Thursday, March 27, 2008

သင်္ကြန်မတိုင်ခင် ကျတဲ့မျက်ရည်

နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေက
အသံပေးနေကြတယ်။

နှစ်သစ်ဆိုတာ
ဒုက္ခဟောင်း ဝတ်ရုံကို
တစ်ခါပြန်ခြုံထားဦးမယ့် သက္ကရာဇ်အသစ်တစ်ခုလား။
စောင့်ရှောက်သူမဲ့တဲ့ ဥယျာဉ်ထဲမှာတော့
မျှော်လင့်ချက် သစ်ပင်တွေက
အရိုးအပြိုင်းပြိုင်းနဲ့ တစ်တောလုံး ခြောက်လို့ ။

သင်္ကြန်မိုးရွာရုံနဲ့  တစ်နိုင်ငံလုံးသစ်သွားနိုင်သလား။
သင်္ကြန်ရေစိုရုံနဲ့ စိတ်သစ်လူသစ်တွေ ဖြစ်လာနိုင်မလား။
ငါ့အတွက်ကတော့ သင်္ကြန်တစ်ခါကျတိုင်း
အသက်တစ်နှစ်ရှုံးတယ်။
တစ်နှစ်ပြီးတစ်နှစ်ရွှေ့ ရင်း
ကြံဖန်မေ့ဖျောက်ထားရတဲ့ ဘဝအိပ်မက်တွေကလည်း
ငါ့ကို ခဏခဏ တစ္ဆေလာခြောက်
အနာဂတ်ကိုတွေးတိုင်း ငါဟာကြောက်ကြောက်လာတယ်။

ရောက်လာတော့မယ့် နှစ်သစ်ထဲမှာလည်း
ရေကြည်ရာ မြက်နုရာကို ငါသွား နိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ်၊
ဒေသသစ်မှာ ရေကြည်ကြည် ရေနောက်နောက်
မိုးခါးရေကိုတောင် အလကားသောက်လို့ မရတဲ့ ဒီရပ်ဝန်းကတော့
ငါ ရွှေ့ ပြောင်း ချင်တယ်။

လှောင်အိမ်တံခါးကို ငွေနဲ့ ဆွဲဖွင့်
ထွက်ခွာသွားနှင့်ကြတဲ့ သူငယ်ချင်းတချို့ ကတော့
ကိုယ့်ရေကိုယ့်မြေဟာ နေလို့ အကောင်းဆုံးပဲတဲ့။
လွမ်းသလိုလို၊ နှစ်သိမ့်သလိုလိုနဲ့ 
အထက်စီးက ပြောကြတယ်။
ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတို့ ၊
စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ငါတို့ ဘဝထက်
ကိုယ်သွားတိုင်း စိတ်မပါနိုင်တဲ့ မင်းတို့ ဘဝက
အများကြီးသာပါတယ်။

ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်ကြည့်တော့လည်း
ဘဝတစ်ခုလုံးက
ဒုက္ခ ပုံစံခွက်ထဲမှာ မသေမသပ်နဲ့ ခေါက်ရိုးကျိုးလို့ ။
နံနက်လင်းတာနဲ့ 
ဆုတောင်းအဟောင်းတွေကို ဘုရားနားပူလောက်အောင်ခြွေ
ပြီးတော့ လမ်းအသစ်ဆိုရင်လုံးဝမလျှောက်တတ်တော့တဲ့ ခြေထောက်အဟောင်းတစ်စုံနဲ့ 
အညစ်အကြေးတွေကို သောက်ထားလို့ အကျည်းတန်အသည်းခြောက်နေတဲ့ လမ်းသွယ်တွေကိုဖြတ်
အလုပ်သွားဖို့  ဘတ်စ်ကားမှတ်တိုင်ဆီကို ထွက်ခဲ့တယ်။
စပါယ်ယာရဲ့ အသံဟောင်းကို နားထောင်ရင်း
လူနံ့ မွှန်နေတဲ့ ဘတ်စ်ကားပေါ် အတိုးမှာ
လူ့ တန်ဖိုးက ထိုးကျ
ဟိုး….သုညအထိ။
အဲဒီ့ သုညတစ်လုံးပေါ့
အလုပ်ကနေ
နွမ်းလျနေတဲ့စိတ်၊ သေနေတဲ့မျက်လုံးတွေနဲ့ အိမ်ကိုပြန်
ရေကို ခြွေခြွေတာတာချိုး
ခြွေခြွေတာတာစားသောက်ပြီး
နားအဟောင်းတွေက တောင်းဆိုလို့ 
ပြည်ပ ရေဒီယိုအသံလွှင့်ဌာန တစ်ခုကိုဖွင့်ပြီးနားထောင်လိုက်တယ်။
သြော်…သတင်းတွေကလည်း အသစ်ပေမယ့် အဟောင်း
တစ်နေ့ နဲ့ တစ်နေ့ date သာပြောင်းသွားတယ်
ငါတို့ ထပ်တလဲလဲ ခံစားနေရတဲ့ ဆင်တူရိုးမှား ဆင်းရဲဒုက္ခ အဟောင်းတွေ….
ဒီလိုနဲ့ …
မဖြစ်စလောက် တက်ကြွမှုလေးပါပျောက်
ငါ့ အတွေးတွေကလည်း ဟိုရောက် ဒီရောက်နဲ့ ။

အို…ဘာပဲဖြစ်ဖြစ်
မကြာခင်မှာ ရောက်လာတော့မယ့် စာမေးပွဲအတွက်
စိတ်ညစ်စရာတွေကို အားတင်းဖြေဖျောက်
ကဗျာမဆန်တဲ့ ဖယောင်းတိုင် အလင်းရောင်အောက်မှာ
ကွန်ပျူတာ ပရိုဂရမ်းမင်း စာအုပ်တစ်အုပ်ကို အားတင်းဖတ်နေတဲ့သူကတော့
သုညမျိုးဆက်သစ် ငါပဲပေါ့။
သြော် …ခြင်တွေခြင်တွေ
ဒင်းတို့ က ကိုက်နိုင်ပေမယ့်
ငါက မရိုက်နိုင်တော့ဘူး
အိပ်လိုက်တာပဲ ကောင်းပါတယ်။
ဒီလိုနဲ့ အိပ်ရာဝင်ရင်း နာရီကိုနှိုးစက်ပေး
သန်းခေါင်ကျော်အချိန်မှာ ရေထတင်ရေးအတွက်။

အဲဒါဟာ ထူးခြားမှု မရှိတဲ့
ငါ့ဘဝ ပုံသေတစ်နေ့ တာတွေပေါ့။
စနေ၊ တနင်္ဂနွေ ညတွေ ဆိုရင်တော့
ငါ့ရဲ့ မျှော်လင့်ချက်တွေကို
ရွန်နီရဲ့ ခြေထောက်ထဲထည့်
ရော်နယ်ဒို ရဲ့ ခြေထောက်ထဲထည့်နဲ့ ...
ရွန်နီရေ…..မင်းဟာငါ့ရဲ့ မျှော်လင့်ချက်ပဲဖြစ်တယ်။

သြော်…ဘဝ၊ဘဝ
ဝမ်းတစ်ထွာ ဝရုံလေးတောင်မှ
တစ်နေကုန်ပြေးလွှားနေရပါလား။
လူ့ ဘဝရဲ့ အခြေခံအကျဆုံးဖြစ်တဲ့
စားဝတ်နေရေးဆိုတဲ့
တိမ်တိမ်လေးနဲ့ နက်တဲ့ မြစ်ကျဉ်းထဲမှာ
မရှူမလှရေတိမ်နစ်နေရတော့လည်း
ကြွေးဟောင်းဆပ်နိုင်ဖို့ ဆိုတာလည်း ဝေးလှ
တစ်ခါ တစ်ခါ အမေ့အကြောင်းတွေးရင် မျက်ရည်ကျတယ်။
ချစ်သူနဲ့ နှလုံးသားချင်း ဝတ်မှုန်ကူး
သံယောဇဉ်ကမ္ဘာလေးတစ်ခု တည်ဖို့ အရေးဆိုရင်တော့
ပိုပြီးတော့တောင် ဝေးလှသေးတယ်။

တောက်! ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ။
ခေတ်၊ အစာအိမ်နဲ့  ဆန္ဒတို့ ရဲ့ သုံးပွင့်ဆိုင်စစ်ပွဲထဲမှာ
ငါတော့
လှံသွားထက်ထက်တွေ ရင်မှာ စူးနေပြီ။
ခံစား ချက်တွေ ဝင်ကာ ရူးနေပြီ။

သြော်….ဒါဟာ လူလတ်တန်းစား ဘဝတဲ့လား။
သုညမှာ အလတ်စားတွေ အကြီးစားတွေ ရှိသေးသလား။
သုညဟာ ကြီးကြီး ငယ်ငယ်၊ ပိန်ပိန်ဖောင်းဖောင်း သုညက သုညပါပဲ။
သုညက ကျောသားရင်သား မခွဲခြားပဲ
ဆင်းရဲခြင်းဒုက္ခကို ပေးတယ်။

မြူတွေဆိုင်းသလို မှုန်ဝါးနေတဲ့ အနာဂတ်ရေ...
ငါ..လျှော့လျှော့ပေါ့ပေါ့နဲ့ အရိုးရှင်းဆုံးမက်ထားခဲ့တဲ့
ရွက်ကြမ်းရေကျို အိပ်မက်လေးတွေဆီကို ရောက်ဖို့ အရေးတောင်
ဘယ်လို လမ်းက လျှောက်ရမှာလဲ။
အဖြေမမြင်လောက်အောင် သိပ်ခက်တယ်။
သေချင်လောက်အောင် စိတ်ပျက်တယ်။

လေထဲမှာ တိုက်အိမ်ဆောက်လိုက်
ရေထဲမှာ အရုပ်ရေးလိုက်နဲ့ 
ငါ့ ဘဝက ဒီအတိုင်းကြွေလွင့် ရတော့မှာလား။
ရင်ထဲမှာ အကျဉ်းကျနေတဲ့ အသံတွေကို ဥပေက္ခာပြုပြီး
ငါတစ်သက်လုံး ဟန်ဆောင်နေလိုက် ရတော့မှာလား။
ငါ့ရင်ထဲက ဟိုရောက် ဒီရောက် အတွေးတွေကို
ဒီတစ်ည လောက်ဖျောက်ချင်တယ်။
စည်တစ်ဂျား လောက် သောက်ချင်တယ်။

သြော်…
နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေကတော့
အသံပေးနေကြပြီ။

ကောင်းကင်ကို

Wednesday, March 26, 2008

မိန်းမသားတွေ ဘာကြောင့်မျက်ရည်လွယ်(ဘာသာပြန်)

“မေမေ ဘာလို့ ငိုနေတာလဲ”
ချာတိတ်ကလေးက သူ့ အမေကို မေးလိုက်ပါတယ်။
“မေမေက မိန်းမ ဖြစ်နေလို့ ပေါ့ သားရဲ့ ” ချာတိတ်ကလေးရဲ့ အမေက ပြန်ဖြေလိုက်ပါတယ်။
“ဘာလို့ လဲ။ သားနားမလည်ဘူးမေမေ ”
“ထားလိုက်ပါ သားရယ်။ သားဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး”
ချာတိတ်ကလေးက အစာမကြေပါဘူး။ ဒါနဲ့ နောက်ပိုင်းမှာ သူ့ အဖေကို ထပ်မေးပါတယ်။ “ဖေဖေ…မေမေက အကြောင်းမရှိပဲ ဘာလို့ ခဏ ခဏ ငိုနေတာလဲဟင်”
“မိန်းမတွေက ဒီလိုပါပဲကွာ။ ဘာအကြောင်းမှ မရှိလည်း ငိုနေကြတာပဲ”
ချာတိတ်လေးက သူ့ အဖေရဲ့ အဖြေကိုလည်း မကျေနပ်ပါဘူး။ သူဟာ အရွယ်ရောက်ပြီး လူကြီးဖြစ်လာတဲ့အချိန် အထိ မိန်းမသားတွေ ဘာကြောင့် မျက်ရည်လွယ်ရတာလဲ ဆိုတာကို အံ့သြနေဆဲပါ။
နောက်ဆုံးတေ့ သူဟာ မနေနိုင်တော့ပဲ အဲဒီ့မေးခွန်းကို ဘုရားသခင်ဆီတိုက်ရိုက် မေးလိုက်ပါတော့တယ်။
ဘုရားသခင်က ဖြေပါတယ်။ “ငါ မိန်းမသားတွေကို ဖန်ဆင်းလိုက်တုန်းက မိန်းမသားတွေဟာ လောကကြီး အတွက် အထူးစပါယ်ရှယ် ဖြစ်ရမယ်လို့ ဆုံးဖြတ်ပြီး ဖန်ဆင်းလိုက်တာ”
“သူတို့ ရဲ့ မိခင်စိတ်နဲ့ ကြီးမားတဲ့ ဝန်ထုပ် ဝန်ပိုးတွေကို ထမ်းဖို့ ဝန်မလေးအောင်၊ သူတို့ ရဲ့ နူးညံ့သိမ်မွေ့ တဲ့ လက်တွေ
နဲ့ ဝမ်းနည်းကြေကွဲသူတွေကို နှစ်သိမ့်ပေးဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ဖန်ဆင်းပေးထားတာ”
“ပြီးတော့ ကိုးလလွယ်ဆယ်လဖွား ရင်သွေးမွေးဖွားပေးရတဲ့ ဒုက္ခ၊ သူ့ ရဲ့ အားထုတ်မှုတွေကို ခင်ပွန်းသည် နဲ့ ရင်သွေးတွေ
ရဲ့ ထိုက်သလောက် အသိအမှတ်ပြုခြင်းမခံရပဲ မျိုသိပ်ထားရတဲ့ ဒုက္ခတွေကို ခံနိုင်ရည်ရှိအောင်ဖန်ဆင်းပေးထားတယ်”
“မိတ်ဆွေ တစ်ယောက်ယောက် ဒါမှ မဟုတ် မိသားစုဝင်တစ်ဦးဦး နာမကျန်းဖြစ်တဲ့အခါ၊ စိတ်ဓာတ်ပျက်ပြားနေတဲ့ အခါမှာလည်း မညဉ်းမညူ ပြုစုစောင့်ရှောက်နိုင်မယ့် အင်အားတွေ မိန်းမသားတွေဆီမှာ ထည့်သွင်းဖန်ဆင်းပေးထားတယ်”
“ပြီးတော့ ဘယ်အခြေအနေ မျိုးမှာဖြစ်ဖြစ်၊ ရင်သွေးတွေက ဘယ်လောက်ဆိုးဆိုး ကိုယ့်ရင်သွေးတွေကို အသက်နဲ့ တောင်လဲပြီး ချစ်နိုင်မယ့် မေတ္တာတရားတွေကို မိန်းမသားတွေဆီမှာ ထည့်သွင်းဖန်ဆင်းပေးထားတယ်။ မိန်းမသားတွေမှာ ဆယ်ကျော်သက်ရင်သွေးတွေရဲ့  စိုးရိမ်မှုတွေ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် စွမ်းအားတွေလည်း ရှိတယ် ”
“ပြီးတော့ မိန်းမသားတွေကို လူကောင်းတစ်ယောက် ယောကျာင်္းကောင်းတစ်ယောက် ဟုတ်မဟုတ် ဝေဖန်ပိုင်းခြားတတ်တဲ့ ဥာဏ်လည်းထည့်သွင်းပေးထားတယ်။ ပြီးတော့ ကိုယ့်ခင်ပွန်းတွေ အခက်အခဲတွေကြုံလာတဲ့ အခါ၊ အေးအတူပူအမျှ လက်တွဲဖြေရှင်ပြီး ဘဝရဲ့ စမ်းသပ်မှုတွေကို ကျော်လွှားပစ်မယ့် စိတ်ဓာတ်မျိုးလည်း ပေးထားတယ် ”

“အဲဒီ့လောက် ခက်ခဲတဲ့ အလုပ်တွေကိုလုပ်နိုင်ဖို့ အတွက် မိန်းမသားတွေကို မျက်ရည်တွေလိုသလောက် အသုံးပြုခွင့်၊ ငိုကြွေးခွင့်ကို ပေးထားတယ်။ ငိုကြွေးခြင်းဆိုတာ မိန်းမသားတွေရဲ့ တစ်ခုတည်းသော အားနည်းချက်ပေါ့”
“ဒါကြောင့်မို့ လို့  မိန်းမသားတွေ ငိုကြွေးတဲ့အခါတိုင်း သူတို့ ကို အရမ်းချစ်တဲ့အကြောင်း၊ သူတို့ ရဲ့  အားထုတ်မှုတွေကို အသိအမှတ်ပြု လေးစားတန်ဖိုးထားတဲ့အကြောင်း ပြောပြလိုက်ပါ။ သူဆက်ပြီး ငိုနေချင် ငိုနေလိမ့်ဦးမယ်။ ဒါပေမယ့် သူ့ စိတ်သက်သာရာရ သွားပြီး ကျေနပ်နှစ်သိမ့်သွားမှာကတော့ အမှန်ပါပဲ။

Anonymous

Why Women Cry Easily (Anonymous) ကို ဆီလျော်အောင် ခံစားပြန်ဆိုပါသည်။

ရခိုင်ရိုးရာ ဆီမီးခွက် အက

Tuesday, March 25, 2008

Sunday, March 16, 2008

ငါဖန်ဆင်းမယ့် နိုင်ငံ

ငါဖန်ဆင်းမယ့် နိုင်ငံ ကို
ရင်ခွင်ပိုက် အုပ်ချုပ်မယ့်သူဟာ
လက်ဝဲသစ်နဲ့  လက်ယာသစ်တို့ ရဲ့ ရင်သွေးဖြစ်တယ်။
သူက အဖေတူတယ်။
လူမျိုးစွဲ ဘာသာစွဲမရှိပဲ ရင်သွေးတွေ ဘက်က ရပ်တည်ပေးတယ်။
ပုရွက်ဆိတ်တို့ ရဲ့ ဝါဒနဲ့  ငါတို့ ကို နိဗ္ဗာန်တစ်ခုတည်စေတယ်။
သူက အမေတူတယ်။
လှောင်အိမ်တံခါးကို ဆွဲဖွင့်
ကောင်းကင် အနှံ့ ပျံသန်းခွင့်ကို ပေးတယ်။

ငါ ဖန်ဆင်းမယ့်နိုင်ငံရဲ့ 
နိုင်ငံသူနိုင်ငံသားတွေဟာ
ချီကွေဗားရားနဲ့ ဒိုင်ယာနာတို့ ရဲ့ ရင်သွေးတွေ ဖြစ်တယ်။
ချီကွေဗားရားရဲ့  အဖြတ်ခံခဲ့ရတဲ့ လက်တစ်ဘက်က
ငါတို့ နဲ့ လက်ဆွဲ နှုတ်ဆက်တယ်။
ဒါကြောင့် ငါတို့ သွေးတွေဟာ
အနိုင်ကျင့်ခံရတိုင်း ချက်ခြင်းဆူပွက်တယ်။
ဒိုင်ယာနာရဲ အကြင်နာလက်တစ်ဘက်က
ငါတို့ နှလုံးသားကို နူးညံစေတယ်။
လေထဲက ဖယောင်းတိုင်လေးရဲ့ အကြင်နာမီးတောက်ကြောင့်
ငါတို့ နှလုံးသားဟာ နှင်းဆီရောင်နဲ့ လင်းတယ်။
အမှောင်ကမ္ဘာမှာ ကြိတ်ပြီးရွာနေရတဲ့ မျက်ရည်မိုးတွေကို တိတ်စေတယ်။

ငါချစ်တဲ့နိုင်ငံရဲ့  မြို့ လယ်ခေါင်မှာ
ရေပန်း တစ်ခုမရှိဘူး။
တောက်လောင်နေတဲ့ မီးပုံကြီးတစ်ခုပဲရှိတယ်။
အဲဒီ့ မီးပုံကြီးထဲက
ဓားကိုင်ထားတဲ့ နှင်းဆီတစ်ပွင့်ခုန်ထွက်
သူ့ နာမည်က ဂျုံးအော့ဖ်အတ်တဲ့။
၁၇ နှစ် အရွယ်လေးနဲ့  ကျူးကျော်သူတွေကို မောင်းထုတ်နိုင်ခဲ့တဲ့ ပြင်သစ်သူအပျိုစင်ပေါ့။
မလိုသူတွေက သူ့ ကို မတရား စွပ်စွဲ၊ အရှင်လတ်လတ်မီးပုံထဲထည့်ပစ်ခဲ့တာတောင်မှ
သူ့ ဝိညာဉ်က မသေခဲ့ဘူး။
အဲဒီ့ မီးပုံကြီးထဲကပဲ
သစ္စာတွေငုံထားတဲ့ ဖီးနစ်(စ်)ငှက်တစ်ကောင် ခုန်ထွက်ပြီးတေးဆို
သူ့ နာမည်က ဂျော်ဒါးနိုး ဘရူနိုတဲ့။
အမှောင်ခေတ်ကြီးထဲမှာမှ မှားပြီးလင်းခဲ့မိတဲ့ ကြယ်တစ်ပွင့်ပေါ့။
ကမ္ဘာက နေကို ပတ်နေတာလို့  ပြောခဲ့ရုံနဲ့ 
အရှင်လတ်လတ်မီးရှို့ အသတ်ခံခဲ့ရတဲ့ သူရဲကောင်း။
အမှောင် ကြီးစိုးလာတဲ့ အခါတိုင်း
သူတို့ နှစ်ယောက် ဝိညာဉ်တွေက
ဟိုးကောင်းကင်ဖျားဆီကိုပျံ
ကြယ်နှစ်စင်း သဏ္ဍန်နဲ့ 
ငါချစ်တဲ့ နိုင်ငံကို စောင့်ရှောက်တယ်။

ဟော…ဟိုမှာ
စပါတာကပ်
မြင်းပေါ်က ခုန်ဆင်း
ဖိနှိပ်သူတွေရဲ့ ရင်ဝကို ခပ်ပြင်းပြင်းထိုးဖို့ 
ငါတို့ ကို လှံတစ်စင်း အပ်နှင်းတယ်။
ဟော…ဟိုမှာ
ငထင်ငယ်
ရာဇဝင်ထဲက ခုန်ထွက်
ငါတို့ ကို ဓားတလက် လာဆက်တယ်။

ငါချစ်တဲ့ နိုင်ငံမှာ
လက်ညှိုးပေါင်း တစ်ထောင် ဖြတ်မယ့်သူတွေ မရှိဘူး။
ငှက်အမျိုးပေါင်း တစ်ထောင် သတ်မယ့်သူတွေ မရှိဘူး။
ငါချစ်တဲ့ ကမ္ဘာကြီး တည်ငြိမ်နေလိုက်ပုံက
ဈာန်ရထားတဲ့ ရသေ့တပါး
စင်္ကြဝဠာကြီးထဲမှာ နေကိုပတ်ပြီး
ဈာန်ကြွနေသလိုလို။

ငါချစ်တဲ့နိုင်ငံမှာ
ဆန့် ကျင်ဘက် ဝါဒီတို့ 
အချင်းချင်း စစ်မခင်းကြဘူး။
နေမင်းနဲ့ မိုးစက်ပွင့်တွေလို
ဆန့် ကျင်ဘက် တို့  ညီညွတ်စွာ ယှဉ်တွဲပြီး
လှပတဲ့ သက်တန် တစ်စင်းကို ဖန်ဆင်းတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
လူသားဆိုတဲ့ ဘုံလူမျိုး တစ်မျိုးတည်းသာ သတ်မှတ်ထားတယ်။
အဲဒီ့လူမျိုးဖြစ်ဖို့ အသားအရောင် ကို မကြည့်ဘူး၊
နှလုံးသား အရောင်ကိုသာ ကြည့်တယ်။
လူတစ်ယောက်ရဲ့  ရုပ်တရားထက် နာမ်တရားကို ပိုပြီး အလေးထားတယ်။

ငါချစ်တဲ့ နိုင်ငံမှာ လူမျိုးတစုကို ကွက်ကွက်ကလေး ချစ်တဲ့စိတ်ထက် တိုင်းပြည်ချစ်စိတ်ကို ပိုပြီး တန်ဖိုးထားတယ်။
ငါရဲ့ နိုင်ငံမှာ သက်ရှိလူသားတွေ မပြောနဲ့ ။
သက်မဲ့မြစ် တွေကအစ တိုင်းပြည်ကို ချစ်ကြတယ်။
သွေးမနှောတဲ့ ဧရာဝတီက စပါး တွေ သီးပေးသလို
သွေးနှောတဲ့ သံလွင်ကလည်း
မမောမပန်း ဟိုးတောင်ပေါ်က ခုန်ဆင်း
သူ့ ရဲ့ ချစ်ခြင်းက ငါတို့ အတွက် အလင်းကို ဖြစ်စေတယ်။

ငါချစ်တဲ့ နိုင်ငံက လူတိုင်းရဲ့ ရင်ထဲမှာ
ပြည်ထောင်စုတစ်ခုစီ ရှိတယ်။
ရင်ထဲမှာ ပြည်ထောင်စုတစ်ခုစီရှိနေလို့ 
အပြင်မှာ ပြည်ထောင်စုတစ်ခုကို တည်ဖို့  မခက်ဘူး။

ငါချစ်တဲ့ ကမ္ဘာမှာ
ယဉ်ကျေးမှုတို့ ဝတ်မှုန်ကူးပြီး ပန်းပွင့်ရောင်စုံတို့ ဖူးတယ်။
ငါချစ်တဲ့ နိုင်ငံထဲမှာ တည်တဲ့
ရွှေတိဂုံနဲ ခါကာဘိုရာဇီကို
တစ်ကမ္ဘာလုံးက ယဉ်ကျေးမှုမြင့်မားသူတိုင်း ပိုင်ဆိုင်သလို
သူတို့ ဆီမှာ တည်တဲ့
အန်ကောဝပ်နဲ့  ပီဆာမျှော်စင်ကို လည်း
ငါတို့ အားလုံး ပိုင်ဆိုင်တယ်။
ယဉ်ကျေးမှုတို့ ရဲ့  နှလုံးသည်းပွတ် မှန်သမျှဟာ
နယ်နိမိတ်တွေကို ကျော်လွန်ဖြတ်သန်းပြီး
စကြာင်္ဝဠာ တစ်တိုက်လုံးအထိ မွှေးတယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဥယျာဉ်တစ်ခုရှိတယ်။
အဲဒီ့ ဥယျာဉ်ထဲက သစ်ပင်တွေမှာ
ဘာသာတရားတို့ ရဲ့ အဆီအနှစ်တွေက
သစ်သီးအဖြစ်သီးနေတယ်။
အဲဒီ့သစ်သီးတွေကို ကြိုက်သလောက်ဆွတ်ယူကြ။
အဲဒီ့ ဥယျာဉ်ရဲ့ သစ်သီးတိုင်းဟာ ချိုမြိန်ပြီးဆေးဘက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ပင်လယ်တစ်ခုရှိတယ်။
နာမည် အမျိုးမျိုးနဲ့ စီးဆင်းလာတဲ့ ဘာသာတရားဆိုတဲ့မြစ်တွေဟာ
ကိုယ်ချင်းစာတရားဆိုတဲ့ ပင်လယ်မှာ ပေါင်းဆုံတယ်။
အဲဒီ့ ပင်လယ်ရဲ့ ရေစက်ရေပေါက်တိုင်းဟာ ချိုမြိန်ပြီး ဆေးဖက်ဝင်တယ်။

ငါချစ်တဲ့ ကမ္ဘာမှာ
ဘုရားတွေ ပရိနိဗ္ဗာန် စံပေမယ့်
တရားတွေ ပရိနိဗ္ဗာန် မစံသေးဘူး။
လူတိုင်းရဲ့ ရင်ထဲမှာ
ဘုရားတစ်ဆူစီရှိနေတယ်။

ကောင်းကင်ကို

download this poem (pdf file)

မှတ်ချက်။ ။
ချီကွေဗားရားဟာ နိုင်ငံပေါင်းစုံကို လှည့်လည်ပြီး တော်လှန်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးသမား ဖြစ်ပါတယ်။ ဘိုလီးဗီးယားမှာ အဖမ်းခံရပြီး သေနတ်နဲ့ ပစ်သတ်ခြင်း ခံရပြီး လက်နှစ်ဖက်ကိုလည်း လက်မောင်းရင်းကနေ လွှနဲ့ တိုက်ပြီး အဖြတ်ခံခဲ့ရပါတယ်။

လေထဲက ဖယောင်းတိုင်ဆိုတာက ဒိုင်ယာနာကို ရည်ညွှန်းပါတယ်။ အယ်လ်တန်ဂျွန် ဒိုင်ယာနာ အတွက် ဆိုခဲ့တဲ့ သီချင်းပါ။

သွေးနှောတဲ့ သံလွင်ဆိုတာ သံလွင်မြစ်ဟာ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံထဲမှာပါ ဖြတ်သန်းစီးဆင်းခြင်းကို တင်စားရည်ညွှန်းပါတယ်။

Monday, March 10, 2008

အ၀ါရောင် ခေါင်းစွပ်လေး (ရေး-ခိုင်မာကျော်ဇော)

ကျနော့် နာမည်ကျော်စွာကို လူတွေက ‘ငစွာ’လို့ ခေါ်လို့ခေါ် ‘အ၀ါလေး’လို့ ခေါ်လိုခေါ်နဲ့ ကျနော် မကြိုက်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော ဘယ်လိုမှ ပြောမရဘူး။

‘ငစွာ’လို့ခေါ်ကြတာက ကျနော်က စွာလို့တဲ့။ ‘အ၀ါလေး’ လို့ခေါ်ကြတာကတော့ ခေါင်းစွပ်အ၀ါရောင်လေးကို ကျနော်အမြဲတမ်းစွပ်ထားလို့ ‘ငစွာ’လို့ခေါ်တာ ကျနော် မကြိုက်ပါဘူး။ ကျနော်က စွာတာမှ မဟုတ်တာ။ ဒီအမှိုက်ပုံကြီးမှာ ကိုယ်လိုချင်တဲ့ပစ္စည်းရဖို့ သူ့ထက်ငါ လူတိုင်း တိုးဝှေ့နေကြတာပဲ။ ကျနော်လည်း သူများတွေလိုပဲ တိုးဝှေ့ကောက်တာပဲဟာ။ ဒီလိုမှ မတိုးရင် ကျနော်တို့ ဘယ်လို ထမင်းစားမလဲ။

အ၀ါရောင်ခေါင်းစွပ်လေးကို အမြဲတမ်းစွပ်ထားလို့ ‘အ၀ါလေး’လို့ခေါ်တာတော့ ခေါ်ပေါ့။ ဘာကြောင့်မှန်းတော့ မသိဘူး အဲဒီ ပလတ်စတစ် အ၀ါရောင် ခေါင်းစွပ် လေးကို ကျနော် သဘောကျတယ်။ အဲဒီခေါင်းစွပ်ကလေး စွပ်ထားရင် လေလည်း လုံတယ်။ မိုးလည်းလုံတယ်။ ကျနော့် ဆံပင်တွေ၊ မျက်စိတွေ၊ နားတွေထဲလည်း အမှိုက်တွေ၊ ရွှံ့တွေ မစင်တော့ဘူး။ အဲဒီခေါင်းစွပ်အ၀ါလေးက ကျနော်နဲ့လည်း လိုက်တယ်တဲ့။ အမှိုက်ကားကြီးတွေ လာချိန်နီးလို့ ဓားကောက်ကိုကိုင်၊ ပီနံအိတ်ကို သိုင်းလွယ်ပြီး အဲဒီခေါင်းစွပ်အ၀ါလေးကို စွပ်ပြီး အမှိုက်ကွင်းကြီးထဲ ကျနော်ဆင်းပြီဆို ‘ငစွာလေးလာပြီဟေ့’၊ ‘အ၀ါလေးလာပြီဟေ့’နဲ့ ကျနော့်ကို အမျိုးမျိုး ပြောင်ကြ နောက်ကြတယ်။

အဲဒီထဲမှာ ဟိုဘက်တဲက ရွှေကျင်လင်မယားက အဆိုးဆုံးပဲ။
သူတို့မှာ သားသမီးမရှိတော့ ကျနော့်ကို သူတို့ ချစ်လည်းချစ်လို့ ခေါ်တယ်ဆိုတာ ကျနော်သိပါတယ်။
ဒါပေမယ့် ကျနော့်ထက်ငယ်တဲ့ ကလေးတွေက လူကြီးတွေခေါ်သလို လိုက်လိုက်ခေါ်တာ ကျနော် မကြိုက်ပါဘူး။
‘သန်းထွန်းလေး’ဆို အဆိုးဆုံးပဲ။ မကြိုက်ဘူးလို့ ကျနော်ပြောတာ အခါတထောင်လောက်ရှိတော့မယ်။
ဒါလည်းမရဘူး။ သူက သူ့အဖေအားကိုးနဲ့ ကျနော့်ကို လိုက်လိုက်ပြီးတော့ ပြောင်နေတာ။
အဲဒီကောင်ကို ကျနော် တခါတခါ ဆွဲထိုးပစ်ချင်တယ်။

ကျနော်တို့ အမှိုက်ပုံမှာတော့ သန်းထွန်းလေးတို့ အမျိုးတွေ တော်တော်များတယ်။
အိမ် ၄၀ ကျော်မှာ သူတို့အမျိုးက တ၀က်လောက်ရှိတယ်။
ကျနော်တို့ အခုနေတဲ့ မဲဆောက်မြို့ ဘတ်စံကွင်းထဲက အမှိုက်ပုံကြီးကို
သန်းထွန်းလေးတို့ အဖေတွေ အရင်ဆုံးရောက်တာတဲ့။
သန်းထွန်လေးတို့က ပဲခူးဘက်ကလို့ ပြောတာပဲ။ သူတို့အမျိုးတွေက ပဲခူး၊ သနပ်ပင်၊ ဒိုက်ဦးစုံနေတာပဲ။
ကျနော်တို့က မုတ္တမ ကမ်းခြေစုက လာတာ။
ဒီအမှိုက်ပုံကြီးမှာ နယ်စုံက လူတွေရှိတယ်။
ကျနော်တို့ တဲနားက ရွှေကျင်လင်မယားဆိုရင် ရွှေကျင်ကလာလို့ ရွှေကျင်လင်မယားလို့ ခေါ်ကြတာလေ။
ကျနော်တို့ အမှိုက်ပုံကြီးမှာ မွန်၊ ကရင်၊ ဗမာ လူမျိုးလည်းစုံတယ်။
နယ်စုံ လူစုံဆိုတော့ ခဏခဏလည်း စကားများကြ၊ ရန်တွေဖြစ်ကြနဲ့။
အမှိုက်ကားကြီးတွေလာလို့ အမှိုက်တွေသွန်ချပြီဆို သူ့ထက်ငါ တိုးဝှေ့လုယက်ပြီဆိုရင်
စကားတွေများကြပြီ။ ရန်တွေဖြစ်ကြပြီ။
ကောက်ထားတဲ့ ပစ္စည်းတွေပျောက်လို့၊ ခိုးလို့ ရန်ဖြစ်ကြတာတွေလည်းရှိတယ်။
နောက်တော့လည်း ပြန်တည့်သွားကြ။ ပြန်ခေါ်ကြတာပဲ။

ကျနော်လည်း ၁ ခါ ၂ ခါ တော့ ရန်ဖြစ်ဖူးတယ်။
သန်းထွန်းလေးနဲ့ သန်းထွန်းလေးတို့ အမျိုးတွေနဲ့ပဲပေါ့။
သူတို့က အမျိုးတောင့်တယ်။ အရင်ရောက်တယ်ဆိုပြီး နေရာတကာ ဆရာလုပ်ချင်တယ်။
ကျနော်တို့လို ကလေးတွေဆိုရင်လည်း သူ့အဖေက အော်လိုက် ငေါက်လိုက် အမြဲလုပ်တယ်။
သူ့အဖေက ထိုင်းစကားလည်းတတ်တော့ ကျနော်တို့ အမှိုက်ပုံမှာတော့ ဆရာကြီးပေါ့။

ဒီအမှိုက်ပုံကို ချုပ်ထားတဲ့ ထိုင်းလင်မယားနဲ့လည်း သူက အဆင်ပြေတယ်။
အဆင်ပြေမှာပေါ့ ကျနော်တို့ ဘာလုပ်တယ်၊ ဘယ်မှာရောင်းတယ်ဆိုတာကို သူက သတင်းသွားသွားပေးတာကိုး။
အခုတော့ အဲဒီထိုင်းလင်မယားက ကျနော်တို့အမှိုက်ပုံမှာ သန်းထွန်းလေး အဖေကို လူကြီးတင်ထားပေးတယ်။
အမှိုက်ပုံကရတဲ့ ပစ္စည်းတွေကိုလည်း အရင်ကလို ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့မရတော့ဘူး။
အရင်ကလည်း ကျနော်တို့ ရောင်းချင်တဲ့နေရာမှာ ရောင်းလို့ရတာတော့ မဟုတ်ပါဘူး။
အဲဒီ ထိုင်းလင်မယားဆီမှာပဲ ရောင်းရတယ်။

သူတို့က ဒီအမှိုက်ပုံကြီးကို ချုပ်ထားတာဆိုတော့ ဈေးနှိမ်ပြီးတော့ ၀ယ်တာပေါ့။
ဒါပေမယ့်လည်း ဈေးပိုရမယ်ထင်တဲ့နေရာမှာ အဲဒီထိုင်းတွေမသိအောင် သွားသွားပြီးတော့ ခိုးရောင်းကြတယ်။
အခု သန်ထွန်းလေးတို့အဖေကို လူကြီးတင်ထားတော့ ဘယ်လိုလုပ်ပြီး ခိုးရောင်းလို့ရတော့မှာလဲ။
သူတို့က ကျနော်တို့နဲ့ပဲ အတူတူနေတာဆိုတော့ အကုန်သိတာပေါ့။
ပြီးတော့ သူတို့အမျိုးတွေကလည်း အများကြီးဆိုတော့ ဘယ်သူဘာလုပ်တယ်ဆိုတာ
သူတို့က မျက်လုံးဒေါက်ထောက် ကြည့်နေတာ။

ခေါင်းစွပ်အ၀ါလေးက ဒီအမှိုက်ပုံကြီးထဲကပဲ ကျနော်ရတာ။
ကျနော်ရတာ တနှစ်တောင်ကျော်သွားပြီ။
ခေါင်းစွပ်ကလေးရဲ့ အောက်ဘက်မှာ ကြယ်သီးပေါက်ကလေးတွေပါတော့
အဲဒီခေါင်းစွပ်ကလေးဟာ အင်္ကျီနဲ့တွဲပြီးဝတ်တာလို့ ကျနော်ထင်တယ်။
အရင်ကတော့ အဲဒီခေါင်းစွပ်ကလေးနဲ့တွဲဝတ်တဲ့ အင်္ကျီအ၀ါရောင်လေးများ
အမှိုက်ကားကြီးတွေနဲ့ ပါလာမလားလို့ ကျနော် မျှော်နေသေးတယ်။
အခုတော့ ကျနော် မမျှော်တော့ပါဘူး။

ဒီအမှိုက်ပုံကြီးကို ကျနော်ရောက်တာ ၂နှစ်ကျော် ၃ နှစ်ရှိပြီ။
အခုကျနော့်အသက် ၁၄ နှစ်ထဲဝင်ပြီဆိုတော့ ကျနော် ၁၁ နှစ်ကျော်အရွယ်လောက် စရောက်တာပေါ့။
ပျော်တော့ ဘယ်ပျော်မှာလဲ။
ဒါပေမယ့် ဒီအမှိုက်ပုံကြီးက ကျနော်တို့ကို ထမင်းကျွေးတာဆိုတော့ မပျော်လည်းနေ ပျော်လည်းနေပေါ့။
မုတ္တမမှာ နေတုန်းကဆို ကျနော်တို့ ထမင်းနပ်မှန်အောင် စားရတာမဟုတ်ဘူး။
အဖေကူလီ မထမ်းနိုင်တဲ့နေ့တွေဆိုရင် ရေသောက်ပြီးတော့ပဲ နေရတယ်။
အမေကတော့ ကျနော်ငယ်ငယ်လေးထဲက သေသွားတယ်လို့ အဖေကပြောတယ်။

အဖေဆုံးပြီးမှ ကျနော် ဒီအမှိုက်ပုံကို ရောက်လာတာ။
ကျနော့်ဦးလေးက ဒီအမှိုက်ပုံမှာ အလုပ်လုပ်တာ အဆင်ပြေတယ်လို့ပြောပြီး
ကျနော့်ကို ပြန်ခေါ်လို့ ကျနော်ရောက်လာတာ။

ကျနော်တခါမှ ကျောင်းမနေဖူးဘူး။ ကျနော့်အဖေလည်း ကျောင်းမနေဖူးဘူးတဲ့။
ဦးလေးကတော့ ကျနော်တို့ မွန်ရွာက ဘုန်းကြီးကျောင်းမှာ နေခဲ့ဖူးတယ်လို့ ပြောတာပဲ။
ကျောင်းတခါမှ မနေဘူးတော့ ကျောင်းနေချင်သလား မနေချင်ဘူးလားဆိုတာ ကျနော် မပြောတတ်ဘူး။
သန်းထွန်းလေးလည်း ကျနော့်လိုပဲ ကျောင်းမနေဖူးဘူး။

ဒီအမှိုက်ပုံကြီးထဲမှာ ကျနော်တို့အရွယ်တွေရှိတော့ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။
ကျနော်၊ သန်းထွန်းလေး၊ ကွာစိ၊ ငတိုးနဲ့ မိခက်တို့ပဲရှိတယ်။
ကျန်တဲ့ကလေးတွေကတော့ ကျောင်းနေပါတယ်။
ဒီအမှိုက်ပုံကြီးအနားမှာ ကျောင်းရှိတယ်။ သူတို့အဲဒီကျောင်းမှာ သွားတက်ကြတာပေါ့။
ကျနော် ကျောင်းမနေချင်ပါဘူး။ ကျနော်က အကောင်ကြီးနေပြီ ရှက်စရာကြီးဖြစ်နေမှာပေါ့။

ကျောင်းနေရင် ကျနော်တို့ ထမင်းဘယ်လို စားမလဲ။
အမှိုက်ကောက်တာက နေ့ရောညပါ ကောက်မှ တနေ့ကို ၁၅ ဘတ် ၂၀ ရတာ။
ကံမကောင်းတဲ့နေ့ဆိုရင် တနေ့ ၁၀ ဖိုးတောင် မရချင်ဘူး။

ပလတ်စတစ်၊ အချိုရည်ဘူး၊ ပုလင်း၊ ခွက်၊ နန်းကြိုး၊ အ၀တ်၊ ထီးစုတ်၊ ဖိနပ်စုတ် အစုံကောက်တယ်။
အာလူး၊ ကြက်သွန်၊ ကော်ဖီထုပ်၊ ပဲ၊ ငါးခြောက်၊ ပဲလှော်၊ မုန့်ခြောက်တွေလည်း ရတာရှိတယ်။
တခါတခါလည်း အသီးအရွက်တွေ၊ အသားတွေ၊ ငါးတွေလည်းရတယ်။
ပစ္စည်းတွေက တချို့လည်းကောင်းတယ်။ တချို့လည်း မကောင်းဘူး။
အစားအသောက်တွေရရင် ကျနော်တို့ ရေဆေးပြီးတော့စားတယ်။
အခြောက်လှန်းပြီးလည်း စားကြတယ်။
ဒီမှာ အားလုံး ဒီလိုပဲ စားကြတာပဲ။
ဒါတောင်မှ သူ့ ထက်ငါ လုယက်ကောက်ရတာ။
ဒါကြောင့်မို့လည်း ကျနော်တို့ ရန်ဖြစ်ကြတာပေါ့။

အခုဆိုရင် ရန်မဖြစ်အောင်လို့ ကိုယ့်အတန်းနဲ့ကိုယ်နေရာယူပြီး ကောက်ရတယ်။
ဒါလည်း သူနဲ့ငါ အလုအယက်ပဲ။ ဒါပေမယ့် အရင်လောက်တော့ မဆိုးတော့ဘူး။
တအားဆိုးတဲ့လူတွေကိုလည်း ဒီအမှိုက်ပုံကြီးကို ချုပ်ထားတဲ့ ထိုင်းလင်မယားက ပေးမကောက်ဘူး။
သူတို့ကို ရန်ဖြစ်လို့ မောင်းထုတ်ဖူးတာရှိတယ်။
အခုတော့ သူတို့ ဘယ်ရောက်သွားလဲ ကျနော်လည်း မသိဘူး။

ကျနော်တို့မှာ ကစားချိန်မရှိပါဘူး။
အမှိုက်ကားကြီးတွေက မနက်အစောကြီး တကြိမ်။ နေ့လည် တကြိမ်။ ညနေပိုင်းမှာ တကြိမ်လာတယ်။
တနေ့ (၃) ချိန်လာတာဆိုတော့ အဲဒါတွေကို တနေကုန် ကောက်ရောပဲ။
ကားကြီးတွေမလာခင် အမှိုက်ပုံကြီးထဲမှာပဲ အချင်းချင်း ပြောင်ကြ နောက်ကြ ကစားကြတာပဲရှိတယ်။
ကျနော်တို့ ကစားဖို့လည်း အမှိုက်ပုံကြီးပဲ ရှိတာကိုး။

ကျနော် မြို့ထဲကို တခါမှ မသွားဖူးဘူး။
ထိုင်းရဲတွေ ဖမ်းမှာစိုးလို့ သွားလည်း မသွားရဲဘူး။
ထိုင်းရဲတွေ ဖမ်းပြီး မြန်မာပြည်ကို ပြန်ပို့ရင် ဘယ်လိုလုပ်မလဲ။
မြန်မာပြည်ပြန်ပို့ခံရရင် ဒုက္ခရောက်မှာပေါ့။

ဒီအမှိုက်ပုံမှာနေရတာ အဆင်ပြေပါတယ်။
ပစ္စည်းရောင်းပြီးရင် ကိုယ်စားချင်တာလည်း ၀ယ်စားလို့ရတယ်။

မြ၀တီက ဈေးသည်တွေ ဒီမှာလာပြီး ဈေးရောင်းကြတာရှိတယ်။
ကိုယ်လိုချင်တာသူတို့နဲ့ မှာလို့ရတယ်။ စားချင်တာလည်း သူတို့နဲ့ မှာစားလို့ရတယ်။
သူတို့က နေ့တိုင်းလာရောင်းတာဆိုတော့ အဆင်ပြေတာပေါ့။
သူတို့လည်း မြို့ထဲလမ်းက မလာရဲဘူး။ ပုလိပ်ဖမ်းမှာကြောက်လို့ တောလမ်းကပဲ လာကြတယ်။

ကျနော်ကြီးလာရင် ဘာလုပ်မလဲဆိုတာ ကျနော်မပြောတတ်ဘူး။
အမှိုက်ပုံကြီးတွေ ရှိနေရင်တော့ ကျနော် ထမင်းမငတ်ဘူးလို့ ထင်တာပဲ။
ကျနော်ကြီးလာရင် ဒီထက်ပိုပြီးတော့ ပစ္စည်းတွေကောက်နိုင်မယ်။

ပိုက်ဆံများများရရင်တော့ ဖိနပ်တရံနဲ့ လက်အိတ်တခုလောက် ကျနော်ဝယ်ချင်တယ်။
အ၀ါရောင်အင်္ကျီလေးလည်း ကျနော် လိုချင်တာပဲ။

သူများတွေက ပြောကြတယ်လေ ‘အ၀ါလေး’က အ၀ါရောင်နဲ့ လိုက်တယ်တဲ့။ ။

ခိုင်မာကျော်ဇော (ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။)

Friday, March 7, 2008

ကြိုးပြတ်သွားတဲ့ အခါ

သွားနှုန်းမမှန်တဲ့ ရထားတစ်စင်း
မုန်ယိုနေတဲ့ ဆင်ကြီးရှေ့ အရောက်
ရုတ်တရက် ခေါင်းတွဲပျောက်သွားတဲ့ အခါ…

မိုးပေါ်မှာချည်း ကြယ်တွေပြည့်နေလို့ 
ကြယ်လေးတစ်ပွင့် မြေပြင်ပေါ်ကို ခုန်ဆင်း
သူ့ အသွေးအသားတွေ အလောင်ကျွမ်းခံ အလင်းပေးချင်ပေမယ့်
လမ်းခုလတ်မှာ ရက်စက်တဲ့လေထုက တိုက်စားလိုက်လို့ 
ကြယ်ပွင့်လေး လုံးပါးပါးသွားတဲ့ အခါ…

ကိုယ်ထူကိုယ်ထ ပွင့်ခဲ့ရပေမယ့်
အဆင်းရနံ့ နဲ့ ပြည့်စုံတဲ့ ပန်းကလေး
ဘုရားအတင်ခံခွင့်ရလေမလား၊ ဧည့်ခန်းကို အလှဆင်ပေးခွင့်ရလေမလား မျှော်လင့်ရင်းနဲ့ 
ခူးခြွေပြီး အနင်းခံလိုက်ရတဲ့ အခါ…

အထပ်ထပ်ပေါင်းထားတဲ့ ရင်ထဲက ခံစားချက်တွေကို
အလွယ်တကူ မရိပ်မိအောင် မှော်သကြား နည်းနည်းလောင်း
အဲဒါ ကဗျာဆိုတဲ့ ဓားတစ်ချောင်းပေါ့။
အနာပေါ်ကို တည့်တည့် ထိုးချလိုက်တဲ့ အခါ…

မှန်သားပြင်တွေပေါ်မှာ ခေတ်ကို ရောင်ပြန်ဟပ်ဖို့ ကြိုးစားနေခိုက်
နည်းပညာနဲ့  မထိုက်တန်သူတွေလက်ချက်နဲ့ 
ကြေးမုံတစ်ချပ် ကွဲအက်သွားတဲ့အခါ...

ဘယ်လိုပဲဖောက်ဖောက် အသံမမြည်တဲ့ စကားလုံးကျည်ဆံတွေ
သတင်းစာတွေပေါ်ကိုရောက်
သတင်းစာတွေထဲကနေ လောက်ထွက်လာတဲ့ အခါ…

သူများတွေ စွန့် ပစ်ထားတဲ့ အမှိုက်ပုံပေါ်မှာ
ငါတို့ တွေ အစုလိုက်အပြုံလိုက် အသက်မွေးခိုက်
သေမင်းက စနက်တံ ဖြုတ်ချလိုက်တဲ့ အခါ…

ငါတို့ ရဲ့ ကြောက်စိတ်တွေက တညီတညွတ်တည်းလက်ခံတင်မြှောက်ထားတဲ့
သေနတ်ကိုင် ပဲ့ထိန်း တွေရဲ့ လက်ထဲမှာ
လေတံခွန် တစ်စင်း
မရှုမလှ ကြိုးပြတ်သွားတဲ့ အခါ…

ကောင်းကင်ကို

Wednesday, March 5, 2008

ဈာပန

နှုတ်ခမ်းပါးပါးလေးနဲ့ 
ပိုးထိုးထားတဲ့ သစ်သီးတလုံး
အဲဒါ ငါ့ အသည်းနှလုံးပေါ့။
ရက်စက်မှု အမှိုက်ပုံးထဲမှာ
တိတ်တိတ်ကလေးသေနေတယ်။

လှုပ်ရုံလေးပဲ တိုက်ခဲ့ပေါ့လေပြေ။
အခုတော့ ကြွေအောင်တိုက်ပြီး
ရက်ရက်စက်စက်နင်းခြေမယ့် ခြေဖဝါးတွေအောက် သယ်ဆောင်သွားရသလား။
ရတယ်….လုပ်လိုက်ပေါ့။

လက်ကျန် သံယောဇဉ်တွေကို
ပူပေါင်းလေးတွေလို မိုးပေါ်လွှတ်တင်လိုက်ပြီပေါ့
သံယောဇဉ် ဖဲကြိုးလေးကိုလည်း
ဓားလို ပါးတဲ့ နှုတ်ခမ်းလေးနဲ့  ခုပဲ ဖြတ်လိုက်ပါ။
ငါ့ဈာပန ကို အခု ကျင်းပမလို့ ။

ကောင်းကင်ကို

Saturday, March 1, 2008

မချောသောလင်္ကာ(သရော်စာ) (ရေး- နာရယန်း) (ဘာသာပြန်- မန်းတင်)

“အမှန်တရားဟာ နေနဲ့ တူတယ်၊ သူ့ ကိုစေ့စေ့ကြည့်ရင် မျက်တောင်ရင်လဲ ခတ်သွားရမယ်၊ ဒါမှ မဟုတ် မူးဝေရင်လည်း သွားနိုင်တယ်။ ”

ကျောင်းဆရာ ဆက္ခာသည် ထိုသို့ တွေးမိလေသည်။

နေဝင်မှ မိုးချုပ်သည်အထိ လူအများသည် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံနေကြရာတွင် အဆင်ပြေမှုကို ရှေ့ ရှူကာ မုသားမပါ လင်္ကာမချောဟူသော ဆိုရိုးအတိုင်း အမှန်တရားကို မုသာဝါဒဖြင့် ဖုံးကွယ်ဖျက်ဆီးလျက် ရှိကြသည်ဟု ယူဆမိသည်။ ယနေ့ ကိုမူ သူသည် ထူးခြားသော နေ့ တစ်နေ့  အဖြစ် သတ်မှတ်ထားလိုက်သည်။
“ဘာပဲဖြစ်နေနေ တစ်နှစ်မယ် အနည်းဆုံးတစ်ရက်လောက်တော့ မှန်တာကိုသာ ပြောဆိုသင့်တယ်၊ ပြောဆိုရမယ်၊ ဒီလိုမှ မဟုတ်ရင် တစ်သက်လုံး လိမ်ညာနေတဲ့ ဘဝဟာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး” ဟု ဆုံးဖြတ်ချက် ချမိလေသည်။ ဘာဖြစ်နေနေ တစ်နေ့ လုံး မုသားစကားကို မသုံး၊ အမှန်ကိုသာ ပြောဆိုရမည်ဆိုပါက ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ရမည်ကို မျှော်လင့်ထားပါသည်။ သူထိုသို့ အဓိဌာန်ဖြင့် ကျင့်ကြံရမည်ကိုလည်း မည်သူ့ မျှ ဖွင့်ဟကာ မပြောချေ။ မိမိဘာသာ လျှို့ ဝှက်ဆုံးဖြတ်ချက်ချထားခြင်းဖြစ်ပါသည်။ သူနှင့် လူ့ လောကကြီးတို့ တိတ်တဆိတ် သဘောတူညီချက် ချမှတ်ထားခြင်းဖြစ်သည်။

သူ၏ ဇနီးက သူ့ ကို နံနက်စာတည်ခင်းသော အချိန်တွင် သူ့ အဓိဌာန်ကို တည်မြဲအောင် စောင့်စည်းရမည့် အရေးနှင့် ပတ်သတ်၍ ပထမဆုံး အစမ်းသပ်ခံကာ ရင်ဆိုင်ရလေသည်။ သူသည် ဇနီးသည် အစွမ်းကုန် ချက်ပြုတ် ကြော်လှော်ထားသော စားသောက်ဖွယ်များကို ရုတ်တရက် မနှိုက်သေးပဲ ဆုတ်ဆိုင်းဆိုင်း လုပ်နေလေသည်။

“ဘာဖြစ်လို့ လဲ၊ မကြိုက်လို့ လား” ဟု ဇနီးက မေးလေသည်။
ယခင်ကဆိုလျှင် မနှစ်သက်သည့် တိုင်အောင် ဇနီးသည် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် “မဟုတ်ပါဘူး၊ ရင်ပြည့်နေလို့ ပါ” ဟုပြောမည်ဖြစ်သည်။ ယနေ့ အဖို့ မှာမူ အမှန်ကိုသာ ပြောမည်ဟု အဓိဌာန် ထားသည့်အတိုင်း “မကောင်းဘူး၊ ဒီဟင်းတွေကို မျိုလို့ ရမှာ မဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ထိုစကားကြောင့် သူ့ ဇနီးမျက်နှာပျက်သွားသည်ကို သတိပြုမိသော်လည်း “မတတ်နိုင်ဘူး၊ အမှန်တရားဆိုတာ နေလိုပဲ” ဟုမိမိဘာသာ စိတ်ထဲတွင် တွေးလိုက်လေသည်။

သူ၏ အဓိဌာန်နှင့် ပတ်သတ်၍ နောက်တစ်ကြိမ် အစမ်းသပ်ခံရသည်မှာ ကျောင်းဆရာများ စုဝေးရာ အခန်းတွင် ဖြစ်သည်။ သူ၏ လုပ်ဖော်ကိုင်ဘက် ကျောင်းဆရာတစ်ဦးသည် သူ့ အနီးသို့ လာ၍ သူတို့ နှင့် သိကျွမ်းသူတစ်ဦး အနိစ္စရောက်သည့် အကြောင်းကို ပြောဆိုပြီး “သနားစရာ မကောင်းဘူးလား” ဟုမေးလိုက်သည်။

“မသနား ပါဘူးဗျာ” ဟု ဆက္ခာက ပြန်ဖြေလေသည်။
“သူဟာ လူကောင်းတစ်ယောက်ပါဗျာ၊ သနားစရာပါ၊ ပြီးတော့” ဟုစပြန်ရာက ဆက္ခာက စကားမဆုံးမီ ခပ်တိုတိုပင် ဖြတ်၍ ပြောလိုက်သည်။
“ဘယ်ကလူကောင်းရမှာလဲ၊ ကျုပ်ကတော့ ဒီလူဟာ သဘောထားသေးနုပ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လူညာတစ်ယောက်လို့ ပဲ သိတယ်”
ထိုစကားကြားရသောအခါ သူ့ မိတ်ဆွေ ကျောင်းဆရာသည် မျက်နှာပျက်ကာ လှည့်ထွက်သွားလေသည်။

ညနေပိုင်း နောက်ဆုံးအချိန်တွင် ဆက္ခာသည် တတိယတန်းတွင် ပထဝီသင်ခန်းစာများကို သင်ကြားလျက်ရှိစဉ် ကျောင်းအုပ်ဆရာကြီးထံမှ စာတိုလေးတစ်ခုကို ရရှိလေသည်။
“အိမ် မပြန်မီ ကျေးဇူးပြု၍ ကျွန်ုပ်ကို လာတွေ့ စေလိုပါသည်”
ဆက္ခာသည် စာကိုဖတ်ရင်း “ဒါတော့ ဟိုစာမေးပွဲ အဖြေလွှာ ကိစ္စပဲ ဖြစ်မှာပဲ” ဟုအောက်မေ့မိလေသည်။ ကျောင်းသားငယ်များ ရေးချင်သလို ရေး၍ ဖြေချင်သလို ဖြေထားကြသော အဖြေလွှာတစ်ရာ ဖြစ်သည်။ သူသည် ထိုအလုပ်ကို စိတ်မပါလှသဖြင့် စစ်ဆေးခြင်းမပြုပဲ ချောင်ထိုးထားခဲ့သည်မှာ ရက်ပေါင်း အတော်ကြာနေလေပြီ။ အဖြေလွှာများကို စစ်ဆေးရန် စဉ်းစားမိတိုင်း သူ့ ခေါင်းပေါ်တွင် ဓားတန်းလန်းကြီး ဆွဲထားသလို ကြောက်သလိုလို ရွံ့ သလိုလို ဖြစ်နေခဲ့သည်။

ကျောင်းဆင်းခေါင်းလောင်း ထိုးပေပြီ။ ကျောင်းသားများသည် အခန်းတွင်းမှ ခပ်သုတ်သုတ်ထွက်သွားကြလေသည်။

ဆက္ခာသည် ဆရာကြီးအခန်းရှိရာသို့  လျှောက်လာခဲ့သည်။ အခန်း အပြင်ဘက်တွင် ခေတ္တရပ်လျက် သူ၏ အင်္ကျီ ကြယ်သီးများကို တပ်လိုက်သည်။ ဆရာကြီးသည် ဆရာများအား အင်္ကျီကြယ်သီးများကို တပ်၍ သေသေသပ်သပ်ဝတ်ရန် ကျောင်းဆရာများအား အစဉ်သဖြင့် ပြောဆို ညွှန်ပြတတ်သည်။

သူသည် ယဉ်ကျေးသိမ်မွေ့ သော အပြုံးကိုဆောင်၍ အခန်းတွင်းသို့  ဝင်သွားကာ ဆရာကြီးကို နှုတ်ဆက်လိုက်သည်။ ဆရာကြီးသည် သူ့ ကိုမော့ကြည့်ပြီး ဖော်ရွေသော အမူအရာဖြင့် “ဆရာ၊ ဒီနေ့ ညနေအားသလား” ဟုမေးလိုက်လေသည်။
“အိမ်က ကလေးတွေနဲ့ အပြင်ထွက်ဖို့ တော့ ပြောထားတယ်”
“နောက်နေ့ မှ သွားပါလေ၊ ဒီနေ့  အိမ်လိုက်ခဲ့စမ်းပါဦး”
“အို ဟုတ်..ဟုတ်ကဲံ ဆရာကြီး၊ လိုက်ခဲ့ပါ့မယ်” ဟု ခေါင်းတငြိမ့်ငြိမ့် နှင့်ဖြေပြီးနောက် မဝံ့မရဲနှင့် “ဘာများ ကိစ္စထူး ရှိလို့ လဲ ဆရာကြီး” ဟု မေးလိုက်လေသည်။
“အင်း၊ ဆရာက ဂီတနဲ့ ပတ်သတ်ပြီး ကျုပ်အကြောင်းကိုမသိသေးပဲကိုး” ဟု ဆရာကြီးက ပြုံးရွှင်စွာ ပြောလေသည်။
“ဟုတ်ကဲ့ ဘယ်လိုလဲ ဆရာကြီး”
“ကျုပ် အဆိုအတီးကို တိတ်တိတ်ကလေးသင်ပြီး လေ့ကျင့်နေတယ်၊ ဒီနေ့ ညနေတော့ ဆရာ့ကို နားထောင်ကြည့်စေချင်လို့ ပဲ၊ တယောထိုးမယ့်သူနဲ့  တီးမယ့်မှုတ်မယ့်သူတွေကိုလည်း ခေါ်ထားတယ်၊ အသိုင်းအဝိုင်းနဲ့ ကျကျနန ဆိုကြ တီးကြမှာကတော့ ဒါဟာ ပထမ အကြိမ်ပဲ၊ အဲဒီတော့ ဆရာ နားထောင်ပြီး ဆရာ့သဘောထားကို ပြောစေချင်ပါတယ်၊ နားထောင်လိုက်ရင် ဆရာသဘောကျ သွားမှာပါ”

တေးဂီတနှင့် ပတ်သတ်၍ ဆက္ခာ၏ ကျွမ်းကျင်မှုကို လူအများသိရှိကြပါသည်။ မြို့ ထဲတွင် သူသည် တေးဂီတ ဝါသနာရှင်များ၏ ရိုသေလေးစားခြင်းကို ခံရသော တေးဂီတ ဝေဖန်ရေးသမား တစ်ဦး ဖြစ်သည်။ သို့ သော်လည်း သူ၏ တေးဂီတ ဝါသနာထုံမှုများသည် ယနေ့  သူချမှတ်ထားသော အဓိဌာန်နှင့် ပတ်သတ်၍ အစမ်းသပ်ခံရမည့် အခြေအနေသို့ ရောက်လိမ့်မည်ဟု မျှော်လင့် မထားချေ။

“ဆရာ အံ့သြနေတယ် ထင်တယ်၊ ဟုတ်လား” ဟု ဆရာကြီးက မေးလိုက်ပြီးနောက် ဆက်လက်၍ “ကျုပ်ဟာ ငွေကုန်ကြေးကျ အတော်များပြီး လူသိမခံပဲ ကြိတ် ကြိုးစားနေတာ တော်တော်ကြာပြီ” ဟုပြောလေသည်။

သူတို့ နှစ်ဦးသည် ဆရာကြီးအိမ်သို့ လျှောက်လာခဲ့ကြသည်။
“ဘုရားသခင်ဟာ ကျုပ်ကို သားသမီးရတနာများရအောင် မစောင်မခဲ့ဘူး၊ ဒါပေမယ့် တေးဂီတ ပညာကလေး တတ်မြောက်အောင်တော့ စောင်မကောင်းပါရဲ့ ” ဟု ဆရာကြီးက လမ်းလျှောက်ရင်း သနားစဖွယ် ပြောကြားလေသည်။
သူသည်တစ်လမ်းလုံးပင်တေးဂီတအကြောင်း များကိုသာ ပြောဆို လာလေသည်။ တစ်နေ့ တွင် ပျင်းပျင်းရှိသည်နှင့် တေးတစ်ပုဒ်ကို စမ်းသပ် သီဆိုမိပုံ၊ ထိုအခါမှ စ၍ တေးဂီတကို ဖြစ်ဖြစ်မြောက်မြောက် စနစ်တကျ သင်ကြားလိုစိတ် ပြင်းပြလာပုံကို၊ စတင် သင်ကြားရာတွင် ဆရာက သူသီဆိုသည်ကို နားထောင်ရင်း ရယ်ပုံ၊ ထို့ နောက် စနစ်တကျ သင်ကြားလျှင် အောင်မြင်နိုင်ကြောင်း ပြောဆိုသဖြင့် မျှော်လင့်ချက် ထားခဲ့ပုံ၊ သူ့ ဘဝတွင် စိတ်မချမ်းသာစရာများနှင့် တွေ့ ကြုံရလျှင် တေးဂီတဖြင့် ဖြေဖျောက်မည်ဟု မျှော်မှန်းထားပုံ စသည်တို့ ကို စိတ်ဝင်စားဖွယ် ပြောပြလေသည်။

အိမ်သို့ ရောက်သောအခါ ဆရာကြီးသည် ဆက္ခာအပေါ်တွင် အထူးပင် စေတနာ ပိုလျက်ရှိလေသည်။ သူ့ အားကော်ဇောပေါ်တွင် ထိုင်စေ၍ ရှေ့ တွင် ရသာမျိုးစုံ စားဖွယ်သောက်ဖွယ် များကို ချထားပြီးလျှင် သူ၏ သားမက်တစ်ဦးကဲ့သို့  စားပါသောက်ပါဟု ရွှန်းရွှန်းဝေအောင် ဧည့်ခံလေသည်။

“ကဲ ကိုယ်လွတ်စိတ်လွတ် နားထောင်နော်ဆရာ၊ ဟိုမစစ်ရသေးတဲ့ စာမေးပွဲ အဖြေလွှာတွေ အကြောင်းကိုလည်း ဘာမှ စဉ်းစားမနေနဲ့ ” ဟုပင် ပြောလိုက်ပြီး ဆက်လက်၍ ဆရာ့ကို တစ်ပတ် အချိန်ပေးပါ့မယ်” ဟု ရယ်မောကာ ပြောဆိုလိုက်လေသည်။
“၁၀ ရက်ပေးပါ ဆရာကြီး” ဟုဆက္ခာက တောင်းပန်လိုက်သည်။
“ကောင်းပါပြီဆရာ၊ ပေးပါတယ်”ဟု ဆရာကြီးက ပြုံးရွှင်ရက်ရော စွာခွင့်ပြုလိုက်လေသည်။ သူသည် တစ်နေ့ လျှင် အဖြေလွှာ ၁၀ခုကို အေးအေးဆေးဆေး စစ်ဆေးသွားပါက ၁၀ ရက်ဆိုလျှင် အားလုံးပြီးစီးသွားပြီ ဖြစ်သည်။
ဆရာကြီးသည် အမွှေးတိုင်များကို ထွန်းညှိုပြီး “တေးဂီတ နဲ့ လိုက်လျောမယ့် ပတ်ဝန်းကျင် အခြေအနေ ကလေးကို ဖန်တီးပေးလိုက်တာပါ” ဟုရှင်းပြလေသည်။
တယောဆရာနှင့်တကွ တီးမှုတ်မည့် သူများသည် ကော်ဇောပေါ် တွင်ထိုင်၍ အချိန်အခါကို စောင့်လျက် ရှိကြသည်။ ဆရာကြီးသည် သူတို့ အလယ်တွင် ဝင်ထိုင်ကာ အာခေါင်ကို ရှင်းလင်းလျက် အသံစမ်းသည့် သဘောဖြင့် ခြေဆင်းကို သီဆို၍ ရပ်လိုက်ပြီး “ဘယ့်နှယ်လဲ၊ ကောင်းရဲ့ လား”ဟု မေးလိုက်သည်။ ဆက္ခာသည် ဆရာကြီး၏ အမေးကို မကြားဟန်ဆောင်နေလိုက်သည်။ ဆရာကြီးသည် ဆက်လက်၍ နာမည်ကျော် တေးဂီတ ဆရာကြီး “သာရက ရာဇာ” ရေးစပ်သော သီချင်းကြီး တစ်ပိုဒ်ကို သီဆိုလေတော့သည်။ ထိုသီချင်းဆုံးလျှင် နောက်ထပ် သီချင်းနှစ်ပိုဒ် ဆက်၍ စိတ်ပါလက်ပါ သီဆိုလေသည်။

“အင်း သူ့ အသံက ဖားတစ်ဒါဇင်လောက် ဝိုင်းအော်နေတာနဲ့ တူတယ်၊ ဟော ကျွဲအော်သံလို အော်နေပြန်ပြီ၊ ဒီတစ်ခါတော့ လေတိုက်တဲ့အခါ ပြတင်းပေါက်က တရုတ်ကတ်တွေ မြည်သလို မြည်နေတယ်”
ဆက္ခာသည် ဆရာကြီး၏ သီချင်းသံကို နားထောင်ရင်း စိတ်ထဲတွင် မှတ်ချက်ချကာ ဝေဖန်လျက် ရှိသည်။ အမွှေးတိုင်များသည် လောင်ကျွမ်း၍ တိုကုန်ပါပြီ။ နှစ်နာရီခန့်  ရှုပ်ထွေးဆူညံစွာ ထွက်ပေါ်အော်မြည်နေသော အသံမျိုးစုံတို့ ကြောင့် ဆက္ခာ၏ ဦးခေါင်းတွင်းမှ ဦးနှောက် တစ်ခုလုံးသည် သွက်သွက်ခါလျက် ရှိလေသည်။ သူသည် မူးနောက်နောက်ပင် ဖြစ်လာလေသည်။ ဆရာကြီးသည်လည်း အားရပါးရ သီဆိုရသဖြင့် အသံပင် ပြာနေလေပြီ။ သီချင်းတစ်ပိုဒ် ဆုံးသွားသောအခါ ခေတ္တမျှရပ်၍ “နောက်တစ်ပိုဒ် ဆက်ဆိုရဦးမလား” ဟုမေးလိုက်လေသည်။ “တော်ပါပြီ ဆရာကြီးရယ်၊ ဒါလောက်ဆိုတော်ပါပြီ” ဟု ဆက္ခာက လျင်မြန်စွာပြောလိုက်ရာ ဆရာကြီးသည် အံ့အားသင့်သွားလေသည်။
သူ၏ မျက်နှာတစ်ခုလုံးသည် ချွေးသီးချွေးပေါက်များဖြင့် ဖုံးလွှမ်းနေလေသည်။ ဆက္ခာသည်သူ့ ဆရာကြီးအား အထူးပင် ကရုဏာ သက်မိသော်လည်း မည်သို့ မျှ မတတ်နိုင်ချေ။ သူ့ အဓိဌာန်ကြောင့် မည်သို့ မျှလည်း နှစ်သိမ့်နိုင်မည် မဟုတ်ချေ။ တရားခံ တစ်ဦးအား စီရင်ချက် ချမှတ်နေသော တရားသူကြီးပင်လျှင် ဆက္ခာကဲ့သို့  စိတ်ဝေဒနာ ခံစားရမည် မဟုတ်ပေ။ ဆရာကြီး ကတော်သည် ဆက္ခာ၏ ဝေဖန်မှုကို သိလိုဇောဖြင့် မီးဖိုဘက်မှ တစေ့တစောင်း ကြည့်ရှုနေလေသည်။ တီးကြမှုတ်ကြ သူများသည် ဝန်ထုပ်ဝန်ပိုးကြီး ဦးခေါင်းမှ ကျသွားသကဲ့သို့  သူတို့ ၏ တူရိယာများကို ဘေးတွင်ချထားလိုက်ကြသည်။
“ကဲ၊ ဆရာ့ သဘောထားကို သိပါရစေ” ဟုဆရာကြီးက မျက်မှန်ကို ချွတ်၍ နဖူးမှ ချွေးများကို သုတ်ရင်း မေးလိုက်လေသည်။
“နက်ဖန်ခါမှ ပြောပါရစေ ဆရာကြီး” ဟု ဆက္ခာက အမှတ်မဲ့ ဟန်နှင့် ပြန်ပြောလိုက်သည်။
“မဖြစ်ပါဘူး၊ ချက်ခြင်းပြောစမ်းပါ၊ ဆရာ့ ရဲ့  ပွင့်လင်းတဲ့ သဘောထားကို သိချင်ပါတယ်၊ ကျုပ်ဆိုတာ နားထောင်ကောင်းတယ် မဟုတ်လား”
“မကောင်းဘူး ဆရာကြီး” ဟု ခက္ခာက ပြန်ဖြေလိုက်သည်။
“အိုး ဒီလိုဆိုရင် ဂီတ သင်ခန်းစာကို ကျုပ် ဆက်သင်ရဦးမလား၊ တိုးတက်မှု အခြေအနေ ဘယ်လိုရှိမယ် ထင်သလဲ”
“ဆက်သင်ဖို့ မကောင်းတော့ပါဘူး ဆရာကြီး” ဟု ဆက္ခာသည် တုန်ယင်သော အသံဖြင့် ပြောလိုက်လေသည်။ သည့်ထက် နားဝင်ပီယံ ဖြစ်အောင် မပြောနိုင်တော့သည့် အတွက် စိတ်မကောင်း ဖြစ်ရသည်။ အမှန်တရားဆိုသည်မှာ ဖွင့်ဟ ပြောဆိုနိုင်ရေးအတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့  လိုသလို လက်ခံကြားနာရသူများအဖို့  လည်း သတ္တိအထူးရှိရန် လိုအပ်ပါသည်။
ဆက္ခာသည် အိမ်သို့ ပြန်ခဲ့ရာ တစ်လမ်းလုံး စိတ်မကောင်း ဖြစ်လာလေသည်။ သည့်နောက်ပိုင်းတွင် သူနှင့် ဆရာကြီး၏ ဆက်ဆံရေးသည် ပြေပြေပြစ်ပြစ် ရှိတော့မည် မဟုတ်သည်ကိုလည်း စဉ်းစားမိသည်။
သူ့ အလုပ်အတွက် နှစ်ဆ တိုးရရှိရေး၊ အမြဲတမ်းခန့် ထားရေး စသည့် အရေးကိစ္စများသည် ဆရာကြီး၏ နှစ်သိမ့်ကျေနပ်မှု ပေါ်တွင် တည်လျက်ရှိသည်။ သူသည် ထိုအကြောင်းအရာများကို စဉ်းစားရင်း စိတ်မချမ်းမသာ ဖြစ်နေလေသည်။ “ဟာရီဆန္ဒြာ”
အမည်ရှိ ဘုရင် တစ်ပါးသည် မည်သို့ ပင် ဖြစ်စေ၊ မုသာဝါဒကို ရှောင်ကြဉ်လျက် အမှန်တရားကိုသာ ပြောဆိုခဲ့သဖြင့် ထီးနန်းစည်းစိမ်နှင့်တကွ ဇနီးသားသမီးများကိုပါ စွန့် လွှတ်ခဲ့ရသည် မဟုတ်ပါလော။

အိမ်သို့ ရောက်သောအခါ သူ့ ဇနီးသည် သုန်မှုန်သော မျက်နှာထားနှင့် ညနေစာကို တည်ခင်းလေသည်။ အိမ်ရှင်မသည် နံနက်က သူပြောခဲ့သည့် စကားကြောင့် စိတ်ဆိုးမပြေသေးသည်ကို သတိပြုမိသည်။
“ဒီနေ့ အဖို့ တော့ ငါ့ အတွက် ရန်သူ နှစ်ယောက်ပေါ်နေပြီ၊ ဒီအတိုင်းသာ ဆက်ပြီး ကျင့်သွားမယ်ဆိုရင် ငါ့မှာ မိတ်ဆွေ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး” ဟုတွေးတောမိလေသည်။
နောက်တစ်နေ့ တွင် ဆရာကြီးက သူ့ အား လာရောက်တွေ့ ဆုံရန် အခေါ်လွှတ်လိုက်လေသည်။ သူသည် စိတ်တထင့်ထင့်နှင့်ပင် သွားရောက်တွေ့ ဆုံရသည်။
“ဆရာ မနေ့ က ပေးခဲ့တဲ့ အကြံဥာဏ်ဟာ ကျုပ်အတွက် သိပ် အကျိုးရှိတာပဲ။ ကျုပ်ကို ဂီတလာသင်ပေးတဲ့ ဆရာကို လဲ ပေးစရာရှိတာတွေ အပြတ်ရှင်းပေးလိုက်ပြီ၊ ဒီတေးဂီတနဲ့ ပတ်သတ်လို့  ကျုပ်ကို ဘယ်သူမှ အမှန်အတိုင်း မပြောခဲ့ကြဘူး။ ဒီအသက်အရွယ်ကျမှ သီချင်းဆိုနေလို့ လဲ မကောင်းတော့ပါဘူးလေ” ဟုပြောပြီးမှ ဆက်လက်၍ “ဒါနဲ့  နေပါဦး၊ ဟိုစာမေးပွဲ အဖြေလွှာ ကိစ္စတွေရော” ဟု ဆရာကြီးက မေးလိုက်လေသည်။
“အဲဒီ့ အဖြေလွှာတွေ စစ်ဆေးဖို့  ဆရာကြီးက ကျွန်တော့်ကို ၁၀ ရက် အချိန်ပေးထားတယ်” ဟု ဆက္ခာက တည်ကြည်စွာ ပြန်ပြောလေသည်။
“အို၊ ကျုပ် စဉ်းစားပြီးပါပြီ၊ အဲဒီ့ အဖြေလွှာတွေကို နက်ဖန် ဆက်ဆက်ရမှ ဖြစ်မယ်” ဟု ဆရာကြီးက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
သူသည် အဖြေလွှာ တစ်ရာကို တစ်နေ့ တည်းနှင့် အပြီး စစ်ဆေး ရမည်ဖြစ်သည်။ သည်လိုဆိုလျှင် တစ်ညလုံးထိုင်၍ လုပ်မှ ပြီးနိုင်မည်ကို စဉ်းစားတွက်ချက်မိလေသည်။
“နှစ်ရက်လောက်တော့ အချိန်ပေးပါ ဆရာကြီး” ဟု အသနားခံလိုက်မိသည်။
“မဖြစ်ပါဘူး၊ နက်ဖန်ခါ မနက်ရမှ ဖြစ်မယ်၊ ပြီးတော့ သတိထားဖို့ က အဖြေလွှာတစ်ခုစီကို စေ့စေ့ စပ်စပ် စစ်ဆေးဖို့ ပဲ”
“ကောင်းပါပြီ ဆရာကြီး”
ညလုံးပေါက် ထိုင်၍ အဖြေလွှာပေါင်း တစ်ရာကို စစ်ဆေးရမည့် စည်းစိမ်သည် အမှန်တရားကို ပြောဆိုခဲ့သဖြင့် ခံစားရမည့် ရလဒ်ပေတကား ဟု ဆက္ခာသည် တွေးတောနေလေသည်။

မန်းတင်ဘာသာပြန်သည်။
(မူရင်းရေးသားသူ- နာရယန်း)