Thursday, February 5, 2009

ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်


သန်းခေါင်လက်တွေနဲ့ 

အမှောင်စက်တွေကို

အဆွေတော် ညက

အရည်ဖျော်ချလို့ နေပြီ။


ငါဟာ

မျက်နှာသေနဲ့ ကျောက်ရုပ်တစ်ယောက်

ခုတော့

မျက်လုံးထဲကလောက်တွေ

ပါးပေါ်ကို တစ်ပေါက်ပြီး တစ်ပေါက်

ငါ့ကိုသစ္စာဖောက်နေကြတယ်။


ငါကမ္ဘာလို့ ထင်ထားခဲ့တဲ့ ဥခွံ

အနုလွန် ပြီးတော့ အက်ကွဲ

အပြင်ဘက်မှာ ငါမခံနိုင်တဲ့ ငရဲပဲ ရှိတယ်။


ဘယ်အချိန်ကတည်းက ဝင်ခွေနေမှန်းမသိတဲ့ မီးတောက်မြွေတစ်ကောင်

ငြိမ်းဖို့ ကြိုးစားလိုက်မှ ပါးပြင်ထောင်ပြီး

ဒီဂရီ ဆဲလ်စီးယပ်များစွာနဲ့ ငါ့စိတ်ကိုလောင်တယ်။


ပူပြီးသား ရင်ဘတ်ကို တစိမ့်စိမ့်ထပ်နွှေးရင်း

ခလုတ်ကို ညှစ်လိုက်ဖို့  ငါ့လက်ညှိုးက ကွေးကွေးလာတယ်။

ငါ့စိတ်ကိုငါပြန်သတ်ဖို့ သွေးအေးလာတယ်။


ငါ့ကိုငါ ဖွင့်ခဲ့တဲ့ သော့တစ်ချောင်းဟာ

ရုတ်တရက်ပဲ ဓားတစ်လက် အသွင်ပြောင်း

ငါ့ကိုမောင်းနေတဲ့ ကြိုးကိုဖြတ်လိုက်တယ်။


ကိုယ့်နောက် ကိုယ်လိုက်ရင်းကိုယ်နဲ့ ဝေး

ကြိုးပြတ်သွားတဲ့စွန်ကလေးဟာ

လေထဲမှာတင် ပျက်စီးသွားနိုင်တဲ့အဖြစ်

မောင်းနှင်အားအသစ်တစ်ခုခုရဲ့ လက်မှာ

ဘဝသစ်ပြန်စခွင့်မှ ရပါတော့မလား


အသံလွှင့်စက်နဲ့ ကင်မရာ

တွဲပြီးပါတဲ့ မျက်နှာတွေရှေ့မှာမှ

ဒီအရှုံးသင်္ကေတတွေက တစ်စက်ပြီး တစ်စက်

ယောက်မမြင်းစီးထွက်တယ်။


သြော်...

ရင်ထဲက ငလျင်နဲ့ 

ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်တစ်ယောက်

မျက်လုံးထဲက လောက်တွေ

ပါးပေါ်ကို တစ်ပေါက်ပြီး တစ်ပေါက်

ငါ့ကို သစ္စာဖောက်နေကြပြီ။


ကောင်းကင်ကို

23 comments:

  1. the third one is cool! good luck for long fiture!

    ReplyDelete
  2. ဟူးးးးးးးးးးးးးး ကဗျာလေး ဖတ်ပြီး ရင်ထဲမှာ မွန်းကြပ် မောလျသွားတယ်။ ကဗျာလေး ကောင်းတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  3. ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ် ...
    အတွေးလေးလှလိုက်တာဗျာ ....

    ReplyDelete
  4. ကျောက်ရုပ်ကိုလာကြည့်သွားတယ်။

    ReplyDelete
  5. အရမ်းကောင်း တယ်...ညီ.....
    ကိုလည်း..ညီ့ ရဲ့  ပရိတ်သတ် တစ်ယောက်ပါ.....

    ReplyDelete
  6. ဖောက်ပါစေ အစ်ကို...။ သစ္စာဖောက်တတ်ခြင်းကိုယ်က လောကရဲ့ သစ္စာတရားတစ်ခုပဲလေ...။

    ReplyDelete
  7. ငါ့ကိုငါ ဖွင့်ခဲ့တဲ့ သော့တစ်ချောင်းဟာ

    ရုတ်တရက်ပဲ ဓားတစ်လက် အသွင်ပြောင်း

    ငါ့ကိုမောင်းနေတဲ့ ကြိုးကိုဖြတ်လိုက်တယ်။


    ကိုကောင်းကင်ကြီးရေ.. ဖတ်ရတာ အားရလိုက်တာ..

    ReplyDelete
  8. အသံလွှင့်စက်နဲ့ ကင်မရာ

    တွဲပြီးပါတဲ့ မျက်နှာတွေရှေ့မှာမှ

    ဒီအရှုံးသင်္ကေတတွေက တစ်စက်ပြီး တစ်စက်

    ယောက်မမြင်းစီးထွက်တယ်။
    ပြောစရာမလိုအောင်ကို ကောင်းနေတော့တာပါလားညီလေးရေ...

    ReplyDelete
  9. အစ်ကိုရေ!... ဖတ်ရင်း နဲ့ အလိုလို စိတ်မောမိသွားတယ်... ခံစားရပါတယ်...

    ReplyDelete
  10. ကဗျာ လာဖတ်သွားတယ်..။

    ReplyDelete
  11. (((ကျောက်ဖျက်)))
    ပြေးတော့.. ရပြီ..

    ReplyDelete
  12. ကြိုက်တယ် ..ကောင်းကင်ကြီး

    ReplyDelete
  13. တစိမ့်စိမ့် ဖတ်ပြီး တရိပ်ရိပ်တက်လာတယ် ။ ဒီလိုကဗျာတွေ ရေးတဲ့နေရာမှာတော့ ကိုကောင်းကိုလက်ဖျားခါတယ် ။ မျက်လုံးထဲကလောက်တွေ ပါးပေါ်ကို တစ်ပေါက်ပြီးတပေါက် ... ။ လှတယ်ဗျာ စာသား ။ သစ္စာတွေကတော့ သူတပြန်ကိုယ်တပြန် ဖောက်နေကြဆဲ ။

    ReplyDelete
  14. အပီအပြင်လာခံစားသွားတယ် ..

    ReplyDelete
  15. ကောင်းတယ်အစ်ကိုရာ
    မျက်လုံးထဲကလောက်တွေ တစ်ပေါက်ပြီးတစ်ပါက်...လန်းလိုက်တဲ့
    စကားလုံး

    ReplyDelete
  16. ခံစာပြီးဖတ်သွားတယ်ဗျိုး....

    ReplyDelete
  17. ဘော်..တစ်ယောက်ကလက်တို့ လှည့်ကြည့်လိုက်တာ
    အားပါးပါး..ကောင်းကင်မှာ ဓူဝံကြယ် နောက်တစ်စင်းကို
    နေ့ခင်းမှာ လတ်လတ်ဆတ်ဆတ်ပွင့်နေတာတွေ့လိုက်ရတယ်..
    ကဗျာရဲ့ အသံတွေ စည်းချက်ထည့်ထားတာ လှမှလှ..
    အရင်တင်ထားတဲ့ကဗျာတွေပါ..အားရပါးရ ကြည်နူးသွားပါကြောင်း....

    ReplyDelete
  18. ဖြစ်ပျက်နေတာတွေကို တစ်ပိုဒ်ချင်းဆီမှာ ရေးထားတာ သိပ်ပြီး ထိမိတယ်ဗျာ...
    ကာရံလည်းမိဆို.. စကားလုံးအကူတွေ သိပ်အားကောင်းလွန်းတယ် အစ်ကိုရေ..

    လေးစားလျက်
    edu

    ReplyDelete
  19. ကိုယ့်နောက်ကိုယ်လိုက်ရင်း ကိုယ်နဲ့ ဝေးသတဲ့လား ကဗျာဆရာ… ကိုယ့်ဆီက ကိုယ်က လွတ်မြောက်သွားတာလား… ကိုယ့်ဆီက ကိုယ်က ကိုယ်လွတ်ရုန်းသွားတာလား… သေချာတာက တခါတခါ ကိုယ်က ကိုယ့်ကို ပြန်ပြန်လွမ်း… တခါတခါ ကိုယ်က ကိုယ့်ကို ခါးခါးသီးသီးမုန်း… ကိုယ်နဲ့ ကိုယ်ဝေးခဲ့တာ ကြာခဲ့ပေါ့...

    ReplyDelete
  20. ကောင်းကင်ကိုရဲ့ ကျောက်ရုပ်ကိုဖတ်ပြီး ကျနော်လည်း နောက်ထပ် လူယောင်ဆောင်တဲ့ ကျောက်ရုပ်တရုပ်အကြောင်း ရေးလိုက်ပါတယ်။

    သုံးစားမရတဲ့ အပွင့်အခက်များကို
    ပုခုံးဘားအထက်မှာ ၀င့်လျက်သားတင်….

    မမြဲတရားတို့ကိုမမြင်
    ငရဲသွားဖို့ကိုပြင်
    တလွဲကြွားမလို့အပိုဆင်….

    မသေမချင်းလူထုငွေကို တလွဲဖြုန်း
    သရေကွင်းဥပဒေကို အမြဲသုံး

    မြန်မာမွဲအောင် လုပ်တတ်သူ။
    သံဃာလည်းမရှောင် အပြုတ်သတ်သူ။

    ပခုံးဘားဟာ အခက်တွေ ဝေနေလည်း
    နှလုံးသားမှာ ရတက်တွေ ပွေနေဆဲ။

    နောက်ပြုတ်မှ ပူသယောင်ယောင်နဲ့ ညစ်….
    ကျောက်ရုပ်က လူယောင်ဆောင်တဲ့ခေတ်။

    ReplyDelete
  21. ကိုကောင်းကင်ရေ ခံစားသွားပါတယ်။ အောက်ဆုံးအပိုဒ်က ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်တစ်ယောက် ဆိုတာကြီးက နည်းနည်းထောင့်နေသလားလို့ ။ ကျောက်ရုပ်တစ်ရုပ်ဆိုရင် ပိုကောင်းသွားမယ်နဲ့ တူတယ်။ ပြုတ် နဲ့ ကာရန်လှမ်းယူလိုက်ရတာပေါ့။ ခင်မင်လေးစားလျက်။

    ReplyDelete
  22. စာသားတွေကို အရမ်းကြိုက်တယ်။ကဗျာတွေက သိပ်ကောင်းတယ်နော်။
    ကျေးဇူးတင်ပါတယ်။ နောက်လည်းအများကြီးရေးနိုင်ပါစေလို့.........

    ReplyDelete