Sunday, May 30, 2010

ဥယျာဉ်

လောကကြီးကလည်း
ငှားဝတ်ထားတဲ့ အလင်းရောင် တွေကိုချွတ်
သူ့ကိုယ်သူ ညအမှောင်ထဲ လွှတ်လိုက်ပြီ

မင်းနဲ့ငါနဲ့လည်း
မလိုအပ်တော့တဲ့ ယဉ်ကျေးမှု တွေကိုချွတ်
ငှက်ကလေးတကောင်စီ သဘာဝထဲကို လွှတ်ရအောင်။

အချစ်တွေကို ဖယောင်းတိုင်လို မီးညှိ
အမှောင်ထုကို အလင်းဖျော့ဖျော့ ရောပြီး မြည်းကြည့်တယ်။
ခြုံတွေကြားမှာ ပန်းတပွင့် စမ်းမိသလို
ကန္တာရမဆန်တဲ့ ဘဝပတ်လမ်းတခုကို တွေ့ ခဲ့ပြီ။

အိမ်ထောင်ရေးဆိုတာ
‘အိမ်’ ဆိုတဲ့ ‘ထောင်’ လေးတဲ့။
မင်းနဲ့ သာဆိုရင် ငါ့အတွက်ကတော့
ပန်းကြိုက်လိပ်ပြာ တကောင်ကို
ဥယျာဉ်ကြီးထဲ လှောင်ထားသလိုပဲဖြစ်မှာ။
ကောင်းကင်ကို

Wednesday, May 26, 2010

သစ်ရွက်တွေရဲ့ စကားဝိုင်း

(၁)
ရင်ဘတ်မှာ မြှားတန်းလန်းနဲ့ လူနာတွေ…
ဘယ်သူတွေလဲလို့ ကြည့်လိုက်တယ်
ကျနော်တို့ ကိုယ်တိုင် ဖြစ်နေတယ်။

(၂)
လူ့ ဘဝဆိုတာ
မွေးကတည်းက ခြွေအချခံလိုက်ရတဲ့
သစ်ရွက်တရွက်ပါပဲ။

ပျံတက်ခြင်းနဲ့ ကြွေကျ
သူ့ ဘဝခရီး ခဏမှာ
သစ်ရွက် တရွက်က ဆိုတယ်
လူသားရဲ့အစ…ဘုရားသခင်ရဲ့ ဖန်ဆင်းမှုကတဲ့။
နောက်တရွက်က ငြင်းတယ်။
လူသားရဲ့အစ…ဗြဟ္မာကြီးလေးပါးက။

ဒီလိုနဲ့ 
ယုံကြည်မှု ‘ချို’တွေ တထောင်ထောင်နဲ့
သစ်ရွက်နှစ်ကောင် ခတ်တဲ့ကြားမှာ
နားရွက်လေး တစုံ ကြားညပ်သွားတယ်။

ကျနော်
မြှားဒဏ်ရာကိုသာ အာရုံရောက်နေတဲ့ သစ်ရွက်နု
ကိုယ်တိုင်မသိတဲ့အရာအတွက် ရန်ဖြစ်ဖို့ ဝန်လေးလှတဲ့ အရိုးစု
စားပွဲကို လက်သီးနဲ့ ဝုန်းခနဲထု
အာရုံတွေကို ကျနော့်ဆီ လုလိုက်တယ်။

ပစ္စုပ္ပန်ကို တည့်တည့်ကြည့်
မြင်နိုင်သလောက်ပဲပြောကြည့်မယ်။
လူဟာ လူက ဆင်းသက်တယ်။
ကောင်းကင်ကို

Friday, May 21, 2010

“အလင်းဖြူ” တမ်းချင်း

(Photo: AP)
ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။

လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။

ဟိုဘက် အလံရိပ်ဆီကလည်း ဘုရားဆီမှာ ဆုတောင်း
ဒီဘက် အလံရိပ်ဆီကလည်း အဲဒီ့ဘုရားဆီမှာပဲ ဆုတောင်း
လောဘရှေ့ထားတဲ့ ပူဇော်မှုတွေနဲ့
ကိုယ့်ကိုယ်ကိုဖြေသိမ့်လှည့်စား နေကြပုံတွေက
ဘုရားတွေဟာ ကိုယ်ခွဲများစွာနဲ့
နှစ်ဘက်ချွန်တွေ ကျနေတာပဲ။

သြော်…
လူတွေ လူတွေ…
အမြင်အာရုံ တံခါးတွေစေ့
ဘုရားတွေရှေ့မှာ ဓားသွေးနေကြပါလား။

၂၁ရာစုဦး ကျမ်းသစ်ထဲမှာ
လောကစောင့်နတ်မင်းဟာ
လူသားတွေကို သည်းခံနိုင်မှု ကုန်ဆုံး
ကောင်းကင် ကို လက်သီးနဲ့ ဝုန်းခနဲ ထုလိုက်တယ်။

မိုးကြိုးမုန်တိုင်းတွေ…ငလျင်တွေ…မီးတောင်ပေါက်ကွဲမှုတွေနဲ့
စစ်ပွဲတွေ…အကြမ်းဖက်မှုတွေ…သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုတွေ
ဘုရားက လူတွေကို ဒဏ်ခတ်နေတာ မဟုတ်
လူတွေက လူတွေကို ဒဏ်ခတ်နေတာ။

ဘာသာရေး၊ မျိုးချစ်စိတ်၊ နိုင်ငံတော်အေးချမ်းသာယာရေး
နာမည်လှလှလေးတွေတပ်
သူတို့ လူသတ်ခဲ့ကြတယ်။

ငြိမ်းချမ်းရေး၊ လူသားဝါဒ၊ လွတ်လပ်မှု
ဒါတွေကို အရေးတကြီး ဟစ်ကြွေးနေရခြင်းကိုက
ဒါတွေ ရှိမနေခြင်းရဲ့ သက်သေပဲ။

မမှတ်မိနိုင်တော့တဲ့ မျက်နှာနဲ့
ဒီနေ့ ဂြိုလ်ကမ္ဘာမှာ
ရှေ့ဆုံးကလူကလည်း သေနတ်နဲ့
အကျိုးစီးပွါးကို အဓိကထား
အသက်တွေနဲ့ ဆော့ကစားတယ်။
နောက်ကလူတွေကလည်း မီအောင် မနည်းလိုက်
သြော်
ကမ္ဘာ့နိုင်ငံရေးဆိုတာ
ပန်းပန်ထားတဲ့ လူမိုက်ပါပဲ။

ရွာကြီးကိုက ဒုစရိုက်မို့ 
အားလုံးက တုတ်ဆောင် ဓားဆောင်
ကြောက်စိတ်နဲ့ အမောက်ထောင်နေရတယ်။

ရာဇဝင် အခန်းခန်းကလည်း
ယဉ်ကျေးမှု ဖန်ဆင်းခဲ့သူ ကဝေတွေထက်
စစ်ဘုရင်တွေကို credit ပေး
သမိုင်းကို မြှောက်ထိုးပင့်ကော် ရေးခဲ့ကြတယ်။

ဇာတ်ခုံတခုပေါ်မှာတော့
ဖိနပ်အမျိုးမျိုး ပြောင်းစီးနေသူတသိုက်
အချင်းချင်း လက်ဝါးရိုက်
မြေစာပင်တွေကို မီးတိုက်ကြတော့မယ်။

ဒေါသတချောင်းချောင်းနဲ့ ကျည်ဆံတွေကို
ရင်ဘတ်ချည်းသက်သက်နဲ့ခုခံရင်း
အသံတွေ မြစ်ဖျားခံရာဆီ လှမ်းကြည့်လိုက်တယ်။
တကယ့်အရေးအကြောင်း ကျတော့
ကမ္ဘာစောင့်နတ်တွေဟာ ကြက်ပျောက် ငှက်ပျောက်
သူတို့ စုဆောင်းထားတဲ့ တန်ခိုးတွေ
ဘယ်ရောက်ကုန်ပြီလဲ။

ငရဲခုန်ဝင်လာတဲ့ ဖန်သားပြင်ကို
ဇွတ်အတင်း ရုန်းကန် စိုက်ကြည့်
တစုံတရာကို အထိတ်တလန့် သိလိုက်တယ်။
ကမ္ဘာဟာ ကမ္ဘာနဲ့ တိုက်မိပြီး ပျက်စီးနိုင်တယ်။

မျက်လုံးတွေကို အတင်းအကြပ်ပြန်မှိတ်
နှလုံးခုန်သံကို ပုတီးလုပ်ပြီး စိပ်လိုက်တယ်။
ငိုသံ မျှင်းမျှင်းလေးတခု
မိုးခြိမ်းသံလို ဆူညံမှုပါပဲ။

ဗုံးတွေ ပလူပျံနေတဲ့ ခေတ်ဘီလူးမှာ
ရန်သူ့ရင်သွေးကို နို့ တိုက်နေတဲ့မိခင်တဦးကို
ထူးထူးဆန်းဆန်း ဖူးချင်တယ်။

ခြောက်သွေ့ နွမ်းညို
မျက်ဝန်းဂူစိုစို တွေထဲမှာ
အလင်းဖြူလေးတွေ တွေ့ချင်တယ်။

ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။
ကောင်းကင်ကို

Sunday, May 16, 2010

ရန်ကုန်နွေ

မီးပျက်အမှောင်မှာ
ဇီးကွက်တကောင်...
သြော်... ဒါလာဘ်ကောင်တဲ့။

ကပ်ထားတဲ့စာရွက်ပေါ်ကလို
နေအထွက်မှာ ရွှေခွက်နဲ့ ...ငွေအပြည့်မခပ်နိုင်ရင်နေပါ
နွေရက်မှာ ရေခွက်နဲ့ ...ရေအပြည့်ခပ်နိုင်ရင်တော်ပြီ။
ကောင်းကင်ကို

ကဗျာအဟောင်းလေးကို ပြန်တင်လိုက်တာပါ။

Saturday, May 15, 2010

ကွက်လပ်

ချစ်သူရဲ့ပေါင်ပေါ်မှာ
ကိုယ်စီအိပ်ပျော်နေတုန်း၊
တစုံတယောက်ရဲ့
ရိုက်အချိုးခံထားရတဲ့ ခြေထောက်
ဂိုးနားဆီကို လိမ်ခေါက် ဆွဲပြေး
ဂိုးရှေ့တည့်တည့်ကို ထိုးကျွေးလိုက်တယ်။
ဂိုးသွင်းမယ့်သူ မရှိဘူး။
ကောင်းကင်ကို

Tuesday, May 11, 2010

ပဋိပက္ခ

ကိုးကွယ်စရာတွေ ဆိုတာ
မျက်လုံးမှိတ်လိုက်မှသာ မြင်ရတာ။

ဒီလိုနဲ့ 
တယောက်အမှောင်ကို တယောက်က
မီးထိုးလိုက်တဲ့အခါ…..
ကောင်းကင်ကို

Saturday, May 8, 2010

မိုးဦးလေပြည်

လင်းဦး(စိတ်ပညာ) ကျော်ညိုသွေးတို့ စီစဉ်တဲ့ မိုးဦးလေပြည် ကဗျာ ebook ထဲက "အစာမြင်တွေ့ လျက်နဲ့" ဆိုတဲ့ ကဗျာပါ။ လင်းဦး(စိတ်ပညာ)၊ညီဇံလှ၊ သူရဿဝါ၊ သားဖြိုး၊ ဇာတိ၊ ရင်နင့်သူ၊ လေပြေ၊ ကျော်ညိုသွေး၊prizewai နဲ့ ကျနော် ပါဝင်ရေးသားထားပါတယ်။ အဲဒီ့ ကဗျာစာအုပ်ကို ဒေါင်းလုဒ် လုပ်ချင်ရင် link

အစာမြင်တွေ့လျက်နဲ့

ဖော်မြူလာ စကားပဲ ဟစ်တဲ့
ပေါ်ပြူလာ စတားလည်း မဖြစ်ချင်ဘူး။

အဖျားရှူး အပြောများနဲ့ 
ဘုရားထူး စကောလားလည်း မဖြစ်ချင်ဘူး။

ဇာတ်တိုက်သလိုပဲ လှုပ်ရှား
ဇာတ်လိုက်လိုလည်း လုပ်မစားချင်ဘူး။

အစုတ်ကို အကောင်း
အနုတ်ကို အပေါင်း ပြောတဲ့သူလည်း မဖြစ်ချင်ဘူး။

အကဲဒမစ်ဆန်တဲ့ သေနတ်မျိုးဆိုလည်း…. မကိုင်ချင်ဘူး။
ခဲပစ်သန်တဲ့ ပါးစပ်မျိုးကိုလည်း…. မပိုင်ချင်ဘူး။

သြော်…
ကဗျာခြင်္သေ့
အစာမြင်တွေ့ လျက်နဲ့ ….
ကောင်းကင်ကို

Monday, May 3, 2010

ကိုယ့်ကိုယ်ကို ဆယ်ယူခြင်း

ထမင်းအိုးလေးကွဲ၊
ပြီးတော့ အသည်းပါ ဆက်ကွဲ
ငါ့လမ်းလေး ရုတ်တရက် မှောင်မဲသွားလိုက်တာ။

ကိုယ် ခေါင်းကိုက်နေတာကို
သူစိမ်းတယောက် ကွယ်လွန်တာထက်
ပိုစိတ်ဝင်စား တတ်တယ် ဆိုတဲ့
လူ့ သဘာဝ ကြောင့်လား
ပြောရမှာ ရှက်၊ကြောက်၊အားနာ ပါရဲ့။
ငါ့ အသည်းကွဲသံက
ဗုံးကွဲသံတွေထက်တောင် ပိုကျယ်နေတယ်။

ငိုသူကငို
သီချင်းဆိုသူက ဆိုနဲ့ 
ပြုံးတဝက် မဲ့တဝက် ကမ္ဘာကြီးထဲမှာ
ငါရောက်နေတာ မှောင်နေတဲ့အခြမ်း
ငါ့ကိုယ်ငါလည်း မနိုင်မနင်း ထမ်းလို့။

အကောင်းတွေကိုမှ ရွေးပြီးကန်းတဲ့ အာရုံတွေက
ပန်းတွေအနား ဖြတ်သွားရင် နှာခေါင်း ပိတ်ထားဖို့ နဲ့
အလကားရတဲ့ အကူအညီတွေဆိုတာ
ထိန်းသိမ်းစောင့်ရှောက်ခ ဈေးကြီးလှကြောင်း
ဦးနှောက်ဆီကို သတင်းပို့ တယ်။

ငါက ငါပီပီ
ဆုတောင်းခြင်းကို အယုံအကြည် မရှိဘူးဆိုတော့
အများနည်းတူ ပုံသွင်းမထားခဲ့တဲ့ စိတ်ကို
ဘယ်လို အားပေးရပါ့မလဲ။

ဒီလိုနဲ့
ဘာရယ်မဟုတ်
ဆောက်တည်ရာ မဲ့နေတဲ့
ဗျာများလွင့်မျော ငါ့မနောဟာ
စာအုပ်တအုပ်မှာ အမှုမဲ့ အမှတ်မဲ့ ပြေးကပ်မိတယ်။

၁၉လ သမီး အရွယ်နဲ့
မျက်မမြင်နားမကြားခဲ့ရပေမယ့်
ကမ္ဘာကျော်သွားခဲ့တဲ့ ဟယ်လင်ကဲလား….
တကိုယ်လုံးမှာ့ လက်ချောင်းလေးတွေပဲ ရွှေ့နိုင်ပေမယ့်
အိုင်းစတိုင်းလက်သစ် ဖြစ်လာခဲ့သူ စတီဖင်ဟောကင်း….
ဘီသိုဗင်…ဂျွန်နက်ရှ်…ဟိုး ဧဝရက်တောင်ထိပ်က မျက်မမြင်…
ကြယ်ပေါင်း များစွာ…များစွာ

ဒီညတော့
ကိုယ့်ကိုယ်ကို မျက်နှာချင်းဆိုင်
ဖုံတက်နေတဲ့ အိပ်မက်လေးကို ပြန်ကိုင်လိုက်မယ်။
ကောင်းကင်ကို