Friday, August 22, 2008

မွေးရပ်မြေရဲ့ အကြောင်း

ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။

ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်

ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား

ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။

“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။

ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
ကောင်းကင်ကို

31 comments:

  1. လာဖတ်ဖြစ်ပါတယ်။ :)

    ReplyDelete
  2. သံစဉ်လေးထည့်ပြီး
    ဆိုချင်စိတ်ပေါက်လာတယ်..
    သီချင်းလေးတစ်ပုဒ်လို.. :P

    “ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
    ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွားဓ

    သံရည်ပူတွေ...
    သံရည်ပူတွေ.........
    ဘယ်တော့များမှ............

    ReplyDelete
  3. အရမ်းကောင်းတယ်အစ်ကို...အမြဲအားပေးနေတယ်နော်...

    ReplyDelete
  4. ကာရံကလည်း..မိ..စကားလုံးတွေက..ထိ
    မွေးရပ်မြေအကြောင်း..ဟစ်ဟော့ပ်ဆိုရင်ကောင်း..
    တွင်းထွက်တွေကရောင်းလို့ ကောင်း..
    ပြည်သူတွေမှာ..ဗိုက်ဟောင်းလောင်း..

    ကိုကောင်းကဗျာက..ဖတ်လို့ ကောင်း...

    ReplyDelete
  5. ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
    မနှစ်ကလည်း ဒီနေရာ
    ဒီနှစ်လည်း ဒီနေရာ
    နောက်နှစ်လည်း ဒီနေရာ။
    သူငယ်ချင်းတောင် တော်တော် သဘောပေါက်လာပြီပဲ။

    ReplyDelete
  6. သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။
    ဒါက ကိုယ်လွတ်ရုန်းခိုင်းတာပဲ။အဲလိုမတိုက်တွန်းရဘူး သူငယ်ချင်းရ။
    အရေးအသားတွေကောင်းပါတယ်။

    ReplyDelete
  7. ဟားဟားဟ....ငါ့အစ်ကိုကတော့
    လုပ်ချလိုက်ပြန်ပြီ။

    ရေလည်လန်းတယ်။ ရင်ကို သွားထိတယ်။

    Good Job !!!!!

    ReplyDelete
  8. ဟာ့တ်ထိသွားသော ကဗျာများ ဆုကို ပေးသွားပါတယ်း)

    ReplyDelete
  9. ကောင်းချက် လန်ထွက်နေတာပဲ။

    နာမည်ကြီးဦးမယ်။

    ReplyDelete
  10. တစ်ပုဒ်လုံးမိုက်တယ်ဗျ
    “တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
    သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ” အဲ့စကားမှန်ချက်ကတော့ ကိုယ်တွေ ကိုယ်တွေ့ :)

    ReplyDelete
  11. ကိုကောင်းကင်ကို ကဗျာကို သဘောကျတယ်ဗျာ ကျေးဇူးပဲ

    ReplyDelete
  12. သံရည်ပူတွေကို ကျေကျေနပ်နပ် အလောင်းခံသွားတယ်…
    ကောင်းတယ်ဆိုတာနဲ့ တော့ မလုံလောက်တာ အမှန်ပဲ…

    ReplyDelete
  13. လန်းတယ် ဆရာရေ။ လွှတ်လန်းတော့တာပဲ။ စာတောင်းတာကြတော့ မပေးဘူး။ လူဇိုးကြီး။

    တက်တွေတချောင်းပြီး တချောင်းခတ်
    ဘ၀တွေ တလောင်းပြီး တလောင်းပျက်
    ကုန်ဈေးနှုန်းက သိကြားမင်းဖင်ဆောင့်အောင်တက်
    ညဥ့်ငှက်တွေတောင် အစာစားဖို့ခက်
    သူခိုး၊ ဓားပြတွေသာ မြတ်
    အ၀ှာမသားတွေသာ ခွေးစကားထွက်ရဲတဲ့ ခေတ်ပေမို့
    အကိုရေ ....
    ကျနော်တို့လဲ အေးဆေးပဲ ဒိုးပြား ပိုက်ဆံကြေးဆက်ရအောင်။ :P

    ဘွာတေး .. ဘွာတေး

    နောင်ရာဇ၀င် မရိုင်းရအောင် ...
    ကိုဒိုင်း ရေ ....
    လာ ...
    ဇိုင်းကြရအောင် .........။ :D

    lolzးD
    ရိုးသားမှုတွေကို မိုးကြိုးမကျခင် ခေါက်သိမ်းလိုက်ပြီ။
    ကြိုးစားမှုတွေကို ဒိုးပြားမရခင် နောက်မဆုတ်တမ်းဆိုရင်တော့ welcome
    အမြဲတမ်းလန်းနေမဲ့ ရင်မှာ ကမ္ဗည်းထိုးထားတယ်ဗျ။
    မိုးနတ်မင်းဆီကို ဆွေးဆွေးမြေ့မြေ့ဆုတောင်းတတ်သူတွေနဲ့
    အပေါင်းအသင်း မလုပ်ရပါစေနဲ့လို့။ :D

    မနောက်တော့ဘူး။ အမှန်အကန်လေး ရေးမယ်။ ဒီနေ့မှလဲ စာပြန်ရေးဖြစ်တော့တယ်။

    မွေးရပ်မြေကို ကြွေးဆပ်စရာ ကျန်နေတုန်းပဲ။
    ဆွေးပြီး ရပ်ကြည့်နေလို့တော့ မဖြစ်ဘူးလေ။
    ကျွေးတဲ့လက်ကို ပြန်ကိုက်နေတဲ့ သူပုန်အသေးလေးတွေက တမှောက် မဟုတ်လား။
    ဝေးတသက် သေသည်အထိတော့ သူများတိုင်းပြည်မှာ မနေချင်ပါဘူး။
    (ဆီဒိုးနားမှာ အပီခိုးစားတဲ့ ဇာတ်လမ်းတွေကို အားကျတယ်လေ။ :P)
    ခွေးဇာတ်သွင်းခံနေရတဲ့ လူလေးတွေကို နားချကြည့်ပေါ့။
    (သူတို့က အရင်ခွေးဖြစ်နေတာကိုး။)
    ကျွေးတသက် မိဘတွေကို ထောက်ပါဦးလို့
    ရွံကြောက်ကြီးနဲ့ ရပ်ကွက်လူမိုက်လို ဖြစ်နေတာကို အေးအေးသက်သာပဲဆိုလဲ
    အဟေး .... တော်သလင်းလ ရောက်တော့မယ်လို့သာ ပြောလိုက်ဗျာ။ :D

    ကဲ .. ဘယ်လိုမှ အတည်အခန့်ရေးလို့ မရတော့ဘူး။ အပြောင်အပျက်သဘောနဲ့ တောင်တက်သွားတယ် .. အဲလေ .. blog မှာ လာပြီး နောက်သွားတယ် သဘောထားဗျာ။ ဒိုးပြီ။ မအိပ်ရသေးဘူး။ :D

    စကားမစပ် ... လမ်းကြုံရင် ပြောပေးနော်။ သတိရဒယ်လို့။ ကွိခွိဂွိဃွိငွိညွိစွိဆွိ ( sweet sweet ဆိုတာ ကျနော့်ရဲ့ အချစ်ဆုံး မွေးစား ညီမလေးဗျ .. အခု လင်ရလို့ ကလေးတောင် ရနေပေါ့။ သူ့ညီမကျန်သေးတယ်။ လိုချင်ရင်ပြော။ :P )

    ReplyDelete
  14. ကဗျာတွေက အရေးကောင်း
    ဖတ်ရသူမှာ ပါးစပ်ဟောင်းလောင်း
    အဟောင်းတွေကလဲ မပြောင်း...

    ရာစုတွေက သောင်းပြောင်း
    တိုင်းပြည်ကြီးလဲ မရှေးမနှောင်း
    အနှေးနဲ့အမြန် မင်းပြောင်း

    ReplyDelete
  15. ကာရံတွေကို လေလိုသုံးသွားတာလား.. ဘရားသားရေ
း) အတွေးတွေလည်း မိုက်
    ကဗျာလေးကိုလည်း ခိုက်ပါတယ်..

    ReplyDelete
  16. လေးစားသမှု အရေးသားတုဖို့ ရင်ဘတ်ချင်းမတူနိုင်တာမို့ ဂရ၀ပြုသွားပါတယ်။

    ReplyDelete
  17. ရေရေလည်လည်..လန်းတယ်ဗျာ..
    ကိုကောင်းကင်ကိုရေ...

    ReplyDelete
  18. ကဗျာက တယ်လန်းပါလား ကောင်းကင်ကို။ သဘောကျတယ် ။

    ReplyDelete
  19. ခေတ်ကို ကဗျာနဲ့ မှတ်တမ်းတင်ရာမှာ တာဝန်ကျေပါဘိ။
    အမကတော့ ဟစ်ဟော့သီချင်းတပုဒ်လုပ်လို့ရတယ်ထင်တာပဲ။ သီချင်းအဖြစ် ဖန်တီးပြီး ဖြန့်ဝေစေချင်ပါတယ်။
    ဒါမှမဟုတ်.. ချလိုက်ရမလား...ပြော။

    ReplyDelete
  20. စစ်ခွေးတွေရဲ့ကျွန်ဖြစ်ရတာထက်သာတယ်ဆိုပြီး(go)ကြတာပဲဗျို့။

    ReplyDelete
  21. ကိုကောင်းကင်ကို ကျွန်တော်ဘလော့မှာ ပြန်ဖော်ပြချင်လို့ ခွင့်ပြုပါဗျာ

    ReplyDelete
  22. ကောင်းတယ်ဗျာ။ တော်တော်လေးခံစားသွားရတယ်။

    ReplyDelete
  23. ဘာပြောရမှန်း မသိလောက်အောင်ကို ကောင်းတယ် အကိုရေ...

    ReplyDelete
  24. ရင်အခုန်ရပ်သွားတယ်

    ReplyDelete
  25. ကောင်းကင်ရေ.. တယ်မိုက်ပါလား။ Bravo....

    ReplyDelete
  26. တော်လိုက်တာလို့ အရင်ပြောမယ် မှတ်ထား
    သိပါတယ်ရှင် လာလည်သွားတာ တအား
    ဖတ်ရင်းဖတ်ရင်း တကယ်ကို ကြိုက်သွား
    ရင်ထဲရှိတာ ဖလှယ်ထားတာ အမိုက်စား
    ကောင်းကင်ကိုရဲ့ မွေးရပ်မြေ အတွက်ဆုတောင်းသွား

    ReplyDelete
  27. ဟစ်ဟော့ပ်စာသားလိုလေး
    ကောင်းတယ် ဆန်းတယ် အားပေးမယ် စာအုပ်ထုတ်နိုင်ပါစေ။

    ReplyDelete
  28. ရောက်လာပါပြီခင်ဗျာ .. ပြောင်းလိုက်ပါပြီ မူပိုင်အမည်ခုမှသိရလို့ပါခင်ဗျာ..
    Mail forward ရတော့ ပထမက အစ်ကိုဖတ်ရတဲ့ နံမည်ပါပဲ..
    ခုမှ အစ်ကိုပြောပြလို့သိရတာပါဗျာ...
    နားလည်ပေးစေချင်ပါသည်။
    တင်ပြီးသားဖြစ်နေလို့ ခွင့်ပြုပါဗျာ

    ReplyDelete
  29. ကသစ်ငြိမ်းOctober 3, 2009 at 3:38 PM

    အရမ်းကိုကောင်းတဲ့ ကဗျာတပုဒ်ပါ
    ခံစားချက်တွေ စစ်ထုတ်နေလို့ နဲ့ တူတယ်
    အားပေးပါတယ် များများရေးနိုင်ပါစေ။။

    ReplyDelete
  30. ကဗျာဆိုပေမယ့် ဟစ်ပ်ဟော့ပ်လိုပဲ...အသံထည့်လိုက်ပြီးခွေထုတ်လိုက်ရင် အတော်မိုက်မယ်... ကောင်းတယ်

    ReplyDelete
  31. Bravo ....Bravo ....Bravo !!!

    ReplyDelete