Saturday, February 23, 2008

God ခဏဖြစ်သွားခိုက်(သရော်စာ)


Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ GodGoogle ရဲ့ God အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။

အခု ဟောဒီ့ God လက်ဆယ်ချောင်းနဲ့ အံသြဖွယ်ရာ ပဉ္စလက် ကို ဖန်တီးနေတယ်။ စင်ကာပူက သူငယ်ချင်း တွေကို မြန်မာပြည်ထဲကနေ Gtalk ကနေ လှမ်း စကားပြောနေတယ်။ email တွေလှမ်းပို့နေတယ်။Google က အလကားပေးထားတဲ့ အတောင်ပံနဲ့ ကမ္ဘာတစ်ပတ်ပျံနေတယ်။ slow motion နဲ့ ပျံနေတယ်။ (မြန်မာပြည်မှာ အင်တာနက်သုံးရတာသိပ်နှေးတာကိုး။) ဘာပဲဖြစ်ဖြစ်လေ၊ God ကျေနပ်ပါတယ်။

ကမ္ဘာပြားပြီဆိုတာ တကယ် မှန်တာပဲ။ ဒီ အင်တာနက်ခေတ်ကြီးထဲမှာ ဘယ် မှာနေနေ အခွင့်အရေးက အတူတူပဲ။ တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့ လွယ်လွယ်လေး ဆိုတာကို ကိုယ်တွေ့ကြုံလို့ ယုံသွားပြီ။ အရာရာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ကျေနပ်မှု အရသာကို ပျော်ပျော်ကြီးခံစားနေရပြီ။ ဒီလိုနဲ့ ပျော်ပျော်ကြီး ကမ္ဘာတစ်ပတ်ပတ်နေတုန်းမှာပဲမီးက ရုတ်တရက်ပျက်သွားတယ်။ UPS ကမနိုင်ဘူးဗျာ။ ကွန်ပျူတာပိတ်သွားတော့တာပေါ့။ မီးကလဲ၊ ပျက်မှာဖြင့် ပြတ်ပြတ်သားသားပျက်ရောပေါ့။ ခုတော့မဟုတ်ဘူး။ God ဆိုင်ထဲက မထွက်ခင် မှာပဲ မီးကပြန်လာတယ်။ ဒါနဲ့ ပဲ God ကွန်ပျူတာ ပြန်ဖွင့်ပြီးGod ရဲ account ထဲပြန်ဝင်ရောဆိုပါတော့။ ခုနစ်မိနစ်လောက်ကြာတယ်။ ဒီလိုနဲ့  Gtalk ပြန်တက်ရုံပဲ ရှိသေးတယ်။ သောက်မီး ကထပ်ပျက်ပြန်ရော။ တောက်…EPC ကလူတွေကလဲ ဆော့စရာတော်တော်ရှားတယ်ထင်တယ်။ ဒီလောက်တောင်ဆော့ချင်နေလဲ…တောက်... ပြောလိုက်ရရင်မကောင်းဘူး။ UPS ကမနိုင်တော့ Computer က ထပ်ပိတ်သွားတော့တာပေါ့။ God တော်တော် စိတ်တိုသွားတယ်။ ကျေနပ်တဲ့ အရသာတွေ ဘယ်ပျောက်သွားမှန်း မသိဘူး။ စိတ်တိုတိုနဲ့ပဲ ကွန်ပျူတာဆီကနေ ခွာလိုက်တယ်။ ကမ္ဘာကလဲ နာရီဝက်လောက်ပဲ ပြားနိုင်တော့ တယ်။စင်္ကာပူကကောင်တွေ၊ မင်းတို့ဘာသာ မင်းတို့ ဆက်ပြားကြတော့၊ ငါကတော့ ပြန် လုံးပြီ လို့ စိတ်ထဲကနေ ပြောလိုက်တယ်။ ပိုက်ဆံရှင်းတော့ ဆိုင်က အဲဒီလို ဖြစ်တာ သိသိကြီးနဲ့ နာရီဝက်စာ အပြည့် ယူတယ်။Google ကို ပိုက်ဆံမပေးခဲ့ရတဲ့God ခုတော့ ဘာမှသိပ်မလုပ်လိုက်ရပဲ Cyber Cafe ကို နာရီဝက်စာ အင်တာနက်သုံးခ အောင့်သက် သက်နဲ့ ပေးလိုက်ရပြီ။God တော်တော်စိတ် တိုသွားပြီးတော့ နောက်ဒီဆိုင်ကို ဘယ်တော့မှ မလာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။

Cyber Café ကနေစိတ်တိုတိုနဲ့ ထွက်လာပြီးတော့ God စာအုပ်ဆိုင်တဆိုင် ကိုဝင်လိုက်တယ်။ God က English သိပ်မကောင်းဘူး။ Vocabulary သိပ်မကြွယ်ဘူးဗျာ။ God “မသိမဖြစ်ဝေါဟာရများ” ဆိုတဲ့စာအုပ်တအုပ်တွေ့ တယ်။ အသုံးများတဲ့ English စကားလုံးတွေစုပေးထားတာလို့ God ထင်တယ်။ God လည်းစိတ်ဝင်စားသွားပြီးတော့ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တာပေါ့။ တွေ့ ပါပြီဗျာ။ မသိမဖြစ်စကားလုံးတွေ။ “တို့ တာဝန် အရေးသုံးပါး”တဲ့။ “ပြည်သူ့ သဘောထားတဲ့”။ တော်ပြီ၊တော်ပြီ၊ဒီစကားလုံးတွေကတော့ ကြားရတာများလွန်းလို့ လူမပြောနဲ့ ၊အိမ်ကရွှေဝါတောင်အလွတ်ရနေပြီ။ God ဘာစာအုပ်မှ မဝယ်ပဲ စာအုပ်ဆိုင်ထဲကနေ ချာကနဲလှည့်ထွက်ခဲ့တယ်။ God ကို စိတ်တိုရန်ကောလို့ အပြစ်မတင်နဲ့ ။ God က Cyber Café ကထွက်လာကတည်းက ကျွဲမြီးတိုလာတာ။ စာအုပ်တိုင်းမှာ အဲဒါတွေမထည့်မနေရဆိုတာတွေ ဘာတွေ တွေးမနေနိုင်တော့ဘူး။

ဒီလိုနဲ့ စိတ်တိုတိုနဲ့ စာအုပ်ဆိုင် ထဲကနေ ထွက်လာပြီးတော့ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ထဲကို ၀င်ထိုင်လိုက်တယ်။ God ကိုတော်တော်ဂရုစိုက်ကြတာပဲ။ ဘယ်သူက မှ ဘာမှ လာမမေးကြဘူး။ Godကို အရှင်လတ်လတ်ကြီး မြင်နေတာတောင် ဒင်းတို့ က အဖက်မလုပ်ကြဘူး။ စားပွဲထိုးတစ်ယောက်ကို တော် တော် ခေါ်ယူတယ်။God လည်း ကွေကာ ပလိန်းတစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးလာချ တော့ ကော်ဖီမစ်(စ်)ပလိန်း။ ဒါနဲ့ ပြန်လဲခိုင်း လိုက်ရတယ်။ ပြန်လဲပြီးတော့လည်း ဖျော်စရာ ရေနွေးခွက်က ပါမလာပြန်ဘူး။ God က လည်း God ဆိုပေမယ့် တကယ့် God အစစ် မဟုတ်တော့ ရေနွေးမပါဘဲနဲ့ ကွေကာအထုပ် ချည်းပဲသက်သက် ဖျော်သောက်နိုင်တဲ့ နည်းစနစ် ကို မဖန်တီးနိုင်ဘူး။ ဒါနဲ့ ရေနွေးမှာရင်း ခံတွင်းချဉ်လာတာနဲ့ ငါးသုံးလုံး စီးကရက်တစ်ပွဲ ပါ မှာလိုက်တယ်။ လာချတော့ လန်ဒန်။ အလိုက်တသိနဲ့ မီးခြစ်လည်း ယူမလာပြန်ဘူး။ စားပွဲထိုးတွေက အလုပ်ကို တော်တော်စိတ်ဝင်စားတာပဲ။ ဒါနဲ့  God သူတို့ ကို လခ ဘယ်လောက်ရလဲစပ်စုကြည့် တော့ ၆၀၀၀ တဲ့။ တစ်လကို ၅ ဒေါ်လာ ကြီးများတောင်မှ။ တော်တော်အလုပ်ကြိုးစားချင်စရာကောင်းတဲ့ လခပဲ။ ဆိုင်ရှင်ကလည်း management ညံ့လိုက်တာ။ God တွေကို ဂရုမစိုက်ဘူး။God တွေကလည်း God တွေပဲ။ တစ်ခါတလေ တချို့ God တွေက လ္ဘက်ရည်တစ်ခွက်ပဲမှာပြီးတနေကုန်ထိုင် လေ ကန်ချင် လေကန်ကြတာ။God ရဲ့သူငယ်ချင်း တချို့  God တွေဆို လ္ဘက်ရည်လေးတစ်ခွက် ကိုယ်စီမှာပြီး ကမ္ဘာကြီးကို ဟိုလိုဖန်တီးပစ်မယ်၊ ဒီလိုဖန်တီးပစ်မယ် ဆိုတဲ့စကားတွေကို အာပေါင် အာရင်းသန်သန်နဲ့ ဝေဖန်လေကန်နေလိုက်ကြတာ တစ်ခါတလေ ၃ နာရီ၊ ၄ နာရီ လောက်ကြာ တယ်။ ဒါပေမယ့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းမပေးရင် မကြည်ဘူး။ ရေနွေးအိုး အသစ်လဲမပေးရင် မကြိုက်ဘူး။ အားလုံးချုပ်ပြီး တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် အနားက စပြင်သင့်သလဲတော့ မသိ ဘူး။ ဟိုတွေး၊ ဒီတွေး လျှောက်တွေးရင်း စိတ်ညစ်လာာနဲ့ God လည်း ပိုက်ဆံ မြန်မြန်ရှင်း၊ ပါးစပ်ကို တစ်ရှူးနီနီကြီးနဲ့သုပ်ပြီး လ္ဘက်ရည်ဆိုင်က မြန်မြန်ထလာခဲ့တယ်။ အိမ် ပြန်ဖို့ ဘတ်(စ်)ကား ဂိတ်ကို သွားရတာပေါ့။

ဒီလိုနဲ့ ဘတ်(စ်)ကားလဲ လာ ရော၊ God တွေ အများကြီး ကားပေါ်တိုးကြိတ် တက်ရတယ်။ လူစပါယ်ယာက God တွေကို ကားအတွင်းထဲ အတင်းတိုးခိုင်းနေတယ်။ ဆဲဆို နေတယ်။ God တွေက လူစပါယ်ယာကို ပြန် ကြောက်နေရတယ်။ တချို့  God တွေလည်း ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ပဲ လူစပါယ်ယာ တွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။God တွေခမျာ ဆင်းရင်လည်း God နဲ့တူအောင် မဆင်းရဘူး။ တစ်ခါတလေ လူစပါယ်ယာက တွန်းချတာခံရတယ်။ God ရဲ့အမေဆို တစ်ခါ သူခြေထောက်နာနေတုန်း လူစပါယ်ယာက တွန်း ချတာခံရလို့ နောက်ဘယ်တော့မှ ဘတ်(စ်)ကား မစီးတော့ဘူး။ ဒီတော့ အိမ်ကနေခွာလို့ မရ တော့ဘူးပေါ့။ ကိုယ်ပိုင်ကားမှ မရှိတာ။God အမေ God မကြီး ခြေထောက်ကျိုးသလို ဖြစ်သွားတာပေါ့။

ဒီလိုနဲ့  God လည်း အိမ်ပြန်ရောက် လာရောဆိုပါတော့။ စိတ်မောတာနဲ့ ရေသန့် တစ်ခွက်သောက်လိုက်တယ်။ ရေသန့်လို့သာ ပြောရတယ်။ တကယ်သန့်၊ မသန့်တော့ မသိ ဘူး။ ရေသန့်တွန်းလှည်းနဲ့ လာပို့တဲ့သူတွေက uniform လည်းဝတ်မထားဘူး။ နောက်ပြီး ရေသန့်ဗူး တံဆိပ်က တစ်ခါကို တစ်မျိုး။ ဗူးပေါ်က တံဆိပ်နဲ့ ပလတ်စတစ်ပတ်ပေါ်က တံဆိပ်ကလည်း တူချင်မှ တူတာ။ တစ်ခါတလေဆို ရေသန့်ဗူး တွေက မြင်မကောင်းလောက်အောင်ကို မည်း သည်းညစ်ပတ်နေသေးတယ်။ မတတ်နိုင်ဘူး။ ရေကျက်အေး ကျိုသောက်ဖို့ကလည်း မီးမှမလာပဲ သန့်သန့်၊ မသန့်သန့် ဒါပဲ သောက်ရမှာပဲ။ ညစ်ပတ်တာကို ကိုယ့်မျက်စေ့နဲ့ တပ်အပ်မမြင်ရရင်ပြီးတာပဲ။ ရောဂါပိုးတွေကို အကောင်လိုက် ရေထဲမှာ မမြင်ရရင် ပြီးတာပဲ။

ဒီလိုနဲ့ ညရောက်လာတော့ တစ်နေကုန် မောသမျှကို ဖြေဖျောက်ဖို့ သူငယ်ချင်းတစ်ယောက် ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက် လာတယ်။ အဲဒီမှာလည်း စားပွဲထိုးတွေနဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ စိတ်ညစ်တယ်ဗျာ။ တစ်နေကုန် God သာ ဖြစ်နေရတယ်။God ဖြစ်ခြင်းရဲ့ အရသာစစ်စစ်ကို ခုထိ မခာံးရ သေးဘူး။ ခုချိန်ထိ ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြီး ရောင်းမယ့်သူ၊ ၀န်ဆောင်မှုပေးမယ့်သူတွေ မတွေ့ သေးဘူး။

ဒါပေမယ့် နောက်ဆုံးတော့ အဲဒီအခိုက် အတန့်ကို ရောက်လာတယ်။God တကယ် ဖြစ်မယ့် အခိုက်အတန့်ကို ရောက်လာတယ်။ ကောင်မလေး ချောချောလေးတွေများ ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ စီးကရက်တွေကို marketing များ လာလုပ်ဦးမလားလို့ မျှော်နေတုန်းမှာပေါ့။ စာလေးခွေ ရောင်းတဲ့ အဘွားကြီးတစ်ယောက် ရောက်လာတယ်။ အားပေးကြပါ၊ သားတို့ရယ်၊ ရှိခိုးဆိုရင် ရှိခိုးပါ့မယ်” တဲ့။ ကြည့်စမ်း။ လူတွေအဲဒီလောက်တောင်ဆင်းရဲ ကြပ်တည်းလာပြီလား။ စာလေးခွေလေး ၁၀၀ ဖိုးရောင်းရဖို့ အရေး ကိုယ့်ကို ရှိခိုးပြီး ရောင်းမယ့်သူ ပေါ်လာပြီ။ကျွန်တော် God တကယ်ဖြစ်ပြီ။

ဒါပေမယ့် ကျွန်တော် မပျော်နိုင်ဘူးဗျာ။God ဖြစ်ခြင်းရဲ့ အရသာကို မခံစားရရင်လည်း နေပါစေတော့။ အဲဒီလို God မျိုးတော့ မဖြစ် ချင်ပါဘူးဗျာ။

ကောင်းကင်ကို

(၂၀၀၆ ခုနှစ် ဒီဇင်ဘာ က ရန်ကုန်တွင်ရေးခဲ့ပါသည်။)

post အဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်။
to download click here

27 comments:

  1. အရမ်းကို စာရေးကောင်းပါတယ်.. post တော်တော်များများကို ကြိုက်ပါတယ်.. ဆက်ပြီးအားပေးနေပါ့မယ်...

    ReplyDelete
  2. Hi 3K,

    So sad. I really fell bad. Because of our stupid govt....
    Thanks for ur post..
    MM

    ReplyDelete
  3. အားပေးနေမယ် ကောင်းကင်ကို..
    သရော်စာတွေ သိပ်ကောင်းတယ်ဗျာ..

    ReplyDelete
  4. ကျွန်ုပ်လည်း ကျပ်ပြေးမျှစ်ချဉ် ကို မြည်းရင်း... မင်းဒမြတောင် စီးကရက်ကို တစ်ချက်မျှ ဖွာရှိုက်လိုက်လေသည်။ ဟိုးတရက်က
    ကင်ဂျုံအီး လက်ဆောင်ပေးထားသော မှို တစ်ဖတ်နှိုက်လိုက်... အီရန်မှ သံပုရာနှင့်နှပ်ထားသော ဆိတ်သားကင်ကို ကိုက်လိုက်... ၀မ်ကျားပေါင် လက်ဆောင်ပေးထားသော ကြွေခရားထဲတွင်... ရုရှမှ ဗော်ဒကာ အရက်ကိုထည့်ကာ တမျှဉ်းမျှဉ်းသောက်ရမည့်အစား... မော့နေကျ အာမီရမ်မော့သလိုအငမ်းမရ မော့လိုက်လေ သည်။
    အမှောင်ကြီးထဲရောက်သွားသလို... မိုက်ကနဲဖြစ်သွားရင်း... အို..ဘုန်းကြီးတွေ...ဘုန်းကြီးတွေ... သွေးတွေနဲ့..ကျုပ်သတ်တာမဟုတ်ဘူး... ကျုပ်မသတ်ဘူး... ကျုပ်မသတ်ဘူး........ ကျုပ်ကိုလာခေါ်နေကြပြီ... မလာကြပါနဲ့.. မလာကြပါနဲ့... စိုးဝင်း စိုးဝင်း.. ကျုပ်ကို လာခေါ်နေပြီ... ဗလုံးဗထွေးရေရွတ်လိုက် လေသည်။ ရင်တခုလုံး ဖားဖိုထိုးသကဲသို့ မောဟိုက်လှ၏။ ရေကဆာလှသည်။ ဇီးကင်းခန့် ချွေးစေးများလည်း ပြန်နေသည်။ (တပ်ချုပ်ကြီး..တပ်ချုပ်ကြီး.. ကိုယ်ရံတော်လေး သန့်ရှင်း) အော်.. ကျုပ် သေခါနီးလို့ ငရဲ နိမိတ်တွေထင်နေတာပါလား။ (သန်းရွှေ ဘက်မှ ခံစားတင်ပြသည်။)
    ပုံ... ငှဲလျောင်း ငှဲလျောင်း (ဝေသာလီ ပုံနား)

    ReplyDelete
  5. အော်လူတွေလူတွေ
    ဒုက္ခတောမှာမျောနေရပါလား

    ReplyDelete
  6.်အရမ်းကောင်းတာပဲ ကိုကောင်းကင်ကိုရေ ရေးထားတာ။ သရော်စာဆိုတဲ့အတိုင်းဖတ်ရင်း စိတ်လည်းတို၊ ရယ်လည်းရယ်ပြီးတော့ဖတ်နေတာ။ နောက်ဆုံးကျတော့ပါးစပ်ပိတ်သွားရတယ်။ရသမြောက်
    ပါတယ်။

    ReplyDelete
  7. hehe funny god,
    I like this post according to your real experience. :P
    This is Myanmar heehe

    ReplyDelete
  8. တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် “အနား” က စပြင်သင့်သလဲတော့ မသိ ဘူး။
    မိုက်တယ်ညီလေးရေ..အတွေ့အကြုံလေးတွေကိုသရော်
    စာအဖြစ်ပီပြင်အောင်ရေးနိုင်ပါတယ်။ညီလေးတို့ရဲ့ခံစား
    ချက်တွေကမြန်မာပြည်နဲ့ဝေးနေရတာမကြာသေးတော့ပို
    ပြီးလတ်ဆတ်တာပေါ့..များများရေးပါ.အားပေးနေတယ်

    ReplyDelete
  9. ကျမ သိပ်ကြိုက်တယ်ဗျို့ ။ မြန်မာပြည်မှာ မ GOD နိုင်သူအပေါင်း မြန်မြန် GOD နိုင်ပါစေသောဝ်။

    ReplyDelete
  10. ကမ္ဘာကလဲ နာရီဝက်လောက်ပဲ ပြားနိုင်တော့ တယ်။“စင်္ကာပူကအကောင်တွေ၊ မင်းတို့ဘာသာ မင်းတို့ ဆက်ပြားကြတော့၊ ငါကတော့ ပြန် လုံးပြီ” လို့ စိတ်ထဲကနေ ပြောလိုက်တယ်။

    What a nice post. Good job.

    ReplyDelete
  11. အစ်ကိုရေ ကြိုက်တယ်ဗျ။

    စိတ်တော့မဆိုးနဲ့နော်
    အဲလိုလူတွေနဲ့တွေ့တော့
    GOD ကနေ DOG ဖြစ်သွားသလားဗျ။

    မေတ္တာဖြင့်
    ဟန်သစ်ငြိမ်

    ReplyDelete
  12. Nice post. So you have read "The World is Flat"?:)

    ReplyDelete
  13. သိပ်ကောင်းတဲ့သရော်စာတွေကိုရေးနိုင်တဲ့
    ကောင်းကင်ကို ကို လေးစားပါတယ်ဗျာ...

    ReplyDelete
  14. ရန်ကုန်မြို့ ထဲပြန်ရောက်သွားသလိုပဲ.. လစာထုတ်တဲ့တရက်ကလေး GOD ဖြစ်ဖို့ အရေး အရောင်းစာရေးတွေနဲ့ ခနခန ရန်ဖြစ်နေကြရတဲ့ သူတွေ ထဲကတယောက်ပါ
    ကြိတ်ထား....ကိုကောင်းရေ

    ReplyDelete
  15. ရန်ကုန်မြို့ ထဲပြန်ရောက်သွားသလိုပဲ.. လစာထုတ်တဲ့တရက်ကလေး GOD ဖြစ်ဖို့ အရေး အရောင်းစာရေးတွေနဲ့ ခနခန ရန်ဖြစ်နေကြရတဲ့ သူတွေ ထဲကတယောက်ပါ
    ကြိတ်ထား....ကိုကောင်းရေ

    ReplyDelete
  16. ဟားဟား မိုက်သဗျာ...

    ReplyDelete
  17. ရန်ကုန်က မွန်းကျပ်နေတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းကိုမြင်သွားစေပါတယ်။ သရော်စာဆိုပေမဲ့ အပြုသဘောဆောင်တဲ့ သရော်စာကောင်းတပုဒ်ပါ။

    ReplyDelete
  18. ဒီသရော်စာဟာ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါ။ ကြိုက်လွန်းလို့ ခဏခဏဝင်ဖတ်ပါတယ် :)

    ReplyDelete
  19. ခံစာချက်တွေ ကောင်းပါတယ်။ မြန်မာမှာ လူအတော်များများက God ကို God မှန်းမသိကြသေးတာကတော့ ဆိုးတယ်။........ဆက်လက်အားပေးမှာပါ။...

    ReplyDelete
  20. ဒါပါနဲ့ဆိုအခေါက်တော်တော်များပါပြီ လာဖတ်တာ
    တော်တော်ကြိုက်တဲ့သရော်စာတစ်ပုဒ်ပါပဲ

    ReplyDelete
  21. Hats off to you. great post.

    ReplyDelete
  22. အစ်ကို ကောင်း ဒီပို့စ်လေးကို http://kyawkyawthet.blogspot.com မှာ ပြန်တင်ပါရစေဗျာ။ ကြိုက်လွန်းလို့ ၊ မဖတ်ရသေးတဲ့ ဘော်ဘော်တွေရှိရင်လဲ ဖတ်မိအောင်လို့ပါ

    ReplyDelete
  23. အင်း ရတယ်ညီ။ ကျေးဇူးး-)

    ReplyDelete
  24. အကို ကောင်းကင်ကို


    အရမ်းတော်တယ်
    အရမ်းမိုက်တယ် အဲရေးထားတာတောင်နည်းသေးတယ်

    ReplyDelete
  25. ကောင်းကင်ကို: ကိုယ့်ထက်ငယ်လား ကြီးလားတော့ မသိဘူး..... ဦးအောင်တော့ တွယ်လိုက်ဦးမယ် :P ..... ညီလေးကောင်းကင်ကိုရေ.... ရေးလက်စနဲ့ နိုင်ငံရပ်ခြားက ပြန်လာတဲ့ God တွေရဲ့ မွေးရပ်မြေသို့ ခရီးတစ်ခေါက်မှာ ဘယ်လောက်များ God ဖြစ်ခြင်းရဲ့ အရသာရခဲ့သလဲဆိုတာလေးပါဆက်ရေးပေးပါဦးလို့ အစ်ကို Request လုပ်ပါတယ်.... :

    ReplyDelete
  26. ဟုတ်ကဲ့ အကို ဖိုးချို၊ ရေးလိုက်ပါမယ်ဗျး-)

    ReplyDelete