Saturday, May 16, 2009
ခြောက်လှန့် နေတဲ့ စာရင်းရှည်
နှစ်ယောက်တည်း ပြောခဲ့မိတဲ့စကား
တကမ္ဘာလုံး ကြားသွားသတဲ့။
အမှောင်ခိုပြီး လုပ်ခဲ့မိတဲ့ပုံရိပ်များ
ခေတ်လွန် ကိရိယာများနဲ့ 
ပြန်ဖမ်းကြည့်လို့ ရသတဲ့။
ခလုတ် တချက်နှိပ်လိုက်ရုံနဲ့ 
အားလုံးပြန်သိနိုင်တယ်။
လေထုထဲမှာ
ငါထုတ်ပြောခဲ့တဲ့ အသံတွေရော၊ ငါထုတ်မပြောရဲတဲ့အသံတွေပါ
လှိုင်းတွေအဖြစ်လျှံနေတယ်။
လေထုထဲမှာ
ငါထားခဲ့မိတဲ့ စိတ်တွေ၊ ငါမှားခဲ့မိတဲ့ အတိတ်တွေ
မပေါက်ကွဲသေးခင် အိပ်နေတယ်။
တူးဖော်ကြတော့မယ်…သမိုင်းထဲက ဇာတ်ကောင်တွေကို အရှိအတိုင်း
ထုတ်ဖော်ကြတော့မယ်….
ဂုဏ်သိက္ခာတွေကို ဝတ်လစ်စလစ်….
အတုအစစ် ခွဲခြားဆန်းစစ်ကြတော့မယ်။
တွေ့ ကြတော့မယ် ဗယ်ပြပြီးညာချိုးခဲ့တာတွေ
တွေ့ ကြတော့မယ် အစွယ်ပြပြီး ငါဆိုးခဲ့တာတွေ။
အဲဒီ့အချိန်ဟာ ပြောသမျှ အဟုတ်လိုက်ထင်ကြမယ့်ပုတ်သင်ခေတ်လည်း မဟုတ်တော့
အဲဒီ့အချိန်မှာ ခြိမ်းခြောက်ဖုံးဖိလို့ လည်း မရတော့။
အဲဒီ့အချိန်မှာ ငဲ့ညှာလျှို့ ဝှက်ပေးကြမှာလည်း မဟုတ်တော့။
လူပီသရုံ အမှားတွေနဲ့ 
ဘောင်ကျော်သွားတဲ့ အမှားတွေကြားမှာ
ဘဝနဲ့ ရင်းပြီး စိုက်ပျိုးခဲ့ရတဲ့ အပင်တွေပါ
တပင်ပြီး တပင်လဲ
တုန်နေတဲ့ လက်ထဲမှာတော့
ကိုယ် ကိုယ်တိုင်တောင် ပြန်မကြည့်ရဲတဲ့စာရင်းရှည်ကြီးနဲ့။
သြော်…
ကိုယ့်ကိုယ်ကို ခြောက်နေတဲ့ တစ္ဆေတကောင်
ကယောင်ကတမ်းနဲ့  အတွေးတွေ မစဲ
အိပ်မက်ထဲမှာတောင် ချွေးတွေရွှဲနေတော့တယ်။
ကောင်းကင်ကို
15 comments:
  1. ဒီကဗျာအတွေးကောင်းတယ်...
    အခုဆို...
    ဒီစာဖတ်ပြီး...
    မဆင်မခြင် အတိတ်ကို မှောက်ခုံလုပ်ခဲ့တဲ့သူတွေ..
    မြင်မြင်ကရာ အရိပ်ကို ကြောက်နေကြရော့မယ်...
    ReplyDelete
  2. လူပီသရုံ အမှားတွေနဲ့  ဘောင်ကျော်သွားတဲ့ အမှားတွေကြားမှာ ဘဝနဲ့ ရင်းပြီး စိုက်ပျိုးခဲ့ရတဲ့ အပင်တွေပါ ...
    အတွေးကဗျာလေးကို အရေးစွက်တာလှတော့ လူတိုင်းကို ပြောနေသလို...
    ReplyDelete
  3. မရောက်ဖြစ်တာနဲ့ခုမှ ကဗျာတွေလာဖတ်သွားတယ်။
    ReplyDelete
  4. မိုက်တယ်.. အစ်ကို...
    အစ်ကို့ကဗျာတိုင်း လိုလို Heart ထိတယ်...
    Thank you...
    Link လုပ်ပေးထားပါတယ်...
    Han Thu
    ReplyDelete
  5. ဂုဏ်သိက္ခာတွေကို ၀တ်လစ်စလစ်
    အတုအစစ်ခွဲခြားမယ်တဲ့
    မအယ်ကို အစစ်ပါနဲ့ 
    အတုပါ
    ReplyDelete
  6. မုသာဝါဒလား
    လူကြားကောင်းအောင်ပြောခဲ့တဲ့စကားပါ
    မှားသလားမှန်သလား
    မစဉ်းစားခဲ့ဘူးလေ...။
    လောဘ..ဒေါသ...မောဟ
    ပြောပြနေတာကြာပါပြီ
    ဘာညာပလီတာ မဟုတ်ပါဘူး
    လူတိုင်းဟာ...အဲဒီအပေါ်ကအရူးတွေပဲမဟုတ်လား...။
    မဟုတ်တမ်းတရားအလုပ်တွေကို
    ရမ်းရမ်းကားကားလုပ်ခဲ့ပြီးမှ
    အမှားတော်ပုံ စာမျက်နှာအစုပ်တွေစု
    ထုတ်ချေလို့ပစ်မယ်ကျန်
    ကိုယ့်အရိပ် ကိုယ်မလှန်ရဲတာမို့
    ကယောင်ကတမ်း အတွေးတွေမစဲ
    အိပ်မက်ထဲမှာတောင် ချွေးတွေရွဲ....
    ReplyDelete
  7. ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့
    နောက်ထပ်ရှင်းစရာ စာရင်းတွေ ဘာမှထပ်မတိုးစေဖို့ ရင်မှာ တိုးတိုးလေး . . .
    ဆုတောင်းပေးနေဖြစ်တယ် ။ ။.။ ။ ။
    ReplyDelete
  8. အင်း..
    အိပ်မက်ထဲမှာတောင် ချွေးတွေရွှဲနေတယ် ဆိုပါလား..း)
    ကဗျာလေးကောင်းမှကောင်း..
    ကိုရင်နော်
    ReplyDelete
  9. ဒီကဗျာကို ဖတ်ပြီး..ကိုယ့်စာရင်းရှည်ကို ကိုယ်ပြန်ကြောက်နေမိပြန်ရော..
    ရင်ကို ထိကြောင်းပါ..အစ်ကို
    ReplyDelete
  10. ကိုကောင်းရေ....
    ကောင်းလိုက်တဲ့ကဗျာ......ဗျာ
    အိပ်မက်ထဲမှာ ချွေးတွေတင် ရွှဲတာမဟုတ်လောက်ဘူးဗျ..
    ကြည့်ပါလား..သည်လောက်တောင် အနံ့  တစ်ထောင်းထောင်းထနေတာ....
    မိုးစက်
    ReplyDelete
  11. တွေ့ ကြတော့မယ် ဗယ်ပြပြီးညာချိုးခဲ့တာတွေ
    တွေ့ ကြတော့မယ် အစွယ်ပြပြီး ငါဆိုးခဲ့တာတွေ။
    ဒီစာပုဒ်လေး ကြိုက်တယ်ဗျာ။
    ကဗျာကောင်းတစ်ပုဒ်ပဲ ဆရာကောင်းရေ...
    ReplyDelete
  12. စာရင်းအတိုအရှည်က ကိုယ်ရေးခဲ့တဲ့သမိုင်းပဲပေါ့ ကဗျာဆရာရေ… ဒီကဗျာလေးကို အလွန်ပဲနှစ်ခြိုက်မိပါတယ်….
    ReplyDelete
  13. ကိုကောင်း ကဗျာ လာဖတ်တာဗျ။
    ReplyDelete
  14. တစ်ကယ်ဆိုးခဲ့တာလား
း)
    ReplyDelete
  15. ကိုကောင်းကင်ကို
    ခုတလောငြိမ်နေတာလား မတွေ့တာကြာပေါ့နော်
    စာတွေလာဖတ်ပါတယ်
    ReplyDelete