Wednesday, January 16, 2008

ကဗျာ


ဘဝကိုက စကားလုံးတွေပြုသမျှ

နုရမယ့်ကဗျာ။

ငါဟာ ပန်းပွင့် နဲ့ လိပ်ပြာတို့ရဲ့ 
အချစ်ဆုံး ရင်သွေးဖြစ်တယ်။
ခံစားချက်တွေ ဝတ်မှုန်ကူးတဲ့နေ့ မှာ ငါ့ကိုမွေးတယ်။

ငါဟာ ရိုးသားတဲ့မာယာတွေနဲ့  အနုပညာ စကားထာဝှက်တယ်။
ငါဟာ ဝိညာဉ်တွေနဲ့ လိုက်တမ်းပြေးတမ်း ကစားတယ်။

တချို့ ကလည်း ငါ့ဓားတစ်ချက်မှာ
အားတက်ကြသတဲ့။
ငါ့လက်သီးတစ်ချက်မှာ
လျှပ်စီးတွေ လက်ရမယ်။

တချို့ က ငါ့ကိုနားမလည်ကြဘူး။
တချို့ က ငါ့ကို ဝေးဝေးကရှောင်ဖို့ ပြောကြတယ်။

ကိစ္စမရှိပါဘူး။
ငါကလည်း ခပ်နိမ့်နိမ့် ပေတံတွေကို ဂရုမစိုက်ပါဘူး။
ငါ့ဖြစ်တည်မှုနဲ့ ငါ
မြတ်နိုးသူတို့ ရဲ့  နှလုံးသားမှာ
ရိပ်ရိပ်ကလေး ပွင့်တယ်။

ဘာပဲဖြစ်ဖြစ်လေ၊
အချစ်ကိုငတ်မွတ်လာတဲ့အခါမှာတော့
လူတိုင်း ငါ့ကို ဦးညွတ်ရလိမ့်မယ်။

ကောင်းကင်ကို

7 comments:

  1. ဆရာရေ..
    ကဗျာလေးက ကောင်းတယ်။ သဲမအားတဲ့ကြားက ဆရာ့ဆီ လာတာနော်။ မုန့်ဝယ်ကျွေးရမယ်။
    ဟီးးး

    လေးစားစွာဖြင့်
    မေပျို

    ReplyDelete
  2. ကိစ္စမရှိပါဘူး။
    ငါကလည်း ခပ်နိမ့်နိမ့် ပေတံတွေကို ဂရုမစိုက်ပါဘူး။
    ငါ့ဖြစ်တည်မှုနဲ့ ငါ
    မြတ်နိုးသူတို့ ရဲ့  နှလုံးသားမှာ
    ရိပ်ရိပ်ကလေး ပွင့်တယ်။
    တင်စားထားတာလေးတွေလှတယ်.ညီလေးရေ

    ReplyDelete
  3. သိပ်ကောင်းတယ် ..... မြတ်နိုးသူတို့ရဲ့ နှလုံးသားမှာ ရိပ်ရိပ်ကလေး ပွင့်တယ် ။ :)

    ReplyDelete
  4. ဟားဟားဟား..။ ကောင်းကင်ရေ.. ညီ့ကို လှောင်တာမဟုတ်ဘူးနော်။ အစ်ကိုက သဘောကျစရာ၊ ကျေနပ်နှစ်သက်စရာ တစ်ခုခုကို တွေ့ရ၊ မြင်ရ၊ ကြားရတဲ့အခါ ရယ်ချင်တယ်။ ဘ၀မှာ မရယ်ရတဲ့ အခါတွေကလည်းများတာကိုး။

    အနူးညံ့ဆုံးစကားလုံးတွေနဲ့ အရဲရင့်ဆုံး စိန်ခေါ်ထားတဲ့ ကဗျာတစ်ပုဒ် လို့ ခံစားရတယ်။ ကဗျာဆရာရဲ့ သဘောထားနဲ့ ထပ်တူထပ်မျှသဘောတူပါတယ်။ အားပေးလျှက်..။

    ReplyDelete
  5. စကားလုံးတွေ ပြုသမျှ နုရမယ့်ကဗျာကို ခံစားသွားတယ်နော်...။ `ငါ့ဖြစ်တည်မှုနဲ့ငါ မြတ်နိုးသူတို့ရဲ့ နှလုံးသားမှာ ရိပ်ရိပ်လေးပွင့်တယ်´တဲ့... စာသားလေးတွေက လှလိုက်တာ...။ ကဗျာလေးက နွဲ့နွဲ့လေးနဲ့ အားမာန်အပြည့်ပဲ...။

    Grading က လေးနှစ်စာမှာ ဒုတိယနှစ်တစ်ခုပဲ B...ကျန်တဲ့သုံးနှစ်က A သိလား...။ အသားဖြူကြောင်း ကြွားပြီးလို့ နောက်တစ်ခု ထပ်ကြွားတာ...:)

    ReplyDelete
  6. ဘဝကိုက စကားလုံးတွေပြုသမျှ
    နုရမယ့်ကဗျာ ... တဲ့လား...
    ဒါဆို ...
    ကဗျာတွေက ရင်နာနာနဲ့လှပနေသလား...
    ဒါမှမဟုတ်
    အကြင်နာ ပါပါနဲ့ နုရွနေသလား...

    ဘာပဲဖြစ်ဖြစ်
    မြတ်နိုးသူတို့ ရဲ့  နှလုံးသားမှာ
    ရိပ်ရိပ်ကလေး တော့ ပွင့်နေမယ်ထင်ပါတယ်လေ...
    ... အလိုကျပေါ့..
    လေးစားလျှက်
    မွန်းသက်ပန် (ဆေး-၁)

    ReplyDelete
  7. Hi there just happened upon your blog from Bing after I entered in,
    "Blogger: ကောင်းကင်ကို"
    or something similar (can't quite remember exactly). Anyways, I'm grateful I found it
    simply because your content is exactly what I'm searching for (writing a college paper) and I hope you don't
    mind if I gather some information from here and I will of course credit you as the reference.
    Many thanks.

    my web site music

    ReplyDelete