Monday, November 21, 2011

နာရီပေါ်က မြစ်တစင်း (Philosophy…ဘာသာပြန်/မှီငြမ်း)

အချိန်တွေ ကုန်သွားတယ် ဆိုတာဟာ မဆန်းတော့တဲ့ ကိစ္စပါ။ ဒီနေ့ ကြုံတွေ့ရတာ တွေဟာ မနက်ဖန် ရောက်ရင် ပျောက်ကွယ် သွားမှာမို့ “ဒီနေ့က တို့ရဲ့လက်ထဲမှာ၊ အနာဂတ်အတွက် သော့လေးတချောင်းဆို” စတဲ့ … ဒီနေ့ကို အပြည့်အဝ အသုံးချဖို့ တိုက်တွန်းထားတဲ့ သီချင်းတွေကိုတောင် စပ်ဆိုကြလေ့ ရှိကြပါတယ်။

ဒါပေမယ့် စဉ်းစားကြည့်ရအောင်။ အချိန်က ရွေ့လျားစီးဆင်း နေတယ်လို့ ကျနော်တို့ ဘာကြောင့် ထင်ကြတာပါလဲ။ တကယ်တော့ အချိန် ရွေ့လျားနေကြောင်း ကျနော်တို့ ဘယ်လိုမှ သက်သေပြလို့ မရနိုင်ပါဘူး။ အချိန်ဟာ physical object လည်းမဟုတ၊် အရာဝတ္ထု လည်း မဟုတ်တဲ့ အတွက် ပထမနေရာ တခုမှာ ရှိမနေခဲ့သလို ဒုတိယ နေရာကို ရွေ့လျားသွားမှာ မဟုတ်တဲ့ အတွက် တကယ်တော့ အချိန်ကို စီးဆင်းရွေ့လျားနေတယ်လို့ ကျနော်တို့ မဆိုနိုင်ပါဘူး။

ဒါဆိုရင် ဘယ်လိုအနေအထားကြောင့် အချိန်ကို ရွေ့လျားနေတယ်လို့ ထင်ရတာပါလဲ။

တကယ်လို့ အချိန်ဟာ ရွေ့လျားနေတယ်ဆိုရင် ကျနော်တို့ အနေနဲ့ အမြန်နှုန်းကို ပြောနိုင်သင့်ပါတယ်။ စာဖတ်သူအနေနဲ့ နာရီတွေက အချိန်ရဲ့ အမြန်နှုန်းကို တိုင်းတာနိုင်တယ်လို့ ပြောကောင်း ပြောပါလိမ့်မယ်။ အဲဒါ တကယ်ဟုတ်မဟုတ် ကျနော်တို့ စဉ်းစားကြည့်ရအောင်။

နာရီတွေက တကယ်တော့ အချိန်ကို တိုင်းတာ တာ မဟုတ်ပဲ physical things တွေ တခုနဲ့ တခု [နှိုင်းရ သဘောအရ] ဘယ်လို အပြန်အလှန် ဆက်စပ်နေသလဲ ဆိုတာကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ပထမအကြိမ် နာရီကို အကြည့်မှာ ၁း၁၃ မိနစ်လို့ နာရီက ပြနေတာကို တွေ့ပြီး ဒုတိယ အကြိမ်မှာ ၁း၁၅ မိနစ်လို့ နာရီက ပြတယ် ဆိုပါစို့။ တကယ်တော့ အဲဒီ့ နာရီကိုကြည့်ခြင်း နှစ်ခုက တခုနဲ့ တခု အပြန်အလှန် ဆက်စပ်နေရုံပဲ ဖြစ်ပေမယ့် ၂မိနစ် ဆိုတဲ့ အချိန်ကွာခြားမှုကို တိုင်းတာနိုင်တယ်လို့ ထင်ရပါတယ်။

ဒါဆိုရင် စဉ်းစားကြည့်ရအောင်။ ဒီနေရာမှာ ပိုပြီးရှင်းလင်းအောင်လို့ နဂို ဆောင်းပါးထဲမှာ ပါတဲ့ ဥပမာကို အကျယ်ချဲ့ပြီး ရှင်းလင်းချင်ပါတယ်။ ကျနော်တို့ အနေနဲ့ A ကနေ B ကို ခရီးသွားမယ် ဆိုပါစို့။ A မှာ နာရီ ကြည့်လိုက်တော့ ၁း၁၃ မိနစ် ဖြစ်ပြီး B ကိုရောက်လို့ နာရီ ကြည့်လိုက်တဲ့ အခါ ၁း၁၅ မိနစ် ဆိုပါစို့။ နှစ်မိနစ် တိတိ ကြာပါတယ်။

ဒါဆိုရင် ဒီလိုစိတ်ကူးကြည့်လိုက်ရအောင်။ စကြဝဠာ ကြီး တခုလုံးထဲက အရာအားလုံးမှန်သမျှ အကုန် အမြန်နှုန်း မြင့်သွားမယ်၊ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်ပုံတွေ၊ ရွေ့လျားမှုတွေ အပါအဝင် အကုန်လုံး နှစ်ဆ မြန်သွားတယ် ဆိုပါစို့။ ဒါပေမယ့် နာရီတွေရဲ့ ရွေ့လျားမှုနှုန်းကတော့ ပိုမြန်မလာပဲ မူလ အတိုင်းဆိုပါစို့။ အဲဒါဆိုရင် ကျနော်တို့ ရွေ့လျားပြီး ခရီးသွားတဲ့ အချိန်မှာ Aမှာ နာရီကြည့်လိုက်တဲ့ အခါ ၁း၁၃ မိနစ် ဖြစ်နေပေမယ့် B ရောက်လို့ နာရီကြည့်လိုက်တဲ့ အခါ ၁း၁၄ မိနစ်ပဲ ရှိနေပါလိမ့်မယ်။ ဒါဆိုရင် စကြဝဠာ ကြီး တခုလုံးထဲက အရာအားလုံးနည်းတူ နာရီတွေရဲ့ ရွေ့လျားမှုကပါ နှစ်ဆ ပိုမြန်လာခဲ့တယ် ဆိုရင်ကော။ A ကနေ B ရောက်လို့ နာရီကြည့်လိုက်တဲ့ အခါ [နာရီတွေကလည်း ကျန်တာတွေ နည်းတူ နှစ်ဆ ပိုမြန်လာတဲ့အတွက်] ၁း၁၅ မိနစ်ပဲ ဖြစ်နေပါလိမ့်မယ်။ အချိန်ကွာခြားမှုက ၂ မိနစ်ပဲ ပြနေပါလိမ့်မယ်။ ဒါဆိုရင် ပထမဆုံး အကြိမ် [အရာရာ အားလုံး နှစ်ဆ မမြန်သေးခင်] က အချိန်ကွာခြားမှုကလည်း ၂ မိနစ် [နာရီလက်တံတွေ အပါအဝင် အကုန်လုံး လိုက်မြန်သွားတဲ့ အခါမှာ အချိန်ကွာခြားမှုကလည်း ၂မိနစ်] ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ မတူတော့ပါဘူး။ အကုန်မြန်လာတဲ့နောက်ပိုင်းမှာ ၂ မိနစ် ပဲကွာခြားပေမယ့် [အချိန်ကွာခြားမှုခြင်း တူနေသေးပေမယ့်] တကယ်က အရာရာက ပိုမြန်နေပါပြီ။ ဒါကြောင့် နာရီတွေဟာ အချိန်ကို တကယ်တမ်း တိုင်းတာ နေတာ မဟုတ်ပါဘူး။

တကယ်လို့ အချိန်ဟာ physical things အားလုံးနဲ့ ကင်းလွတ်ပြီး သူ့ဘာသာသူ ဖြစ်တည် ရွေ့လျားတယ်လို့ ယူဆထားရင် ဒီလိုတွေးကြည့်လိုက်ပါ။ စကြဝဠာကြီး တခုလုံးမှာ ရုပ်ဝတ္ထုတွေ [ဂြိုလ်တွေ ဘာတွေ အပါအဝင်] ဘာဆိုဘာမှ မရှိပဲ လုံးဝ ဟင်းလင်းကြီးလို့။ ဒါဆိုရင် ဘာအဖြစ်အပျက်၊ ဘာရွေ့လျားမှုမှ မရှိနိုင်တဲ့ အတွက် အချိန်ဆိုတာကော ရှိနိုင်ပါဦးမလား။

ကျနော်တို့ ကိုယ့်ဘာသာ အတွေးပွါး ကြည့်ရအောင်။
ဘာဆိုဘာမှ မရှိတဲ့ ဟင်းလင်း အခြေအနေကနေ တခုခု ပေါ်ပေါက်လာရင်၊ တခုခု ရွေ့လျားလာရင် ?
Big Bang မတိုင်ခင်က အချိန် ဆိုတာ ရှိနိုင်သလား?
God က စကြဝဠာ ကို ၇ရက်နဲ့ ဖန်ဆင်းတယ် ဆိုတာ အဓိပ္ပါယ် ရှိပါ့မလား။ ရက်ဆိုတာကို ဘာနဲ့ အဲ့ဒီ့တုန်းက သတ်မှတ်လိုက်တာလဲ?

“Time flies, when you’re having fun” လို့ လူတွေ ပြောလေ့ရှိကြတယ်။ ပျော်ရရွှင်ရ တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အချိန်ဆိုတာ ကုန်လွန်ရွေ့လျားတဲ့ သဘော မရှိဘူးဆိုရင် ပျော်ရွှင်နေတဲ့အခါမှာ အချိန်တွေ ပိုမြန်မြန် ကုန်လွန်ရွေ့လျားသွားတယ် ဆိုတာကလည်း အဓိပ္ပါယ် ရှိမှာ မဟုတ်တော့ပါဘူး။

“Andrew Pessin” ရဲ့ The 60-Second Philosopher စာအုပ်မှ Passing Time ကို ဘာသာပြန်/ကိုးကား ပါသည်။
ကောင်းကင်ကို

13 comments:

  1.်ဂွတ်တယ်.......အားသည့်အခါ တခေါက်ပြန်လာဖတ်ဦးမယ်..

    ReplyDelete
  2. လိုက်လို့မှီဘူး ဦးနှောက်တွေ ကောင်းတော့ဘူး
    မူးသွားတယ်း)

    မဒိုးကန်

    ReplyDelete
  3. အကို့  တွေးခေါ်စာတွေ ဖတ်ပြီး သူငယ်ချင်း တယောက်ကို သွားသတိရတယ်..သူလည်း အဲလိုစာတွေ ရေးတယ်..နားမလည်ဘူး လိုက်မမှီဘူးဟလို့  အော်တိုင်း Genius အဆင့်မှ နားလည်တာတဲ့လေ...

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ကိုကောင်းကင်က အတွေးအခေါ်ကောင်းသလို ဘာသာပြန်လည်းတော်တော်ကောင်းတာပဲ... ကျနော်တကယ်ပဲ အားကျတယ်ဗျာ.. အဲဒီလိုတွေးတတ်ချင်တယ်... ကိုကောင်းကင်ရဲ့ အတွေးအခေါ်လေးတွေကို နမူနာယူပြီး ကိုယ်တက်နိုင်သလောက်လေး လိုက်တွေးကြည့်ရင်းနဲ့ တဖြည်းဖြည်း ရင့်ကျက်လာအောင် ကြိုးစားကြည့်ချင်ပါတယ်... ဒါကြောင့် ကျနော့်တွေးတောမှုထဲမှာ လွဲနေတဲ့အချက်တွေရှိရင် လိုလိုလားလားနဲ့ ပြင်ပေးစေချင်ပါတယ်...။

    ဒီပို့စ်မှာ နာရီနဲ့ဥပမာပေးထားချက်ကို ဖတ်ပြီး ကျနော့်အနေနဲ့ သဘောပေါက်သွားတာကို ပြောရရင်...

    ReplyDelete
  6. အချိန်ဆိုတာဟာ - သူ့ကို အခြားအရာတစ်ခုနဲ့ တိုင်းတာလို့မရနိုင်ဘူး.. တနည်းအားဖြင့် သူဟာ အတိုင်းခံတစ်ခု မဟုတ်ဘူး... သူနဲ့သာလျှင် အခြားအရာတစ်ခုကို တိုင်းတာလို့ရနိုင်ခြင်းဖြစ်တယ်.. တနည်းအားဖြင့် သူဟာ အတိုင်းတစ်ခုသာလျှင်ဖြစ်တယ် ဆိုတာပါပဲ...။

    အတိုင်းတစ်ခုလို့ဆိုတဲ့နေရာမှာလည်း သူ့ကို ရုပ်ဝတ္တုတစ်ခုအဖြစ်နဲ့ နားလည်ထားခြင်းမဟုတ်ပါဘူး.. အတိုင်းတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ သဘောတရားတစ်ခုလို့ နားလည်ထားခြင်းပါ...။

    ReplyDelete
  7. အဲတော့.. ရုပ်ဝတ္တုတစ်ခုရဲ့ ရွေ့လျားနှုန်း (သို့) လုပ်ဆောင်မှုတစ်ခုနဲ့ တစ်ခုရဲ့ကြားကာလကို တိုင်းတာဖို့အတွက် သူ့ကို အမည်နာမတစ်ခု တပ်ပေးလိုက်တဲ့သဘောပါပဲ... အဲဒီအမည်နာမကတော့ " အချိန် " ပဲပေါ့...။

    ဒီနေရာမှာ အလွယ်တကူသဘောပေါက်နိုင်တာကတော့.. အတိုင်းတစ်ခုဆိုတာဟာ အတိုင်းခံမရှိရင် အသုံးမဝင်ဘူး ၊ မလိုအပ်ဘူး ဆိုတာပါ... ဒီတော့ ဘာရုပ်ဝတ္တုမှ မရှိ ၊ ဘာလုပ်ဆောင်မှုတစ်ခုမှ မရှိသေးခင် (big bang) မတိုင်ခင်မှာ အချိန်ဆိုတာဟာ မလိုအပ်သေးတာ အမှန်ပါပဲ... ဒါပေမယ့် ရုပ်ဝတ္တုစတင်ဖြစ်ပေါ်လာတာနဲ့ တပြိုင်နက် (သို့) လုပ်ဆောင်မှုတစ်ခုခု စတင်ဖြစ်ပေါ်လာတာနဲ့တပြိုင်နက် အချိန်ဆိုတာဟာလည်း စတင်ပြီး လိုအပ်သွားပါပြီ...။

    ဒါကြောင့် God က စကြာဝဌာကြီးကို ခုနှစ်ရက်နဲ့ ဖန်ဆင်းတယ်ဆိုတာ တကယ့်ကို အဓိပ္ပာယ်ရှိနေပါတယ်လို့ ကျနော်ကတော့ သဘောပေါက်ပါတယ်...။


    ကိုကောင်းကင်ထံမှ တွေးခေါ်ပုံတွေကို ဆက်လက်ဆည်းပူးသွားမယ့်

    သစ္စာ

    ReplyDelete
  8. ကောင်းကင်ကိုApril 8, 2012 at 1:46 PM

    ဟယ်လို ညီလေးသစ္စာ
    ညီလေးတွေးတာတွေ အကုန်မှန်ပါတယ်။

    ညီ့ comment ကို ဟိုနေ့တွေကတည်းက မေးလ်ထဲမှာပဲ တွေ့တယ်။ blog မှာ အဲ့နေ့က သုံးလေးခုလုံးမပေါ်ဘူး။ ဘာဖြစ်တာတုန်းမသိဘူး။ ညီ့ဟာ မပေါ်လို့ အကို ကွန်မန့်တွေ ကော်ပီလုပ်ပြီးတင်ပေးတာလည်း အဲ့နေ့က မပေါ်ဘူး။ မေးလ်ထဲကိုတော့ အကိုကော်ပီလုပ်ပြီး ရေးတာပါ ထပ်ေ၇ာက်လာတယ်။ နောက်ရက် ညီထပ်ရေးမှဘဲ ပေါ်တော့တယ်။

    (ဒါပေမယ့် ရုပ်ဝတ္တုစတင်ဖြစ်ပေါ်လာတာနဲ့ တပြိုင်နက် (သို့) လုပ်ဆောင်မှုတစ်ခုခု စတင်ဖြစ်ပေါ်လာတာနဲ့တပြိုင်နက် အချိန်ဆိုတာဟာလည်း စတင်ပြီး လိုအပ်သွားပါပြီ...။

    ဒါကြောင့် God က စကြာဝဌာကြီးကို ခုနှစ်ရက်နဲ့ ဖန်ဆင်းတယ်ဆိုတာ တကယ့်ကို အဓိပ္ပာယ်ရှိနေပါတယ်လို့ ကျနော်ကတော့ သဘောပေါက်ပါတယ်...။) အဲဒါက ဟုတ်တယ်ညီ။ စဖန်တီးကတည်းက အချိန်ဆိုတာရှိပြီ။ အင်း… ရက်ကို ဘာနဲ့အခြေခံပြီး သတ်မှတ်မလဲတော့ မသိဘူး။ ဘာလို့တုန်းဆိုတော့ ကျမ်းစာတွေအရဆိုရင် နေကို အရင်ဆုံးဖန်ဆင်းတာ မဟုတ်လို့။

    ReplyDelete
  9. ကိုကောင်းကင်...

    ReplyDelete
  10. ကိုကောင်းကင်..

    အခုလို အရေးတယူပြုပေးတဲ့အတွက် အရမ်းကို ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဦးစွာပြောလိုပါတယ်..


    ဟုတ်တယ်အကို.. အဲ့နေ့က ကျနော်ပထမတစ်ကြိမ်မပေါ်လို့ နောက်တစ်ကြိမ်ထပ်တင်တာလည်း မပေါ်ဘူး.. ဒါနဲ့ ကျနော်လည်း ဘာလုပ်ရမှန်းမသိဖြစ်ပြီး စာတွေကို နည်းနည်းစီ ခွဲခွဲပြီးတင်ကြည့်လိုက်တော့ ရသွားတော့တာပဲ..:)

    ReplyDelete
  11. အခုလည်း ထပ်ပြီး ဖြစ်နေပြန်သေးတယ် အကိုရာ.. ဘာကြောင့်ဆိုတာကို တစ်ချက်လောက် စစ်ကြည့်ပြီး ပြောပေးပါဦးနော် အကို.....။

    ReplyDelete
  12. (အဲဒါက ဟုတ်တယ်ညီ။ စဖန်တီးကတည်းက အချိန်ဆိုတာရှိပြီ။ အင်း… ရက်ကို ဘာနဲ့အခြေခံပြီး သတ်မှတ်မလဲတော့ မသိဘူး။ ဘာလို့တုန်းဆိုတော့ ကျမ်းစာတွေအရဆိုရင် နေကို အရင်ဆုံးဖန်ဆင်းတာ မဟုတ်လို့။ ) အင်း.. ဟုတ်တယ်နော် အကို.. ကျနော်က အဲဒါကို မစဉ်းစားမိဘူး ဖြစ်သွားတယ်..

    ဒါဆို ကျနော် နည်းနည်းဆက်တွေးကြည့်လိုက်မယ်လေ..

    အဲဒီကျမ်းစာတွေမှာ ပါတဲ့ မူရင်းစာသားတွေက - ကျနော်တို့သိထားတဲ့ရက် (ဆိုလိုတာက.. နေကို အခြေခံထားတဲ့ရက်) ကို ရည်ရွယ်တာမဟုတ်ပဲ..
    ရိုးရိုးအချိန်ကာလကိုပဲ ရည်ရွယ်ပြီး ကာလ၇ခု လို့ပြောတာ ဆိုရင်ရော?

    အဲလိုတွေးရင် မှန်နိုင်မလား လို့ပါ.....။


    ကျေးဇူးအထူးတင်စွာဖြင့်
    သစ္စာ

    ReplyDelete