Tuesday, February 19, 2008

Sunday, February 17, 2008

မကျွတ်သေးတဲ့ တစ္ဆေ

လျှပ်စစ်မီးတွေကို ပိတ်
မျက်လုံးတွေကို အတင်း မှိတ်လိုက်တဲ့ အခါတိုင်း
အိမ်လွမ်းစိတ်ဆိုတဲ့ တစ္ဆေတစ်ကောင်ဟာ
ရင်မှာအမြဲ လာခြောက်တယ်။

ပြတင်း တစ်ပေါက်မှ မရှိလို့ 
မွန်းကြပ်ပြီး အိမ်ထဲက အတင်း ရုန်းထွက်ခဲ့ရပေမယ့်
ငါ့စိတ် ငါ့ဝိညာဉ်ကတော့
အတွင်းလှိုက် ပျက်စီးနေတဲ့
အဲဒီ့ အိမ်ပျက်ကြီးထဲမှာပဲ
တဝဲဝဲ တလည်လည်နဲ့ လိပ်ပြာလွှင့်နေတယ်။
သြော်…ငါဟာ မကျွတ်သေးတဲ့ တစ္ဆေ တစ်ကောင်ပါလား။

ငါတို့ အိမ်ကို မီးရှို့ နေတာ ဘယ်သူတွေလဲ။
အိမ်မှာ အမေ နေမှ ကောင်းရဲ့ လား။
စီးပွါးရေးတွေကော ပြေလည်ကြပါရဲ့ လား။
ငါတို့ အိမ်ကို ဘယ်သူတွေက ဘယ်သူတွေကို ရောင်းစားနေသလဲ။
ဒါတွေဟာ... မီးလောင်နေတဲ့ အိမ်ပျက်ကြီးကို
စိတ်မသက်မသာ အဝေးကနေ ငေးကြည့်နေရတဲ့
တစ္ဆေတစ်ကောင်ရဲ့ အတွေးများပေါ့။

အိမ်ကို လောင်နေတဲ့ မီးတွေဟာ
မိုင်ပေါင်းများစွာကို ဖြတ်
ကမ္ဘာကို တစ်ပတ်ပတ်ပြီး
ဒီအထိတောင် လာဟပ်နေပါလား။

မျက်နှာစိမ်းတွေကြားမှာ
နေနေရတဲ့ရပ်ဝန်းမှာလည်း
ငါ့ကို မိုးထားတဲ့ကောင်းကင်က
အသက်ရှူရ ကြပ်လောက်အောင်ကို နိမ့်တယ်။

ငါဟာ ဒီမြို့ ထဲမှာ နေပေမယ့်
ငါဟာ ဒီမြို့ ထဲကို ဝင်ခွင့်မရသေးဘူး။
ဘာသာစကားအတားအဆီးတွေ
ငွေကြေးအတားအဆီးတွေနဲ့ 
လူမျိုးရေးခွဲခြားမှုတွေကြားမှာ
ကြွပ်ဆတ်ဆတ်နဲ့ ငါ့ရဲ့ စိတ်ဟာ
ခုထိ ဒီမြို့ ထဲမှာ အနည် မကျသေးဘူး။

သူတို့ ဘာသာ စကားမတတ်လို့ 
အင်္ဂလိပ်လို ပြောလိုက်တဲ့အခါ
ကြည့်လိုက်တဲ့ တစ်ချို့ မျက်လုံးတွေထဲမှာ
ဖော်ရွေလေးစားမှု တွေ မပါဘူး။
ငါ့မျက်လုံးတွေက ပြာ မနေလို့ လား။
ငါ့ အသားတွေက ဖြူမနေလို့ လား။
ကြည့်လိုက်တဲ့ မျက်လုံးတွေက
အေးစက်စက်နဲ့  စိမ်းတယ်။

သြော်…
ဒီမြို့ ပေါ်ကို ရွာချပေးနေတဲ့ မိုးရေစက်တွေကတောင် ငါ့ကိုစိမ်းတယ်။
ငါ့ အပူကို ငြိမ်းမပေးဘူး။

အဲဒီ့ အပူကို ငြိမ်းဖို့ 
အေးစက်နေတဲ့ ရေကို ကြိတ်မှိတ်သောက်လိုက်တော့လည်း
ပါးစပ် ထဲမှာ ခါးသက်သက်နဲ့ 
သောက်လိုက်ရတဲ့ ရေက အစ စိမ်းတယ်။

တစ်ခါ တစ်ခါ ပေါ့ ၊
အသိအမှတ်မပြုချင်တဲ့ မျက်လုံးတွေ
မာနကို ဖြတ်ရိုက်လိုက်တဲ့ စကားလုံးတွေ
အချဉ်ဖမ်းခါနီး ပြုံးလိုက်တဲ့ အပြုံးတွေနဲ့ 
ဘဝတူတွေအချင်းချင်း မနာလို ရန်ရှာမှုတွေ ကို ကြုံတွေ့ ရတဲ့အခါ
ငါ့ ခံစားချက်တွေ သိပ်သည်းလာလွန်းလို့ လား၊
ရုတ်တရက် ကိုယ်ယောင်ဖျောက်ပြီး
အမေ့ဆီ ပျံသွားချင်လိုက်တာ။

ငှက်ကလေးတွေ ဆီက အတောင်ပံငှား
စိတ်ကူးလေးနဲ့ အမေ့ဆီ ပျံသွားတာတောင်မှ
စိတ်ဖြောင့် လက်ဖြောင့် မပျံသန်းနိုင်ဘူး။
အိမ်နားတစ်ဝိုက်မှာက
ငှက်သတ်မုဆိုးတွေ ကျက်စားတယ်။
ပြီးတော့ အစာ ရေစာ ကလည်း ရှားတယ်။

ငါတို့ ဟာ တိုင်းပြည်မီးလောင်လို့ 
ထွက်ပြေးလာတဲ့ မီးဘေးဒုက္ခသည်တွေပါ။
မီးအပူဒဏ်ကို ကြောက်လို့ ထွက်ပြေးခါမှ
ကံဆိုးသူတွေ သွားရာနောက်ကို
ဒုက္ခမီးတောက်တွေက တကောက်ကောက်နဲ့ လိုက်တယ်။

သြော်... ပညာရဲရင့် ပွဲလယ်တင့်လို့ ဆိုကြပေမယ့်
ဘယ်ပွဲဖြစ်ဖြစ် မျက်နှာကတော့ တန်းတူ မပွင့်ပါဘူး။
မာယာတွေနဲ့  ကစားကြတဲ့
လူညွန့် ခူး ဈေးကွက်ထဲမှာ
အသက်ကလေးမှန်မှန်ရှူနိုင်ဖို့ အရေး
ကိုယ့်ကိုယ်ကို အပြိုင်အဆိုင်ဈေးချကြရင်းက
ငါတို့ တန်ဖိုးက
အင်္ကျီဟောင်း တစ်ထည်လို ကျကျလာတယ်။

အမေ့အိမ်ရဲ့ အဝေးမှာ
မာနတွေကို တစစီဖြုတ်
အသည်းနှလုံးကို ခဏထုတ်ပြီး
လူသားစက်ရုပ် လုပ်နေရတာ
ပင်ပန်းလိုက်တာ။
တော်ရာမှာ မနေချင်တော့ဘူး။
ရင်ဘတ် တစ်ခြမ်း ကျန်ရစ်ခဲ့တဲ့
ပျော်ရာမှာပဲ နေချင်တယ်။
အမေ ပြင်ပေးတဲ့
ပဲပြူတ်ဆီဆမ်း ထမင်းကြမ်းနဲ့ 
ငါ့ နံနက်ခင်းတွေကို
အသက်ဝင်အောင် နှိုးချင်တယ်။

သြော်…
ငါ့မသိစိတ်မှာ ဆန္ဒမီးတွေသင့်နေလို့ လား။
အိမ်ကို လွမ်းတဲ့ ဥပါဒါန်နဲ့ 
မနေ့ ညက အိပ်မက်မက်တယ်။
အိပ်မက်ထဲမှာတော့………………………..
…………………………………………………
…………………………………………………

ကောင်းကင်ကို

Saturday, February 16, 2008

ရင်ထဲက အမေ



အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။

အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။

အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။

အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။

သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။

အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။

ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။

မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။

ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။

ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။

အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။

အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။

ကောင်းကင်ကို
(၁၅ ဖေဖော်ဝါရီ ၂၀၀၈)

Friday, February 8, 2008

ငါတို့ ထဲကတချို့ သို့ 

ကဗျာ အဟောင်းလေးကိုပဲ date ပြောင်းပြီး ပြန်တင်လိုက်ပါတယ်။

ငါတို့ ထဲကတချို့ သို့ 

ခွင့်ပြုကြ သူငယ်ချင်းတို့ 
အမှန်တရားကို ဆိုတဲ့ငှက်ဟာ
ငါ့နှုတ်ဖျားမှာ ခဏလာနားလို့ ။

ခွင့်ပြုကြသူငယ်ချင်းတို့ 
ရင်ထဲက အသံဟာ
ငါ့ကဗျာကို အခုလာငှားလို့ ။

ငါတို့ ဟာ ငါတို့ အားလုံးရဲ့  ပျမ်းမျှကိုယ်တိုင်းနဲ့  တော်တဲ့ အင်္ကျီကို
့ဝတ်ဆင်နေရခြင်းသာဖြစ်တယ်။

ငါတို့ ထဲက တချို့ က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ ထဲက တချို့ က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့ 
မိုးခါးရေကိုမက်နေကြလို့ ။

ပဒေသရာဇ်ဆန်တဲ့ညတွေထဲ
ငါတို့ ထဲကတချို့ က ကိုယ့်ကိုယ်ကို မီးမြှိုက်တောက်ပ ပေးနေချိန်မှာ
ငါတို့ ထဲက တချို့ က အဆိပ်ရေတွေနဲ ငြိမ်းခဲ့ကြလို့ ။

ဒဏ္ဍာရီတွေထဲကအတိုင်း
သွေးဆာနေတဲ့ ဘီလူးရိုင်းတွေ
ဓာတ်ပုံ တွေကိုင်ပြီး တမြို့ လုံးဝင်မွှေချိန်မှာ
ငါတို့ ထဲကတချို့ က ခောတ်ပျက်တာကို ခောတ်ပျက်တယ်လို့ ရှုနေကြလို့ ။

ငါတို့ ထဲက တချို့ က
ယုံကြည်ချက်တွေပန်ပြီး ယောနသံစင်ရော်လို ပျံနေချိန်မှာ
ငါတို့ ထဲက တချို့ က
ကိုယ့် အနာဂတ်ကိုကိုယ်တိုင်သော့ ခတ်
သော့တံကို မိစ္ဆာတွေဆီ အပ်လို့ ။

ရန်သူက ငါတို့ ကိုတည့်တည့်ပစ်နေချိန်မှာ
ငါတို့ ထဲကတချို့ က
ညီအစ်ကို အချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့ 
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့ ။

ငါတို့ ထဲက တချို့ က
မိဘ စကားမလွန်ဆန်ရက်ရင် ဘုရားတောင်မှ မပွင့်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ 
တော်လှန်ခြင်းအကျင့်ကို အဆုံးစွန်ထိ ကျင့်ကြတယ်။
ငါတို့ ထဲက တချို့ က
မိစ္ဆာတွေစကားလွန်ဆန်ခဲ့ရင် ကိုယ့်အတ္တကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့ 
နာခံခြင်းအကျင့်ကို အဆုံးစွန်ထိကျင့်ကြတယ်။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ သေနတ်သံတွေထက်ဆူညံခဲ့ပါတယ်။
ဒါပေမယ့် ငါတို့ ထဲကတချို့ က လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး။

ငါတို့ ထဲက တချို့ ကြောင့် ငါတို့ အင်္ကျီတွေသေးနေရတယ်။
ကန့် လန့်  ကန့် လန့် လုပ်လာရင်တော့
ငါတို့ ထဲက တချို့ ကို
ငါတို့ ထဲက ထုတ်ရမယ်။

ငါတို့ ရင်ထဲက သံပုံးတီးသလိုမြည်လာတဲ့ ကြွေးကြော်သံတွေနဲ့ 
မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ။
ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့သေနတ်ကိုင်သူတွေကိုခွပ်ဖို့ ဖြစ်တယ်။
(၂၀၀၇ နိုဝင်ဘာ)


ကောင်းကင်ကို

Thursday, February 7, 2008

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။

ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါက…နှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။
အဲဒီ့ စကားလုံးလေးတွေကိုပေါ့
ငါ…ဝိုင်အရက် ချက်ပြီး တညလုံးမူးခဲ့တာ။

မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် မှာ
အကြင်နာမြစ်တစ်စင်းက ငါ့သွေးကြောထဲကို ဖြတ်စီး
ခဏလေး လက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း သဏ္ဍန်တိမ်စိုင်လေးတစ်ခုကို
ဝိုးတဝါးနဲ့ တွေလိုက်ရတယ်။
ဒါ ချစ်ခြင်းရဲ့ နိမိတ်လား။

လမင်းရဲ့ ဆွဲငင်အားနဲ့ 
သံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး
နှလုံးသား ဆည် ကျိုးတဲ့နေ့ ကပေါ့။

ဟန်တစ်ခွဲသားနဲ့ အဖြူရောင် တံတိုင်းကြီးလည်း
တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက
မနိုင်မနင်းနဲ့  သူ့ အလိုလို ပြိုကျ၊
ချစ်စကားတွေ ငါ့နှုတ်ခမ်းက အလုအယက် ခုန်ထွက်လာတုန်းကပေါ့။
စကားလုံးတွေ တစ်လုံးနဲ့ တစ်လုံး ခလုတ်တိုက်မိပြီး
ငါ့စကားတွေက ထစ်သွားလိုက်တာ။

နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေက
တိတ်ဆိတ်မှုကိုဖြို
ချစ်သူ့ မျက်နှာမှာ
ရှက်သွေးတွေစိုသွားတဲ့ခဏပေါ့။
ငါ…လမင်းနီနီကို ပထမဆုံးအကြိမ် မြင်လိုက်ရတယ်။

ကျေးဇူးပြုပြီး တိတ်ပေးကြပါ
ဝင်သက်ထွက်သက်တို့ ၊
ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ
နှင်းဆီ တစ်ပွင့်စီ အိပ်နေလို့ ။

ကောင်းကင်ကို

ဆရာ အော်ပီကျယ်ရဲ့  Cartoon

ပုံများကို ခပ်ကြီးကြီးမြင်ရရန် အတွက် ပုံကို click လုပ်ပါ။








ကြေကွဲစရာ စာမျက်နှာများ

အခြွေခံရတဲ့ ပန်း
အနမ်း မခံရတဲ့ ရင်သွေး
မေတ္တာပို့ သခွင့် မရတဲ့ ရဟန်း
သားပျောက်တဲ့ မိခင်
ငိုခွင့် မရှိတဲ့မျက်နှာများ
ဒါဟာ ငါတို့ အတွက် ဘာမှမဆန်းတော့တဲ့
ကြေကွဲ စရာ စာမျက်နှာများပေါ့။

လေးဆယ့်ခြောက်နှစ်တိတိ
မိုးမလင်းတဲ့ ရပ်ဝန်းတစ်ခုမှာ
အန္တရာယ် အနံ့ ကလည်း
နေရာတိုင်းမှာ ရတယ်။

ကြည့်ရတာ ဖြူနေပေမယ့်
မင်းမျက်ဝန်းတွေကတော့ နီနေသလိုပဲ ကံ့ကော်။
ရင်သွေးတွေ ပျောက်လို့ ငိုထားခဲ့တာလား။
မင်းတွေ့ ခဲ့ရတဲ့ ကြေကွဲစရာ ပုံပြင်တွေကို
ငါတို့ ကိုလည်း ပြောပြပါဦး။
ငါတို့ အတူငိုကြရအောင်။

အနော်ရထာဟာ
သူ့ ထီးနန်းပျောက်မှာကြောက်လို့ 
ကိုယ်ဝန်ဆောင်မိခင်တွေကိုတောင် လိုက်သတ်ခဲ့သတဲ့။
အဲဒီ့ ဒဏ္ဍာရီစကားတွေကို ငါမယုံခဲ့ပေမယ့်
ခေတ်သစ်ဘီလူးတွေကတော့
အဲဒီ့အတိုင်း ရက်စက်နေလိုက်ကြတာ။
တောက်!!!…
မိစ္ဆာတစ်ပိုင်း လူတစ်ပိုင်းတွေ။

သူငယ်ချင်းတို့ …
မျိုချလိုက်ကြဦး… စကားလုံးတွေကို
ငိုချလိုက်ကြဦး… အချိန်မဟုတ်ပဲ ရွာနေတဲ့ မိုးနဲ့ အပြိုင်
ခံစားလိုက်ကြဦး… ပျောက်နေသောသူတွေအတွက်
ကျင်းပလိုက်ကြဦး… ကြယ်ပွင့်တွေရဲ့ ဈာပနကို… တိတ်တိတ်ကလေး
စောင့်စားလိုက်ကြဦး… ခြင်းထဲကကြက်ကလေးတွေလို… ကိုယ့်အလှည့်မရောက်မချင်း။

ငါတို့ အဖြစ်က ဆိုးလိုက်တာ။
လူ့ ပြည်မှာ နေပြီးတော့ လူဖြစ်ခွင့်ကိုမရကြတဲ့ ဘဝ
ငိုတာတောင်မှ အသံကျယ်ကျယ်မထွက်ပဲ ငိုရတယ်။
ပူဆွေးတာ တောင်မှ ဘယ်ဆီကိုမှန်းပြီး ပူဆွေးရမှန်း မသိဘူး။
သက်တော်စောင့်ဆိုသူတွေ လက်ချက်နဲ့ အသက်တွေထွက် နေရတဲ့ဘဝပါ။
ကိုယ့်ကိုယ်ကို ပြည်စောင့်နတ် ဆိုသူတွေက ပြည်သူတွေကိုသတ်တယ်။

သူငယ်ချင်းတို့ …
ငါတို့ နေနေရတဲ့ နေရာဟာ စစ်တလင်း တစ်ခုဖြစ်တယ်။
သတိနဲ့ ယှဉ်ပြီး ခုခံစစ်ကို ပြင်ကြ။

မိစ္ဆာတွေ လူဖြစ်ပြီး လူ့ ပြည်မှာ ကြီးစိုးနေတဲ့ခေတ်မှာ
ငါတော့…ငရဲပြည် မှာသာ ဆင်းနေလိုက်ချင်တယ်။

ကောင်းကင်ကို

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Friday, February 1, 2008

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

သုည တစ်လုံးဟာ
ေ့ ရှဆုံးမှာ မနေသင့် ဘူး။

မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတစ်ခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ေ့ ရှမှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
ငါတို့ မျက်လုံးတွေကို ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။

ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို

blog လုပ်ခါစက တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ်။

Wednesday, January 30, 2008

မိုးပေါ်မှာ ဆုံကြမယ်

တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်တဲ့။
ဒုက္ခကြက်သွန်ကို မွေးကတည်းက ကိုက်ပြီးမွေးလာတာ။
အစွယ်လေး တပြပြနဲ့ လာပြီးခြိမ်းခြောက်မနေနဲ့ ၊
လုံးဝ မကြောက်ဘူးဟေ့။

ဧရိယာစတုရန်းမိုင်ပေါင်း
နှစ်သိန်းခြောက်သောင်းကျော် ရှိတဲ့အခန်းကျဉ်းလေးထဲမှာ
ဘီလူးတစ်ကောင် ငါတို့ ကို ချောင်ပိတ်ပြီး ဝင်ရိုက်ကတည်းက
ငါတို့ နဖူးက ကွဲခဲ့ပြီးသားပါ။
ပေါက်တဲ့ နဖူး မထူးတော့ပါဘူး။

ခေတ်ရဲ့ အမှောင်အောက်မှာ
ငါဟာ အသေအချာပျောက်ခဲ့တာပေါ့။
ပျောက်နေတဲ့ ငါ့ကိုငါ ပြန်ရှာဖို့ 
ဒုက္ခတွေ စူးနေတဲ့ ခြေထောက်နဲ့ 
အိပ်မက်တွေအတိုင်း လိုက်လျှောက်မယ်။
စင်္ကြာဝဠာ အပြင်ဘက် ရောက်ချင်ရောက် ပလေ့စေ။

လိုက်ခဲ့ကြ ဘဝတူတို့ ၊
ညမို့ လို့  ကြယ်ဖြစ်ခွင့်ရတာ
ရှိသမျှ အရောင်လေးနဲ့ အလင်းပေးဖို့ 
မိုးပေါ်မှာ ဆုံကြမယ်လေ။

ကောင်းကင်ကို

Monday, January 28, 2008

ငါနေတဲ့ နေရာ



ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာ
ငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာ
ငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ
(ဧည့် စာရင်း တိုင်ရတယ်လေ)
ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ
ငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာ
ငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာ
ငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာ
ငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ” မြို့ လေးမှာ။
ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ)
ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရတဲ့ မြို့ လေးမှာ

ကောင်းကင်ကို

ကဗျာအဟောင်းလေးကိုပဲ ပုံနဲ့ ပြန်တင်လိုက်ပါတယ်။

Saturday, January 26, 2008

ဆင်ခြေ


ငါ အရက်ကြိုက်လွန်းလို့ မဟုတ်ပါဘူး

လောကဓံတရား က ခါးလွန်းလို့ 
အရက်နဲ့ ရောပြီးသောက်ရတာ။

ငါကွမ်းကြိုက်လွန်းလို့ မဟုတ်ပါဘူး။
မကျေနပ်မှုတွေကို
ကွမ်းတံတွေးနဲ့ ရောပြီးထွေးဖို့ 
အံကိုကြိတ်ပြီး ဝါးရတာ။

ငါ စီးကရက်ကြိုက်လွန်းလို့ မဟုတ်ပါဘူး။
အနံ့ အသက်ဆိုးဝါးလှတဲ့
လူ့ ဘဝဆိုတဲ့ အခန်းကျဉ်းလေးထဲမှာ
ငါ့ဝိညာဉ် မွန်းကြပ် နေလို့ 
ဆေးလိပ်ငွေ့ တွေနဲ့ အတူ မျှောလိုက်ချင်လို့ 
အဆုတ် အပျက်စီးခံပြီး သောက်ရတာ။

ငါ ဒီ ဒုစရိုက်မှုတွေကို
မလုပ်ချင်ပါဘူး။
ခေတ်ဆိုတဲ့ ခေါင်မိုးအောက်မှာ
ရေလိုက်ငါးလိုက် နေထိုင်ရင်း
မလွှဲမရှောင်သာတဲ့ မကောင်းမှုတွေကိုက
ငါ့အဖြူရောင် အတ္တကို
ခလုတ်လာလာတိုက်တာ။

ကောင်းကင်ကို

Friday, January 25, 2008

ကဗျာတွေပြတ်နေခိုက်


ကဗျာစောင့် စာစောင့် နတ်ဘီလူးတွေကြောင့်

ဖတ်စရာ စာတွေ ရှားပါးနေချိန်မှာ
ကြင်နာသူရဲ့  အသည်းနှလုံးထဲက ထွက်ပြေးလာတဲ့
ပုလဲလုံးလက်ရေး လေးတွေကိုပဲ
ကဗျာတွေပြတ်နေခိုက်
အဆာပြေဖတ်နေလိုက်တယ်။

စစ်မသာလဒ တွေကြောင့်
ခေတ်ကာလ ဆိုးမှောင်
မေတ္တာအလှ မိုးခေါင်နေချိန်မှာ
‘အကြင်နာသကြား’ လေးတွေနဲ့ ချိုနေတဲ့
သူ့ ရင်က စကား လေးတွေကိုပဲ
အကြင်နာတွေ ရှားနေခိုက်
ရင်မှာ ခံစားနေလိုက်တယ်။

ရှေ့ ကို ကြည့်လည်း လမ်းမမြင်
နောက်ကိုကြည့်လည်း လမ်းမမြင်မို့ 
လျှောက်ရတာလည်း ပန်းချင်ပြီတဲ့။
ဒါပေမယ့်…ကိုယ်ကတော့
လမ်းမမြင်သာတဲ့
စခန်း ဝင်္ကပါမှာ
ကြင်နာသူနဲ့  အသည်းချင်းဆက် လက်ချင်းတွဲပြီး
လမ်းတွေပျောက်နေခိုက်
အပန်းဖြေ လျှောက်နေလိုက်တယ်။

လူတွေရဲ့ ရင်ကို ခွဲကြည့်လိုက်ပါ။
ရက်စက်တဲ့ ကံကြမ္မာက
အဆက်မပြတ် အဖန်တရာ ညှဉ်းလာလို့ 
ငြင်းမရတဲ့ လှံချက်တွေနဲ့ ထုံနေပြီ။
တင်းထားတဲ့ သံပတ်တွေလည်း ကုန်နေပြီ။
ဒါပေမယ့် ကိုယ်ကတော့
ချစ်သူ့ ရင်ခွင် ပန်းမွေ့ ရာပေါ်မှာပဲ
အိပ်မက်တွေ ဖျော့ ဝါးနေခိုက်
စိတ်လက်ဖြေလျှော့ နားနေလိုက်တယ်။

အရာရာ ဈေးတွေတက်လို့ 
လူတကာ သွေးတွေပျက်နေချန်မှာ
ကိုယ်ကတော့ …ကြင်နာသူနဲ့ 
လက်ဘက်ရည်ဆိုင်မှာလည်း (လက်ဘက်ရည် တစ်ခွက်တည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက်
ဆိုက်ဘာ ကဖေးမှာလည်း (ကွန်ပျူတာ တစ်လုံးတည်းနဲ့ ) နှစ်ယောက်တစ်အိပ်မက်မက် ပြီး
ပစ္စည်းတွေ မဲ့ နေခိုက်
ချစ်ခရီးတွေ ဆက်နေလိုက်တယ်။

ကောင်းကင်ကို
(ရေးသားချိန် ...၂၀၀၆ ခုနှစ်)


Tuesday, January 22, 2008

ကျွန်


ရှေးရှေးတုန်းကတော့

နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။


အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။

ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။

ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။

လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။

လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။

ကောင်းကင်ကို

Download this poem

Saturday, January 19, 2008

ငါတို့ ဘဝနဲ့ မွှေးရမယ့် မီးတောက်


ဒီဝဋ်က မကျွတ်ခဲ့ရခြင်းရဲ့  တရားခံ ဟာ
အဟိံသ လမ်းစဉ်လို့ မစွပ်စွဲပါနဲ့ ။

အဲဒီ့ ကောင်းကင်မှာ
အမြင့်ဆုံး ပျံသန်းခဲ့ကြတဲ့
ရွှေဝါရောင် ဝိညာဉ်တွေက
ကမ္ဘာတုန်အောင် ငိုလိမ့်မယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာ
အောင်မြင်ခြင်းတွေ ပွင့်မပေးနိုင်တဲ့ ဥယျာဉ်အိုလို့  မစွပ်စွဲပါနဲ့ ။
ကမ ၻာအရပ္ရပ္က
ပေးဆပ်ခဲ့တဲ့
သူရဲကောင်း တို့ ရဲ့ သွေးတွေက
ထပွက် လိမ့်မယ်။

တရားခံ အစစ်ဟာ ငါတို့ ပဲဖြစ်တယ်။
တော်လှန်ရေး ကစားကွက်မှာ
ကိုယ့်အသက်ကို ကိုယ်စတေးပြီး ကစားခဲ့တဲ့
သူရဲကောင်းတွေကို ဖယ်ထုတ်ကြည့်လိုက်။
ငါတို့ အများစုဟာ
ပါးစပ်က တော့ တော်လှန်ရေး တာဝန်ကျေပါတယ်။
လက်တွေ ကတော့ ပြည်ဖျက်ယန္တရားကြီးမှာ ခွေးသွားစိပ် အဖြစ် တာဝန်ကျေကြတယ်။
အမိန့် တွေကို နာခံရင်းက အာဏာဖီဆန်ရေးလမ်းစဉ်ကို အာနိသင် မရှိဘူးလို့ တံဆိပ်ကပ်ကြတယ်။

တစ်ဘက်သတ်ကြိုးဝိုင်းအတွင်း
သူရဲကောင်းတွေ လဲကွဲ နေချိန်မှာ
ငါတို့ အများစုက
ရုပ်သေးရုပ်အဖြစ် ရန်သူကြိုးဆွဲရာ ကနေရင်းနဲ့ 
ကယ်တင်ရှင်ကို စောင့်နေတဲ့သူတွေများတယ်။
ပွဲကြည့်ရင်း မျက်ရည်ကျရုံနဲ့ တော့
ဇာတ်လမ်းကလည်းပြောင်းမှာ မဟုတ်ဘူး။

လေလွတ်ရာ မိုးလွတ်ရာမှာ ဖျာအလုအယက်ခင်းနေသူတို့ ၊
တရားခံအစစ်ဟာ သင်တို့ လည်းဖြစ်တယ်။
သင်တို့ ခင်းထားတဲ့ ဖျာတွေအောက်မှာ
သွေးစွန်းနေတဲ့ သင်္ဃန်းစတွေရှိတယ်။
သင်တို့ နင်းထားတဲ့လမ်းမှာ မျက်ရည်တွေက မခြောက်သေးဘူး။
ရန်သူကို ကြိုးမပေးနိုင်သေးခင်
ကိုယ့်လိပ်ပြာကို အရင် ကိုယ်ကြိုးစင်တင်ကျ။

ငါတို့ အတ္တတွေ တစ်ယောက်တစ်ခွက်စီ ဝိုင်းလောင်းထားကြလို့ 
ဒီအဆိပ်ပင်ကြီး ဒီလောက်ကြီးလာတာ။
ခေတ်ကိုလက်ညှိုးထိုးပြီးတော့ တီးလုံးအပျက်နဲ့ မကကြစမ်းပါနဲ့ ။
ကိုယ့်ကိုယ်ကို ခေတ်ရဲ့ သားကောင်လို့ ယူဆထားရင်တော့
ခေတ်ရဲ့ မုဆိုးတွေက ပစ်မှာပဲ။
မုဆိုး ဆိုတာက ဥပုသ် မစောင့်ဘူးလေ။

သွေးတွေနဲ့  ထင်းနေအောင် ရေးထားတဲ့
ရန်ငါ ပြတ်ဖို့ ဆိုတဲ့ စကားလုံးနီနီရဲရဲဟာလည်း
စိမ်းစိမ်းမြင်တိုင်း လိုက်သတ်ဖို့ ပြောတာမဟုတ်ဘူး။
လိပ်ပြာတွေ သန့် စင် နေဖို့ ပြောတာ။
ရန်သူနဲ့ ငါတို့ လိပ်ပြာချင်း ကွဲနေရမယ်။
ညစ်ညမ်းနေတဲ့ ရန်သူ့ လိပ်ပြာကို မိတ္တူကူးနေရင်တော့
ကိုယ့်တပ်ကိုယ်ပြန် နင်းနေရလိမ့်မယ်။
တန်ဖိုးရှိတဲ့ စကားလုံးတွေကို အနက်ရှိုင်းဆုံးအထိတွေးကြ။

ရန်သူ့ လိပ်ပြာက
ဘက်သားဟန်ဆောင်ထားတဲ့ တချို့ ခန္ဓာတွေမှာ ဝင်ပူးတော့
ရန်ငါ ဘယ်လို ဖြတ်ရမလဲ။
စေတနာ ပင့်သက်တွေကလည်း
ဝါးလုံးသိမ်း ရိုက်ချက်တွေ အဖြစ် မဆိုင်သူတွေကိုထိဦးမယ်။
မျက်နှာဖုံးစွပ်ဆိုတာကလည်း
မိုးထဲရေထဲမှာ မှ ကျွတ်တတ်တာ။

သူငယ်ချင်းတို့ 
ထောက်တိုင်တွေကို ဖြိုမယ်ဆိုရင်
ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့ ။
ငါတို့ စိတ်ဓာတ်တွေရဲ့ အနာအဆာမှန်သမျှဟာလည်း
ထောက်တိုင်တွေပဲဖြစ်တယ်။
အဲဒါတွေကို အရင်ဖြိုကြ။

ကြီးနိုင်ငယ်ညှင်း လုပ်ချင်တဲ့ စိတ်ဟာလည်း
အာဏာရှင် ဝါဒရဲ့ ကျူငုတ်ပါပဲ
မရသေးတဲ့လွတ်လပ်ရေးလေး
ရတဲ့ အခါ အသက်ရှည်အောင်
ကိုယ့်ကျူငုတ်ကို အခုကတည်းက ကိုယ်တိုင်ခုတ်ထားကြ။

အာဏာရှင်ဝါဒဆိုတဲ့
ဒီအမြစ်နဲ့ ဒီအပင်ရှိနေသရွေ့ 
အကိုင်းအခက်တွေကတော့ တစ်ခက်ခုတ်လည်း နောက်တစ်ခက်ထပ်ထွက်မှာပဲ။
တရွက်ကြွေရင် နောက်တစ်ရွက်ထပ်ဝေမှာပဲ။
အမြစ်ကိုတိုက်ရိုက်ဖြိုဖို့ သာ ငါတို့ ပိုပြီးအာရုံစိုက်ရမယ်။
ငါတို့ လိုချင်တာဟာ ဟမ္မူရာဘီပြောတဲ့ မျက်လုံးတစ်လုံးမဟုတ်ဘူး။
လူလိုရှင်သန်ခွင့်သာဖြစ်တယ်။

ဒီပုံ၊ ဒီစိတ်ဓာတ် ဒီအကြောက်တရားတွေ နဲ့ 
ငါတို့ ဘာသာ လက်ခံထားတဲ့ ငရဲကို
နှလုံးသားတွေ အပြင်းထန်ဆုံးဖောက်ခွဲပြီး ထွက်ကြ။

ငါတို့ အားလုံး ညီရင်
ဘဝတွေထဲက သေးသေးလေးကိုယ်စီဖဲ့ပေးပြီး မီးမွှေးကြရုံနဲ့ 
မျှော်လင့်ခြင်းမီးတောက်က ဝုန်းခနဲ ထတောက်မှာပါ။

ညာတောင်ပံက အနု၊ ဗယ်တောင်ပံက အကြမ်းနဲ့ 
ခွပ်ဒေါင်း ခြေသံတွေ လာပြီ။

ကောင်းကင်ကို

မှတ်ချက်။ “ လေလွတ်ရာ မိုးလွတ်ရာမှာ ဖျာအလုအယက်ခင်းနေသူတို့ ” ဆိုတာ မိုးဒဏ်လေဒဏ်ကြောင့် မိုးလာခိုသူတွေ ၊ စေတနာနဲ့  လုပ်နေသူတွေ ကိုပြောခြင်းမဟုတ်ပါဘူး။ ဒီမိုကရေစီ အရေး အကြောင်းပြပြီး ကိုယ်ကျိုးရှာနေသူ တစ်ချို့ ကိုသာ တိုက်ခိုက်လိုခြင်းဖြစ်ပါတယ်။

“ညာတောင်ပံက အနု၊ ဗယ်တောင်ပံက အကြမ်း” ဆိုတဲ့နေရာမှာ အကြမ်းဆိုတဲ့ စကားလုံးက အကြမ်းဖက်ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက် လက်စားချေမှုတွေကို ပြောတာ မဟုတ်ပါဘူး။ စနစ်တကျ လက်နက်ကိုင် တော်လှန်မှု နဲ့  အာဏာရှင်တွေရဲ့  အကြမ်းဖက်မှုကို ခုခံကာကွယ်မှုကိုပြောတာဖြစ်ပါတယ်။

ဲကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်


အာဏာရှင်
တွေပျိုးလိုက်တဲ့ ‘အနာ’တစ်ခင်းမှာ
ကြယ်တွေဟာ ရုန်းရင်းကန်ရင်း ပွင့်တယ်။

သိပ်မှောင်ရင် ကြယ်တွေပေါ်လာစမြဲတဲ့။
ငါတို့ ဒေသမှာ
ကြယ်တွေ မကြာမကြာ ထွန်းကားတယ်။
ကြယ်တွေ မကြာမကြာ ကြွေကျတယ်။
ကြယ်တွေ လက်ဆင့်ကမ်းပြီး ပွင့်ကြတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
စက်တင်ဘာဆိုတဲ့ စာမျက်နှာထက်မှာ
သွေးစက်လက်နဲ့  ကဗျာဖွဲ့ လိုက်တာ
ကမ္ဘာစောင့်နတ်တွေတောင် ကြက်သီးထတယ်။

အဲဒီ့ ကြယ်တွေပဲပေါ့။
အိုဟင်နရီရဲ့ နောက်ဆုံးသစ်ရွက်ကို
အသက်နဲ့ လဲပြီး ဆွဲခဲ့တာ။

ကြယ်တွေရဲ့ ကရုဏာမျက်ရည်ဟာ
မေတ္တာသုတ်အဖြစ်
လေထုထဲမှာ လှည့်ပတ်စီးဆင်းပြီး
ကမ္ဘာ့ပြည်သူတွေရဲ့ နှလုံးသားနံရံတွေကို
သိမ်သိမ်မွေ့ မွေ့  ပဲ့တင်ရိုက်ခတ်တယ်။

ကြယ်တွေကြောင့် ငါတို့ သမိုင်းက
တခြမ်းလှတယ်။
ငါသာ တန်ခိုးရှင်ဖြစ်ရင်
သေနတ်သံတွေ မပါစေရပဲ
စက်တင်ဘာဝိညာဉ်ကို ပြန်လည်အသက်သွင်းပြီး
ငြိမ်းချမ်းရေး ‘လ’တစ်စင်း ဖန်ဆင်းမယ်။
အဲဒီ့လမင်းဟာ
ကမ္ဘာကြီးရဲ့ အမှောက်မိုက်ဆုံးနေရာတွေမှာ
ခရီးလှည့်ပြီး သာရမယ်။

မဟတ္တမဂန္ဒီရေ…
သင်ဖောက်ခဲ့တဲ့လမ်းမှာ
မိုင်အဝေးဆုံး လျှောက်ခဲ့သူတွေဟာ
ငါတို့ ပဲ ဖြစ်တယ်။
ဆိုကရေးတီး သောက်ခဲ့တဲ့ အဆိပ်ခွက်ထက်
ပိုပြီးပြင်းတဲ့ အဆိပ်ခွက်တွေကိုသောက်ခဲ့သူတွေဟာလည်း
ငါတို့ ပါပဲ။

မီးပုံထဲကို ခုန်ဆင်းပြီး
ခဏခဏ ပြန်ရှင်သန်ထတာဟာ
ဒဏ္ဍာရီထဲက ဖီးနစ်(စ်)ငှက်တွေမဟုတ်ဘူး။
တိုက်ပွဲမှာ ကမယ့် ခွပ်ဒေါင်းငှက်တွေဖြစ်တယ်။

လျှပ်စီးအလက်
ခေတ်အပျက်မှာ
စစ်ဖိနပ်တွေက
မတန်မရာ ထီးရဲ့ နေရာယူပြီး
ရက်စက်မှုတွေနဲ့ တိုင်းပြည်ကိုမိုးတော့
ပန်းတွေအားလုံး လောင်းရိပ်မိတယ်။
လောင်းရိပ်မိတဲ့ပန်းတွေပီပီ
ငါတို့ ပျက်စီးနေပေမယ့်
ငါတို့ ရဲ့ စိတ်အတွင်းထဲ တိမ်မြုပ်နေတဲ့ ကျောက်ရိုင်းတွေဟာ
ပျက်စီးနေတဲ့ အပိုင်းတွေထက် ပိုပြီးကြီးပါတယ်။
ငါတို့ မှာ မသွေးရသေးတဲ့ ပတ္တမြားတွေ ရှိပါတယ်။

ငါတို့ ဟာ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိတယ်။
ငါတို့ မှာ ၂၄ နာရီလုံးလုံး လက်ပစ်ကူးနိုင်တဲ့ ရုန်းကန်အားတွေရှိတယ်။
အဲဒီ့ ခံနိုင်ရည်၊ရုန်းကန်အား တွေကို
တိုက်ပွဲမှာ နေရာတကျသုံးကြ။
ငါတို့ ရဲ့  ခံနိုင်ရည်တွေဟာ စစ်ဖိနပ်အောက်မှာ ကြိတ်မှိတ်ခံဖို့ မဟုတ်ဘူး။
ငါတို့ ရဲ့  ရုန်းကန်အားတွေဟာ ခိုင်းအစားခံဖို့ မဟုတ်ဘူး။

ကြယ်တွေ လောကငရဲမှာ ညှိုးညှိုးငယ်ငယ်နဲ့ ဇာတ်သိမ်းနေရတယ်။
ကြယ်တွေ မိစ္ဆာခေါင်မိုးအောက်မှာ အသာခေါင်းလျှိုးနေရတယ်။
ကြယ်တွေ ရေခြားမြေခြားမှာ
စိတ်မပါ လက်မပါ ၊ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ 
မသက်မသာ လင်းနေရတယ်။

ပန်းတွေပွင့်ခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
ကြယ်တွေလင်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။
မိသားစုတွေ ဆုံစည်းခွင့်ရတဲ့ခေတ်ကို ဖန်တီးကြ။

ညီအစ်ကိုတို့ ၊
ကြယ်တွေရဲ့  တောက်ပအားကို ငါတော့ယုံတယ်။
ကြယ်တွေ လွတ်လွတ်လပ်လပ်လင်းခွင့်ရတဲ့ တစ်နေ့ မှာ
ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်ဟာ
ဒေသတွင်းကကောင်းကင်မှာ အလင်းဆုံးဖြစ်လိမ့်မယ်။

ကောင်းကင်ကို

Friday, January 18, 2008

သီးလေးသီး (ဘန်ကောက်)

သီးလေးသီး(ဘန်ကောက်)

သီးလေးသီး(မလေးရှား)

နံရံကြီးကို လက်သီးနဲ့ ထိုးရင် ထိုးတဲ့လက်သီးနာမှာပဲ။
နာချင်နာပါစေ၊ ဆက်ထိုးမှာပဲ။ အဲဒါ သီးလေးသီး။

Wednesday, January 16, 2008

ကဗျာ


ဘဝကိုက စကားလုံးတွေပြုသမျှ

နုရမယ့်ကဗျာ။

ငါဟာ ပန်းပွင့် နဲ့ လိပ်ပြာတို့ရဲ့ 
အချစ်ဆုံး ရင်သွေးဖြစ်တယ်။
ခံစားချက်တွေ ဝတ်မှုန်ကူးတဲ့နေ့ မှာ ငါ့ကိုမွေးတယ်။

ငါဟာ ရိုးသားတဲ့မာယာတွေနဲ့  အနုပညာ စကားထာဝှက်တယ်။
ငါဟာ ဝိညာဉ်တွေနဲ့ လိုက်တမ်းပြေးတမ်း ကစားတယ်။

တချို့ ကလည်း ငါ့ဓားတစ်ချက်မှာ
အားတက်ကြသတဲ့။
ငါ့လက်သီးတစ်ချက်မှာ
လျှပ်စီးတွေ လက်ရမယ်။

တချို့ က ငါ့ကိုနားမလည်ကြဘူး။
တချို့ က ငါ့ကို ဝေးဝေးကရှောင်ဖို့ ပြောကြတယ်။

ကိစ္စမရှိပါဘူး။
ငါကလည်း ခပ်နိမ့်နိမ့် ပေတံတွေကို ဂရုမစိုက်ပါဘူး။
ငါ့ဖြစ်တည်မှုနဲ့ ငါ
မြတ်နိုးသူတို့ ရဲ့  နှလုံးသားမှာ
ရိပ်ရိပ်ကလေး ပွင့်တယ်။

ဘာပဲဖြစ်ဖြစ်လေ၊
အချစ်ကိုငတ်မွတ်လာတဲ့အခါမှာတော့
လူတိုင်း ငါ့ကို ဦးညွတ်ရလိမ့်မယ်။

ကောင်းကင်ကို

Thursday, January 10, 2008

အိုဟင်နရီရဲ့ နောက်ဆုံးသစ်ရွက်

နောက်ဆုံးသစ်ရွက် ဆိုတာကတော့ အိုဟင်နရီ ရဲ့  ဝတ္ထုထဲက သစ်ရွက်လေးလို မျှော်လင့်ချက်တွေကို အသက်ဆက်ပေးတဲ့ သစ်ရွက်လေးကိုပြောပါ။ အဲဒီ့ ဝတ္ထုထဲမှာ အသက်၆၀ ကျော်နေပြီဖြစ်တဲ့ မအောင်မြင်တဲ့ ပန်းချီဆရာအဘိုးအိုတစ်ယောက် ရှိပါတယ်။ သူဟာ ဂန္ဓဝင်မြောက် master piece ပန်းချီကား တချပ် ဆွဲမယ်လို့ အမြဲ ကြွေးကျော်နေပြီးတော့ ဘယ်တော့မှ အဲဒီ့ပန်းချီကားကို စမဆွဲသေးတဲ့ ပန်းချီဆရာတစ်ယောက်ပါ။
သူ့ ရဲ့ အပေါ်ထပ်မှာတော့ ဆူးနဲ့  ဂျွန်ဆီ ဆိုတဲ့ ပန်းချီဆရာမနှစ်ယောက်နေကြပါတယ်။
တစ်နေ့ သူတို့ နေတဲ့ဒေသမှာ နမိုးနီးယားရောဂါဆိုးကြီး ကျရောက်လာပါတယ်။ ဂျွနှ်ဆီ တစ်ယောက် နမိုးနီးယား ဝေဒနာ ခံစားရပါတော့ တယ်။ ဂျွန်ဆီဟာ ကယောင်ကတမ်းနဲ့  စိတ္တဇ အတွေးဆန်းတွေ ဝင်လာပါတယ်။ သူဟာ ပြတင်းပေါက် ကနေ ကြည့်ပြီး “12, 11, 10” စသည်ဖြင့် သစ်ပင်တစ်ပင် (တိုက်ကပ်နွယ်ပင်) (ivy vine) ကနေ သစ်ရွက်တွေ ကြွေကျတာကိုရေနေခဲ့ ပါတယ်။ သူက အဲဒီ့ သစ်ရွက်တွေ ကုန်သွားရင် သူလည်းသေလိမ့်မယ်လို့ ယူဆပြီး ထူးထူးဆန်းဆန်းအတွေးတွေ ဝင်နေတာပါ။ သစ်ရွက်တွေကလည်း မိုးသည်းသည်း လေကြမ်းကြမ်း အောက်မှာ အလျင်အမြန်ကြွေကျနေပါတယ်။
သူ့ ရောဂါ ကလဲ တအားဆိုးနေပြီး သူ့ ကိုယ်သူ ဆက်လက်အသက်ရှင်နေလိမ့်မယ်လို့ မထင်တာဟာ တော်တော်ဆိုးပါတယ်။ ရောဂါဆိုးရတဲ့အထဲ ယုံကြည်စိတ် မရှိရင် ဆက်လက်အသက်ရှင်ဖို့ မလွယ်ကူပါဘူး။
ဆူးက ဂျွန်ဆီကို အဓိပ္ပါယ်မရှိတဲ့ အတွေးတွေကိုဖျောက်ဖို့ ပြောပေမယ့် ဂျွန်ဆီက မရပါဘူး။ ဒါနဲ့ ဆူးလည်း ဂျွန်ဆီကို ခဏဖြောင်းဖျပြီး၊ ခဏလောက် ပြတင်းပေါက်ပိတ်ပြီး အိပ်လိုက်ပါ၊ နောက်ပြီးရင် ပြန်ဖွင့်ပေးပါမယ်လို့ ကတိပေးပြီး ပြတင်းပေါက်ကိုခဏ ပိတ်လိုက်ပါတယ်။
အဲဒီ့ အကြောင်းကို ဆူးက ပန်းချီဆရာ အဘိုးအို ကိုလည်းပြောပြလိုက်ပါတယ်။
ပြတင်းပေါက်ပြန်ဖွင့်တဲ့အချိန်မှာ သစ်ရွက်တရွက်က ကျန်နေပါသေးတယ်။ ဂျွန်ဆီက စိတ်မရှည်တော့ပါဘူး။ သူစောင့်ရတာမောပြီတဲ့။ သူက စိတ်လျှော့ချင်နေပြီ။ အဲဒီ့ သစ်ရွက်ကိုကြွေစေချင်နေပြီ။ ဆူးလည်း ဂျွန်ဆီကို ဖျောင်းဖြပြီး အိပ်ဖို့ ပြောရတာပေါ့။
အိပ်ရာနိုးလို့ ကြည်တော့လည်း အဲဒီ့သစ်ရွက်က မကြွေသေးဘူး။ အဲဒါနဲ့ ဂျွန်ဆီလည်းသူ့ ကိုယ်သူ မိုက်မဲတယ်လို့ ထင်မြင်လာပြီး အစားအသောက်ကောင်းကောင်းပြန်စားကာ အသက်ရှင်ဖို့ မျှော်လင့်လာပါတယ်။ သူက သစ်ရွက်နဲ့ သူ့ ကိုယ်သူ ဆက်စပ်တွေးပြီး စိတ္တဇဖြစ်နေတာကိုး။ သစ်ရွက်မကြွေတော့ စိတ်အားတက်လာပြီး သူ့ ကိုယ်သူ ပြန်ဂရုစိုက်လာပါတယ်။ ဒီလို နဲ့ သူပြန်နေကောင်းလာပါတယ်။
တကယ်က ပြတင်းပေါက်ပိတ်ထားတဲ့ အချိန်မှာ နောက်ဆုံးသစ်ရွက်ကလည်း ကြွေကျ သွားပါတယ်။ ပန်းချီ ဆရာ အဘိုးအိုက မိုးထဲလေထဲမှာ နွယ်ပင် ကပ်ပေါက်နေတဲ့ နံရံမှာ အဲဒီ့သစ်ရွက်ပုံကို ဆွဲခဲ့တာပါ။ သူကိုယ်တိုင်ကတော့ အဲဒီ့ မိုးထဲလေထဲမှာ သစ်ရွက်ပုံ ဆွဲရာကနေ အအေးမိပြီး နမိုးနီးယားနဲ့ ဆုံးသွားပါတယ်။
အဲဒီ့ သစ်ရွက်ဟာ သူ ကြွေးကျော်နေတဲ့  သူ့ ရဲ့  master piece ပဲပေါ့။
ဂျွန်ဆီရဲ့ မျှော်လင့်ချက်အတွက် နောက်ဆုံးသစ်ရွက်ကို အသက်နဲ့ လဲပြီး ဆွဲခဲ့တာ။

Wednesday, January 9, 2008

မိသားစု (စိုင်းဝင်းမြင့်ရဲ့ ကဗျာ)

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်။
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်။
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်။
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်။
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်။
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်။
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်။
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ။
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ။
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်

စကားလုံးမရှိတဲ့ကောင်းကင် (ထူးအိမ်သင်)


ဂျက်ဆင်ထိပ်ကလရိပ်ပြာ

Tuesday, January 8, 2008

မူးယစ်ဝေသော သပွတ်အူညများ (ဂျက်ကွမ်းခြံကုန်း ရဲ့  သရော်စာ)

ဂလိုဘယ်(Global) ဂလိုဘယ်(Global) နဲ့ ကျွန်ုပ်တို့ မှီတင်းနေထိုင်ကြရာ အနှီကမ္ဘာ ကြီးသည် ရွာကြီးတစ်ရွာသဖွယ် ဖြစ်သွားပြီးသည့်သကာလ နယ်မြေအပိုင်းအခြားဆိုသည်များ ကလည်း ဘယ့်နှာကမှ အနက်အဓိပ္ပာယ်မရှိတော့ပါဘူးလဗျာဟု ပညာရှင်အသီးသီးတို့က မိန့်မြွက်လှစ်ဟတော်မူလျက် ရှိကြပေသည်။ သို့လင့်တစ်မူ သူ့ဘာသာသူ ကမ္ဘာဟာ ရွာဖြစ်ဖြစ် ဘဇာဖြစ်ဖြစ် ကျွန်ုပ်ဂျက်ကွမ်းခြံကုန်းအဖို့မူ သပွတ်အူမှ သပွတ်အူသာ ဖြစ်ပါ၏။

သပွတ်အူချက်မြှုပ်ဖြစ်သူ ကျွန်ုပ်ဆရာကြီးဂျက်ကွမ်းခြံကုန်းအား အသင် အမေရိကား မှာ သွားနေပါလားဟု တိုက်တွန်းစကားဆိုလာခဲ့သော် ကျွန်ုပ်က ငြင်းဆန်မိမည်ပင်။ ဟုတ်ကဲ့၊ ကျွန်ုပ်ကဲ့သို့ပင်လျှင် သပွတ်အူဒေသဖွား သပ္ပုရိသအနွယ်ဝင် သူတော်စင် တော်တော်များများ တို့ကလည်း ငြင်းကြမည် အမှန်ဧကန်မုချဟု ကျွန်ုပ်က ထင်မြင်မိပါ၏။ ယုတ်စွအဆုံး ကျွန်ုပ် ဆရာကြီးဂျက်ကွမ်းခြံကုန်းနှင့်တကွ စာပေမိတ်ဆွေသင်္ဂဟများ ညနေရီရီတိုင်၍ ၀ိုင်းကလေး ဘာလေးဖွဲ့ကြသော် တော်ကြာနေ တစ်လုံးလောက် ပြေးဝယ်ပါဦးလဟနှင့် ခိုင်းရချေသည့် ကြွက်နီဆိုသော ရွှေပွတ်စိုးမြင့်၏ သားအငယ်ကောင်ကလေးကပင် ပွင့်လင်းစွာဖြင့် ဟင့်အင်းမှာ အမှန်ပင်။ ထို့ပြင်တစ်ဝ ဆယ်တန်းတစ်နှစ်ကျထားသည်ဆိုသော ဒွေးလေးမလုံးတင်၏သား ဘိုဘိုဟူသည့် သကောင့်သားကလေးကတဲ့ရော မြန်မာဘီယာတစ်ခွက်ကို မော့ချရင်းက အကြောင်းပါပါဖြင့် ခေါင်းခါမည်မှာ မလွဲမသွေပေတည့်။ ခင်ဗျားတွေ့ရှိခဲ့ပေသော အရပ်ဟာ နေမပျော်ပါဘူး ကိုလံဘတ်ရာ။ ထား။

မိုးဦးလေဦး တစ်ရေးနိုးခါစ တစ်ခုသော တနင်္ဂနွေနေ့တုန်းဆီက မဂ္ဂဇင်း၊ ဂျာနယ် အဟောင်းကလေးများကို ကျွန်ုပ်ဆရာကြီးဂျက် ပြန်လည်၍ လှန်လှောမိနေပြန်သဗျာ။ အဲသမှာ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ် (George W Bush) ရဲ့ သမီးနှစ်ယောက်ကိစ္စ ကျွန်ုပ် ဂျက်ကွမ်းခြံ၏ မျက်လုံးထဲသို့ ရောက်ရှိ၍လာတတ်သဗျ။ တစ်ယောက်က ဘာဘရာ (Bar bara) တဲ့။ အခြားတစ်ယောက်က ဂျဲန်နာ (Jenna) တဲ့။ အမြွာညီအစ်မကလေး နှစ်ယောက်ခင်ဗျ။

အဲသည် အနှီသမီးပျိုကလေးနှစ်ဦးသားတို့ဟာ ပြဿနာတက်ခဲ့ကြပါလေရော။ ၂၀၀၁ ခုနှစ်၊ မေလ (၂၉) ရက်ညမှာ ပြဿနာတက်ခဲ့ကြသည် ဆိုပါ့ကလား။ နေရာက တက္ကဆက် ပြည်နယ် Austin မြို့တွင် ရှိချေသော chuy ရဲ့ စားသောက်ဆိုင်ဟူသတဲ့။ မိုက်လိုက်တဲ့ သမီး ကလေးနှစ်ယောက်။ အဲသည့် ဘာဘရာ (Bar bara) နဲ့ ဂျဲန်နာ (Jenna) ကလေးတို့နှစ်ယောက် အရက်ဝယ်သောက်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုပါသော်ကောဗျာ။ လူတစ်ယောက်ရဲ့ မှတ်ပုံတင်ကို ခဏငှားရမ်းယူငင်ပြီးသည့်သကာလ အရက်ဝယ်ယူဖို့ ကြိုးစားခဲ့ကြတာပါ။ ဂျဲန်နာ (Jenna) က အဓိကကြိုးစားခဲ့တာဖြစ်ပြီး ဘာဘရာ (Bar bara) ကဟူမူ နံဘေး၌ ရှိနေခဲ့ကြောင်းဟူလို။ သြော်… မိုက်ပါ့။

ကျွန်ုပ်သိသလောက် တက္ကဆက်ပြည်နယ်၏ ဥပဒေအရ အသက် ၂၁ နှစ်အောက်ဖြစ် သော် ယမကာသောက်ရန်အသာထား၊ ဘီယာကလေးကိုသော်မှ ရောင်းချခွင့်မရှိ မဟုတ်ပါလား ကွယ်တို့ငဲ့လေ။ ရောင်းခြင်း ၀ယ်ခြင်းအမှု ပြုလတ်ကြသည်ရှိချေသော် ၀ယ်သူသည် အမေရိကန် ဒေါ်လာ ၅၀၀ တိတိ ပေးဆောင်စေ။ ရောင်းသူမှာမူကား First time ခေါ် ပထမအကြိမ် ဖြစ်ဘိ ပါမူက ရက်ပေါင်း ၆၀ တိတိ စားသောက်ဆိုင်လိုင်စင် ပိတ်သိမ်းစေ။ ယင်းသည် တက္ကဆက် ပြည်နယ် ဥပဒေဟူချေသတည်း။ သြော်… ခက်ပြီးရင်း ခက်ရချေပေါ့ ဘာဘရာ (Barbara) နဲ့ ဂျဲန်နာ (Jenna)။

ဤသို့ဖြင့် အချိန်လင့်သော် သမ္မတကြီး ဇနီးမောင်နှံတို့အထံသို့ အကြောင်းကြားခဲ့ရ ချေပြီ။ သမ္မတကြီး ဇနီးမောင်နှံတို့သည်ကား Air Force One လေယာဉ်ကြီးဖြင့် ကယ်လီဖိုး နီးယားပြည်နယ်မှ ၀ါရှင်တန်ဆီသို့ ခရီးနှင်နေကြခိုက်ဖြစ်ချေရာ သက်ဆိုင်ရာ ရဲက သမ္မတထံ အကြောင်းကြားပေးလာသော အခါတွင်မှ ဒေါ်လာ ၅၀၀ ကို ဒဏ်ငွေပေးဆောင်ခြင်းဖြင့် ပြဿနာများ အေးငြိမ်းသမှုပြုသွားခဲ့ရပါကြောင်းဟူလို။

သြော်... ခက်ပါ့ဟူ၍သာ ဂျက်က ညည်းတော်မူလိုက်ချင်ပါဘိတော့ချေသည်။ ဒေါ်လာ ၅၀၀ တဲ့။ သမ္မတရဲ့သမီးတို့ ဒဏ်ငွေဆောင်ကြရချေကပြီ။ စိတ်ပျက်စရာကောင်းလိုက်ပုံတွေက။ ဘယ့်နှာကြောင့် အဲသဟာကို သွားဝယ်ကြရတာတုန်း သမီးငယ်လေးတို့ရယ်။ မင်းကလေးတို့ အမေရိကားမှာ ကျွန်ုပ်ဂျက် မနေချင်ပါပြီ။ အဟုတ်။ ကျွန်ုပ်ဆရာကြီးဂျက်ကွမ်းခြံကုန်းကတော့ မိုက်လုံးကြီးသည်ဟုပဲ ဆိုချင်ဆိုကြပေရော့။ ကိုယ့်သပွတ်အူမှာပဲ ကိုယ်ပျော်ပါတယ်ဗျာ။ လွတ်လွတ်လပ်လပ်။

ဂျက်ကွမ်းခြံကုန်း
http://moemaka.com/ မှတဆင့်ပြန်လည်ဝေမျှပါသည်။

Monday, January 7, 2008

မောင်ဝဏ္ဏရဲ့ ကာတွန်း



sizeကြီးကြီးမြင်ရရန်အတွက် ပုံကို click လုပ်ပါ။

Friday, January 4, 2008

ကဗျာဆရာရဲ့  သက်ပြင်းပုံပြင်


ငါတို့ လက်တွေ ကစားရတဲ့ကွင်းဟာ

လှုပ်လို့ မရအောင်ကို ကျဉ်းတယ်။

အတွေးတွေနဲ့ ကဗျာဆောက်ကြည့်ပါတယ်။
စကားလုံးတွေဆီ ပါမစ်လျှောက်ရ
ကဗျာစောင့်နတ် တွေဆီပါမစ်လျှောက်ရနဲ့ ။
ဒီကြားထဲ ငွေမင် ဓားတွေနဲ့ 
ငါတို့ လက်ကို ဖြတ်ဦးမယ်။

ငါဟာ
သေနတ်ခောတ် တစ်ခောတ်ရဲ့ 
သက်ပြင်းပုံပြင်တွေ ကို
အလွန်ပြောချင်နေတဲ့သူပါ။
ဒါပေမယ့် ငါတို့ ပါးစပ်တွေက
မလှုပ်ခင်ကတည်းက ကြိုတင်လက်ထိပ်အခတ်ခံထားရတယ်။

ပုံပြင်ထဲကလိပ်ကလေးလို
ကိုယ့်ဘဝကို တဲတဲကလေးကိုက်ထားရတယ်။
ပါးစပ်တချက်မလှုပ်လိုက်နဲ့ 
ပုဒ်မ ငါးနဲ့ 
ဒုက္ခများသွားမယ်။

ကျေးဇူးပြု၍ ထိန်းထိန်းသိမ်းသိမ်းပွင့်ကြပါ စကားလုံးတို့ ။
စာရွက်တွေပေါ်မှာ တစွန်းတစ သက်ပြင်းချမှုဟာ
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုထက် ပိုပြီးအပြစ်ကြီးတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုထက် ပိုပြီးအပြစ်ကြီးတယ်။
လူကုန်ကူးမှုထက် ပိုပြီးအပြစ်ကြီးတယ်။
သက်ပြင်းချသံတွေ သိပ်မကျယ်စေနဲ့ ။

မိတ်ဆွေတို့ 
ခေတ်အကြောင်းမေးခြင်း သည်းခံပါ။
ဖိနှိပ်မှုရာသီအောက်မှာ ငါ့ လက်တွေ နှာစေးနေလို့ ။

ကောင်းကင်ကို

မှတ်ချက်။ ပုံပြင်ထဲက လိပ်ကလေးဆိုတာ နှုတ်မစောင့်သောလိပ် ပုံပြင် ထဲက တုတ်ချောင်းကလေးကို ကိုက်ထားရတဲ့ လိပ်ကလေးကိုပြောတာပါ။ ရေကန်ဟောင်းက ခမ်းခြောက်သွားတော့ အဲဒီ့လိပ်ကလေးကို ရေကန်သစ်ကိုရွှေ့ ပြောင်းပေးဖို့  ဗျိုင်းနှစ်ကောင်က တုတ်ချောင်းလေးကို တဘက်စီကိုက်ပြီး သူ့ ကို အလယ်က ကိုက်ခိုင်းပြီးခေါ်သွားပါတယ်။ ပါးစပ်လှုပ်တာနဲ့ ဟိုးအောက်ကို ပြုတ်ကျသွားမှာပါ။

Thursday, January 3, 2008

မာန်

ရှေ့ မရောက်
နောက်မဆုတ်
ကျောက်ရုပ်ခြင်္သေ့ တို့ မဟုတ်။

လှိုင်းမထန်
မာန်မသွင်း
ကန်တွင်းရေသေ တို့ မဟုတ်။

အဆိပ်ဖယ်
အစွယ်ကျိုး
မျက်လှည့်မြွေမျိုး တို့ မဟုတ်။

မောင်စိန်ဝင်း(ပုတီးကုန်း)

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလေးပါ။ ကျွန်တော် နှစ်သက်လို့ ဖော်ပြပေးလိုက်ပါတယ်။ ခေါင်းစဉ်ကိုမမှတ်မိတော့လို့ မာန်
လို့ ပဲပေးထားပါတယ်။ သိရင်ပြောပြပေးကြပါခင်ဗျာ။

Wednesday, January 2, 2008

ဂျက်ကွမ်းခြံကုန်း ရဲ့ သရော်စာ (ချစ်ကလဲ့စား)

ယခုတစ်ဖန် ကျွန်ပ် ဆရာကြီးဂျက် အာရုံရောက်နေမိပြန်သည်က ပိရမစ်ကြီးတွေ ထူထူထပ်ထပ် ရှိကြရာအရပ်၊ နိုင်း(Nile)မြစ်ကတော့ စီးမြဲပင်ဟု ရေးသားဂုဏ်တင်ခဲ့ကြရာ အရပ်၊ ဟော့ဟို အာရပ်ကမ္ဘာရဲ့ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ချေသော အီဂျစ်နိုင်ငံဘက်ဆီသို့ ပေပလဗျာ။ သမ္မတ နာဆာ(Nasar) တို့၊ သမ္မတ အန်ဝါဆဒတ်(Anwar Sadat) တို့ လက်ထက် များဆီမှာ ကမ္ဘာ့ပြဿနာ တော်တော်များများထဲ၌ စူးစူးရဲရဲ ရှိခဲ့သော နိုင်ငံပေပ။ ဆူးအက်(Suez) တူးမြောင်းကြီး ဖြတ်သန်းစီးဆင်းသွားပြီးသည်၏သကာလ ယခုတစ်မူ သမ္မတ မူဘာရက် (Mubarak) ဦးစီးဦးဆောင်ပြုလုပ်လျက် ရှိပါချေသော အီဂျစ်နိုင်ငံပေပါပဲ သပ္ပုရိသ အနွယ်ဝင် သူတော်စင်အပေါင်းတို့ခင်ဗျာ။

အဲသည့် အနှီအီဂျစ်နိုင်ငံ၏ မြို့တော်က ကိုင်ရိုမြို့ဆိုသမို့လား အဆွေတို့ရေ။ အခု ကျွန်ပ်အာရုံထဲ ခုလု ခုလု ဖြစ်နေမိသည်က အဲသည်မြို့တော် ကိုင်ရိုကလာသော သတင်းတစ်ပုဒ် ပေပ။ သတင်းက အပြစ်မကင်းတဲ့ အချစ်သတင်းကလေးတစ်ပုဒ်။

ကိုင်ရိုမှာ အီဂျစ်လူမျိုး ဆရာဝန်ကလေးတစ်ဦး ရှိသဗျ။ အဲသည် အနှီ ဆရာဝန်ကလေး ကို သူနာပြုဆရာမကလေးတဦးက ချစ်ခင်မြတ်နိုး တပ်မက်တွယ်တာသမှု ဖြစ်နေမိရှာသတဲ့ဗျာ။ သူနာပြုဆရာမကလေးရဲ့အမည်က အီဒါနော်ရက်ဒင်မိုဟာအက် အဘူဇစ် ဟု ခေါ်တွင် ကြောင်းလည်း ကျွန်ပ်မှတ်သားခဲ့ပေသပ။ ငယ်ပါသေးတယ်။ အသက်က အစိတ်တဲ့။ အိမ်းလေ။ အဲသဟာ ဘဇာမှ ဆန်းကြယ်သည့်ကိစ္စမဟုတ်ချေပါကဘူး။ လစ်လပ်ဟာသော မိန်းကလေးအဖို့ ချစ်တတ်တာ ဘဇာဆန်းသတုန်းဗျ။ အနို့သော် ဆန်းကြယ်သည်က ဆရာဝန်ကလေး ခင်ဗျ။ အဲသည် အီဒါနော်ရက်ဒင် မိုဟာမက် အဘူဇစ် ဆိုသည့် သူနာပြုဆရာမကလေးကို စဉ်းငယ် မျှပင် ပြန်လည်၍ မေတ္တာမသက်ဝင်နိုင်ပါသတဲ့ လဗျာ။ ခက်ပါ့။ အေးလေ အချစ်ဆိုသည်မှာ ဇွတ်တရွက်ကြီး ပေါ်ပေါက်လာစေဟု မန်း၍မှုတ်၍ ပေါ်ပေါက်လာနိုင်သော အရာဝတ္ထုတစ်ခု ရယ်တော့ဖြင့် မဟုတ်ပေဘူးပလဗျာ။ အလျားအနံမရှိသလို အသွားအပြန်ရှိချင်မှလည်း ရှိပေ မပေါ့။ ပြန်မချစ်တာ ရန်ဖြစ်စရာ မဟုတ်ပါဘူး။ အနို့သော်။

ဟုတ်၏။ အနို့သော်။

ဟုတ်ပါငဲ့။ အနို့သော်။

မေတ္တာငတ်သူ သူနာပြုဆရာမကလေးက အသည်းမာသူ ဆရာဝန်ကလေးအား လက်စားချေခဲ့လေကပြီ။

ဦးစွာမဆွ အနှီဆရာဝန်ကလေး ဆေးဝါးကုသနေသော လူနာတစ်ဦးကို ဆေးထိုးကာ သတ်ဖြတ်လိုက်၏။ အနှီ လူနာဘ၀တစ်ပါးသို့ ပြောင်းသွားပြီးသည်၏နောက်တွင်မူ သူနာပြု ဆရာမလေး အီဒါနော်ရက်ဒင် မိုဟာမက် အဘူဇစ်သည် ရှက်စရာ Love ကြောင့် ဆက်ကာ သတ်ခဲ့ရာ အနှီ ဆရာဝန်၏ နောက်ထပ် လူနာ ၂၉ ဦးတိတိကို သေစေတတ်သော ထိုးဆေးဖြင့် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ချေရာ နောက်ဆုံးတွင် သိရှိသွားပြီးသည်၏သကာလ အစိုးရရှေ့နေများ ကတစ်ဆင့် တရားစွဲဆိုခဲ့ချေရာ အီဂျစ်တရားရုံးတစ်ရုံးက ၁၉၉၈ ခု၊ မတ်လ ၁၃ ရက်နေ့တွင် အနှီသူနာပြုဆရာမကလေးအား သေဒဏ်ချမှတ်လိုက်သည်ဟူပါကလား အရပ်ကတို့။

သြော် ရက်စက်ပါပေ့ကွယ်ဟု ဘကြီးနုနှယ်သာ ညည်းတွားလိုက်ချင်တော့ပါဘိ သကွယ်။ မေတ္တာမရလို့ သူ့ခမျာ ကလဲ့စားချေခဲ့သည်ကို ဘယ့်နှာကြောင့် ထောက်ထားစာနာသမှု မပြုခဲ့ကြလေသတုန်းဗျာ။ မေ့ကိုမောင်မချစ်ရင် မောင့်လူနာတွေကို မေသတ်တာ ဘဇာဖြစ် သတုန်းတော်။ မောင့်ကို ပြန်မချစ်ရင် ခင်တို့ရွာကို မီးနဲ့ရှို့မယ်ဆိုသည့် ဖီလော်ဆော်ဖီမျိုး။ ကောင်းပေစွ။

အကယ်တန္တု ဂျက်ကွမ်းခြံကုန်းသည် ကိုင်ရိုမြို့ တစ်နေရာရာတွင် ကျောင်းအုပ် ဆရာကြီး ဖြစ်အံ့လတ္တံ့။ ကျောင်းဆရာမလေး ညက်ညာပြာစင်က ကျွန်ပ်၏အချစ်ကို လက်မခံ ခဲ့သော် အနှီ ဟာမကလေး၏ အတန်းထဲက ဘုစုခရုကလေးများကို ကျွန်ပ်က စားမေးပွဲချပစ် ပါအံ့။

အကယ်တန္တု ဂျက်ကွမ်းခြံကုန်းသည် ကိုင်ရိုမြို့ တစ်နေရာရာတွင် လျှပ်စစ်ဌာနအရာရှိ ကလေး ဖြစ်နေဘိပါလတ္တံ့။ အကြင်ရပ်ကွက် တစ်ခုခုမှ ဖြူစင်ထွန်းရောင်ဝင်းလှမှန်ကင်း ကလေးက ကျွန်ပ်၏အချစ်ကို လက်မခံခဲ့သော် အနှီ ဗိုင်းဒါမကလေး နေထိုင်မှီတင်းရာ ရပ်ကွက် ကို ကျွန်ပ်က လျှပ်စစ်မီးဖြတ်တောက်ထားပါလတ္တံ့။

အကယ်တန္တု ဂျက်ကွမ်းခြံကုန်းသည် ကိုင်ရိုမြို့ တစ်နေရာရာတွင် ရေးပေးဝေရေးဌာန အရာရှိကလေးဖြစ်နေဘိပါလတ္တံ့။ အကြင်ရပ်ကွက်တစ်ခုခုမှ တင့်လှပေဟန် ဘက်မရန် ကလေးက ကျွန်ပ်၏အချစ်ကို လက်မခံခဲ့သော် အနှီ ပိန်းကောမ ခိုနားအခြေစိုက်ရာ ရက်ကွက်ကို ရေပေးဝေမှု ဖြတ်တောက်ထားပါအံ့။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က အီဒါနော်ရက်ဒင် မိုဟာမက် အဘူဇစ်ဆိုတဲ့ သူနာပြု ဆရာမကလေး သူကြိုက်နေမိတဲ့ ဆရာဝန်က သူ့ကို ပြန်မကြိုက်လို့ အဲသည့်ဆရာဝန်ရဲ့ လူနာတွေကို သတ်ဖို့ကြိုးပမ်းတာ ဘဇာဖြစ်သတုန်းဗျာ။ လူတွေဟာ အချစ်ကို နားမလည်ကြပါ ဘူးဗျာ။


ဂျက်ကွမ်းခြံကုန်း