Wednesday, January 16, 2013

စဉ်းစားဖို့ မလိုသော… ‘ဘက်’

“မင်း အဲဒီ့ဘက်ကလူပဲ ဖြစ်ရမယ်”

အဲဒီလို ပြောလိုက်တဲ့ စကားကိုယ်၌မှာ စွပ်စွဲသူဟာ မမျှတဘူးဆိုတာကို ပြနေတယ်။ အဲဒီ့လိုပြောခြင်းက “ငါတို့က ဒီဘက်က မို့လို့ ဒီစကားပြောတယ်။ မင်းတို့က ငါတို့နဲ့ ဆန့်ကျင်ဘက် စကားတွေပြောလာတော့ အဲဒီ့ဘက်က ပဲ ဖြစ်ရမယ်” ဆိုပြီး သူတို့တယူသန်တိုင်း သူများလည်း တယူသန်ရမယ်ဆိုတဲ့ အမြင်နဲ့ သူတို့စိတ်နဲ့ သူများကိုလိုက်နှိုင်းနေတာကို ဖော်ပြနေတယ်။ အဲလိုလူတွေဟာ... ဒီစကားပြောရင် ဒီဘက်က၊ ဟိုစကားပြောရင် ဟိုဘက်ကပဲ ဖြစ်ရမယ်လို့ အမြဲတမ်းကြီး တရားသေ စွဲထားပုံရတယ်။ အဲလို လူတွေဟာ များသောအားဖြင့်၊ တဘက်သား ပြောလာတဲ့ စကားမျှတမှု ရှိမရှိ ဆိုတာကို စဉ်းစားနိုင်စွမ်း မရှိသူတွေဖြစ်တယ်။ တခြားသူ ပြောတဲ့စကားရဲ့ အနှစ်သာရကို လျစ်လျူရှုကာ ဟိုဘက် ဒီဘက်ဆိုတဲ့ ဘက်တွေကို စစဉ်းစားပြီး အဲဒီ့လို အမြဲတမ်း (အထောက်အထား မရှိဘဲ) စွပ်စွဲလေ့ရှိသူဟာ သူကိုယ်တိုင်အတွက်တော့ “ငါဒီဘက်ကမို့လို့ ဒီစကားပြောရတယ်” ဆိုတဲ့သဘောကို ဝန်ခံလိုက်တာနဲ့ အတူတူပဲ။

မျှတမှုကို လျစ်လျူရှုပြီး အဲလို ဘက်ကိုစစဉ်းစားတဲ့သူ၊ ကိုယ့်ဘက်ကိုယ်ယက်တဲ့သူတွေ များတယ်ဆိုတာကလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဘက်ကိုအခြေခံပြီး ပြောလာတဲ့ သူတယောက်၊ မမျှတဘဲ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောလာတဲ့လူတယောက်ကို ကျနော်ရင်ဆိုင်ရရင် သူ တကယ် ဘက်လိုက်ပြီး ပြောတာ ဖြစ်နေဦးတော့။ မင်းဘယ်ဘက်က မို့လို့ ဒီလိုစကားမျိုးပြောတာလို့ (ကိုယ်လည်းမသိဘဲ) ရမ်းသမ်းစွပ်စွဲတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ အဲဒီ့လူက သူနဲ့သက်ဆိုင်တဲ့ သူ့အုပ်စုဘက်မှာ ရပ်တည်ပြီး ပြောနေတယ် ဆိုရင်တောင် အဲလိုပြောလာတဲ့ စကား မျှတမှု ရှိမရှိကိုပဲ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပမာပေးရရင် မှန်ကန်မယ် ဆိုရင် မြန်မာတွေလည်း မြန်မာဘက်က၊ ကချင်ဆိုလည်း ကချင်ဘက်က၊ ကုလားဆိုလည်း ကုလားဘက်က၊ တရုတ်ဆိုလည်း တရုတ်ဘက်က၊ ဆရာဝန်ဆိုရင်လည်း ဆရာဝန်ဘက်က ၊ သတင်းထောက် ဆိုရင်လည်း သတင်းထောက် ဘက်က ရပ်တည်ခွင့် ရှိပါတယ်။ အင်္ဂလိပ်တွေ ဂျပန်တွေ မြန်မာနိုင်ငံကို မတရားလုပ်လာခဲ့စဉ်က နယ်ချဲ့ခဲ့စဉ်က မြန်မာတွေ မြန်မာဘက်က ရပ်တည်ခဲ့တာဟာ မှန်ကန်နေတာပဲ။ (မြန်မာမြန်မာချင်း ဝင်ရပ်လို့ မဟုတ်ပါ။ မှန်ကန်တဲ့ ဘက်က ရပ်တည်လို့ ဖြစ်ပါတယ်။ မြန်မာဖြစ်တဲ့အတွက် မြန်မာဘက်ကပဲ ရပ်ရမယ် ဆိုတာ မမျှတသလိုပဲ မြန်မာဖြစ်လို့ မြန်မာဘက်က မရပ်ရဘူး၊ရပ်ရင် ဘက်လိုက်တာ ဆိုတာလည်း မှားယွင်းပါတယ်။) ဆရာဝန်တယောက် ဆိုပါစို့။ တခြားဆရာဝန် တစု ပြဿနာ ဖြစ်နေတဲ့ အခါမှာ အဲဒီ့ဆရာဝန်တွေ မှန်နေရင် နစ်နာနေရင် အဲဒီ့ဆရာဝန်တွေဘက်က ဝင်ပြီး ရပ်တည်ပေးတာဟာ ဘက်လိုက်တာ မဟုတ်ပါ။ အဲလိုပဲ အဲဒီ့ဆရာဝန်တွေက လွန်နေတာ၊ ပြဿနာ ရှာတာဖြစ်နေရင် ဆရာဝန်ဖြစ်လျက်နဲ့ ဆရာဝန်တွေဘက်က ရပ်တည်မပေးဘဲ တခြားဘက်ကနေ ရပ်တည်ပေးရမှာပါ။ တကယ်တော့ ဘယ်သူဖြစ်လို့ ဘယ်စကားပြောတယ် ဆိုတာတွေ၊ “ဘက်” ဆိုတာတွေကို စစဉ်းစားကတည်းက လမ်းကြောင်းက လွဲနေပြီ။ ပြောတဲ့စကား မှန်မမှန် သင့်မသင့်ကို အာရုံမရှိတော့ပဲ ပုဂ္ဂိုလ်ရေးတွေ ဘယ်သူမို့လို့ ဘာပြောတယ် ဆိုတဲ့ အစွဲတွေ ပါနေပြီ။

တကယ်ဖြစ်ရမှာ ပြောတဲ့စကားမှန်မမှန် ယုတ္တိရှိမရှိ မျှတမှု ရှိမရှိကိုပဲ စဉ်းစားပြီး မမျှတရင် အကျိုးသင့်အကြောင်းသင့် ချေပရမှာ။
ကောင်းကင်ကို 
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က Facebook မှာ ရေးခဲ့တဲ့ Note ကို blog မှာ ပြန်တင်တာပါ။

4 comments:

မိုးနတ်ကြယ်စင် said...

အကိုတော့် Note လေးလာဖတ်သွားတယ် အကိုတော်:)မှတ်သားစရာတွေ တပုံချည်းရယ်...
ခင်တဲ့...မိုးနတ်

ဝိမွန် said...

ကြုံနေကျပေါ့ ကောင်းကင်ကို။ ကောင်းကင်ကို ကို ထောက်ခံပြီး ကောမန့် ပေးလို့  ကောင်းကင်ကိုကို သဘောမတွေ့ သူတွေက "ကောင်းကင်ကိုဘက်" ကလို့  ပြောကြပါဦးမယ်။ ကောင်းကင်ကိုရဲ့  စာတွေထဲမှာ ကိုယ့်ခံယူချက်နဲ့ တိုက်ဆိုင်တဲ့ ပို့ စ်ဆိုရင် ကောမန့် ဝင်ရေးဖြစ်ပြီး ကိုယ့်ခံယူချက်နဲ့  မတိုက်ဆိုင်တဲ့ ပို့ စ်ဆိုရင် ဖတ်ရုံပဲ ဖတ်ပြီး တိတ်တိတ်လေး ပြန်သွားသူပါ။ ၀ိမွန်
ဘယ်သူ့ ဘက်မှ မလိုက်ပါဘူးရှင်။ စာတွေ ဆက်ရေးပါဦး ကောင်းကင်ကို။

AUNG MYO KYAW said...

အစဉ်အမြဲဝင်ရောက်ဖတ်ရှု့လျှက်ပါ။အစဉ်လေးစားလျှက်

AUNG MYO KYAW said...

အစဉ်အမြဲဝင်ရောက်ဖတ်ရှု့လျှက်ပါ။အစဉ်လေးစားလျှက်