေ။

ကျနော်ရေကြည့်လိုက်တော့ ၂၈ ကောင်။ ၂၈ ကောင်ဆိုတော့ ကျနော့် မွေးနေ့ အတွက်များလား။ ကျနော့် ၂၈နှစ်ပြည့် မွေးနေ့ရောက်ဖို့က ဆယ်ရက်လောက်ပဲ လိုတော့တာ။

ကြိုးကြာရုပ်လေးတွေကို ရောင်စုံစက္ကူနဲ့ခေါက်ထားတာ။ ဗူးနဲ့ထည့်ပြီး ပို့လိုက်တာ။ ကျနော်မသိတဲ့နာမည်နဲ့ လိပ်စာနဲ့…မင်္ဂလာတောင်ညွန့်ကနေ ပို့လိုက်တာ။ စာလည်းမပါဘူး။ ဝေများ ကျနော်အံ့သြအောင် တခြားလိပ်စာနဲ့ လုပ်လိုက်သလား။ သူကြိုးကြာခေါက်တတ်တယ်လို့တော့ တခါမှ မပြောဖူးဘူး။ ဒါပေမယ့် ခေါက်တတ်ချင် ခေါက်တတ်မှာပေါ့။ ဒါမှမဟုတ် နွယ်များလား။ နွယ်ကတော့ မခေါက်တတ်ဘူး။ ပြီးတော့ လူကိုတောင် အတွေ့မခံပဲနဲ့ ကြိုးကြာရုပ် ပို့ပေးတာတော့ မဖြစ်နိုင်ဘူး။ ဝေ့ကိုပဲ မသိမသာ မေးကြည့်ရမယ်။

“အကို၊ ဒီနေ့က ဘာထူးခြားလဲ”

“ဟင့်အင်း၊ ဘာထူးခြားလို့တုန်း”

“ဟာ၊ နေတော့” ဝေ စိတ်ကောက်သွားတယ်။ ကြိုးကြာလေးတွေကို ကျနော်ဖျတ်ခနဲ သတိရသွားတယ်။

“ကြိုးကြာလေးတွေကို ပြောတာလား”

“ဟင်! ဘယ်က ကြိုးကြာတုန်း”

“သြော်၊ ဘာမှမဟုတ်ပါဘူး၊ ထားလိုက်”

“ဟာ! မရဘူးနော်။ ကြိုးကြာဆိုတာ ဘာတုန်း။ ပြော။ ခုပြော”

“အကို့ဆီကို ဒီနေ့ စက္ကူကြိုးကြာရုပ်လေးတွေ ရောက်လာတယ်။ အကိုမသိတဲ့ နာမည်နဲ့ ပို့လိုက်တာ။ ၂၈ ကောင်။ မွေးနေ့အတွက်ထင်တယ်။ ဝေ ပို့လိုက်တာ မဟုတ်ဘူးလား”

“မဟုတ်ပါဘူး။ ခေါက်လည်း မခေါက်တတ်ဘူး”

“အင်း! ထူးဆန်းလိုက်တာ။ ဒါဆိုဘယ်သူလည်းမသိဘူး”

“မထူးဆန်းပါဘူး။ ဘယ်သူရှိဦးမတုန်း။ နွယ်ပဲနေမှာပေါ့”

“မဖြစ်နိုင်ဘူး။ သူလည်း ကြိုးကြာရုပ်မခေါက်တတ်ဘူး”

“ခု ခေါက်တတ်ချင် ခေါက်တတ်မှာပေါ့။ တခြားဘယ်သူက အကို့မွေးနေ့ကို သတိတရ ရှိမှာတုန်း။ အကိုတို့ ဇာတ်လမ်းကလည်း ခုထိမပြီးသေးဘူးလား။ ဝေ စိတ်ကုန်လာပြီ။ အကိုက လူက ဝေ့နားမှာ ရှိနေလည်း စိတ်က တခြားရောက်နေသလိုပဲ၊ ဒီနေ့လည်း မမှတ်မိဘူးမို့လား။ အကို ဝေ့ကို အရုပ်ဝယ်ပေးတဲ့နေ့လေ”

ဝေ ပြောမှ ကျနော် သတိရသွားတယ်။ ကျနော်နဲ့ ဝေ့ကို နွယ်မြင်မှာ ကြောက်သွားတာတွေ၊ နွယ့်ကို လူတယောက်နဲ့တွေ့လို့ ကျနော်စိတ်ပူမိတာတွေ၊ နွယ်စိတ်ကောက်လို့ ချော့ရတာတွေ စိတ်ထဲမှာ အစီအရီပေါ်လာတယ်။ ရုတ်တရက်လည်း ဘာကိုမှန်းမသိဘူး… တုန်လှုပ်မိတယ်။ ဒါပေမယ့် ဝေ့ ရှေ့မှာတော့ အိနြေ္ဒမပျက်အောင် ထိန်းနိုင်လိုက်ပါတယ်။

ဝေကလည်း ကျနော့်ကို စိတ်ဆိုးသွားလို့ မနည်းချော့လိုက်ရတယ်။


(၄၅)

“ညောင်းပြီကွာ။ မုန့်ဝင်စားရအောင်”

“အင်း၊ ကောင်းသားပဲ”

လက်ဘက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ ကျနော် First Eleven ဂျာနယ် ဖတ်နေလိုက်တယ်။

“အကို..အကို…ဟိုမှာ” ဝေက ကျနော့်ကို လက်ကုတ်ပြီးတော့ ပြတယ်။ ကျနော်ကြည့်လိုက်တော့…

ဟာ! နွယ် ! နွယ်တော်တော်လေး ပိန်သွားတယ်။ ကျနော်ကြည့်နေတုန်းမှာပဲ နွယ်အကြည့်က ကျနော့်ဆီ ရောက်လာတယ်။ ပြီးတော့ ရုတ်တရက်မင်သက်သွားပုံရတယ်။ ပြီးမှ ဆတ်ခနဲ ဆိုင်အပြင်ကို အပြေးလေးထွက်သွားတယ်။ အဲဒီ့အချိန်မှာ ဟိုလူကိုပါ တွေ့လိုက်တယ်။ သူလည်း ဆိုင်ပြင်ကို လိုက်သွားတယ်။

ကျနော်လည်း အရမ်းစိတ်လှုပ်ရှားပြီး သတိလက်လွတ်ဖြစ်သွားတယ်။ ဝေ့နားက အမြန်ထပြီး ဆိုင်ပြင်ကို လိုက်ပြီး နွယ့်ကို တွေ့မလို့ လုပ်လိုက်တယ်။ ဆိုင်အဝရောက်ခါနီးမှ သတိဝင်လာပြီး ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ပြီးတော့ ဝေ့နားမှာ ပြန်ထိုင်လိုက်တယ်။ ဝေ့ကို အားနာနာနဲ့ ကြည့်လိုက်တော့ ဝေက ငိုလို့။


(၄၆)

နွယ်က ရထားပေါ်ကို မတက်သေးပဲ ကျနော့်ကို လက်လှမ်းပြပြီး ရပ်နေတယ်။ အဲဒါနဲ့ ဟိုလူ ရထားပေါ်ကနေ ဆင်းလာပြီး နွယ့်ကို ရထားပေါ်ကို အတင်းဆွဲ ခေါ်သွားတယ်။ ကျနော်လည်း စိတ်မထိန်းနိုင်တော့ပဲ နွယ့်ဆီကို ပြေးလိုက်ဖို့ ဟန်ပြင်လိုက်တယ်။ အဲဒီ့မှာ ဝေက ကျနော့်ကို ဆွဲထားတယ်။ ကျနော်လည်း ရုတ်တရက် စိတ်တိုသွားပြီး ဝေ့ကို တွန်းပစ်လိုက်တယ်။ ဝေလဲသွားပြီ မထနိုင်တော့မှ ကျနော် နောင်တရသွားပြီး ဝေ့ကို ပြန်ထူပေးလိုက်တယ်။ ဝေက သူလည်းထနိုင်လာရော ကျနော့်ကို လက်စားချေတာလား မသိဘူး။ ပြန်တွန်းတယ်။ ကျနော်လဲကျသွားတယ်။

အိပ်မက်ကနေ လန့်နိုးလာတော့ ကျနော့် စိတ်တွေ အရမ်းလေးနေတယ်။ နွယ့်ကို အရမ်းသတိရမိသလို ဝေ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ တလောတုန်းက လက်ဘက်ရည်ဆိုင်မှာ နွယ်နဲ့ တွေ့ခဲ့တာကို စိတ်စွဲပြီး အိပ်မက်မက်တာ ဖြစ်မယ်။


(၄၇)

ကြမ္မာဆိုးရဲ့ လက်သီးက ကျနော့်ကို ဘယ်အချိန်မှာ ထိုးရင် အထိရောက်ဆုံးဖြစ်မယ်လို့များ သိနေလို့လား။

အိပ်မက်မက်ပြီး နောက်နေ့ နေ့ခင်းမှာ ကျနော် အီးမေးလ်တစောင်ကို အလန့်တကြား ဖတ်လိုက်ရတယ်။ ဖတ်ရင်းနဲ့လည်း ဘဝမှာ အပြင်းထန်ဆုံး သောကကို ကျနော် ရင်ဆိုင်လိုက်ရတယ်။ နွယ်သေပြီတဲ့။

“အကို၊ အကို့ အီးမေးလ်ကို ညီမ facebook ကနေ ရတာပါ။ ညီမက သော်တာနွယ်ရဲ့သူငယ်ချင်း သီသီအောင် ပါ။ မနွယ်ဆုံးသွားပြီ အကို။ ၂၁ ရက်နေ့က Drug Overdosing နဲ့ suicide လုပ်သွားတာ။ သူ့မွေးနေ့ရောက်ဖို့ ရှစ်ရက် အလိုမှာ အကို။

အကိုတို့အကြောင်းကို ညီမ လွန်ခဲ့တဲ့ လေးလလောက်ကမှ သိတာ။ တရက် မနွယ်အင်တာနက်သုံးရင်း မျက်ရည်ဝဲနေတာ တွေ့လို့ မေးကြည့်တော့ မနွယ်က facebook မှာ htway ဆိုတဲ့ နာမည်နဲ့ account ဖွင့်ပြီး အကို့ကို add ထားတာ။ မနွယ်က အကိုနဲ့ သူနဲ့ ဇာတ်လမ်းကို ပြောပြပြီးငိုတယ်။ နောက်ရက်တော့ ညီမလည်း ဘာရယ်မဟုတ်ဘူး အကို့ကို facebook မှာ add လိုက်တာ။

မနွယ် မူးလဲလို့ ဆေးစစ်ကြည့်လိုက်တော့ သူ့မှာ hepatitis C ရှိနေတယ်တဲ့ အကို။ အဲဒါ ဘန်ကောက်မှာ ဆေးကုရင်းနဲ့ ကျောင်းတက်နေတာ။ သူ့အမေ သဘောတူထားတဲ့လူက ဆေးကုပေးပြီး ကျောင်းပါထားပေးထားတာ။ မနွယ်ရောဂါပျောက်တဲ့ အချိန်ကျရင် အဲဒီ့လူနဲ့ လက်ထပ်ရမှာတဲ့။ အဲဒီ့အစီအစဉ်ကို သူလက်ခံလိုက်ရတာကို အကို့ကို ပေးသိဖို့ အင်အား သူ့မှာ မရှိဘူးတဲ့။ အကိုနဲ့ တွေ့ရင်လည်း သူဘယ်လိုမှ စိတ်ထိန်းနိုင်မှာ မဟုတ်ဘူးတဲ့။ အစီအစဉ်တွေကို ဖျက်မိမှာတဲ့။ အဲဒါကြောင့် အကို့ကို ဘာမှမပြောပဲ သူတိခနဲ ဖြတ်လိုက်တာတဲ့။ သူက အမြဲ စိတ်ဓာတ်ကျနေတတ် တယ် အကို။ သူ့အတွေးတွေက ပုံမှန်မဟုတ်တော့ နားလည်ရခက်တယ်။ သူတခုခုကို စိတ်ညစ်နေပုံပေါက်လို့ ညီမ မေးရင်လည်း ပြောပြချင်မှ ပြောပြတာ။ တခါတခါ သူပြောချင်ရင်လည်း ညကြီးမင်းကြီး ငိုပြီး ဖုန်းဆက်တာမျိုးတွေရှိတယ်။ မနွယ်က အရမ်းသနားဖို့ ကောင်းတယ် အကိုရယ်။ သူက တယောက်တည်းနေတာ အကို။ ဘယ်သူနဲ့မှလည်း သိပ်မပေါင်းဘူး။ သူအားရင် စာအုပ်ဖတ်ချင်ဖတ်၊ ဒါမှမဟုတ် ကြိုးကြာရုပ်လေးတွေ ခေါက်နေတတ်တယ်။

တော်ရုံတန်ရုံလူနဲ့လည်း ပေါင်းဖို့သူက အဆင်မပြေဘူး။ ညီမကတော့ သူ့ကိုနားလည်နေလို့သာ။

ပြီးခဲ့တဲ့လတုန်းကတော့ သူ့အဖေ ဆုံးလို့ မနွယ် ရန်ကုန်ကို ပြန်သွားတယ်။ သူပြန်လာပြီးနောက်ပိုင်း ညီမနဲ့ နှစ်ခေါက်ပဲတွေ့သေးတယ်။ သူပိုပြီး စိတ်ဓာတ်ကျသွားပုံရတယ်အကို။ သူရန်ကုန်မှာ အကိုနဲ့တွေ့တာကိုလည်း ပြောပြတယ်။ အကို့ကို သူတခါက မေးဖူးတယ်တဲ့။ သူသေရင် အသစ်ရှာမှာလားဆိုပြီး။ အဲဒီ့တုန်းကတော့ အကိုက မရှာဘူးလို့ ဖြေတယ်တဲ့။ အခု တနှစ်တောင်မပြည့် သေးဘူးတဲ့။ သူအရင်က သဝန်တိုနေတဲ့ ကောင်မလေးနဲ့ ဖြစ်နေတယ်တဲ့။ အကိုက ရက်စက်လိုက်တာတဲ့။”

ကျနော့်မျက်လုံးတွေ ပြာဝေသွားတယ်။ နွယ်သေပြီတဲ့။ သူ့မွေးနေ့ ရောက်ဖို့ ရှစ်ရက် အလိုမှာ ကိုယ့်ကိုယ်ကို သတ်သေသွားတာ တဲ့။ မနှစ်က သူမူးလို့ ရွှေဗဟိုရ်ဆေးရုံကို ပို့လိုက်ရတဲ့နေ့ပဲ။ ရှင်ကွဲ ခွဲခဲ့ရတဲ့ နေ့မှာမှ နွယ်က ရွေးပြီး သေကွဲ ထပ်ခွဲသွားတယ်။

ပထမဆုံး ကျနော့်ခေါင်းထဲမှာ ဝင်လာတဲ့ အသိကတော့ နွယ့်ကို ကျနော် ပြောခဲ့ဖူးတဲ့ စကားပဲ။

“Right to suicide ကို တောင်းဆိုနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီ့ထဲမှာ နာမည်ကြီး စာရေးဆရာ တွေလည်းပါတယ်။ အကြောင်းပြချက် တွေကတော့ အမျိုးမျိုးပေါ့။ တချို့လည်း ရောဂါဝေဒနာတွေ အရမ်းခံစားနေရပြီး ပတ်ဝန်းကျင်ကိုလည်း ငွေရေးကြေးရေးအရရော ကရိကထအရရော ဝန်ထုပ်ဝန်ပိုးကြီး ဆက်မဖြစ်စေချင်လို့ suicide လုပ်သွားကြတာ။ အဲလို အခြေအနေ ဆိုရင်တော့ ကိုကိုဆိုလည်း စဉ်းစားမိမှာပဲ”

တကယ်တော့ နွယ့်ကို ကျနော်သတ်လိုက်တာပဲ။ နွယ် လက်ဘက်ရည်ဆိုင်ထဲက ဆတ်ခနဲ ပြေးထွက်သွားတဲ့ နောက်ဆုံးအမူအရာလေးက ကျနော့်မျက်စေ့ထဲက မထွက်ဘူး။

မနှစ်တုန်းက သေမှာကြောက်လို့ ယတြာချေခဲ့တဲ့ နွယ်…ခုတော့ သေလမ်းကို ကိုယ်တိုင် ဖန်တီး သွားပြီ။

ကျနော်ဟာ လူသတ်သမားပဲ။ နွယ့်ကို သတ်တာ ကျနော်။ ကိုယ့်ကိုယ်ကို အပြစ်တင်သံတွေ ကျနော့်ရင်ထဲမှာ ပဲ့တင်ထပ်နေတယ်။


(၄၈)

ကျနော် မစားနိုင် မအိပ်နိုင်နဲ့ တနုန်းနုန်း တခွေခွေ ဖြစ်သွားတယ်။ ဝေလည်း ကျနော့်အဖြစ်ကို ကြည့်ပြီး အရမ်းစိတ်မကောင်း ဖြစ်သွားတယ်။ ကျနော့်ကို counseling psychology နဲ့ ကျောင်းပြီးထားတဲ့ သူ့အသိ တယောက်ဆီကို ခေါ်သွားတယ်။

“တကယ်တော့ ညီနဲ့ မဆိုင်ပါဘူး။ လောကကြီးက ကျယ်ပြန့်တယ်လေ။ အဖြစ်အပျက်မျိုးစုံ၊ အယူအဆ မျိုးစုံကို တကွေ့မဟုတ် တကွေ့တွေ့မှာပဲ။ ညီပြောမှ မဟုတ်ဘူး။ ပတ်ဝန်းကျင်ဆီကလည်း ညီပြောသလိုမျိုး ကြားဖူးမှာပဲ။ suicide လုပ်တဲ့လူတွေ သူတွေ့ဖူးတာရှိမယ်။ ရုပ်ရှင်တွေဘာတွေထဲမှာ ကြုံတာမျိုးလည်း ရှိမယ်။ ညီက စိတ်သန့်သန့်နဲ့ ပြောခဲ့တာပဲဟာ။ တကယ်တော့ လူတယောက် ကြားရတဲ့ စကားတွေ၊ ဖတ်ရတဲ့ စာတွေကို အဲဒီလူရဲ့ စိတ်ထဲမှာ ဘယ်လို ဘာသာပြန်သလဲ၊ ဘယ်လို စုပ်ယူသွားသလဲ ဆိုတာပေါ်ပဲ မူတည်တယ်။ အဲဒီ့အပေါ် မူတည်ပြီး အဆိပ်ဖြစ်ချင်ဖြစ်၊ ဆေးဖြစ်ချင် ဖြစ်သွားတာ။ ခုကိစ္စမှာ သူ့စိတ်က ပျော့ညံ့လို့၊ ပျော့ညံ့တဲ့ အခံရှိလို့ လောကကြီးကို အရှုံးပေးသွားတာ”

အဲဒီ့အကိုက စေတနာထားပြီး ရှည်ရှည်ဝေးဝေး ရှင်းပြနေပေမယ့် ကျနော့်နားထဲမှာ သူ့ စကားတွေက မကြားတချက် ကြားတချက်။ ကျနော်ဆက်တိုက်ကြားနေတာက ကိုယ့်ကိုယ်ကို ပြောနေတဲ့ “နွယ့်ကိုသတ်တာ ကျနော်” ဆိုတဲ့ စကားပဲ။ ပြီးတော့ ဝေ့ကို အားနာလွန်းလို့သာ ခုလို လိုက်လာတာ။ ကျနော်က လိပ်ပြာသန့်ချင်နေတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ထိုက်တန်တဲ့ အပြစ်ပဲပေးချင်နေတာ။ ကိုယ့်အပြစ်ကို ဖြေတွေးပြီး ကိုယ့်ကိုယ်ကို မထိတထိလေး အပြစ်ပေးနေရင် နှစ်တွေအများကြီး ကြာတဲ့အထိ အပြစ်တွေ မကျေပဲ နေလိမ့်မယ်လို့ ကျနော် သွေးရူးသွေးတမ်းနဲ့ လျှောက်တွေးနေမိတယ်။

ခုချိန်မှာ ငြိမ်းချမ်းနေရင် ဘဝအဓိပ္ပါယ် မဲ့သလို ဖြစ်သွားလိမ့်မယ်။ ခုအခြေအနေမှာ ကိုယ့်ကိုယ့်ကို အပြစ်ပေးနေတာကိုက ကျနော့်အတွက် ဘဝအဓိပ္ပါယ်ပါပဲ။


(၄၉)

နွယ်ရေ…အပြင်လောကမှာ နင်သေသွားပေမယ့် ငါ့စိတ်ထဲမှာ နင်ဘယ်တော့မှ မသေစေရဘူးနွယ်။ ငါ့စိတ်ကို နင်အမြဲ ခြောက်လှန့် နေရမယ်။

ရှေ့က ဝေ့ မျက်နှာကို ကျနော် စိတ်ကူးနဲ့ ဖွဖွလေး ဆွဲခွာလိုက်တယ်။ ပြီးတော့…နွယ့်မျက်နှာလေးပေါ်လာ…ဟာ! မဟုတ်သေးပါဘူး။ ငါတော်တော် တကိုယ်ကောင်းဆန်နေပြီပဲ။


(၅၀)

ဝေ့ကိုလည်း သနားမိတယ်။ ဒါပေမယ့် နွယ်နဲ့ အဖြစ်အပျက်ကို ကျနော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူး။ မမေ့နိုင်ပဲနဲ့ ဝေနဲ့ ရှေ့ဆက် လက်တွဲနေလည်း ဝေ့ကို ထပ်နှိပ်စက်သလိုပဲ ဖြစ်နေမယ်။ အခါပေါင်းများစွာ ခိုးခိုးပြီး ငိုရမှာထက်စာရင် တခါတည်း အဝ ဗြောင်ငိုလိုက်ရတာက နင့်အတွက် ပိုကောင်းမှာပါ ဝေ။

ဝေ့ကို ကျနော် တည့်တည့် ရင်ဆိုင်လိုက်တယ်။

“ရှင့်ကို လူကြီးလူကောင်း အောက်မေ့မိတာ မှားတယ်”

ဝေ့လက်ဝါး ရုတ်တရက် မြောက်တက်လာတယ်။

ကျနော် ဒဏ်ရာနှစ်ချက် ထပ်ရလိုက်တယ်။ ရင်မှာတချက်၊ ပါးမှာတချက်။


(၅၁)

လောကဓံက တော်တော်ပြင်းပြီး ကျနော့်စိတ်ခံနိုင်ရည်က တော်တော်နုနေတယ်။

တချို့ကလည်း ဝိပဿနာရှုကြည့်ဖို့ အကြံပေးကြတယ်။ ဝိပဿနာတွေ၊ သမထတွေကြာင့် ငြိမ်းချမ်းမှု ရနိုင်တာ ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ခုချိန်မှာ တရားမှတ်ဖို့ လိုအပ်နေတဲ့ အခြေခံ စိတ်တည်ငြိမ်မှုလေးတောင် ကျနော့်မှာ မရှိသလိုဖြစ်နေတယ်။

တချို့ကလည်း အများသူငါလို ဘာသာရေးကို သာမန်ကိုင်းရှိုင်းဖို့ အကြံပေးကြတယ်။ မိုးထဲလေထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းခဲ့ဖူးတဲ့ စိတ်ဟာ အရိပ်တခုခု အောက်မှာ ကျောက်ချပြီး နေနိုင်ပါ့မလား။

ကိုယ့်ကိုယ်ကို လည်း မေးဖြစ်တယ်။ မသိတဲ့သူတွေချင်း အတူတူမှာ ငါက ထုံဆေးတွေမေ့ဆေးတွေ မပါပဲ အခွဲစိပ်ခံသူလို ဖြစ်နေပြီလား။


(၅၂)

ဒီလိုနဲ့ ပြက္ခဒိန်တွေ တရွက်ပြီး တရွက် ကြွေကျသွားတယ်။ ကျနော်လည်း တော်တော်ပြောင်းလဲသွားတယ်။ အဲဒီ့ပြောင်းလဲမှုတွေထဲမှာ ကျနော့်ရဲ့ ဘာသာရေးအမြင်ပြောင်းလဲမှုကရော ဘယ်လောက်အတိုင်းအတာအထိ ရှိခဲ့သလဲ။

သက္ကရာဇ်တွေ တခုပြီး တခုအဖြတ်…ကိုယ့်ကိုယ်ကို ဖတ်ကြည့်လိုက်တယ်။

(၅၃)

ကျနော်ဟာ စာအိတ်တလုံးပေါ့။ ကိုယ့်ကိုယ်ကို တိတ္ထိလို့ တံဆိပ်ကပ်၊ လိပ်စာ နေရာမှာတော့ ကွက်လပ်ပဲထားလိုက်တယ်။ ဘယ်ကိုရောက်မယ် မသိ။

ကောင်းကင်ကို

(၂၅.၁၀.၂၀၁၀)
မှတ်ချက်။ ။ဒီဝတ္ထုထဲမှာ ကျနော့် တချို့ကဗျာတွေထဲက တချို့အပိုဒ်လေးတွေကို ပြန်သုံးထားပါတယ်။

သီချင်းလေးတွေလည်း သုံးထားပါတယ်။ သုံးထားတဲ့သီချင်းတွေက

(၁) မောင့်လပြည့်ဝန်း (ရေး..ကိုနေဝင်း၊ ဆို…စိုင်းထီးဆိုင်)

(၂) ရိုးရိုးလေး (ရေး...အဉ္ဇလီမောင်မောင်၊ ဆို…ခင်မောင်တိုး)

(၃) အချစ်အတွက် တဖန် မွေးဖွားခြင်း (ရေး..စိုင်းခမ်းလိတ်၊ ဆို…စိုင်းထီးဆိုင်)

(၄) မင်းပဲအနားမှာနေ (ဆို…ဂရေဟမ် + ရတနာဦး)

ကျေးဇူးတင်စွာဖြင့်

ကောင်းကင်ကို