Tuesday, April 3, 2012

ကင်ဆာ

ရန်လိုမှုတွေနဲ့ ချစ်ချစ်တောက်ပူလောင်နေတဲ့ နိုင်ငံမှာ
ဗုဒ္ဓပေးတဲ့ အရိပ်တောင်မှ စက္ကူကျားပဲ….
လူတွေ…မီးများမီးနိုင် တရားနဲ့
ကိုယ့်ဂိုးကိုယ် ပြန်သွင်းကြတာ တော်တော်လှတယ်။

တရားဥပဒေရဲ့ ဇနီးက
အိမ်ဖော်မလေး လည်ပင်းကို
မီးပူနဲ့ထိုးတဲ့ ကိစ္စဟာ
နှလုံးသားမဲ့တာလား?
ဦးနှောက်မဲ့တာလား?

လျှောက်မကြွားပါနဲ့။
သူ့အချိုးအဆနဲ့သူတော့ ရှိမှာပဲ။
အယဉ်ကျေးဆုံး တိုင်းပြည်ရဲ့
မေတ္တာတရားအကြောင်း အက်ဆေး
ရန်ကုန်မြို့လယ်က ခေါင်းပြတ်တွေတောင် ရေးဖူးတယ်။

မြန်မာကို ကမ္ဘာ သိအောင်ပြဖို့က
ဘာမှ သိပ်ပြီး မလိုဘူး။
ဘောလုံးပွဲ တပွဲရယ်
ထောက်ချွန်ရယ် ရေသန့်ဗူးရယ်
မြန်မာတချို့တွေရယ်ပဲ လိုတယ်။

အသက်နဲ့ ဝေးပေမယ့်
အရှက်နဲ့ နီးလွန်းတဲ့ ရောဂါဆိုး
ကင်ဆာတမျိုးတဲ့။

ဘယ်လို ဓာတ်ကင်ကြမလဲ?
လူတွေရဲ့ စိတ်ဓာတ်တွေ ကိုယ်၌က ကင်ဆာဆဲလ် ဖြစ်နေတော့။
(ကောင်းကင်ကို)

6 comments:

  1. အိမ်ဖော်မလေးကိစ္စကတော့ ဦးနှောက်ရော နှလုံးသားရော မဲ့တာပေါ့ဗျာ...

    စဉ်းတော့ စဉ်းစားစရာပဲ.. အယဉ်ကျေးဆုံး တိုင်းပြည်လို့  နှုတ်မှ ဖွင့်ဟရဲပါတော့မလားလို့ ...

    မြန်မာပြည်မှာ လုပ်မဲ့ ၂၀၁၃ ဆီးကိမ်းအတွက်တောင် ကြိုပီး ပူပန်မိပါရဲ့ ... ရှုံးတိုင်း ရေသန့် ဘူးနဲ့ ပြစ်
    ဆဲရေးတိုင်းထွာနေကြတာ ကမ္ဘာမှာ မြန်မာဟေ့လို့ 
    ရုပ်လုံးဖော်နေကြနေတာလားးး

    ဒီလို ကင်ဆာကို ဘယ်လို ဓာတ်ကင်ရမလဲဆိုတာ
    တွေးတောမိသွားပါတယ်..

    ကဗျာကောင်းလေးပါ...

    ReplyDelete
  2. ကဗျာလာဖတ်ပါတယ် ကိုကောင်းကင်ကို။
    "တရားဥပဒေရဲ့ ဇနီးက
    အိမ်ဖော်မလေး လည်ပင်းကို
    မီးပူနဲ့ထိုးတဲ့ ကိစ္စဟာ" တရားဥပဒေကိုယ်တိုင် အိမ်မှာမရှိခိုက်မို့လို့လည်းဖြစ်ပါလိမ့်မယ်နော်။
    ကဗျာတွေကောင်းပါတယ်။

    ReplyDelete
  3. သိပ်ကောင်းတယ် ကိုကောင်းရာ....
    ဟုတ်တယ်...ကျွန်တော်တို့ ဘယ်လိုဓာတ်ကင်ကြ
    မလဲဗျာ........၊ဖဘမှာ ရှယ်လိုက်မယ်နော်...

    ReplyDelete
  4. ကောင်းကင်ကိုApril 9, 2012 at 7:19 PM

    ဟုတ်ကဲ့

    ReplyDelete
  5. တတ်နိုင်သမျှ ပွင့်လင်းမြင်သာအောင် ကြိုးစားနေကြရမှာပါပဲ ... ယဉ်ကျေးတဲ့ မြန်မာဖြစ်အောင် မြန်မာတွေကသာ ဆောင်ယူနိုင်ကြမှာပါ ...

    ReplyDelete
  6. စနစ်ဆိုးတွေ အကျင့်ဆိုးတွေ
    ကင်ဆာလို အမြစ်တွယ်နေပြီ
    ကောင်းကင်ထက်ကဒေါင်းသခင်ရေ

    ReplyDelete