သိပ္ပံ ၊ self-taught ၊ အဟန့်အတား ၊ crackpot… အဲဒါတွေ အကြောင်း သောင်းပြောင်းထွေလာ
ဘာသာမဲ့စွမ်းအင်၊ ဘာသာမဲ့ဝါဒဆိုတဲ့ စာအုပ်နဲ့ ပတ်သတ်ပြီး ညီ တစ်ယောက်က tag လာလို့ ဒီပို့စ်ကို ရေးဖြစ်တာပါ။ ဒါပေမဲ့ အစွန်းနှစ်ဘက်လွတ်အောင် သေချာ သတိထားပြီး ရေးထားပါတယ်။
Crackpot တွေအကြောင်းမပြောခင် …. အရင်ဆုံးကတော့ လေးနက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားရင်ပဲ လှောင်ပြောင်ချင်သူတွေနဲ့ ပတ်သတ်ပြီး အရင်ပြောပါမယ်။ ဒီလိုအကြောင်းအရာကို စိတ်ဝင်စားတဲ့ကောင်တွေဟာ ဘဝင်မြင့်နေတယ်၊ အောက်ခြေလွတ်နေတယ် တချို့တွေက ထင်ကြတယ်။ ဒါတွေဟာ ကမ္ဘာပေါ်မှာလည်း အလေးထားတဲ့ ပညာရပ်တွေပါ။ ဒါတွေပြောသူတွေထဲမှာ တကယ်မသိဘဲ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ အတန်အသင့် တကယ်သိပြီးမှ ပြောတာလည်း ဖြစ်ချင်ဖြစ်မှာမို့ ဝါးလုံးရှည်နဲ့ သိမ်းကြုံုး မရိုက်သင့်ပါ။ မသိဘဲပြောတဲ့သူတွေကိုရော ဘယ်လိုသဘောထားသင့်သလဲ။ အခု နောက်ပိုင်းမှာ အဲဒီအကြောင်း လေးလေးနက်နက် တွေးဖြစ်တော့ လှောင်စရာနဲ့ တိုက်ခိုက်စရာလို့လည်း မမြင်ပါ။ ကိုယ်လည်း အကုန်သိတာမှ မဟုတ်တာ။
ဒါပေမဲ့ pseudoscience တွေကို၊ ဘာမြူဒါ တြိဂံလို အကြောင်းအရာတွေကို သိပ္ပံအဖြစ်စာအုပ်ထုတ်တာမျိုးတွေ၊ ဟိုးအရင် သုတစွယ်စုံအောက်က ဂြိုဟ်သားတွေအကြောင်း ဂျင်းထည့်တာမျိုးတွေကတော့ သိပ္ပံခေါင်းစဉ်အောက်မှာ မရေးသင့်တဲ့ အရာတွေပါ။ ဘာသာပြန် သိပ္ပံစာအုပ်မျိုးမှာ ဘီလီယံဆိုတာတောင် ဘယ်လောက်မှန်းမသိ၊ စာမျက်နှာ ၁၀၀ ရှိရင် စာမျက်နှာ ၅၀ လောက်မှာ အမှားတွေပါအောင် ရမ်းရွှီးတာမျိုးတွေကတော့ မဖြစ်သင့်ဘူးပေါ့။ မတော်တဆ အမှား တချို့တလေလောက်ဆိုရင်တော့လည်း လက်ခံနိုင်ပါတယ်။
“ဒီကောင်၊ ဒီကောင်မတွေ စကြာဝဠာအကြောင်းသာ ပြောနေတာ၊ ငါ့ဖုန်းလေးတောင် ပြင်မပေးနိုင်ဘူး” အဲဒါမျိုး ပြောတတ်သူတွေကတော့ ဗဟုသုတ တန်ဖိုး၊ သီအိုရီတန်ဖိုးကို နားမလည်တဲ့သူတွေ၊ ဗဟုသုတ နဲ့ စဉ်းစားဉာဏ် ချို့တဲ့သူတွေမို့ အဲလိုပြောကြတာပါ။ ဟောကင်းလည်း ဖုန်းပြင်တတ်မှာ မဟုတ်ပါ။ Massachusetts Institute of Technology က ပါမောက္ခလည်း ဖုန်းပြင်တတ်ချင်မှ ပြင်တတ်မှာပါ။ ဖုန်းပြင်ချင်ရင် လမ်းထိပ်က… ဆယ်တန်းမအောင်တဲ့ ချာတိတ်ဆီ သွားပါ။ ဖုန်းပြင်တာကို နှိမ်ချင်တာတော့ မဟုတ်။ သူ့နေရာနဲ့သူ သူ့အထွာနဲ့သူ အကုန်တန်ဖိုးရှိပါတယ်။ အင်ဂျင်နီယာကို ကားမပြင်တတ်ရကောင်းလား ဆိုပြီး အပြစ်တင်သလို ဖြစ်နေမယ်။ ဆရာအောင်သင်း ပြောခဲ့သလိုပေါ့။ ကားပြင်ချင်ရင် ကြက်တန်းသွားပါ။
အခု “ဘာသာမဲ့ဝါဒ ၊ ဘာသာမဲ့ ကမ္ဘာနှင့် စွမ်းအင်လူသား” ဆိုတဲ့စာအုပ်ကတော့ တမင်ပြောင်ပြီး အရွဲ့တိုက် ထုတ်ဝေတာလားတောင် မသိ။ ဘာသာမဲ့တွေလည်း နာမည်ပျက်တယ်။ တစ်အုပ်ကို ၅၀၀၀ ယူပြီး တမင် ဂျင်းထည့်တာလို့ပဲ မြင်တယ်။
ဒါဆိုရင် သာမန်လူတစ်ယောက်ဟာ ရူပဗေဒအကြောင်း ပြောခွင့်၊ ထည့်ဝင်ခွင့် မရှိတော့ဘူးလား။ စကားမစပ် ကျွန်တော်လိုလူ မပြောနဲ့၊ နိုင်ငံခြားမှာ phd ရထားပြီး တကယ်လည်းသိ၊ တကယ်လည်းတော်တဲ့ သူတွေတောင် ထိပ်တန်းသုတေသန လုပ်နေတာမျိုးမဟုတ်ရင် သာမန်လူပါပဲ။ သာမန်လူတွေမှာ ပြောခွင့်မရှိတော့ဘူးလား။ အခုနောက်ပိုင်း ကျွန်တော့်အမြင်ကို ပြောရရင်….သိပ်မသိသူတွေမှာလည်း ပြောခွင့် ပါဝင်ခွင့် ရှိပါတယ်။ ဒါကြောင့်တော်ရုံဆို လွှတ်ထားလိုက်တယ်။ ထောက်ပြချင်ရင်တောင် မထိပါးစေပဲ ထောက်ပြဖို့ပဲ စိတ်ကူးတယ်။ ဘာပဲပြောပြော ဒီလိုအကြောင်းအရာတွေကို စိတ်ဝင်စားကြတာကိုက ချစ်စရာကောင်းတယ်လို့လည်း တွေးမိတယ်။
လူတွေမှာ လေ့လာချိန်၊ အသေးစိတ် သင်္ချာတွေက အစ self-taught လုပ်နိုင်မယ့် စွမ်းရည်၊ အခြေအနေအရပ်ရပ် စသည်ဖြင့် ကွာခြားပါတယ်။ ဒီတော့ သိပ်မသိတဲ့သူတွေကို ပြောခွင့်မရှိဘူးဆို စိတ်ဝင်စားမှှုကို ပိတ်ပင်ရာ ရောက်သွားမယ်လို့ မြင်လာတယ်။ ပြောခွင့်ရှိတယ်။ ဒါပေမဲ့ သတိထားရမှာတွေတော့ ရှိတယ်။
လွန်ခဲ့တဲ့ သုံးလေးလလောက်က အာကာသသိပ္ပံ group တစ်ခုမှာ လွဲနေသူ နှစ်ယောက်လောက် ကြုံဖူးတယ်။ မငြင်းခုန်ချင်တာနဲ့ ဘာမှတော့ ဝင်မပြောခဲ့။ သူတို့ မသိဘဲပြောတာကို ဝေဖန်ချင်တာထက်၊ သူတို့ဟာ မသိပေမဲ့ အိုင်းစတိုင်းကိုပါ ငပေါကြီးလို့ ပြောထားတယ်။ အိုင်းစတိုင်းကို မှားတယ်တောင် မဟုတ်။ သူတို့ဘာသာသူတို့ ထင်ကြေးပေးတဲ့အဆင့်မှာတင် မရပ်ဘဲ အိုင်းစတိုင်းကို ငပေါကြီးလို ပြောတာ။ ပြီးတော့ Tesla ကို ဘုရားထင်နေလားတော့ မသိ။ Tesla က တော်တာ၊ ပါရမီရှင် ဖြစ်တာမှန်ပေမဲ့ သူရဲ့ magic square ကို သိပြီဆိုရင် စကြာဝဠာကြီးရဲ့ သော့ချက်ကိုသိပြီ။ အိုင်းစတိုင်းတို့ မသိသေးတဲ့ အချက်တွေကို သိပြီလို့ အဲ့လူက ပို့စ် နှစ်ခု သုံးခုလောက် ရေးတယ်။ အဲလိုကြေးသာဆို တက္ကသိုလ်တွေမှာ သင်္ချာတွေ၊ တခြားရူပဗေဒ သဘောတရားတွေ မသင်တော့ဘဲ အဲဒါကိုပဲ ထိုင်ကြည့်ခိုင်း၊ ထိုင်စဉ်းစားခိုင်းနေမှာပေါ့။ ပညာရပ် အတိမ်အနက်ကို နားမလည်ဘူးဆိုရင်တောင် သာမန် common sense နဲ့ တွေးကြည့်ရင်ကို အဲဒါထိုင်ကြည့်ရုံနဲ့ စကြာဝဠာရဲ့ သော့ချက်ကို မသိနိုင်မှန်းက ထင်ရှားတယ်လေ။ အဲဒီအယူအဆက နိုင်ငံခြားက သင်္ချာအတုအယောင် ဂိုဏ်းတွေဆီက ကူးစက်လာတာပါ။ Illuminati ဂိုဏ်းလို ဂိုဏ်းတွေရဲ့ လက်ချက်ပါ။ ဒင်းတို့က Ontological Mathematics ဆိုပြီး စာအုပ်တွေ လျှောက်ရေးကြတယ်။ ဒင်းတို့စာအုပ်တွေထဲမှာ သင်္ချာအကြောင်း ဘာမှ ဟုတ်တိပတ်တိဘာမှလည်း မပြောနိုင်။ ဒင်းတို့က science ကို အသားလွတ် တအားမုန်းပြီး တိုက်ခိုက်ကြတယ်။ သင်္ချာကို ချစ်သယောင် ဆောင်ကြတယ်။ အဲဒီဂိုဏ်းက ချီးကျူးတဲ့ သိပ္ပံပညာရှင် တစ်ယောက်တော့ ရှိတယ်။ Max Tegmark ။ သူက TOE ပုံစံမျိုး “Our Mathematical Universe” ကို ရေးတော့ … သူတို့လိုပဲ သင်္ချာကို အဓိကထားပြီး ရေးတယ်ဆိုပြီး အားပေးတဲ့ ပုံစံမျိုး ပြောထားတာ။ Max Tegmark ရဲ့ သီအိုရီကိုက လက်ခံသူပညာရှင် နည်းပါတယ်။ Illuminati ဂိုဏ်းက Mike Hockney ရဲ့ စာအုပ်တစ်အုပ် ဖတ်ဖူးတယ်။ ဆက်မဖတ်ချင်လောက်အောင် စည်းလွတ်ဝါးလွတ်တွေများတယ်။ သူတို့ဂိုဏ်းက ချီးကျူးတာကို Max Tegmark လည်း စိတ်ပျက်မယ်ထင်တယ်။ Pythagorean Illuminati ဆိုပြီး နာမည်ခံကြတာမို့ Pythagoras သာ ရှိရင်လည်း သတ်သေချင်စိတ် ပေါက်လောက်တယ်။
Magic square ကိုသိရင် စကြာဝဠာရဲ့ key ကို သိမယ်လို့ ရေးထားတဲ့ ပို့စ်ကို group admin တွေထဲက တစ်ယောက်ကပါ love react ပေးထားတော့လည်း ဘာမှ ဝင်မပြောတော့ဘူး။ အငြင်းအခုန် မဖြစ်တာလည်း အေးချမ်းတယ်လေ။ အဲဒါမျိုးကျ သူ့ထင်ကြေး သက်သက်ကို ပြောရုံမက ပညာရှင်တွေကိုပါ မှားတယ်လို့ တိုက်ခိုက်တဲ့ crackpot ဖြစ်သွားပြီ။ Youtube မှာလည်း အဲလိုလူတွေ အများကြီးပဲ။ တချို့တွေဆို ကလေးတွေ။ အိုင်းစတိုင်းမှားကြောင်း ဒေါနဲ့ မောနဲ့ ပြောနေကြတာ။ ခုနက လူကကျ ကမ္ဘာ့သိပ္ပံပညာရှင်တွေ အကုန်မှားနေပြီး သူအပါအဝင် နိုင်ငံခြားက တစ်ယောက် နှစ်ယောက်ပဲ သိတယ်လို့ကို ပြောတာ။ နောက်ထပ်တစ်ယာက်ကကျ အိုင်းစတိုင်းမှားတယ်။ အလင်းအလျင်ထက် မြန်တာရှိတယ် ဘာညာပေါ့။ tachyon ဆိုတာကို တကယ်ရှိသလို အိုင်းစတိုင်း လုံးဝ မှားသလို ရေးထားတာ။ ဒါပေမဲ့ ပထမ တစ်ယောက်လောက်တော့ သူများကို တိုက်ခိုက်တာတွေ မပါ။ tachyon ကိစ္စမှာ သူက hypothesis နဲ့ အတည်ပြုပြီးသား သီအိုရီကို မကွဲတာ။
ဒါဆိုရင် မေးခွန်းတစ်ခု ပေါ်လာတယ်။ ရူပဗေဒ PhD ရမထားသူ တစ်ယောက်ဟာ (ရူပဗေဒ bachelor သို့မဟုတ် မာစတာ လောက်ပဲ ရထားသူ ဒါမှမဟုတ် တခြား science ဘွဲ့ပဲ ရထားသူ တစ်ယောက်ယောက်ဟာ၊ ဒါမှမဟုတ်လည်း ထက်မြက်ပေမဲ့ ဇွဲလည်းကောင်းပေမဲ့ ...နောက်ဆုံး အကြောင်းကြောင်းကြောင့် ဘာဘွဲ့မှတောင် မရလိုက်သူ တစ်ယောက်ဟာ) ရူပဗေဒ အကြောင်းပြောခွင့် မရှိတော့ဘူးလား။ ထည့်ဝင်ခွင့် ပါဝင်ခွင့် မရှိတော့ဘူးလား။ အဲလိုလူတစ်ယောက်ဟာ ရူပဗေဒကို bachelor အဆင့်တောင် မကဘဲ ရူပဗေဒ မာစတာဘွဲ့ရသမားလောက်ထိ နားလည်ဖို့ ဖြစ်နိုင်လား။
အဆင့်မြင့်သချ်ာတွေအထိကို သေချာလုပ်မယ်ဆိုရင် ရူပဗေဒရဲ့ ကိုယ်ရွေးချယ်တဲ့ field တစ်ခုခုကို အနိမ့်ဆုံး မာစတာဘွဲ့ရလောက် အဆင့်အထိ နားလည်ဖို့ဆိုတာ ဒီခေတ်မှာတော့ (ရူပဗေဒဘွဲ့ ရမထားလည်း) လုံးဝ ဖြစ်နိုင်ပါတယ်။ အော်တိုမက်တစ် ဖြစ်မယ်လို့တော့ မပြောဘူးနော်။ အဆင့်မြင့် သင်္ချာတွေကို self-taught လုပ်နိုင်တဲ့ စွမ်းရည်တော့ လိုမယ်။ ရူးသွပ်မှှုလိုမယ်။ ပညာရပ်အပေါ် ဘိန်းစွဲနေသူလို စွဲလမ်းဖို့ လိုတယ်။
ဘာလို့ ဖြစ်နိုင်တာလဲ။ ဘွဲ့ကြိုအဆင့်စာအုပ်တွေ၊ ဘွဲ့လွန်အဆင့် စာအုပ်တွေကို Amazon ကနေ ဈေးချိုချိုနဲ့ ဝယ်လို့ရတယ်။ တကယ်က စာအုပ်တော်တော်များများကို ဝယ်စရာတောင်မလို။ အွန်လိုင်းမှာ အလကား ဒေါင်းလို့ရတယ်။ ခိုးရာရောက်တယ်လို့ ဝေဖန်သူတွေ ရှိနိုင်ပေမဲ့ ကိုယ့်နိုင်ငံအနေအထားနဲ့ကတော့ ဒီလိုပါပဲ။ စာအုပ်ရေးတဲ့သူတွေ သိသွားလည်း အများစုက အပြစ်တင်ကြမယ် မထင်။ တကယ်နားလည်ဖို့က သာမန် ဇွဲလောက်နဲ့တော့ မရ၊ ပညာရပ်အပေါ် ဘဝနဲ့လဲရမလောက်အထိ လုံးဝ ရူးသွပ်မှှုပါ လိုမယ်။ Massive Open Online Courses တွေ အများကြီး ရှိတယ်။ အဆင့်မြင့်သင်္ချာတွေ အပါအဝင် တစ်ဆင့်ချင်း သင်ပေးတဲ့ Open University တွေ အများကြီးရှိတယ်။
ရူးသွပ်မှှုကို နောက်တစ်ဆင့် လီဗာတင်ချင်ရင်တော့ phd စာတမ်းတွေအထိ ရှာဖတ်လို့ ရတယ်။ တချို့နိုင်ငံတကာ ရူပဗေဒ ဂျာနယ်တွေ၊ သိပ္ပံဂျာနယ်တွေကို အွန်လိုင်းကနေ အလကားဖတ်လို့ရတယ်။ ဒါကတော့ (ရူပဗေဒ ပီအိတ်ချ်ဒီသမား မဟုတ်ရင် တော်တော် ပညာဘိန်းစွဲနေသူလောက်ပဲ လုပ်နိုင်မှာပါ။) ဘာလို့လဲဆိုတော့ ဘယ်လောက် ပညာရပ်ကို ရူးသွပ်သူဖြစ်စေ အဲဒီစာတမ်းတွေကို လုံးဝ နားမလည်မှာပဲ များတယ်။ လိုင်းက အကျယ်ကြီး။ ဥပမာ လုံးခြေထားတဲ့ စာရွက် (crumpled paper) ကိုပဲ ဇောက်ချ လေ့လာနေတဲ့ သူလည်းရှိတယ်။ တချို့က ကွမ်တမ်သီအိုရီကို လေ့လာမယ်။ တချို့က Relativity ပေါ့။ အဆင့်မြင့် တက္ကသိုလ်က phd သမားချင်းတောင် တစ်ယောက်ရဲ့ field ကို တစ်ယောက်က အပြည့်အဝ နားလည်ချင်မှ နားလည်မယ်။ Relativity ပဲ လုပ်နေတဲ့သူက (မလေ့လာဘဲ) ရုတ်တရက် ချက်ခြင်းကြီးတော့ crumpled paper အကြောင်း စာတမ်းကို ဖတ်ရင် နားလည်ချင်မှ နားလည်မယ်။ ဒီတော့ လိုင်းခွဲတိုင်းကို မြင်သမျှ အကုန်သိဖို့ အကုန်နားလည်ဖို့ ဆိုတာကတော့ … အဆင့်မြင့် တက္ကသိုလ်တွေက ဒေါက်တာဘွဲ့ရသူတွေတောင် မဖြစ်နိုင်။
သိပ္ပံစာအုပ်တွေအကြောင်း နည်းနည်းပြောပါမယ်။ လူထုသိပ္ပံ (ပေါ်ပြူလာသိပ္ပံ) စာအုပ်တွေ ရှိမယ် (ဟောကင်းတို့လို ပညာရှင်တွေအပါအဝင် တတ်သိနားလည်သူတွေက အများအတွက် ရေးတဲ့ စာအုပ်မျိုး)။ နောက်တစ်မျိုးက text book တွေ ရှိမယ်။ Text book တွေထဲမှာကျ သင်္ချာတွေ၊ အီကွေးရှင်းတွေ အပြင် ပုစ္စာတွေပါ ရာနဲ့ချီပြီး ပါမယ်။ အဲဒီလို text book တွေ ရှာဖတ်လို့ရတာကို တချို့က သိပ်မသိကြ။ လူထုသိပ္ပံ စာအုပ်တွေ ဖတ်ရင် အကုန်သိသွားမယ်လို့ ထင်ကြတယ်။ လူထုသိပ္ပံစာအုပ် ရေးသူတွေထဲမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်တွေလည်း ပါတာကိုး။ ဒီနေရာမှာ ရေးသူတွေနဲ့ မဆိုင်။ စာအုပ်အမျိုးအစားနဲ့ပဲ ဆိုင်တာ။ သူတို့က လူထုဖတ်လို့ရအောင် တမင်လျှော့ပြီး အရပ်သုံးဥပမာတွေနဲ့ ရေးပေးထားတာ။ ဒီတော့ လူထုသိပ္ပံက တစ်မျိုး။ တကယ့် သိပ္ပံက တစ်မျိုး။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာတော့ မဟုတ်။ လေးနက်မှှု အတိုင်းအတာ ကွာတာ။ pseudoscience ဆိုရင်သာ တကယ့်သိပ္ပံကို ဆန့်ကျင်တာ။ လူထုသိပ္ပံစာအုပ်တွေကတော့ တကယ့်သိပ္ပံနဲ့ ညီညွတ်ပေမဲ့ တကယ့်သိပ္ပံလောက် မနက်နဲတာ။ နှစ်ခုလုံးက တစ်မျိုးစီ အသုံးဝင်တယ်လို့ ထင်တယ်။ အလေးအနက် လုပ်လိုသူတွေကတော့ text book တွေပါ ဖတ်ရမှာပေါ့။ လူတိုင်း နက်နက်နဲနဲ သိရမယ်လို့တော့ မဆိုလို။ မသိလို့လည်း နှိမ်စရာမရှိ။
လူထုသိပ္ပံ စာအုပ်ပဲ ဖတ်ရင်ကျ တချို့အပိုင်းတွေမှာ concept ရသွားနိုင်ပေမဲ့ တချို့အပိုင်းတွေမှာ
အချက်အလက်ကို အလွတ်မှတ်ရတဲ့ အနေအထားမျိုးပဲ သိမယ်။ ဒီတော့ ကောက်ချက်တွေလဲ လွဲသွားနိုင်တယ်။ ဒါတောင် အဲလောက်သိရင်ကို တန်ဖိုးတော်တော်ရှိတယ်နော်။ ဘလက်(ခ်)ဟိုး(လ်) ဆိုတာကို လုံးဝ မကြားဖူးသူ တစ်ယောက်နဲ့ ပေါ်ပြူလာသိပ္ပံစာအုပ်ဖတ်ပြီး သိသူနဲ့ပဲ ယှဉ်ကြည့်ပါ။
ဒါပေမဲ့ (အလေးအနက် လေ့လာချင်သူဆိုရင်တော့) လူထုသိပ္ပံစာအုပ်တွေက လုံတော့ မလုံလောက်ဘူးပေါ့။ ဒါတောင်မှ အဲဒီ လူထုသိပ္ပံစာအုပ်တွေကို ဖတ်သူ တော်တော်ရှားတယ်။ ဖတ်ရင်လည်း စာအုပ်ရဲ့ ၇၀ ရာခိုင်နှှုန်းအထက် သေချာနားလည်မယ့်သူလည်း တော်တော်ရှားတယ်။ လူထုဖတ်ဖို့ စာအုပ်ချင်း အတူတူ၊ အင်္ဂလိပ်လိုချင်း အတူတူတောင် လူထုသိပ္ပံစာအုပ်ကို ဖတ်နိုင်ဖို့က “Sapiens: A Brief History of Humankind” လို စာအုပ်မျိုး ဖတ်နိုင်ဖို့ထက်ကို ယေဘုယျအားဖြင့်ပိုခက်ပါတယ် (ကျွန်တော်တစ်ယောက်တည်းအမြင်ပါ။ ပကတိအမှန်တရားလို့ မဆိုလို)။ ဘာကြောင့်ပိုခက်သလဲ။ တချို့ သိပ္ပံ သဘောတရားတွေဟာ common sense နဲ့ တွေးကြည့်လို့ မရတဲ့ သဘောတရားတွေ ဖြစ်နေတာမို့ပါ။ ပြီးတော့ ဘာသာစကားနဲ့ ရှင်းပြလို့ မရဘဲ သင်္ချာနဲ့မှ ရှင်းပြလို့ရမယ့် အရာမျိုး ဖြစ်နေတာတွေလည်း ပါတယ်။ ဒီတော့ တခါတခါကျ အချက်အလက်ကိုပဲ ခွံ့ကျွေးလိုက်ရတာတွေ ရှိတယ်။ Why ဆိုတာတွေကို ထည့်မရေးကြ၊ အီကွေးရှင်းတွေကို ထည့်မရေးကြတော့ဘူး။ ထည့်မရေးလို့ နားမလည်၊ ထည့်ရေးရင်လည်း နားလည်ဖို့နေနေသာသာ တော်ရုံလူဟာ ဖတ်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး။ ဘာလို့တုန်းဆိုတော့ အဆင့်မြင့် သင်္ချာတွေကို နားလည်ဖို့က သင်္ချာဉာဏ်ရှိပြီး သုံးလေးနှစ်လောက် လုပ်နိုင်မှ ရနိုင်မယ့် အရာတွေမို့ပါ။ ထားပါတော့။ လူထုသိပ္ပံစာအုပ်တွေကိုတောင် တော်ရုံလူတွေ ဖတ်ချင်စိတ် မရှိကြပါဘူး။ ဒါပေမဲ့ လူထုသိပ္ပံစာအုပ်တွေဟာ concept တော်တော်များများ ပေးနိုင်ပါတယ်။ သိပ္ပံချစ်စိတ်နဲ့ motivation လည်း ပေးနိုင်တယ်။ ကျောင်းသားတွေ concept ဘာမှမသိဘဲ စက်ရုပ်ဆန်ဆန် တွက်ချက်နေကြတာမျိုးကိုလည်း၊ အဲဒါမျိုးမဖြစ်အောင် လူထုသိပ္ပံစာအုပ်တွေက တစ်ဘက်တစ်လမ်းက စွမ်းဆောင်ပေးနိုင်မယ် ထင်တယ်။
ဒါပေမဲ့ အပြည့်အဝနားလည်ချင်ရင် သင်္ချာကိုပါ သိမှ အီကွေးရှင်းတွေကိုပါ သိမှ ရမှာပါ။ အဲလိုသိချင်ရင်တော့ text book တွေ ဖတ်မှ ရမှာပါ။ အဲ...ဒါဆို ကျောင်းသားတွေ text book တွေ ထဲကနေ သင်ရပေမဲ့ တချို့ကျောင်းသားတွေ မာစတာကျောင်းသား ဖြစ်နေတာတောင် ဘာလို့မတတ်လဲ။ Concept ကို လျစ်လျူရှှုပြီး အီကွေးရှင်းတွေ ပုစ္စာတွေကို အလွတ်ကျက်ကြလို့ပါ။ YIT တုန်းက Calculus သင်ရတုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို မေးဖူးတယ်။ 2x^2 (2 x square) ကို differentiate လုပ်ရင် 4x ရတယ်။ ဒါကို သူလည်းသိတယ်။ 2x^3 ကို ရှိတ်ရင် 6x^2 (6 x square) ရတယ်။ ဒါကိုသူလည်း သိတယ်။ ဒါပေမဲ့ သူ့မှာ ဖော်မြူလာ အတိုင်းသာ တွက်နေရတာ။ သူက မေးလာတယ်။ ရှိတ်လိုက်ရင် ပါဝါတွေက ဘာကြောင့် တဖြည်းဖြည်း သေးသွားတာလဲတဲ။ သူ့ကြည့်ရတာ differentiate ဆိုတာကို အဲလို ပါဝါတွေ သေးသေးသွားတာကို ပညာရှင်တွေက အပျော်လုပ်တယ်များ ထင်နေလားမသိ။ ဒါဟာ derivation တွေ concept တွေကို လုံးဝ မသိလို့ ဖြစ်ရတာ။ ဒီပို့စ်မှာ calculus အကြောင်း ရှင်းပြဖို့ ရည်ရွယ်တာ မဟုတ်လို့ အဲဒါတော့ မရေးတော့ပါဘူး။ ပြောချင်တာက တွက်တတ်တိုင်းလည်း သိပ္ပံ သို့မဟုတ် သင်္ချာကို သိခြင်း မမည်ပါဘူး။ ဒါဆို text book တွေကို ဘယ်လိုဖတ်သင့်လဲဆိုတော့ derivation တွေကိုပါ လေ့လာသင့်တယ်။ လေ့လာတာထက် ဖြစ်နိုင်ရင် ကိုယ့်ဟာကိုယ်တောင် တွက်ထုတ်သင့်တယ်။ အစအဆုံး ကိုယ့်ဟာကိုယ် တွက်ထုတ်ဖို့တော့ အမြဲတမ်း ဘယ်ဖြစ်နိုင်မလဲ။ ဥပမာ ကိုယ့်ဘာသာ အရင်စဉ်းစားကြည့်။ မရရင် တွက်ပြထားတဲ့ ပထမအဆင့်ကိုကြည့်။ နောက်အဆင့်တွေ ကိုယ့်ဟာကိုယ် နောက်ဆုံး ဖော်မြူလာ ရသည်အထိ လုပ်ကြည့်။ ကိုယ်စဉ်းစားလို့ မရမှ အသင့်ပြထားတာကိုကြည့်။ ပြိးတော့
အီကွေးရှင်းတွေကို ကစားတတ်ရမယ်။ သဘောတရားတစ်ခုကို နည်းအမျိုးမျိုးနဲ့ ကစားကြည့်ရမယ်။ တစ်ခုနဲ့ တစ်ခု နှှိုင်းယှဉ်ကြည့်ရမယ်။ ပြီးတော့ အီကွေးရှင်းကိုကြည့်ပြီး ကိုယ့်ဟာကိုယ် ပုစ္စာလေးတွေ ကွန့်ပြီး ထုတ်နိုင်ရမယ်။ ဒါမျိုးတွေ လုပ်နိုင်မှလည်း text book ဖတ်ရကျိုးတွေ၊ တွက်ရကျိုးတွေ နပ်မှာပါ။ တက္ကသိုလ်ကတော့ YIT နဲ့ MIT ဆိုပေမဲ့ ခေတ်ပျက်မို့ လေးလတစ်တန်းမို့ ဘာမှ မသင်ခဲ့ရပါဘူး။ ကျွန်တော်ဆို ပြဌာန်းစာအုပ်တွေပဲ ကိုယ့်ဟာကိုယ်ဖတ်ပြီး စာမေးပွဲဖြေဖို့ တစ်ပတ်အလိုမှ ရန်ကုန်ကနေ မန္တလေး MIT ကို သွားဖြေတာ။ ပထမနှစ်ကတော့ YIT မှာ တက်ရတာ။
အဲဒီစာအုပ်နှစ်မျိုးကြားမှာ နောက်ထပ် တစ်မျိုးပေါ်လာတယ်။ ဥပမာ Roger Penrose ရဲ့ “The Road To Reality” စာအုပ်ဆို အဲလိုစာအုပ်မျိုး။ Text book တွေနဲ့ လူထုသိပ္ပံစာအုပ်တွေ အကြား ပေါင်းကူးပေးတဲ့ စာအုပ်တွေလို့ မြင်တယ်။ (ကျွန်တော်ဖတ်လို့ မပြီးသေးပါဘူး။ ရှေ့ပိုင်းတွေက သိပြီးသားများတာမို့ ကျွန်တော်ပျင်းလို့ အစကနေလည်း စမဖတ်ဖြစ်ဘူး) အဲလိုစာအုပ်တွေကျ လူထုအတွက် ရည်ရွယ်တယ် ပြောပေမဲ့ သင်္ချာမရသူတွေ ဖတ်ရ ခက်မယ်။ ဒါပေမဲ့ Text book လို ပျင်းခြောက်ခြောက် မနိုင် (ရှေ့ပိုင်းတွေမှာ ကျွန်တော်ပျင်းတယ်ဆိုတာက ကျွန်တေ်ာကိုက အပျင်းကြီးတာမို့။) ပုစ္ဆာတွေ နည်းနည်းပါပေမဲ့ text book တွေလို အများကြိးမဟုတ်။ ကြေညက်ချင်ရင်တော့ text book တွေ ဖတ်တာ အကောင်းဆုံး ဆိုပေမဲ့ The Road To Reality လို စာအုပ်တွေက ဖတ်ရတာ စက်ရုပ်မဆန်သလို ခံစားရပြီး ကမ္ဘာကျော် ပညာရှင်ရဲ့ အမြင်တွေကိုပါ ဖတ်ရလိမ့်မယ်။ Text book တွေမှာတော့ အမြင်တွေ ပါမှာ မဟုတ်။
Roger Penrose က Non-compromised အနေအထားပဲ စွဲကိုင်ထားတဲ့သူ။ တစ်ပြားမှ အလျှော့မပေးတဲ့လူမျိုး။ စာအုပ်ထဲမှာ သင်္ချာတွေ အပြည့်ပဲ။ ကျွန်တော် မဖတ်ဖြစ်သေးတဲ့ “Fashion, Faith, and Fantasy in the New Physics of the Universe” စာအုပ်ဆိုရင် review တွေမှာတော့ Maths phd ကျောင်းသားတချို့တွေ၊ မာစတာကျောင်းသားတချို့တွေတောင် သိပ်နားမလည်ဘူးလို့ ရေးကြတယ်။ “The Road To Reality” ဆိုလည်း စာအုပ်က စာမျက်နှာ ၁၀၀၀ ကျော်တယ်။ ရှေ့ပိုင်းမှာဆို သင်္ချာတွေချည်းပဲ။ ဥပမာ complex number တွေ၊ calculus တွေကို ရှင်းပြထားတာ။ ဒါပေမဲ့ သူကတော့ အောင်မြင်တာပဲ။ အီကွေးရှင်းတစ်ကြောင်းပါလို့ ပရိသတ်တစ်ဝက် လျော့သွားတာမျိုး မဖြစ်ဘူး။ အင်္ဂလိပ်လို ရေးတာဆိုတော့ ကမ္ဘာ့ဈေးကွက်ကြီး ရှိတယ်လေ။ ကမ္ဘာအရပ်ရပ်က Physics ကျောင်းသားတွေ၊ သိပ္ပံကျောင်းသားတွေ ဖတ်ရင်ကိုပဲ ဈေးကွက်ကြီးက ဟုတ်နေပြီ။ ကမ္ဘာကျော် ပညာရှင်လည်း ဖြစ်တာမို့ ဖတ်ကြတာပဲ။ သချာၤကနေ တစ်ပြားမှ အလျှော့မပေးတဲ့ သဘောမျိုးနဲ့ ရေးလည်း သူ့စာအုပ်တွေက ပန်းပန်လျက်ပဲ။
General Relativity နဲ့ ပတ်သတ်ပြီး beginner တွေကို နောက်ထပ် ညွှန်းချင်တဲ့ တစ်အုပ်ကတော့ “A Most Incomprehensible Thing: Notes Towards a Very Gentle Introduction to the Mathematics of Relativity” ပါ။ သူက scientist မဟုတ်ပေမဲ့ သူ့ဘာသာသူ လေ့လာပြီး သင်္ချာတွေနဲ့ အသေအချာ ရေးထားတာ။ ရမ်းရေးတာလည်းမဟုတ်။ Review တွေမှာဆို Bachelor ဘွဲ့Physics မေဂျာကျောင်းသား ဒါပေမဲ့ သင်္ချာ PhD သမားကတောင် သူ့ကို ချီးကျူးထားတယ်။ အဲဒီစာအုပ်လည်း အစပိုင်းကတော့ သိပြီးသား သင်္ချာတွေများမှာမို့ ပျင်းစရာတော့ ကောင်းမယ်။ မသိသေးတဲ့သူတွေအတွက်ဆိုရင်တော့ အကုန်ဖတ်ရမှာပေါ့။
နောက်ထပ် ညွှန်းချင်တာတစ်ခုကတော့ တော်တော်မိုက်တဲ့ ဗွီဒီယိုတွေ။ ဗွီဒီယိုတစ်ခုကို တစ်နာရီခွဲ၊ နှစ်နာရီ ဝန်းကျင်ရှိတယ်။ စုစုပေါင်း ဗွီဒီယို ၁၃၆ ခု။ အဲဒီ ဗွီဒီယိုတွေထဲက ပြန်ထုတ်ထားတဲ့ စာအုပ်သုံးအုပ်လည်းရှိတယ်။ ဒါပေမဲ့ ဗွီဒီယိုက ပိုစုံတယ်။ သင်္ချာပါတဲ့ သိပ္ပံတွေပေါ့။ လူထုသိပ္ပံမဟုတ်။ ဒါပေမဲ့ Physics မေဂျာမဟုတ်တဲ့ ကျောင်းသားတွေ၊ လူထုသိပ္ပံနဲ့ မတင်းတိမ်နိုင်တဲံသူတွေ အတွက်ကို ရည်ရွယ်တာ။ စာအုပ်သုံးအုပ်ထဲမှာ ပထမတစ်အုပ်မှာ တွဲရေးသူက စိတ်ဝင်စားဖို့ကောင်းတယ်။ တွဲရေးကြတယ်ဆိုပေမဲ့ အဓီကက Susskind ရဲ့ အိုင်ဒီယာတွေလို့ဆိုတယ်။The Theoretical Minimum ပထမတစ်အုပ်ကို တွဲရေးတဲ့သူက George Hrabovsky ။ သူက သူ့ကိုယ်သူ self-taught physicist လို့ ပြောတယ်။ ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင် မဟုတ်ပေမဲ့ သူက အတန်အသင့် အောင်မြင်တယ် ပြောရမယ်။ နိုင်ငံတကာ ကွန်ဖရင့်နှစ်ခုမှာ စာတမ်းတင်ဖူးတယ်လို့ ဆိုတယ်။ နောက် University of Wisconsin က ရူပဗေဒ ဌာနက သုတေသန အဖွဲ့မှာပါတယ်လို့ ဆိုတယ်။ အဲဒီဌာနမှာ သီအိုရီဆွေးနွေးရေးအဖွဲ့ကို သူက ဦးဆောင်ဖူးတယ်လို့ဆိုတယ်။ အဲဒီတက္ကသိုလ်က အဲဒီဌာနမှာ သိပ္ပံအကြောင်း အကြိမ်သုံးဆယ်ကျော် ဟောပြောဖူးတယ်လို့ ဆိုတယ်။ အဲဒီတက္ကသိုလ်ရဲ့ အဆင့်နဲ့ သူပြောတာတွေ အကုန်ဟုတ်မဟုတ်တော့ ကျွန်တော် မသိပေမဲ့ Susskind နဲ့ တွဲပြီး နာမည်ခံခွင့်ရဖို့ဟာ တော်ရုံတော့ မလွယ်လောက်ဘူး။ သူ့မှာ တက္ကသိုလ်ကြီးကြီးမားမား နောက်ခံမရှိပေမဲ့ သူလုပ်တဲ့ သုတေသန နယ်ပယ်က တော်နေးဒိုးမုန်တိုင်းဆိုတော့ computer နဲ့ သူ့ဦးနှောက်ကိုပဲ အဓိကထား လုပ်တာလို့ ဆိုတယ်။
Physics နယ်ပယ်မှာ ခေတ်စားလာတဲ့အထဲမှာ computational physics လည်းပါတယ်။ သိပ္ပံမှာ ကွန်ပျူတာတွေကို အသုံးချလာတဲ့ လိုင်းပေါ့။ Quantitative theory ရှိပြီးသား ရူပဗေဒ ပြဿနာတွေကို numerical analysis လုပ်ဖို့ အသုံးပြုကြတာ။ theoretical physics နဲ့ experimental physics အကြား ပေါင်းကူးပေးတဲ့ဟာလို့လည်း တချို့ကစဉ်းစားကြတယ်။ George Hrabovsky ဇောက်ချ လုပ်တာက computational physics မျိုး။ ဥပမာ မုန်တိုင်းအကြောင်းကို ကွန်ပျူတာနဲ့ ခွဲခြမ်းလေ့လာတာမျိုးပေါ့။ Quora မှာ သူဖြေထားတာတွေ ကြည့်တော့လည်း အဆင့်ရှိတဲ့အဖြေမျိုးတွေလို့ ထင်တယ်။ ကမ္ဘာ့ထိပ်တန်း အဆင့်ရှိတယ်လို့ ပြောတာတော့ မဟုတ်ဘူးနော်။ အဆင့်မြင့်ရူပဗေဒကို နားလည်နိုင်စွမ်း တကယ်ရှိတယ်လို့ ပြောတာ။ လယ်ဗယ်အလိုက် လေ့လာသင့်တဲံ သူညွှန်းတဲ့စာအုပ်တွေလည်း ရှိတယ်။ နောက်ကြုံမှ သက်သက်ရေးတော့မယ်။
ဒါပေမဲ့ သင်္ချာတွေ၊ Physics သီအိုရီတွေ မလေ့လာဘဲနဲ့တော့ အလိုအလျောက် ဖြစ်လာမှာမျိုးတော့မဟုတ်။ ပြီးတော့ self-taught သမားတွေဟာ သီအိုရီကို အဆင့်မြင့်မြင့် နားလည်နိုင်တယ်လို့ပဲ ပြောတာ။ အဲဒီ နားလည်ခြင်းနဲ့ ညီမျှတဲ့ လုပ်ပိုင်ခွင့်တွေ၊ အသိအမှတ်ပြုမှှုတွေ ရလာမှာ မဟုတ်။ Self-taught နဲ့က ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လုပ်လို့ မရနိုင်တာမျိုးတွေ၊ လုပ်နိုင်ရင်တောင် အဟန့်အတားတွေ ရှိတယ်။ နက်နက်နဲနဲ နားလည်အောင်က လေ့လာလို့ ရပေမဲ့ တစ်ခုခု ထည့်ဝင်ချင်ပြီဆို အဟန့်အတားတွေကတော့ ဒီခေတ်ကြီးမှာတောင် ရှိနေသေးတယ်။ ခုခေတ်မှာက ပညာလိုချင်ရင် phd စာတမ်းတွေက အစ ဒေါင်းလုဒ် လုပ်ပြီးေ လ့လာလို့ရ၊ text book တွေဆိုလည်း post graduate အဆင့်တွေအထိ ဇွဲ နဲ့ ဉာဏ်ရည် ရှိရင် ဖတ်ပြီး နားလည်လို့ ရပေမဲ့ သူတေနလုပ်ဖို့ကျ ဆိုင်ရာ ဒေါက်တာဘွဲ့မဟုတ်ရင် အသိအမှတ် ပြုကြမှာမဟုတ်။ ဆိုင်ရာဘွဲ့ဆိုရင်တောင် မာစတာဘွဲ့လောက်နဲ့ ဝင်တိုးလို့ ရမှာမဟုတ်။ ဆိုင်ရာဘွဲ့နဲ့ ဒေါက်တာဘွဲ့ရတောင် ကိုယ့်တက္ကသိုလ်က အဆင့်မြင့်ပြီး ကိုယ်ကလည်း တကယ် ပညာရည်မြင့်မားမှ ဝင်တိုးနိုင်မှာပါ။ ခြွင်းချက်တွေတော့ ရှိကောင်းရှိမယ်။ Self-taught သမားတွေ ဆိုပေမဲ့ ထိပ်တန်း Open University တွေက lecture တွေကို လေ့လာပြီး တအားသိနေသူ တစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့၊ တစ်ခုခု ထူးထူးခြားခြား လုပ်နိုင်ပြီး သုတေသနစာတမ်းက တကယ်အရည်အသွေးပြည့်ဝနေတောင်၊ တကယ် အသုံးဝင်နေမယ်ဆိုရင်တောင် peer review က ဆိုင်ရာ ဒေါက်တာဘွဲ့မရှိရင် ရဖို့လွယ်မှာ မဟုတ်ပါဘူး။ ဒီတော့ ထိပ်တန်းသုတေသန လုပ်ချင်ရင်တော့ ထိပ်တန်းတက္ကသိုလ်က ဆိုင်ရာ ဒေါက်တာဘွဲ့ရဖို့က non-negotiatable ပါ။ ဘယ်လောက်တော်တော်၊ သီအိုရီကြီးဘယ်လောက်မှန်မှန် ယေဘုယျအားဖြင့်တော့ အဟန့်အတားတွေ ရှိနေမှာပါ။ မှန်နေရင်တောင် တော်ရုံဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။
Srinivasa Ramanujan လို အညတရကနေ ဖြစ်သွားတာမျိုးက ရှားတယ်။ အဲဒီလို ရှေးခေတ်က formal training မရှိတဲ့ အညတရသမားရဲ့ သင်္ချာတွေကို သူက ပရော်ဖက်ရှင်နယ် သင်္ချာပညာရှင်တွေကို ပြတယ်။ အများစုက လိုက်မမီကြ။ သူနဲ့ သင်္ချာပညာရှင် G. H. Hardy စာအဆက်အသွယ် ဖြစ်သွားတာက အရမ်းလှတယ်။ ဖြစ်တောင့်ဖြစ်ခဲလည်း ဖြစ်မယ်။ Formal training မရှိသူရဲ့ စာတွေကို အရေးတယူဖတ်တာ။ သူသာလျစ်လျူရှှုလိုက်ရင် Srinivasa Ramanujan ဟာ ဘာမှ ဖြစ်မလာဖို့များတယ်။ G. H. Hardy ဟာ မနာလို ဝန်တိုစိတ် ကင်းစွာနဲ့ တွဲခေါ်ခဲ့လို့။ မနာလိုဝန်တိုစရာလည်း မရှိပါဘူး။ သူကိုယ်တိုင်က ထိပ်တန်းပဲဟာ။ ဒါပေမဲ့ သာမန်လူကို အဖက်လုပ် တွဲခေါ်တာမျိုးကတော့အရမ်းရှားမယ်။ တကယ်လည်း လေ့လာ၊ သင်္ချာတွေလည်း တကယ်ရ၊ သီအိုရီက တကယ်မှန်နေမယ်ဆိုရင်တောင် ဘယ်နှစ်ယောက်ကများ အဲလိုမျိုး တွဲခေါ်မှာလဲ။ အခုခေတ်မှာက IT ကြောင့် အင်တာနက်ကြောင့် ပညာရဖို့၊ လေ့လာဖို့၊ သီအိုရီတွေကို အပြည့်အဝနားလည်ဖို့၊ အဆင့်မြင့်ပညာရပ်တွေ နားလည်ဖို့ Srinivasa Ramanujan တို့ခေတ်ထက် အများကြီးပိုလွယ်ကူလာပေမဲ့ … စာတမ်းတင်သွင်းခွင့်၊ peer review ရရေး၊ ကွန်ဖရင့်တွေမှာ တက်ရောက်ဆွေးနွေးနိုင်ရေး စတဲ့ အခွင့်အရေးနဲ့ ပတ်သတ်လာရင်တော့ ပညာရေးစနစ်ရဲ့ အဟန့်အတားတွေကတော့ ရှိနေဦးမှာပဲ။ အဲလို အဟန့်အတားတွေ မရှိပြန်ရင်လည်း ဘာသာမဲ့ဝါဒ ဆိုတဲ့ စာအုပ်ရေးသူလို ပေါက်တတ်ကရလူတွေ ပြောတိုင်း လက်ခံနေရပြန်မယ်။ ဒီတော့ အဘက်ဘက် အဆင်ပြေမယ့် solution မျိုး မရှိသေးဘူး။ ဒီတော့ ထိပ်တန်းအဆင့် သုတေသန အလုပ်တွေမှာ ဝင်လုပ်ချင်ရင်တော့ ကိုယ်တိုင်တော်ရမယ့်အပြင်…. အနောက်နိုင်ငံတွေက ထိပ်တန်းတက္ကသိုလ်တစ်ခုခုမှာ PhD ရအောင်လုပ်ပါလို့ တိုက်တွန်းချင်တယ်။
ဟိုစာအုပ်ရေးသူကတော့ တမင်လုပ်တာလား၊ ခပ်ဆန်းဆန်းချပြီး ပိုက်ဆံရှာချင်တာလား၊ ခပ်ယဉ်ယဉ် ရူးနေတာလား မသိ။ သူ့ဘွဲ့ ဘာညာကြောင့် မဟုတ်ဘဲ သူရေးတဲ့စာမှာက သူမသိတာ ထင်ရှားနေတယ်။ “နာဂစ်ရေဘေးတွေ၊ တရုတ်ကုလား အရေးတွေ” ကို သူက wormhole နည်းပညာနဲ့ ဖြေရှင်းနိုင်တယ်၊ သူ့ TOE နဲ့ ဖြေရှင်းနိုင်တယ်လို့ ကြေညာထားတယ်။ ဟီး။ ကမ္ဘာစစ်တွေကိုလည်း ဟောကိန်းထုတ်နိုင်သတဲ့။ လက်ရှိ သိပ္ပံပညာရှင်တွေ ရှာနေကြတဲ့ TOE ဆိုတာက အဲဒါမျိုးမဟုတ်။ စကြာဝဠာရဲ့ ရုပ်ပိုင်းဆိုင်ရာ ရှှုထောင့်တွေကို အပြည့်အဝရှင်းပြနိုင်မယ့် သီအိုရီ မူဘောင်မျိုး။ စစ်ပွဲတွေ၊ အရေးအခင်းတွေကို ကြိုဟောကိန်းထုတ်မယ့် သီအိုရီမျိုးမဟုတ်။ လူ့စိတ်အခြေအနေတွေ ဘယ်လိုပြောင်းလဲမှာလဲ၊ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုဖြစ်မှာလဲဆိုတာမျိုးကို ဟောကိန်းထုတ်မယ့်ဟာမျိုးမဟုတ်။ သူပြောတဲ့ဟာတွေကတော့ Complexity Science နဲ့ သက်ဆိုင်တဲ့ဟာတွေ။ (ဘွဲ့နဲ့မဆိုင်) အခြေခံလေ့လာမှှုမရှိဘဲ သူ့လို လျှောက်ရေးတာမျိုးကျ crackpot လို့ ခေါ်တယ်။ အဲ...လေ့လာမှှုရှိ ရူပဗေဒ ဒေါက်တာဘွဲ့တွေရ၊ သုတေသနတွေ အတိတ်က လုပ်နိုင်ခဲ့သူတွေတောင် လမ်းချော်သွားရင် crackpot လို့ သမုတ်ခံရတယ်။ Penrose ကိုတောင် Physicist turned crackpot အဖြစ် တခြား physicist က သမုတ်တာကို ဖတ်ဖူးတာ ရေးတေးတေး မှတ်မိတယ်။ အဲဒါကတော့ သမုတ်တဲ့သူ လွန်တယ်ထင်ပါတယ်။
ဟုတ်ပြီ။ Crackpot မဖြစ်အောင် ဘာတွေလုပ်သင့်သလဲ။ Physics သီအိုရီတစ်ခု ထုတ်ပြီဆိုရင်တော့ သင်္ချာတွေနဲ့ ထောင့်စေ့အောင် ထောက်နိုင်ရမယ်။ mathematically ဖော်ပြနိုင်ရမယ်။ အတိတ်က အလားတူ သုတေသနမျိုး ရှိခဲ့သလားဆိုတာကို ရှာဖွေလေ့လာမှှုတွေလည်းလုပ်ရမယ်။ ပြီးရင် Hypothesis ထုတ်။ အဲဒါတွေ မပါဘဲနဲ့ သင်္ချာတွေကို အခြေမခံဘဲ ထင်ရာလျှောက်ပြောရင်တော့ crackpot ဖြစ်မှာပဲ။ နောက်တစ်ခုက ထူးဆန်းတဲ့ သိပ္ပံအယူအဆတစ်ခုခုကို တစ်ယောက်ယောက်က ပြောလာရင် တန်းလက်မခံဘဲ...ဒါဟာ speculation သက်သက်လား၊ (speculation မှာတောင် ဖြစ်နိုင်ခြေတွေက ကွာဦးမယ်လေ)။ ဒါမှမဟုတ် hypothesis အဆင့်လား၊ အဲဒီ သီအိုရီကို ဘယ်နှစ်ခုနှစ်မှာ ဘယ်စမ်းသပ်ချက်နဲ့ အတည်ပြုနိုင်ပြီလဲ၊ ဒါမှမဟုတ် မှားကြောင်း သက်သေပြထားတာ ရှိလား စသည်ဖြင့် သေချာစိစစ်ရင်တော့ အဆင်ပြေမှာပါ။
ဟိုစာအုပ်ကတော့ ဘာသာမဲ့နာမည်နဲ့ မြန်မာမှာ ဦးဆုံး စထွက်လာတာဆိုတော့ ဘာသာမဲ့တွေရဲ့ ပုံရိပ်လည်း ထိခိုက်တယ်။ ယုတ္တိမဲ့ TOE တွေ လျှောက်ပြောထားတော့ သိပ္ပံသမားတွေကိုလည်း ထိခိုက်တယ်။ သူ့စာအုပ်ပုံကိုတော့ မတင်နိုင်ပါ။ လိုချင်ရင် လင့်ခ်ပေးပါမယ်။ အဲဒီဓာတ်ပုံကြီး ကိုယ့်ဆီမှာ ကျန်နေရင် ကာလကြာသွားရင် မသိတဲ့သူတွေ ရုတ်တရက်ကြည့်လိုက်ရင် ကိုယ့်ဟာလို့ ထင်သွားမှာစိုးလို့။ 

Kaung Kin Ko (Facebook က ပို့စ်ကို အဲဒီ ဒိတ်အတိုင်း blog မှာ backdate နဲ့ ပြန်တင်တာပါ။
No comments:
Post a Comment