Friday, August 31, 2012

တရက်ပြက္ခဒိန်



 
ပုံကို http://www.coated.com/wp-content/uploads/2009/01/one-a-day-napkins-calendar-2.jpg ကနေ ယူထားတာပါ။

တရက်ပြက္ခဒိန်
အပြန်အလှန် လေးစားမှုက
တုတ်တုတ်မျှ မလှုပ်တော့ဘူးဆိုရင်
တနိုင်ငံလုံး မီးကွင်းဂမုန်းတွေ စိုက်ဖို့ပဲ ကျန်တော့တယ်။

ဘယ်လိုစမ်းစမ်းဆိုတဲ့ တရား
ဟောကြားသူနာမည် မပါတဲ့အခါ
ဓမ္မကထိက တချို့တောင် လက်မခံခဲ့။

ခေတ်မီနိုင်ငံဖြစ်ရေးဆိုတဲ့ အိပ်မက်နဲ့
ခါးထောက်နေတဲ့ ပုံသဏ္ဍန်ထဲမှာ
learn လုပ်စရာတွေထက်
unlearn လုပ်စရာတွေ ပိုများတယ်။

၃၆၅ ရွက်နဲ့
တရက်ပြက္ခဒိန်လိုပေါ့
နေ့စွဲဟောင်းတွေကို မေ့ဖို့မလိုပေမဲ့
စာမျက်နှာသစ်ဖွင့်လှစ်ဖို့
စာမျက်နှာဟောင်းတွေကို ဆွဲဆုတ်ပစ်ရမယ်။
(ကောင်းကင်ကို)

Tuesday, August 28, 2012

ဆင့်ကဲဖြစ်စဉ်


ခေတ်မောင်းဂျာနယ်  အတွဲ (၁) အမှတ် (၄) ထဲမှာ ကျနော် ရေးခဲ့တဲ့ ကဗျာပါ။ ခေတ်မောင်း ဂျာနယ်တစောင်လုံးကို  ဒီမှာ download လုပ်လို့ ရပါတယ်။

ဆင့်ကဲဖြစ်စဉ်
အဟိံသ လက်နက်ပုန်း
ထုတ်သုံးခြင်းမဟုတ်ဘူးဆိုရင်
ဘယ်ဘက်ပါးရိုက်တိုင်း ညာဘက်ပါး ထိုးပေးခြင်းဟာ
ဆက်ကပ်ထဲက ခြင်္သေ့။

ရှစ်လေးလုံးပွဲအတွက်
၁၀ သိန်းပေးလာတဲ့ အလွဲမှာ
လူတချို့ လက်ခုပ်တီးတာက
ဓါတ်ပုံထဲမှာကျ လက်အုပ်ချီသလို ဖြစ်သွားတယ်။

ဒုက္ခသည်ရဲ့ နာမည်က
မြန်မာ့ ဒီမိုကရေစီပါ
မွေးတုန်းက ပါးစပ်ပါမလာရှာဘူး။

ဆင့်ကဲဖြစ်စဉ် တခုအကြောင်းပြောပြမယ်
သူတို့ လက်ခုပ်ထဲက ဖန်ကွဲစ
“တုံဏှိဘာဝေကန်”ထဲကျသွားပြီ။

သမ္မတကြီးကို တိုင်တည်လိုက်၊ ငယ်သားတွေကို တွယ်လိုက်နဲ့
မီဒီယာဆိုတဲ့ ဇာတ်ကောင်လား?
အရင်တုန်းကတော့ သူက တေမိမင်းသား
အခု အရမ်းစကားများတယ်။
(ကောင်းကင်ကို)

Thursday, August 16, 2012

အမျိုးသားဆိုတဲ့ စကားလုံး


ရှစ်တန်းတုန်းက ဒုတိယ ကမ္ဘာစစ် ဖြစ်ရခြင်း အကြောင်းရင်း လေးခုကို ကြက်တူရွေးလို အလွတ်ကျက်ရတော့ အဲဒီ့အကြောင်းအရင်းလေးခုကို မမေ့အောင် “ကိုမျိုးမဟာလက်နက်” ဆိုပြီး အလွယ်မှတ်လိုက်တယ်။ ကို…ဆိုတာက ကိုလိုနီ နယ်မြေများ အပြိုင်အဆိုင် ရှာဖွေခြင်း၊ မျိုး…ဆိုတာက အမျိုးသားရေး စိတ်ဓါတ်များ ပြင်းထန်လာခြင်း၊ မဟာ…ဆိုတာက မဟာမိတ်စစ်အုပ်စုများ အပြိုင်အဆိုင် ဖွဲ့စည်းခြင်း၊ လက်နက်…ဆိုတာက စစ်လက်နက်များ အပြိုင်အဆိုင်တပ်ဆင်ခြင်း

          အဲဒီ့မှာ မြန်မာနိုင်ငံက လူတွေ သတိပြုသင့်တာက ဒုတိယ အချက်ဖြစ်တဲ့  အမျိုးသားရေး စိတ်ဓါတ်များ ပြင်းထန်လာခြင်း ဆိုတဲ့ အချက်ပဲ။ ဒုတိယ ကမ္ဘာစစ်ကြောင့် လူတွေ သန်းနဲ့ချီပြီး သေဆုံးရ၊ ဒုက္ခရောက်ရတဲ့ အတွက် ကမ္ဘာစစ်ဆိုတာ ဒီနေ့ တွေ့နေရတဲ့ သာမန်အကြမ်းဖက်မှု တခုထက်ကို အများကြီး ပြင်းထန်ပြီး အများကြီး အန္တရာယ်ကြီးပါတယ်။ အစိုးရတွေက ဦးဆောင်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အပါအဝင် အကြမ်းဖက်မှုတွေကလည်း အမျိုးသားရေး အစွန်းရောက်မှုကို အခြေခံနေတတ်ပါတယ်။

ဒီတော့ အမျိုးသားရေး ဆိုတဲ့စကားလုံးပါတိုင်း အကောင်းမှတ်မနေပါနဲ့။ နာဇီဝါဒကို မျက်နှာဖုံးစွပ်ထားတာမျိုးလည်း ဖြစ်တတ်တယ်။ ခုကတော့ အမျိုးသားဆိုတဲ့ စကားလုံးကို နေရာတကာ သုံးစွဲပြီး ကိုယ့်လုပ်ရပ်တွေကို အကာအကွယ်လုပ်ကြ နေရာတကာမှာ အကောင်းထင်နေကြတယ်။ အမျိုးသားရေး၊ အမျိုးသားအကျိုးစီးပွါး၊ အမျိုးသား နိုင်ငံရေး စသည်ဖြင့် လိုအပ်တာထက် ပိုပြီး နေရာတကာ ထပ်တလဲလဲ သုံးစွဲလာကြတယ်။ “အမျိုးသား နိုင်ငံရေး” ဆိုတဲ့ စကားလုံးကို တဖွဖွ သုံးလာကြပြီး ကမ္ဘာပေါ်က ပါတီနိုင်ငံရေး လုပ်နေသူ မှန်သမျှပဲ လူယုတ်မာ လိုလို အမျိုးသား နိုင်ငံရေး ဆိုတာကြီးကသာ တခုနည်းသော ကောင်းမွန်တဲ့ နိုင်ငံရေး လိုလို ပြောလာကြ ထင်လာကြတာကလည်း ရှိသေးတယ်။ တကယ်က အမျိုးသားရေးကို တရားလွန် ဇောင်းပေးလွန်းတဲ့ နိုင်ငံရေး ဆိုတာ ဖက်ဆစ်နိုင်ငံရေးပါ။

မြန်မာနိုင်ငံမှာတော့ “အမျိုးသား” ဆိုတဲ့ စကားလုံး ဘယ်လောက် အထိတောင် ဖောင်းပွနေသလဲ ဆိုရင် ပါတီနာမည်တွေကို ကြည့်လိုက်။ အမျိုးသား မပါတဲ့ နာမည်က ခပ်ရှားရှား။ အမယ်...အမျိုးသားနဲ့ ဒီမိုကရေစီကိုတောင် တွဲလိုက်ကြသေးတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကနေ ခွဲထွက်ကြတော့ ခွဲထွက်တဲ့ ပါတီရဲ့ နာမည်က အမျိုးသားဒီမိုကရေစီအင်အားစု တဲ့။ ဟော..အဲဒီ့က တခါ ထပ်ခွဲထွက်ပြန်တော့ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တဲ့။ ဖန်တရာတေနေတဲ့ အသုံးအနှုန်းတွေ၊ ဆင်တူယိုးမှား လုပ်ပြီး ပုံမှားရိုက်လိုစိတ်တွေကနေ မလွတ်မြောက်ကြသေးဘူး။ လူကြိုက်များမယ့် နာမည်ကို အလွယ်တကူ ယူသုံးလိုက်ကြတယ်။ နေရာတကာ အမျိုးသား ဆိုတဲ့ စကားလုံးကို တဖွဖွ သုံးလာကြတော့ တကယ်သုံးသင့်တဲ့ အခါမျိုးမှာတောင် တန်ဖိုးမရှိတော့ဘူး။

ဒါပေမဲ့ အဲဒီ့ပါတီတွေ အများစုရဲ့ နာမည်တွေနဲ့ သူတို့ ကျင့်သုံးတဲ့ ဝါဒကတော့ များသောအားဖြင့် ကိုက်ပါတယ်။ ပါတီနာမည်တွေမှာ “အမျိုးသား” ဆိုတာ ပါသလို ကျင့်သုံးကြတာကလည်း (များသောအားဖြင့်) ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ဆန်နေကြလို့ပါပဲ။

ကဲ…ရေးရင်းနဲ့ အပေါ့သွားချင်လာပြီ။ “အမျိုးသားအိမ်သာ” ကို သွားလိုက်ဦးမယ် :D

ပုံ/ ခရေငယ်ရဲ့ အမျိုးသား

(ကောင်းကင်ကို)

Saturday, August 11, 2012

စစ်ရာဇဝတ်ကောင် ဖွင့်ချတဲ့ ဥာဏ်နီဥာဏ်နက်


Goering: ပင်ကိုသဘာဝအားဖြင့် သာမန်လူတွေဟာ စစ်ကို အလိုမရှိကြပါဘူး။ ရုရှားက လူတွေပဲ ဖြစ်ဖြစ်၊ အင်္ဂလန်၊ အမေရိက၊ ဂျာမနီကလူတွေပဲ ဖြစ်ဖြစ် [ပင်ကိုအားဖြင့် စစ်ကို အလိုမရှိကြပါဘူး။] ဒါကို လူတိုင်း နားလည်ပြီးသားပါ။ တကယ်တမ်းမှာ စစ်ကို အလိုရှိကြသူတွေဟာ နိုင်ငံတွေရဲ့ မူဝါဒတွေကို ချမှတ်ပြဌာန်းကြတဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပြီးတော့...လူတွေကို [စစ်တိုက်ချင်လာအောင်] ဆွဲဆောင်စည်းရုံးဖို့ ကိစ္စဟာ…ဒီမိုကရေစီ နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ဖက်ဆစ် အာဏာရှင် နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ပါလီမန် စနစ်ကျင့်သုံးတဲ့ နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ် အာဏာရှင် နိုင်ငံမှာပဲ ဖြစ်ဖြစ် ရိုးရှင်းလွယ်ကူလှတဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။

Gilbert: မတူတာ တခုတော့ ရှိပါတယ်။ ဒီမိုကရေစီ စနစ်မှာ ပြည်သူတွေဟာ သူတို့ ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကနေ တဆင့် ပါဝင် ပြောဆိုဆုံးဖြတ်ခွင့် ရှိပြီးတော့ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင်လည်း ကွန်ဂရက်လွှတ်တော်ကပဲ စစ်ကြေငြာခွင့် ရှိတာပါ။

Georing: အိုး!…အဲဒါက ကောင်းပါတယ်။ ဒါပေမဲ့ ပြောဆိုခွင့် ရှိရှိ မရှိရှိ… ခေါင်းဆောင်းတွေ အလိုရှိတဲ့နောက်ကို သာမန်ပြည်သူတွေ လိုက်လာအောင် အမြဲတမ်း အလွယ်တကူ လုပ်နိုင်ပါတယ်။ လုပ်ရမှာတွေကတော့ သူတို့ကို “အတိုက်ခိုက် ခံနေရတယ်” ပြောပြလိုက်ပြီး စစ်ဆန့်ကျင်ရေးသမားတွေကိုတော့ မျိုးချစ်စိတ် ကင်းမဲ့သူတွေအဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲလိုက်ပါ။ တိုင်းပြည်ဟာ အန္တရာယ်တွေကြားမှာ အကာအကွယ်မဲ့နေကြောင်း ပြောလိုက်ပါ။ အဲဒီ့နည်းဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် (တူညီစွာ) အလုပ်ဖြစ်ပါတယ်။
http://en.wikiquote.org/wiki/Hermann_G%C3%B6ring
(ဘာသာပြန်သူ...ကောင်းကင်ကို) 

Goering: Naturally, the common people don't want war; neither in Russia nor in England nor in America, nor for that matter in Germany. That is understood. But, after all, it is the leaders of the country who determine the policy and it is always a simple matter to drag the people along, whether it is a democracy or a fascist dictatorship or a Parliament or a Communist dictatorship.

Gilbert: There is one difference. In a democracy, the people have some say in the matter through their elected representatives, and in the United States only Congress can declare wars.

Goering: Oh, that is all well and good, but, voice or no voice, the people can always be brought to the bidding of the leaders. That is easy. All you have to do is tell them they are being attacked and denounce the pacifists for lack of patriotism and exposing the country to danger. It works the same way in any country.