Friday, May 8, 2009

အမှတ်မထင်

အမှတ်မထင်…
ကြည်နေတဲ့ ကောင်းကင်ဟာ
ပြာနေရာက ပန်းနုရောင်ညစ်
သိပ်သည်းလာတဲ့ အချစ်တွေနဲ့ ။

အမှတ်မထင်
ဘွားကနဲ့ တွေ့ လိုက်ရတဲ့ ဥယျာဉ်မှာ
သံယောဇဉ် သစ်ပင်လေးတွေစိုက်ပျိုး
သူ့ အသည်း ဧည့်ခန်းဆောင်မှာ
နှင်းဆီလေးတွေ လိုက်ထိုးမိတယ်။

အနွေးဓာတ်လိုနေသူမို့ 
မီးကို ပျိုးလိုက်မိတယ်။
စည်းကို ချိုးလိုက်မိတယ်။

အမှတ်မထင်…
နှလုံးသားကန်ရေပြင်ထဲ
သူ့ စကားပွင့်လေးတွေကြွေအကျမှာ
ဂယက်ပေါင်းများစွာထ
ရင်ခုန်သံဆိုတာ ဖန်တီးယူလို့ မရတဲ့ ဂီတပေါ့။

နှိုးလိုက်စမ်းပါ ဖုန်းသံလေးရေ၊
အထီးကျန် ငါ့ရဲ့  ညအချိန်တွေကို ခိုးလိုက်စမ်းပါ။
အိပ်ပြီးနားနေရတာထက်
နိုးပြီး သူ့ အသံလေး ကြားနေရတာက
ခွန်အားတွေ ပို ပြည့်စေလို့ ။

အဲဒီ့ နှုတ်ခမ်းပါး လေးပေါ့။
Soft Power ယမ်းအားလေးနဲ့ 
သူ့ အသံ ပန်းမြှားလေးနဲ့ 
စိတ်တိမ်တိုက် အမှောင်တွေကို
အစဉ်အမြဲလာခွင်း
ရင်ထဲမှာလင်း။

ကောင်းကင်ကို

25 comments:

  1. ၇င်ခုန်သံဆိုတာ ဖန်တီးယူလို့မ၇ပါ, ကဗျာကောင်းလေးတပုဒ်ပါလို့ဆိုပါ၇စေ ကောင်းကင်ေ၇....

    ReplyDelete
  2. ဒီရက်လေးအတွင်း ကဗျာဆရာတွေကို သိင်္ဂါရ ရသတွေ အတော်လွှမ်းနေတယ် ထင်ရဲ့ နော်။

    အမှတ်မထင်…
    နှလုံးသားကန်ရေပြင်ထဲ
    သူ့ စကားပွင့်လေးတွေကြွေအကျမှာ
    ဂယက်ပေါင်းများစွာထ...

    တစ်ဘာသာစီကို ခြားနားကြိုက်မိပါတယ်။

    ReplyDelete
  3. ရင်ခုန်သံဆိုတာ ဖန်တီးယူလို့ မရတဲ့ ဂီတပေါ့

    မှန်လိုက်လေ

    ReplyDelete
  4. ကဗျာလေးကိုအ၇မ်းကြိုက်တယ် တင်လည်းတင်ချင်တယ်
    တိုက်ဆိုင်တာဆိုပေမဲ့ မလိုအပ်တော့ဘူးထင်လို့ပါ
    ကျေးဇူးပါကိုကငိး
    ဘ၀မှာ အေးချမ်းစွာနဲ့ ချစ်တဲ့သူနဲ့လက်တွဲနိုင်ပါစေလို့ဆုတွေတောင်းခဲ့ပါတယ်

    ReplyDelete
  5. ကို ကောင်းကင်ကိုရဲ့ ဖုန်းနံပါတ်ကို ဘော်ဒါတွေဆီက မေးပြီး ညကြီးသန်းခေါင် ဖုန်းခေါ်ဦးမှပဲ။ အထီးကျန်အချိန်လေးတွေ ကျနော်လည်း ခိုးချင်လို့။း-)

    ReplyDelete
  6.ွှအစ်ကို အခုတလော အရမ်းကို နုရွနေတယ်..
    ဟုတ်တော့ဟုတ်နေပါပြီ...
    အင်း...

    ReplyDelete
  7. ကောင်းလိုက်တဲ့ ကဗျာလေး ကောင်းကင်ရေ

    ReplyDelete
  8. သတိထား ကောင်းကင်ကိုရေ ကဗျာမဆန်တဲ့ လူကြီးတွေကို ဖုန်းနံပါတ် မပေးမိစေနဲ့
    အထီးကျန်ညရဲ့ သိဂါင်္ရလေးတွေ ပျက်ကုန်ဦးမယ်... :D

    ဒါမျိုးလေးတွေလည်း များများ လုပ်ပါ..
    အားပေးနေတယ်။

    ReplyDelete
  9. ကိုပေါရေ....
    ကောင်းကင်ကြီးက
    ကိုပေါရဲ့အသည်း ဧည့်ခန်းဆောင်မှာ
    နှင်းဆီလေးတွေ လိုက်ထိုးမှာ မကြောက်ဘူးလား...???

    MZL

    ReplyDelete
  10. ကိုပေါနဲ့  ကိုကောင်းတော့ အဲမှာ စတွေ့ တာပဲ ။ အမှတ်မထင်ပဲ ။ :P

    အနွေးဓာတ်လိုနေသူမို့ 
    မီးကို ပျိုးလိုက်မိတယ်။
    စည်းကို ချိုးလိုက်မိတယ်။

    နုသထက် နုနေပြီ ။ ကြိတ်လိုက်တော့ ကိုကောင်း ။

    ReplyDelete
  11. အနွေးဓာတ်လိုနေသူမို့ 
    မီးကို ပျိုးလိုက်မိတယ်။
    စည်းကို ချိုးလိုက်မိတယ်..

    အဖွဲ့လေးက ကဗျာဆန်သလောက် ယဉ်ကျေးတယ်။ သဘောကျမိတယ်။
    သူများတွေ ပြောတာ အမှန်ပဲ။ အခုတလော ကဗျာဆရာ ကို နုအောင် ဘယ်သူပြုလိုက်တာလဲ..

    ReplyDelete
  12. ပန်းနုရောင်သန်း ပြောပါ။
    ညစ်ရပြန်တာတုန်း။

    ဟေဟေဟေ
    ကောင်းကင်ကိုကြီး နုနေတယ်။
    အဂျစ်သည် လူတွေကို နူးညံ့စေသည်။

    ReplyDelete
  13. "...ရင်ခုန်သံဆိုတာ ဖန်တီးယူလို့ မရတဲ့ ဂီတပေါ့..." တဲ့

    မထင်မှတ်ပဲ ရေးလိုက်တဲ့ "အမှတ်မထင်' က စာဖတ်သူဆီမှာ အမှတ်ထင်ကျန်ရစ်ခဲ့ပါတယ်

    ဆက်လုပ်ပါ ကကကရေ...

    ReplyDelete
  14. စိတ်တိမ်တိုက် အမှောင်တွေကို
    အစဉ်အမြဲလာခွင်း နေလို့ . . .
    အိပ်ရေးပျက်တယ် ဆိုတဲ့ ကဗျာလေးများ ထပ်ဖတ်ရလေဦးမလားလို့.. :P

    သက်ဆိုင်တဲ့သူရင်ကို ခဏငှားပြီး
    ဝင်ကြည့်မိတယ်။
    နှုတ်ခမ်းပါးလေးတွေက လရောင်အောက်မှာ ကြည်စင်စွာ ပြုံးလို့လေ။

    သိပ်ချစ်ဖို့ကောင်းတဲ့ ကဗျာလှလှလေး . . . .

    ReplyDelete
  15. ကောင်းကင်ကိုရေ
    ဒီနေရာလေးတော့
    သဘောကျမိသား
    အနွေးဓာတ်လိုနေသူမို့ 
    ပုလင်းကို ပျိုးလိုက်မိတယ်။
    တဝက်ကို ချိုးလိုက်မိတယ်။
    :)
    အဲ့မှားလို.
    စတာ၊ချိတ်ချိုးနဲ့

    ReplyDelete
  16. ကဗျာကောင်းလေးတွေ ဖတ်သွားပါတယ်...
    ကာရံယူတာ သိပ်လှပါတယ်။
    ဒါကြောင့် နာမည်ကြီးတာပေါ့...။
    အနုအရွတွေကြား
    ဆော့ကစားသူလို့
    လူတချို့ကဆိုနေပြီ...
    အော်..ခုမှ
    သမုဒယ နယ်စည်းကို
    ချိုးဖျက်လို့ ဝင်သွား
    ( ကောင်းကင်ကိုရေ..... )
    ခလုတ်လဲ တိုက်မိဦးမယ် ....သတိတော့ ထား.....။

    ReplyDelete
  17. ကဗျာလေးက ကောင်းတယ်ဗျာ...
    အရေးလေးတွေ ဘဘောကျတယ်...

    ReplyDelete
  18. အကိုရေ.. အချစ်ကဗျာတွေ ရေးလှချည်လား။
    ကျနော်လည်း မရောက်ဖြစ်တာ ကြာသွားတော့ စာကြွေးတွေ ဖတ်သွားတယ်ဗျာ။
    ကဗျာတွေကြောင့် ကြည်နှုးပြီးပြန်သွားတယ်

    ReplyDelete
  19. ကဗျာလေးက နုနယ်ပျိုမျစ်လိုက်တာ… ရင်ခုန်သံတွေတောင်ကြားလိုက်ရသလိုပဲ…
    အင်း… အမှတ်မထင်ကနေ အမှတ်ထင်ထင်ဖြစ်သွားတတ်ကြတာကပဲ အချစ်များလား…
    ကဲ… ကဗျာလေးရဲ့မြစ်ဖျားခံရာကို လူတွေက စိတ်ဝင်စားနေကြပြီဗျို့ … ညိုချောလေးလား… ဖြူသွယ်လေးလား… ၀မ်းသာစရာသတင်းလေးမျှဝေပါဦးကဗျာဆရာရေ…

    ReplyDelete
  20. စီဘော့ ဘယ်မှာလဲ။
    ကောင်းကင်ကို ငြိမ်လှချည်လား။

    ReplyDelete
  21. အားပါး... ဒီကဗျာလေးကို ခုမှ လာဖတ်မိတယ်

    ရင်ခုန်သံဆိုတာ ဖန်တီးယူလို့မရတဲ့ ဂီတ.. မှန်လိုက်တာ အကိုရယ်...

    အမှတ်မထင် ကဗျာလေးကို ဖတ်မိတဲ့ခဏ စိတ်ထဲမှာ မှတ်မှတ်ထင်ထင် ထည့်သိမ်းသွားတယ် :)

    ReplyDelete
  22. ကိုကောင်းကင်ကိုရဲ့ ကဗျာလေးတွေအားလုံးကို ကြိုက်မိပါတယ် ...
    ဒီကဗျာလေးကိုလည်း အရမ်းကြိုက်လို့ ကူးယူပြီး share ခွင့်ပေးပါနော်..

    ReplyDelete
  23. ဟုတ်ကဲ့ မချိုအိ။ ရတယ်ခင်ဗျ။း-)

    ReplyDelete