Wednesday, May 20, 2009

ရင်ထဲကအမေ



အမေဟာ
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။

အမေဟာ
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။

အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။

အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။

သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။

အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုးကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။

ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။

မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။

ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။

ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။

အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။

အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။


to down this poem click here


ကောင်းကင်ကို

(အရင်က တင်ခဲ့ဖူးတဲ့ ကဗျာအဟောင်းလေးပါ။)

22 comments:

  1. It toughs my heart seriously.

    ReplyDelete
  2. ခံစားရတယ်ဗျာ။ ကျနော်တို့အားလုံးရဲ့မိခင်။ ပြည်သူအားလုံး အားကိုးတကြီးနဲ့ မျှော်လင့်တောင့်တရတဲ့မိခင်။ အမေ အမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာရေးကို အမေ့လက်၊ အမေ့မေတ္တာနဲ့ အမေ ဖန်တီးခွင့် အမြန်ဆုံးရပါစေလို့ ဆုတောင်းပါတယ်ဗျာ။

    ReplyDelete
  3. ရင်ထဲကို ထိရှခံစားမိစေတဲ့ ကဗျာ..

    ReplyDelete
  4. ခုနေ ဘာလုပ်ကြရင် ကောင်းမလဲ။
    သူတို့ ဖက်က ခြေလှမ်းတိုးလာပြီ။
    အမေကို ဒီလို ဆက်ဆံပြတယ်ဆိုတာ သူ့ သားသမီး သူ့ ပတ်ဝန်းကျင် သူ့ အသိုင်းအ၀ိုင်းကို ဂရုမစိုက်ဘူးလို့ စိန်ခေါ်တာပဲ။

    ReplyDelete
  5. ရင်ထဲကအမေ ကဗျာလေး
    ရင်ထဲစူးစူးနင့်နင့်ခံစားလိုက်။

    ReplyDelete
  6. သိပ်ကိုကောင်းတဲ့ ကဗျာတစ်ပုဒ်ပဲ အစ်ကိုရေ့ ဒီလိုအချိန်မှာဖတ်လိုက်ရတဲ့အတွက်ပိုင်္ပြီးကျေးဇူးတင်တယ် ခံလည်းခံစားရတယ် ။

    ReplyDelete
  7. ရင်ထဲ တကယ်ကိုရောက်ပါတယ် အကိုရေ

    ReplyDelete
  8. ကျွန်မက ဘာသာစကား သိပ်အားနည်းတော့ ကဗျာတွေကို ဘာဆိုလိုတယ်ဆိုတာ သိပ်နားမလည်လို့ ခံစားလို့ သိပ်မတတ်ဘူး။ ဒါပေမယ့် ဒီကဗျာကိုတော့ နားလည်းလည်တယ်၊ ခံစားလို့လည်းတတ်တယ်။ အားလုံးရဲ့ အမေအတွက် ဂုဏ်ပြုထားတဲ့ ဒီကဗျာလေးအတွက် ကျေးဇူးအထူး တင်ပါတယ်။

    ReplyDelete
  9. "ဝါးလုံးခေါင်းထဲလသာတယ်" ဆိုတဲ့ စကားက တစ်စုံတစ်ယောက်ကို အပစ်တင်ချင်ရင် ပြောတဲ့စကားလို့  သိထားတာပါ။

    ဒါကို ကို ပြောင်းပြန်လုပ်ပစ်လိုက်တဲ့ ကောင်းကင်ကိုရဲ့ အရေးလေး သဘောကျတယ်ဗျာ...

    "အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
    ဓားတစ်လက်လုပ်ပြီး
    အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ"

    မိစ္ဆာတောအုပ်ကြီး ရှင်းဖို့  ကိုလူထွေးတို့ လဲ တတ်အားသလောက် ဝိုင်းခုတ်မယ်...

    ReplyDelete
  10. အမေ့ရဲ့  အကြင်နာလက်နဲ့ 
    သားတို့ နေတဲ့ ပုခက်လေးကို
    ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။
    tae lar kaung kin koo, so sad

    I am crying with reading your great poem.

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. ကဗျာကောင်းလေး ဘယ်တော့မှ ဟောင်းမသွားဘူး။
    အမေ့အကြောင်းတွေလည်း ဘယ်တော့မှ ဟောင်းမသွားဘူး ။ မိစ္ဆာကောင် တွေ ရဲ့ ရာဇဝတ် ဇာတ်ကြောင်းတွေ သမိုင်းမှာ စွန်းကျန်ရစ် ခုံရုံးတင် စစ်မှ ရတော့မှာ ..ခုလောလောဆယ် အမေကျန်းမာစေဖို့ ဘေးမသီ ရန်မခ စေဖို့  ဆုတောင်းပေးရုံက လွဲလို့  ကျန်တာတွေ ဘာမှ လုပ်မပေး နိုင်တဲ့ ကိုယ့် ကိုကိုယ် အားမရမှုတွေ အပြည့်နဲ့....သက်ပြင်းရှည်ကြီး ချလိုက်မိပါတယ် (ကို) ကောင်းကင်ကိုရေ..

    ReplyDelete
  13. ရင်ထဲမှာ လှိုက်ပြီးခံစားရပါတယ်.. ကဗျာလေးဟာ အရမ်းထိမိတဲ့စကားလုံးလေးတွေပါ.. အစစအရာရာအနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး မြန်မာပြည်သူလူထုကောင်းကျိုးအတွက် ဘ၀တခုလုံးပေးဆပ်နေတဲ့ အမေ့အတွက် သားတို့အမြဲမေတ္တာပို့ဆုတောင်းပေးလျှက်ပါ... အမေအမြန်ဆုံးလွတ်မြောက်ပြီး သားတို့လိုချင်တဲ့ မြန်မာပြည်ကြီး အမြန်ဆုံးပေါ်ထွန်းလာပါစေလို့...

    ReplyDelete
  14. အကောင်းဆုံးတွေမျှော်လင့်ထားတယ်...
    အဆိုးဆုံးတွေရောက်ရောက်လာတယ်....။
    ပျော်စရာတွေဖန်တီးချင်တယ်....
    စိတ်ညစ်စရာတွေ လက်ဆောင်ရတယ်....။
    အမေ့အေးရိပ်မှာခိုနားချင်တယ်
    ဒေဝဒတ်လက်သစ်တွေ လမ်းသလားနေတယ်...
    ပြောင်းပြန်တွေဖြစ်မဲ့တစ်နေ့အတွက်
    သန်းငါးဆယ်ကျော်တဲ့လူသားအားလုံး
    အမေဆိုတာရှိဖို့ အလိုအပ်ဆုံး.....။

    ReplyDelete
  15. တံခါးတွေ ဖွင့်ပေးတဲ့လက်အဖြစ် အလင်းမြူတွေဖြာဆင်းပေးတဲ့မနက်အဖြစ် ရေးသထက်ရေးနိုင်ပါစေ

    ReplyDelete
  16. ကိုကောင်းကင်ကိုက cbox မထည့်ထားတော့ပြောချင်တာကိုဒီမှာပဲပြောခဲ့ရတော့တယ်...
    ကဗျာတွေကောင်းတာကတော့ ဘလော့ဂ်ဂါတိုင်းသိနေပြီပဲ
    ခေတ်ပေါ်ကဗျာသမား ကောင်းကင်ကို လွတ်လပ်ပွင့်လင်းစွာကဗျာရေးဖွဲ့နိုင်ပါစေ..
    ကျွန်တော်ဆုတောင်းပေးပါတယ်...

    ReplyDelete
  17. ခံစားဖတ်သွားပါတယ်

    ReplyDelete
  18. it's really touch my heart!

    ReplyDelete
  19. “သူ့အတွက် ဘာမှ စိတ်ပူစရာ မလိုဘူး၊ သူ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး လို့်” ပြောခဲ့တဲ့ ကျွန်မလေးစားရသောသူ ဂုဏ်ယူရသောသူ အားကျရသောသူ အမြဲဦးညွှတ်ရသော အမေ့ .. အတွက်
    အားလုံးဆန္ဒတွေဒီကဗျာထဲစုပြီးထည့်ထားသလိုပဲ ဖတ်ခွင့်ရတာကျေးဇူးပါ ကောင်းကင်ကို....

    ReplyDelete
  20. အမေ့အတွက် ကျေးဇူးတင်တယ်ဗျာ
    ဟိုးအတွင်းထဲထိအောင်နွေးနွေးလေးဖြစ်သွားတယ်
    လေးစားဂုဏ်ယူပါတယ်

    မျိုးချစ်မြန်မာ

    ReplyDelete
  21. အစ်ကိုရေ!!! "ရင်ထဲကအမေ" ကဗျာလေး ကူးယူသွားတယ်... "အမေ့ မွေးနေ့" အတွက် တင်ပြချင်လို့ပါ..



    ခင်တဲ့
    ဒီရေ

    ReplyDelete