Wednesday, October 31, 2012

လားပေါင်းများစွာ

ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၆) ထဲ ကပါ။ ဂျာနယ် တစောင်လုံးကို http://www.calameo.com/books/0013876787035e5b24c7f မှာ download လုပ်လို့ ရပါတယ်။

လားပေါင်းများစွာ 

 အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာယူဖို့ အကျင့်စာရိတ္တ မကောင်းသူတွေထံမှာ အောက်ကျို့ဖို့ လိုတုန်းပဲလား။

 ဝေဖန်လို့ နောက်ပြန်လှည့်မယ်ဆိုရင် အစိုးရဆိုတာ အမြှောက်အပင့်ကြိုက်တဲ့ ဆယ်နှစ်သား ကလေးလား။

 “ကိုယ့်ဟာကိုယ် ကြိုးစားကြ၊ ထိုက်တန်ရင် အခွင့်အလမ်းရမှာပဲ” လို့ ထပ်တလဲလဲ ပြောချင်နေရင် နိုင်ငံရေး လုပ်မဲ့အစား တက်ကျမ်း ပြောင်းရေးကြည့်ပါလား။

 ရိုဟင်ဂျာအရေးဟာ အပြစ်အားလုံးကို ကျေစေနိုင်တဲ့ နတ်ရေကန်တခုလား။

 တိုင်းရင်းသားအခွင့်အရေးတွေ မပေးဘူး ဆိုရင် တိုင်းရင်းသား ဆိုတဲ့ စကားလုံးဟာ နိုင်ငံသားအချင်းချင်း အကိုကြီး၊ညီလေး ခွဲခြားရုံလား။ အကိုကြီးမို့ အဖအရာဆိုပေမဲ့ George Orwell ရဲ့ Big Brother ကို သိတယ်မို့လား။

ရွေးကောက်တင်မြှောက်တယ် ဆိုတာ အများစုက အနည်းစုကို မဲအရေအတွက်နဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်လိုက်တာလား။

စနစ်ကြောင့်ပဲ ဖြစ်ဖြစ်၊ သူ့ဘာသာသူ ညံ့လို့ ဖြစ်ဖြစ် ငတ်လို့ခိုးတာကို လက်မခံနိုင်ဘူးဆိုပြီးမှ ကိုယ်ကိုယ်တိုင်ကျ မငတ်ဘဲနဲ့တောင် software တွေ ခိုးနေတယ်မို့လား။

အိပ်မက်ထဲမှာ ဟစ်တလာကို အပြစ်တင်လိုက်တော့ ကိုယ်ကြားဖူးနေကျ ဆင်ခြေမျိုးနဲ့ ခပ်ဆင်ဆင် ပြန်မေးလာတာက… “မင်း..ဂျူးတွေနဲ့ နေဖူးလို့လား။”

Time machine ဆိုတဲ့ ရထားနဲ့၊ ဟိုးရှေးရှေးကို ပြန်သွား…ကမ္ဘာဦးကာလထဲမှာ နေရမယ်ဆိုရင် မုဆိုးတွေကို ကဲ့ရဲ့ ဦးမှာလား။

အနောက်ဘက်အတွက် စိတ်ဇော…ဇောက်မနက်တဲ့ စိတ်သဘောနဲ့…တပ်ထဲတောင်ဝင်မယ်ဆိုတော့…မြောက်ဘက်ကို ပို့ခံရမယ်ဆိုရင်ရော ငြင်းဆန်ရဲတဲ့အင်အား ရှိပါဦးမလား။

Facebook မှာ သတ္တိပြရတာက အသက်နဲ့ ဝေးပေမဲ့ အရှက်နဲ့ နီးသတဲ့လား။

ကဲ….ကဲ….သူငယ်ချင်း…မင်း ခေါင်းကုတ်မှာလား။ ဒေါင်းလုပ်မှာလား။

ကောင်းကင်ကို

Tuesday, October 16, 2012

ဆု


(၁)
စိတ်မဆိုးနဲ့နော်၊ ခွင့်လွှတ်ပါကွာ..ကိုယ်ရိုင်းနေရင်

(၂)
ပလေးဘွိုင်း သန်းနိုင် သီဆိုတဲ့ “ဆု” ဆိုတဲ့ သီချင်းစာသားကို အစအဆုံး ရေးဖို့ ကျနော် မရည်ရွယ်ပါဘူး။ ခုတလော ရေပန်းစားနေတဲ့ Miss International ပြိုင်ပွဲအကြောင်းကို စိတ်ဝင်စား မိလို့ပါ။ တော်သေးတာပေါ့။ Miss International ပွဲက တလပဲ လုပ်လို့။ နို့မို့ဆို မြန်မာတွေ အိပ်ရေးတွေပျက်၊ မျက်ကွင်းတွေ ချောင်ကျ၊ ကျန်းမာရေးတွေ ချို့ယွင်း၊ အလုပ်တွေ မပြီးနဲ့ တော်တော် ပြိုင်းလောက်တယ်။ ဒီဘက်ခေတ်မှာ ဒီလိုပြိုင်ပွဲဝင်နိုင်တာ ဒါ ပထမဆုံး အကြိမ်မို့လို့ ဒီလောက် အရူးအမူး ဖြစ်ကြတာများလား? ဆိုင်တဲ့ပုံတွေမှာရော မဆိုင်တဲ့ ပုံတွေမှာပါ “Myanmar” ဆိုပြီး သွားသွားအော်မိကြတာများလား?

ဒါပေမဲ့ ဒီလို မဲခွဲဆုံးဖြတ်လေ့ရှိတဲ့ နိုင်ငံတကာ ပြိုင်ပွဲတချို့မှာ ဒါမျိုးက မကြာခဏ ဖြစ်ဖူးတယ်။ အဲလိုနည်းတွေနဲ့ မြန်မာနိုင်ခဲ့တာလည်း ရှိတယ်။ နိုင်ငံတကာ blog ပြိုင်ပွဲဆိုရင်လည်း တခြား နိုင်ငံက blog တွေကိုလည်း တခုမှ မဖတ်ဖူး၊ ကိုယ် မဲပေးမယ့် ကိုယ့်နိုင်ငံက blog ကို လည်း တခါမှ မဖတ်ဖူးပဲ မဲပေးကြတာမျိုး၊ link တွေ ပေးပြီး ဖတ်ဖူးသည်ဖြစ်စေ၊ မဖတ်ဖူးသည်ဖြစ်စေ ဒါကိုပဲ မဲပေးကြပါ ဆိုပြီး campaign ဆန်ဆန် လုပ်ကြတာမျိုးတွေ ကြုံဖူးတယ်။ ကိုယ့် မဲကိုယ် တန်ဖိုးထားတဲ့သူ၊ ကိုယ့်ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်တန်ဖိုးထားတဲ့သူဆို ဒါမျိုးဘယ်လုပ်ပါ့မလဲ။ ဘာမှ မကြည့်ဘဲ မျက်စေ့မှိတ်ပြီး ဘက်လိုက် မဲပေးလိုက်တယ်ဆိုတာက တကယ် ရသင့်ရထိုက်သူကို တားဆီးလိုက်တာ၊ ရသင့်ရထိုက်သူရဲ့ အခွင့်အရေးကို ခိုးယူလိုက်တာမျိုးပဲလေ။

ဒါပေမဲ့ တခြားနိုင်ငံတွေမှာလည်း အဲလိုလူတွေ ရှိတာပဲ။ ခု Miss International ပြိုင်ပွဲမှာ
ဖိလစ်ပိုင်တွေလည်း အဲလိုမျိုး pageတခု လုပ်ထားတာကို တွေ့မိတယ်။ တက်ကြွတဲ့သူ များတာနဲ့ နည်းတာရယ်၊ တက်ကြွမှု အတိုင်းအတာတွေတော့ ကွာနိုင်တယ်။ ပြိုင်ပွဲ စီစဉ်သူတွေကလည်း ဒါတွေကို သိပြီးသား နေမှာပေါ့။ လူတွေဟာ ရထိုက်သည် ဖြစ်စေ၊ မရထိုက်သည်ဖြစ်စေ အနိုင်ပဲ လိုချင်ကြတာကို နောကြေနေပြီးသား နေမှာပေါ့။ တကယ်တော့ Miss International Queen က မဲအရေအတွက်နဲ့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ မဲအရေအတွက်နဲ့ ဆုံးဖြတ်ပြီး ပေးမယ့်ဆုက “Miss Internet” ဆု။ ဆု တန်ဖိုးချင်းက ကွာပါတယ်။ Internet မဲတွေကနေ တဆင့် ဆုံးဖြတ်တဲ့ ဆုမျိုး ပါမှလည်း ပြိုင်ပွဲက ပိုအသက်ဝင်မှာ၊ လူတွေ အပြိုင်အဆိုင် တက်တက်ကြွကြွ မဲပေးကြမှာတွေ သိလို့ ပြိုင်ပွဲကို promotion လုပ်မယ့် သဘောမျိုးလည်း ပါပါလိမ့်မယ်။

အခုပြိုင်ပွဲနဲ့ သိပ်မသက်ဆိုင်ပေမဲ့ ဆုတွေ အကြောင်း ပြောရရင်တော့ ဆုတွေဟာ စိတ်ဝင်စားဖို့ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ တချို့ဆုတွေ ဟာလည်း တန်ဖိုးထားထိုက်ပါတယ်။ ကိုယ်တိုင်လည်း ဆုတွေရတဲ့အခါ ပျော်တာမျိုး ရှိခဲ့ပါတယ်။ အချောင်လိုချင်ခဲ့တာ မျိုးတွေလည်း ရှိတယ်။ (သိန်းတထောင် ဆုမျိုးဆို ခုထိ ကျနော် အချောင်လိုချင်တုန်းပဲ)

တိုင်းတာရ ခက်တဲ့ အရာတွေနဲ့ ပတ်သတ်တဲ့ ဆုမျိုးကို ရွေးချယ်တဲ့ အခါမှာ အငြင်းပွါးစရာတွေ ရှိတတ်ပါတယ်။ တခါတခါ ဆုပေးသူက ဆုရသူတွေကို အသုံးချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဆိုပါစို့။ ကိုယ်က နာမည်ကြီးတဲ့သူကို ဆုပေးလိုက်ရင် ဟိုလူအတွက်က ဘာမှ အကျိုးသိပ်မရှိတဲ့ အပြင် သူကပဲ ကိုယ့်ကို ဆုပေးလို့ ကျေးဇူးတင်ရမယ့် အပေါက်မျိုး ဖြစ်သွားတတ်တာမျိုး၊ ကိုယ်ကလည်း နာမည်ကြီးသူကို ဆုချလိုက်တဲ့ အတွက် အနည်းဆုံး သတင်းထဲမှာ ပါသွားပြီး နာမည်ကြီးတာ မျိုးတွေ ရှိတတ်တယ်။ ဆိုပါစို့…ကျနော်က တက်သစ်စ ကဗျာဆရာလေးတွေအတွက်၊ ဒါမှမဟုတ်လည်း သတင်းစာဆရာလေးတွေ အတွက် (ကဗျာဆု တဆု/ သတင်းဆုတဆု) ပေးတယ်ဆိုပါစို့။ အဲလိုအခါမျိုးမှာ ဖြစ်သွားတတ်တာက….ကျနော်က သူတို့ကို အထက်စီးကနေ ဆုပေးပိုင်ခွင့်၊ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ အနေအထားကို အလိုလို ရောက်သွားပြီး သူတို့ထက် ပိုပြီး ကြီးကျယ်ခမ်းနာသူ လိုလို ဖြစ်သွားရော။ ဆုအပေးခံတွေကလည်း ဆုပေးသူ ကျနော့်ရဲ့ ရွေးချယ်ဆုံးဖြတ်မှု၊ တန်ဖိုးဖြတ်မှုကို နာခံရမယ့် သဘော၊ ဆုရတဲ့ အတွက် ကျေးဇူးတင်ရမယ့် သဘော သက်ရောက်သွားရော။ ဒါပေမဲ့ ဆုအားလုံးကို မဆိုလိုပါဘူး။ တခါတခါ ဆရာလုပ်ချင်လို့ မဟုတ်ဘဲ၊ နာမည်ကြီးချင်လို့ မဟုတ်ဘဲ…ရိုးရိုးသားသားနဲ့ လေးလေးစားစားနဲ့ ပေးတဲ့ ဆုပေးသူတွေလည်း ရှိတတ်ပါတယ်။

တခါတခါလည်း ဆုတွေဟာ ရည်ရွယ်ချက် တခုခု ဖြစ်မြောက်ဖို့ အသုံးချခံ tool တွေ ဖြစ်နေတတ်သေးတယ်။ ဒီနှစ် ငြိမ်းချမ်းရေး နိုဗယ်ဆုကို EU က ရသွားပါတယ်။ ဦးသိန်းစိန် နိုဗယ်ဆု မရလိုက်ပေမဲ့ နာမည်စာရင်းတော့ အသွင်းခံလိုက်ရတယ်။ ဦးသိန်းစိန် အကြောင်းတော့ ကျနော် စာဖွဲ့ပြနေစရာ လိုမယ် မထင်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကို စိတ်ကူးထဲမှာ ပြန်မြင်ယောင်ကြည့်လိုက်ရင်ဖြစ်စေ၊ လုပ်ခဲ့တာတွေ အတွက် sorry မပြောနိုင်ဘူးလို့ ငြင်းတာကို ကြည့်ရင် ဖြစ်စေ ထင်းထင်းကြီး သိနိုင်ပါတယ်။ ဆုတကယ် မပေးပေမဲ့ နာမည်စာရင်း သွင်းလိုက်တော့ ဘာဖြစ်သွားလဲ။ Gene Sharp လို လူတွေနဲ့ ဦးသိန်းစိန်က တတန်းတစားတည်း ပမာ ဖြစ်သွားတယ်။ ဦးသိန်းစိန်လို လူတွေနဲ့ ယှဉ်ပြိုင်အရွေးခံပြီးမှ ရလာတာဟာ သိက္ခာချခံလိုက်ရတာနဲ့ အတူတူပဲလို့ ထင်နေမိတယ်။ တချိန်က စစ်အစိုးရက နိုဗယ်ဆုကို ယမ်းနံ့ညှော်နေတဲ့ လက်နဲ့ ပေးတဲ့ဆုလို့ သိက္ခာချခဲ့တာကို ပြန်အမှတ်ရမိရင်းနဲ့ ကျနော် တွေးလိုက်မိတယ်။

“ခုခေတ် ငြိမ်းချမ်းရေး နိုဗယ်ဆု ပေးပုံ၊ အမည်စာရင်း တင်သွင်းပုံတွေကိုသာ သိရင်တော့ Alfred Nobel လည်း နိုဗယ်ဆုပေးဖို့ သေတမ်းစာ ရေးခဲ့မိတာကို ဒိုင်းနမိုက် ထွင်မိတာထက်တောင် နောင်တရလောက်တယ်”

(၃)
စိတ်မဆိုးနဲ့နော်၊ ခွင့်လွှတ်ပါကွာ..ကိုယ်ရိုင်းနေရင်

ကောင်းကင်ကို

Thursday, October 11, 2012

ဝတ္တရားပျက်ကွက်သော ကျောက်ဖျာ

စကားပြောနည်းတွေထဲမှာ
ဆင်ဝှေ့ရန်ရှောင်နည်းနဲ့
မမြင်တွေ့ဟန်ဆောင်နည်းတွေကို မုန်းတယ်။

မသိဘူးလို့ မပြောပါနဲ့။
ဒီမျက်ရည်တွေဟာ
နှလုံးသားထဲက စိမ့်ထွက်လာတဲ့ ရရာလက်နက်မို့
ဘာအထောက်အထားတို့ လိုသေးလို့လဲ။

လှေတစင်းကို ပြောချင်တယ်
ရေနစ်နေသူကို မြင်ရတဲ့အခါ
ဘာမှမတုံ့ပြန်ခြင်းဟာ
အရက်စက်ဆုံး တုံ့ပြန်ခြင်းပဲ။

ဆုံးဖြတ်ရဲသူ ဆိုတာ
အရှိတရားတွေကို နာခံရဲဖို့ လိုသလို
ဖိအားတွေကို အာခံရဲဖို့လည်း လိုတယ်။

မျှော်လင့်ချက်အတုအယောင်တို့ဖြင့် ကျောက်ဖြစ်အပ်သော
ဧကရီရဲ့ကျောက်ဖျာ
ဘယ်သောအခါမှ တင်းမှာလဲ။
(
ကောင်းကင်ကို) 

ခေတ်မောင်းဂျာနယ် အတွဲ (၁) အမှတ် (၅)  ထဲက ဖြစ်ပါတယ်။ ဂျာနယ်တစောင်လုံးကို http://en.calameo.com/books/001387678cc16b31305de မှာ download လုပ်လို့ ရပါတယ်။