Monday, June 13, 2016

မဟာကရုဏာရှင်ကြီးများ ခင်ဗျား

ရှေးခေတ်ကြမ်းကြမ်းက
ပဟေဠိတန်းလန်းနဲ့ ဥာဏ်ကွန့် စကားတွေ
အငွေ့ပျံ... တက်သွားလေသလား။
ကောင်းကင်မှာ
ရွှေရောင်ဝင်းဝင်းအရုပ်တွေနဲ့... သွေးရောင်ရဲရဲ အရုပ်တွေ
ကြည့်ရှုသူတွေရဲ့ နှလုံသားပေါ်မူတည်ပြီး
အသွင်အမျိုးမျိုး ဆောင်နေကြတယ်။

အမုန်းအိမ်သာထဲက
ရေဆွဲချ မထားတဲ့ ကျိန်စာတွေကို
ဘုရားသခင်ရေးခဲ့တာပါလို့
ဘယ်မသာ credit ပေးခဲ့တာလဲ။

အဓိပ္ပါယ် လွဲသွားတဲ့ သင်ခန်းစာတွေနဲ့
အဆိပ်မပြယ် အမြဲမှား အမြင်ကန်းတာတွေ
လက်ထပ်ထိမ်းမြားကြတဲ့အခါ
ငရဲပြည်တစ်ခု မွေးဖွားလာတယ်။

သာသနာပြုသူတွေရဲ့ ခြေထောက်မှာ ဗွေပါကြသလို
အကြမ်းဖက်သမားတွေရဲ့ DNA မှာလည်း အတောင်ပံပါကြတယ်။
ဒီလိုနဲ့ အဲဒီငရဲဟာ ဒေသအမျိုးမျိုးကို ကြွလာခဲ့တယ်။
အဲဒီငရဲဟာ 9/11
အဲဒီငရဲဟာ မိတ္ထီလာ
အဲဒီငရဲဟာ ချာလီဟက်(ဘ်)ဒို အကြမ်းဖက်မှု
အဲဒီငရဲဟာ အော်လန်ဒိုဂေးကလပ်

အာဏာရှင်သူခိုးတွေနဲ့
ဘာသာဝင်ဆိုးတွေ
ပါလာရင်...
ဇာတာခွင် ဆိုးတော့တာပဲ။

ကြည့်စမ်း။
ပြည်သစ်တည်ရေး ဓားတွေ အလကားဖြစ်ကုန်ပြီ
အနှီ ချစ်ကြည်ရေး စကားတွေ မတရားညစ်ကုန်ပြီ
အငြိုးနဲ့ မီးပျိုးလာတာကို ရပ်ပါတော့။
အရိုးနဲ့ စည်းရိုးကာမှာကို ရပ်ပါတော့။

ဘုရားရှင် နဲ့ ဘုရားသခင် ခမျာ
အုတ်ဂူမှာ တံတွေးထွေးခံနေရတော့
ပြောရေးဆိုခွင့် နဲ့ ပြောနိုင်ဆိုနိုင်စွမ်းသာ ရှိသေးရင်
ဥာဏ်အလင်းရခဲ့တာ မှားတယ်လို့များ ဟောလေမလား။
ဖန်ဆင်းပြခဲ့တာ မှားတယ်လို့များ ပြောလေမလား။

လူသတ် ဝါသနာအိုးတွေ လက်ချက်နဲ့...
အပူသတ် သာသနာ မိုးတွေ
အဆိပ်ဖြစ်လိုဖြစ်
စနိပ်(ခ်) ဖြစ်လိုဖြစ်နဲ့။

မဟာကရုဏာရှင်ကြီးများ ခင်ဗျား
ဝမ်းနည်းပါတယ်။
ခင်ဗျားတို့ ပေးတဲ့ လက်ဆောင်ကောင်းတွေ
အသက်ထောင်သောင်း ခြွေ နေလေရဲ့။

ကောင်းကင်ကို (ဇွန် ၁၃ - ၂၀၁၆)
(အော်လန်ဒို ဂေးကလပ် အကြမ်းဖက်မှုကို အကြောင်းပြုပြီး ခြုံငုံရေးလိုက်တာပါ)
 

No comments: